
- By CNI
- Category: အားကစား
- Hits: 488
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ယူနိုက်တက်အသင်းရဲ့ နည်းစနစ်ဗျူဟာကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ လီဗာပူးလ် အသင်းခေါင်းဆောင် ဗန်ဒိုက်ကို ယူနိုက်တက်အသင်းဂန္ထဝင် ရွိုင်ကိန်းက သူဟာ စိတ်ကြီးဝင်နေပြီး လေးစားမှုမရှိတဲ့သူလို့ ပြစ်တင်လိုက်ပါတယ်။
ရွိုင်ကိန်းက “သူဟာ ယူနိုက်တက်ကို လေးစားမှုမရှိသလို စိတ်ကြီးဝင်နေတဲ့ စကားတွေ ထွက်ပေါ်လာပါတယ်။ တစ်ခါတစ်ရံမှာ ကစားသမားတွေအနေနဲ့ သတိပေးမှုတွေ ပြုလုပ်ဖို့ လိုပါတယ်။ သူကစားနေတဲ့ လီဗာပူးလ်က နှစ်ပေါင်း ၃၀ အကြာမှ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။ သူတို့ရုန်းကန်နေရတဲ့ အချိန်မှာလည်း ကျနော် တို့ လီဗာပူးလ်အသင်းနဲ့ အကြိမ်ပေါင်းများစွာ ကစားခဲ့တာပါ။ ယူနိုက်တက်အသင်းက ဖိအားတွေ အောက်ရောက် နေတဲ့ အသင်းဖြစ်ပြီး လီဗာပူးလ်က အခွင့်အရေးတွေအများကြီး ရခဲ့ပေမယ့် သူတို့ ဂိုးမရယူနိုင်ခဲ့တာပါ”လို့ ပြောခဲ့ ပါတယ်။
လီဗာပူးလ်အသင်းနဲ့ ယူနိုက်တက်အသင်းတို့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ လီဗာပူးလ်အသင်းက ဂိုးပေါက်ကန်သွင်းမှု ၃၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကတော့ တစ်ပွဲလုံး ခံစစ်ကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၆ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ရွိုင်ကိန်းနဲ့ဗန်ဒိုက်ကိုတွေ့ရစဉ်
အဲ့ဒါကြောင့် ဗန်ဒိုက်က ဒီပွဲမှာ အနိုင်ရလဒ်ရယူနိုင်ဖို့ ကြိုးစားတဲ့အသင်းက တစ်သင်းပဲရှိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဗန်ဒိုက်က “ကျနော်တို့ရဲ့ ကစားပုံ၊ ဘောလုံးအများစု ပိုင်ဆိုင်ထားတာနဲ့ ဒီပွဲကို အနိုင်ရဖို့ ကြိုးစားတဲ့အသင်းက တစ်သင်းပဲရှိပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ အနိုင်မရယူနိုင်ခဲ့ပါဘူး။ ကျနော်တို့ဟာ နေရာစုံမှာ အသာရခဲ့ တာပါ။ သူတို့ကတော့ သရေတစ်မှတ်ရလို့ ပျော်နေပြီး ကျနော်တို့ကတော့ စိတ်ပျက်နေပါတယ်”လို့ ပြောခဲ့ပါ တယ်။
ယူနိုက်တက်အသင်းကတော့ ဒီရာသီ အန်ဖီးလ်မှာ လီဗာပူးလ်အသင်းကို အရေးမနိမ့်တဲ့ ပထမဆုံးအသင်းနဲ့ ဒီရာသီ လီဗာပူးလ်အသင်းရဲ့ ဂိုးသွင်းမှုကို ရပ်တန့်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်က သရေရလဒ်ကြောင့် လီဗာပူးလ်အသင်းဟာ ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာကို ရောက်ရှိသွားခဲ့ပြီး ယူနိုက်တက်အသင်းက အဆင့် ၇ နေရာမှာ ရပ်တည်နေတာပါ။
လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူနိုက်တက်အသင်းကတော့ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 615
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ရီးရယ်လ်အသင်းဟာ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ကို စာချုပ်သစ်ကမ်းလှမ်းမှာ မဟုတ်သလို ကစားသမားကလည်း အသင်းမှာ ၁၂ နှစ်ကြာရှိခဲ့တာကို နွေရာသီမှာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
မိုဒရစ်ဟာ၂၀၁၂ ခုနှစ်က စပါးအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ရီးရယ်လ်အသင်းကို ဆုဖလား အများအပြား ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး အကြီးကျယ်ဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
အခုအချိန်မှာတော့ ရီးရယ်လ်နဲ့ မိုဒရစ်တို့ဟာ စာချုပ်သစ် ချုပ်ဆိုမှာ မဟုတ်တော့တာကြောင့် ခရိုအေးရှား ကစားသမားဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့် ရသွားခဲ့ပြီဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ပွဲကစားချိန် နည်းပါးနေတာကြောင့် နည်းပြ အန်ဆယ်လော့တီကို စိတ်ပျက်နေတာပါ။
ဒီအချိန်ကစပြီး မိုဒရစ်ဟာ မက်ဆီရှိတဲ့ အင်တာမိုင်ယာမီနဲ့ ရော်နယ်ဒိုရှိတဲ့ ဆော်ဒီပရိုလိဂ်ထံ သွားရောက်ဖို့ ချိတ်ဆက်မှု အများအပြား ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
၂၀၁၈ ဘောလွန်းဒီအောဆုရှင်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုး ဖန်တီးထားတာပါ။
ရီးရယ်လ်အသင်းဟာ ဒီရာသီမှာ ချူအာမန်နီ၊ ဘယ်လင်ဂမ်၊ ကာမာဗင်ဂါနဲ့ ဗယ်လ်ဗာဒီတို့ကိုသာ ကွင်းလယ်မှာ အဓိက အသုံးပြုပြီး ဝါရင့်ကွင်းလယ်လူတွေဖြစ်တဲ့ တိုနီကရူးစ်နဲ့ မိုဒရစ်တို့ကို အလှည့်ကျအနေနဲ့ အသုံးပြုနေတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ စပိန်လာလီဂါပွဲစဉ်အဖြစ် ဗီလာရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
လက်ရှိ စပိန်လာလီဂါ အမှတ်ပေးဇယားမှာ ရီးရယ်လ်အသင်းဟာ ဂျီရိုနာအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 460
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၆
တိုက်စစ်မှူး အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ ပိုချက်တီနိုက ပြောပါတယ်။
ပိုချက်တီနိုက “အန်ကွန်ကူ ပါဝင်နိုင်မှာက ကျနော်တို့အတွက်၊ သူ့ရဲ့အသင်းဖော်တွေအတွက် ကြီးမားတဲ့ တွန်းအားတစ်ခုပါပဲ။ ပရိသတ်တွေဟာ ကျနော်တို့အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးကို လူစာရင်းမှာ ပါဝင်တာ ပထမဆုံးအကြိမ် မြင်တွေ့ရတော့မှာပါ။ ဒါဟာ ကျနော်တို့အတွက် အလွန်ကောင်းမွန်တဲ့ သတင်းပါ။ ဒါပေမယ့် ကျနော်တို့ သူ့ကို ဖိအားမပေးချင်တဲ့အတွက် အေးအေးဆေးဆေးနေရမယ့် အချိန်ရောက်ပြီ”လို့ ပြောပါ တယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၅၂ သန်းနဲ့ လိုက်ပ်ဇစ်အသင်းကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲမှာ ဒူးဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ကစားသမားဟာ ဒူးဒဏ်ရာကို ခွဲစိတ်မှုခံယူခဲ့ရပြီး ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားရခြင်း မရှိသေးပါဘူး။
အန်ကွန်ကူဟာ ရာသီကြိုခြေစမ်းပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် သူပါဝင်နိုင်မှာက ရလဒ်တွေဆိုးနေတဲ့ ချယ်လ်ဆီးအသင်းအတွက် သတင်းကောင်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ဟာ ဒူးဒဏ်ရာကြောင့် ဒီဇင်ဘာလ အကုန်ထိ အနားယူရမှာဖြစ်သလို အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်နဲ့ နောက်ခံလူ ကူကူရယ်လာတို့ကလည်း ဒဏ်ရာကြောင့် အနားယူရဖို့ ရှိနေတာပါ။
ပိုချက်တီနိုကတော့ ကစားသမား အများအပြား ဒဏ်ရာရနေပေမယ့် လက်ရှိအသင်းမှာရှိနေတဲ့ ကစားသမား အားလုံးကို ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး ဘရန်ဖို့ဒ်၊ ဝုလ်ဗ်စ်၊ ဘုန်းမောက်အသင်းတို့နဲ့ ရမှတ်တူညီနေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 655
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ဖိအားတွေအောက် ရောက်နေတဲ့ ဇာဗီက ဘာစီလိုနာအသင်း နည်းပြရာထူးက နုတ်ထွက်ဖို့ ရည်ရွယ်ထားခြင်း မရှိသလို အသင်းကိုကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိအောင် ဖန်တီးဖို့ လမ်းတစ်ဝက် ရောက်နေပြီလို့ ပြောပါတယ်။
ဇာဗီက “ကျနော်ဟာ အကောင်းမြင်တဲ့သူဖြစ်ပြီး အသင်းဟာ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ပါသေး တယ်။ အခုအချိန်က စည်းလုံးရမှာဖြစ်ပြီး ပရောဂျက်နဲ့ ကစားသမားတွေကို အရင်ကထက်ပိုပြီး ယုံကြည်မှုရှိရမှာ ပါ။ ကျနော်တို့ဟာ ကြီးမားတဲ့ ဘာစီလိုနာကို ဖန်တီးဖို့ လမ်းတစ်ဝက်ကို ရောက်ရှိနေပါပြီ။ ပြီးခဲ့တဲ့ရာသီက ဖြစ်ခဲ့ တဲ့ ဆူညံသံကို နားလည်ပေမယ့် ဒီရာသီမှာတော့ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက် တစ်ဆင့် တက်ခဲ့ပြီဖြစ်သလို လာလီဂါပြိုင်ပွဲမှာလည်း လမ်းကြောင်းပေါ်မှာရှိနေတယ်”လို့ ပြောခဲ့ပါတယ်။
ဇာဗီဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ဘာစီလိုနာအသင်းကို နည်းပြအဖြစ် ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး မနှစ်ကရာသီက စပိန်လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်နိုင်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၄ ပွဲအထိ အရေးနိမ့်ခဲ့ပြီး လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ဂျီရိုနာအသင်းနဲ့ ၇ မှတ်ကွာဟနေတာပါ။
အဲ့ဒါကြောင့် ဇာဗီဟာ ဘာစီလိုနာအသင်း နည်းပြရာထူးနဲ့ ပတ်သက်ပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါ တယ်။
ဒါပေမယ့် စပိန်နဲ့ ဘာစီလိုနာဂန္ထဝင် ကစားသမားကတော့ သူဟာ နည်းပြရာထူးကနေ နုတ်ထွက်မှာ မဟုတ်သလို အသင်းဟာ အခုရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။
ဇာဗီဟာ ဘဏ္ဍာရေး အခက်အခဲဖြစ်နေတဲ့ ဘာစီလိုနာအသင်းကို ကောင်းမွန်စွာ ကိုင်တွယ်နေပေမယ့် လာမယ့်ပွဲ တွေမှာ ရလဒ်တွေ မကောင်းရင်တော့ အသင်းဘက်က သူ့ကို ထုတ်ပယ်ဖို့ အထိစဉ်းစားနေတယ်လို့ စပိန်မီဒီယာ တွေမှာ ဖော်ပြထားပါတယ်။
ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ ပွဲစဉ် ၁၇ အဖြစ် ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ စပိန်လာလီဂါ လက်ရှိချန်ပီယံအသင်းဟာ ကြားရက်ထဲမှာ အယ်လ်မာရီးယားအသင်းနဲ့ အမှတ် ပေး ပွဲစဉ် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 583
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက လက်ရှိကစားနေတဲ့ အသလက်တီကိုအသင်းဟာ သူ့ရဲ့ ဥရောပ နောက်ဆုံး ကလပ်ဖြစ်တယ်လို့ ပြောပါတယ်။
ဂရစ်ဇ်မန်းက “အသလက်တီကိုက ဥရောပမှာ ကျနော့်ရဲ့ နောက်ဆုံးကလပ် ဖြစ်ချင်ပါတယ်။ ပြီးရင်တော့ တခြားနေရာမှာ ပျော်ပျော်ရွှင်ရွှင်သွားမှာပါ။ ဒါပေမယ့် ကျနော် အသလက်တီကိုမှာပဲ ဆက်ပြီးရှိချင်ပါတယ်၊ အသင်းက ကျနော့်အတွက် လိုအပ်တဲ့အဆင့်မှာ ရှိပါတယ်။ ကျနော်ကောင်းမွန်စွာ ကစားနေပေမယ့် ဒီအတိုင်း ဆက်သွားဖို့ အခွင့်အရေး ရှိ၊မရှိကတော့ ဆက်ပြီးကြည့်ရမှာပါ။ ဒီမှာကောင်းမွန်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်”လို့ ပြောပါတယ်။
ဂရစ်ဇ်မန်းဟာ သူ့ရဲ့ ကစားသမားဘဝကို အဆုံးမသတ်ခင် မေဂျာလိဂ်မှာ ကစားချင်တယ်လို့ အရင်က ပြောခဲ့ပြီးသား ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဂရစ်ဇ်မန်းဟာ အသလက်တီကိုအသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ သေချာနေတာပါ။
ဂရစ်ဇ်မန်းကို တွေ့ရစဉ်
ဂရစ်ဇ်မန်းဟာ ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် အမေရိကန်ကို သွားရောက်ဖို့သာ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂရစ်ဇ်မန်းနဲ့ အသလက်တီကိုအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ကုန်ဆုံးချိန်မှာ သူ့ရဲ့ အသက်ဟာ ၃၅ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။
ဂရစ်ဇ်မန်းဟာ ဒီရာသီမှာ အသလက်တီကိုအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားထား အပြီးမှာ ၁၄ ဂိုးသွင်းယူကာ ၂ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ၂၀၁၉ ခုနှစ်က အသလက်တီကို အသင်းကနေ ထွက်ခွာပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရလို့ ၂၀၂၁ ခုနှစ်မှာ အငှားနဲ့ အသင်းဟောင်းထံ ပြန်လည် ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းမှာ အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။
အသက် ၃၂ နှစ်အရွယ်ရှိ ဂရစ်ဇ်မန်းဟာ အသလက်တီကိုအသင်းအတွက် ဒုတိယအကြိမ်မြောက် ပြန်ကစားတာမှာ ၁၀၅ ပွဲကစားထားပြီး ၃၈ ဂိုး သွင်းယူထားပါတယ်။
အသလက်တီကိုအသင်းဟာ ဒီရာသီ စပိန်လာလီဂါပြိုင်ပွဲမှာ တတိယနေရာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် တက်ရောက်ထားတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 370
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေထဲက အကောင်းဆုံးကစားသမား ၁၁ ဦးကို ရွေးချယ်ခဲ့တာမှာ ချယ်လ်ဆီးအသင်းက ကစားသမား အများအပြား ပါဝင်ခဲ့ပါတယ်။
အသက် ၆၀ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘဝမှာ ပေါ်တို၊ ချယ်လ်ဆီး၊ ရီးရယ်လ်၊ အင်တာမီလန်၊ ယူနိုက်တက်၊ စပါးနဲ့ လက်ရှိ ရိုးမားအသင်းကို ကိုင်တွယ်ခဲ့တာပါ။
မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းမှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာကြောင့် သူရွေးချယ်ခဲ့တဲ့ အကောင်းဆုံး ၁၁ ဦးမှာ ချယ်လ်ဆီးအသင်းက ၈ ဦးအထိ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့အသင်းထဲမှာ ရီးရယ်လ်အသင်းက ရော်နယ်ဒိုနဲ့ အိုဇေးလ်၊ အင်တာမီလန်အသင်းက ဇနက်တီတို့ ပါဝင်ခဲ့ပါ တယ်။
အိုဇေးလ်ကို ရွေးချယ်ခဲ့မှုဟာ အံ့အားသင့်စရာဖြစ်ခဲ့သလို အက်ရှ်လေကိုးလ်ကို ကျော်ပြီး ဝီလျံဂါးလက်စ်ကို ရွေးချယ်ခဲ့တာက အားလုံးကို ပိုပြီးအံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟို၊ ရော်နယ်ဒို၊ အိုဇေးလ်နဲ့ ဇနက်တီတို့ကိုတွေ့ရစဉ်
မော်ရင်ဟိုဟာ ဂိုးသမားနေရာမှာ ပီတာချက်ကို ရွေးချယ်ခဲ့ပြီး နောက်တန်း ၄ ဦးအဖြစ် ဇနက်တီ၊ ဂျွန်တယ်ရီ၊ ကာဗယ်လ်ဟိုနဲ့ ဂါးလက်စ်၊ ကွင်းလယ်မှာ မက်ခီလီလီ၊ လမ်းပတ်နဲ့ အိုဇေးလ်၊ တိုက်စစ်မှာ ရော်နယ်ဒို၊ ဒရော့ဘာနဲ့ ဟာဇက်တို့ကို ရွေးချယ်ခဲ့တာပါ။
မော်ရင်ဟိုဟာ သူ့အတွက် အကောင်းဆုံး ကစားသမားအဖြစ် မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို မသတ်မှတ်ခဲ့ဘဲ ဘရာဇီးလ်ဂန္ထဝင်ဖြစ်တဲ့ ရော်နယ်ဒိုကြီးကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုက “ကျနော့်အတွက် ဘရာဇီးလ် ရော်နယ်ဒိုက အကောင်းဆုံးပါပဲ။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ကစားသမားဘဝဟာ ပိုရှည်ကြာခဲ့ပြီး ၁၅ နှစ်ကြာ နေ့တိုင်းထိပ်ဆုံးနေရာမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကြီးကိုတော့ သူတို့ မကျော်ဖြတ်နိုင်ပါဘူး။ ဒဏ်ရာတွေကြောင့် သူ့ရဲ့ ကစားသမားဘဝဟာ ပြီးဆုံး သွားခဲ့ပေမယ့် ၁၉ နှစ်အရွယ်ရှိ ကောင်လေးတစ်ဦးရဲ့ အရည်အသွေးတွေကတော့ မယုံနိုင်စရာပါပဲ”လို့ ပြောခဲ့ပါ တယ်။
မော်ရင်ဟိုဟာ ဒီရာသီမှာ ရိုးမားအသင်းကို ယူရိုပါလိဂ် ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ခွင့်ရရှိအောင် ပို့ဆောင် ပေးထားသလို စီးရီးအေပြိုင်ပွဲမှာလည်း အဆင့် ၄ နေရာ ရပ်တည်အောင် ကိုင်တွယ်ထားတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 403
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅
အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ နယူးကာဆယ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒိုင်လူကြီးတွေကို ပြောခဲ့တဲ့ မှတ်ချက်စကားကြောင့် FA ရဲ့ အရေးယူမှုကနေ လွတ်မြောက်ခဲ့ပါတယ်။
အာတီတာဟာ နယူးကာဆယ်အသင်းရဲ့ အနိုင်ဂိုးကို ခွင့်ပြုခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်ဟာ ရှက်ဖို့ကောင်းတယ်လို့ ပြောခဲ့တာကြောင့် FA ရဲ့ စွဲချက်တင်ခြင်းခံခဲ့ရတာပါ။ ဒါပေမယ့် လွတ်လပ်တဲ့ စည်းမျဉ်းကော်မရှင်က ဒီစွဲချက် အပေါ် သက်သေပြသနိုင်ခြင်းမရှိဘူးလို့ FA က ပြောခဲ့တာဖြစ်ပါတယ်။ အာတီတာက နယူးကာဆယ်အသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့တဲ့ မှတ်ချက်စကားဟာ အင်္ဂလိပ်စကားလုံးနဲ့ ဆင်တူတဲ့ စပိန်စကားလုံးဖြစ်ပြီး သူတို့အသင်း ကံဆိုးခဲ့တာလို့ ပြောခဲ့ကြောင်း FA ထံ ပြန်ပြီးတုန့်ပြန်ခဲ့တာပါ။
အဲဒါကြောင့်လည်း အာတီတာဟာ FA ရဲ့ အရေးယူမှုခံရခြင်း မရှိတော့တာဖြစ်ပါတယ်။ VAR ဟာ နယူးကာဆယ် အသင်းရရှိသွားတဲ့ ဂိုးမှာ ဘောလုံးစည်းကျော်မှုရှိ၊မရှိ၊ ပြစ်ဒဏ်ကျူးလွန်မှုရှိ၊မရှိနဲ့ လူကျွံဘောဖြစ်၊မဖြစ်ကို ပြန်လည်စစ်ဆေးခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက သွင်းဂိုးကို ခွင့်ပြုခဲ့တာပါ။ အဲဒါကြောင့် အာတီတာဟာ စိတ်ပျက်ပြီး ပွဲအပြီးမှာ ဝေဖန်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အာတီတာဟာ ပြီးခဲ့တဲ့ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ဒီရာသီ အဝါကတ် ၃ ကတ်ပြည့်သွားလို့ အာဆင်နယ်အသင်းကို ကွင်းဘေး စည်းကနေ ကြီးကြပ်ခွင့်မရခဲ့ပါဘူး။
အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၆ ပွဲကစားထားပြီး ရမှတ် ၃၆ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၁ မှတ်သာကွာဟနေတာပါ။ ဒါ့အပြင် အာဆင်နယ်အသင်း ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုထိပ်ဆုံးနဲ့ ၁၆ သင်းအဆင့်တက်ရောက်ခဲ့ပြီး ဒီရာသီမှာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဘရိုက်တန်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အုပ်စုတွင်း ပထမနဲ့ ၁၆ သင်းအဆင့်တက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာရပ်တည်နေတာဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 372
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဝတ်ဆင်ခဲ့တဲ့ အင်္ကျီ ၆ ထည်ကို နယူးယော့ခ်ရှိ လေလံပွဲမှာ ပေါင် ၆.၁ သန်းနဲ့ ရောင်းချခဲ့ပါတယ်။
မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ဒီပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင် ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ ဒီပြိုင်ပွဲက ဗိုလ်လုပွဲပထမပိုင်း၊ ဆီမီးဖိုင်နယ်၊ကွာတားဖိုင်နယ်၊ ၁၆ သင်း အဆင့်နဲ့ အုပ်စုတွင်း ၂ ပွဲမှာ မက်ဆီဝတ်ဆင်ခဲ့တဲ့ အင်္ကျီ ၆ ထည်ကို လေလံတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးအင်္ကျီကိုလေလံတင်ရောင်းချတာမှာ စံချိန်တင်ထားတာကတော့ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာရဲ့ ‘Hand of God’ ဂျာစီဖြစ်ပြီး ပေါင် ၇.၁ သန်းနဲ့ ၂၀၂၂ ခုနှစ်က ရောင်းချခဲ့တာပါ။
ဘောလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဆင့်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဒီလိုမျိုးလုပ်နိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းအတွက် ၇ ပွဲစလုံးပါဝင်ကစားခဲ့ပေမယ့် အုပ်စုတွင်းမှာဝတ်ဆင်ခဲ့တဲ့ အင်္ကျီ ၃ ထည်ထဲက ၂ ထည်ကိုသာ လေလံတင်ရောင်းချခဲ့တာပါ။
ဒီလေလံရောင်းချတာကနေ ရရှိတဲ့ ဝင်ငွေအစိတ်အပိုင်းကို ရှားပါးရောဂါခံစားနေရတဲ့ ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။ မကြာသေးခင်ကမှ ဘောလွန်း ဒီအောဆုကို ရရှိထားတဲ့ မက်ဆီဟာ ဖီဖာရဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် ဆန်ကာတင် စာရင်းမှာ ဘတ်ပီ၊ ဟာလန်းတို့နဲ့အတူ ပါဝင်နေတာဖြစ်ပါတယ်။ ဒီဆုပေးပွဲကို ဇန်နဝါရီ ၁၅ ရက်မှာ ကျင်းပ သွားမှာပါ။
မက်ဆီကတော့ လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းနဲ့အတူ ရာသီသစ်စတင်နိုင်ဖို့ ပြင်ဆင်နေပြီး အသင်း ဟာ လာမယ့်လတွေမှာ အယ်လ်နာဆာ၊ အယ်လ်ဟီလယ်၊ အယ်လ်ဆာဗေးဒိုး၊ ဟောင်ကောင်အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 361
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄
2024 AFC Futsal Asian Cup ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုကို ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့တာမှာ မြန်မာအသင်း ဟာ အုပ်စု A မှာ အိမ်ရှင်ထိုင်း၊ ဗီယက်နမ်၊ တရုတ်အသင်းတို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။
အုပ်စု B မှာ ဥဇဘတ်ကစ္စတန်၊ ဆော်ဒီ၊ အီရတ်နဲ့ သြစတြေးလျ၊ အုပ်စု C မှာ ဂျပန်၊ တာဂျစ်ကစ္စတန်၊ တောင်ကိုရီးယားနဲ့ ကာဂျစ္စတန်၊ အုပ်စု D မှာ အီရန်၊ ကူဝိတ်၊ ဘာရိန်းနဲ့ အာဖဂန်နစ္စတန်တို့ ကျရောက်နေတာပါ။
ဒီပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇ ရက်ကနေ ၂၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အုပ်စုတွင်း ထိပ်ဆုံးနေရာမှာ ရပ်တည်တဲ့ အသင်း ၂ သင်းဟာ နောက်တစ်ဆင့်ကို တက်ရောက်မှာဖြစ်ပြီး ဆီမီးဖိုင်နယ်ကိုတက်တဲ့ အသင်း ၄ သင်းဟာ ဥဇဘတ်ကစ္စတန်မှာ ကျင်းပမယ့် ဖူဆယ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။
အုပ်စုမဲခွဲ စာရင်းကိုတွေ့ရစဉ်
ဥဇဘတ်ကစ္စတန် အသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့မယ်ဆိုရင် ကွာတားဖိုင်နယ်မှာ အရေးနိမ့်ခဲ့တဲ့ အသင်းတွေဟာ ပလေးအော့ဖ် ပြန်လည်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပလေးအော့ဖ်အဆင့်မှာ အနိုင်ရတဲ့အသင်းဟာ ဖူဆယ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါ တယ်။ မြန်မာဖူဆယ်အသင်းဟာ AFC Futsal Asian Cup ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင် တာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ်၂၀၁၈ ခုနှစ်ကပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။
၂၀၁၈ ခုနှစ်က ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စုတွင်း ၃ ပွဲကစားပြီး ၃ ပွဲစလုံး အရေးနိမ့်ခဲ့ပါတယ်။
အခုတစ်ကြိမ် ပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ ပြည်တွင်းမှာ ကျင်းပနေတဲ့ ပြိုင်ပွဲတွေက အကောင်းဆုံး ကစားသမားတွေရွေးပြီး စခန်းသွင်း လေ့ကျင့်ကာ အကောင်းဆုံး ယှဉ်ပြိုင်သွားဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 329
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄
တူရကီထိပ်တန်းလိဂ်ပွဲစဉ်မှာ အထိုးခံခဲ့ရတဲ့ ကွင်းလယ်ဒိုင်လူကြီး မီလာဟာ သူ့ရဲ့ရာထူးကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ နိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ်အကြီးအကဲက ပြောလိုက်ပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်အကြီးအကဲက “မီလာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ ကျနော်တို့ မျှော်လင့် ထားပါတယ်။ သူဟာ အခုအချိန်မှာ ဒိုင်လူကြီးအဖြစ်ကနေ နုတ်ထွက်ဖို့ ဖြစ်နိုင်ဖွယ်မရှိဘူး” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ကွင်းလယ်ဒိုင်လူကြီး မီလာဟာ အန်ကာရာဂူချုအသင်းနဲ့ ရီဇီစပေါ်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ကွင်းအတွင်းပြေးဝင်လာတဲ့ အန်ကာရာဂူချုအသင်းဥက္ကဋ္ဌရဲ့ ထိုးကြိတ်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ အန်ကာရာဂူချုအသင်းဥက္ကဋ္ဌဟာ ဖမ်းဆီးထိန်းသိမ်းခံထားရသလို တူရကီလိဂ်တွေအားလုံးကို ဆိုင်းငံ့ထားပေမယ့် ဒီဇင်ဘာလ ၁၉ ရက်မှာ ပြန်လည်စတင်သွားမယ်လို့ တူရကီဘောလုံးအဖွဲ့ချုပ်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီတစ်ပတ်ထဲမှာ ရွှေ့ဆိုင်းထားတဲ့ တူရကီလိဂ်ပွဲစဉ်တွေကို ဇန်နဝါရီ ၁၀ ရက်မှာပြန်လည်ကျင်းပသွားမယ်လို့ လည်း ပြောခဲ့တာပါ။
ဒိုင်လူကြီး မီလာကတော့ ဒီဇင်ဘာ ၁၃ ရက်က ဆေးရုံကနေဆင်းလာခဲ့ပြီး အခြားကျန်းမာရေးပြဿနာမရှိဘူးလို့ သိရပါတယ်။ မီလာဟာ ယူအီးအက်ဖ်အေရဲ့ ထိပ်တန်းဒိုင်လူကြီးစာရင်းထဲမှာ ပါဝင်ပြီး ဂျာမနီမှာကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ မျှော်လင့်နေတာပါ။ ဒိုင်လူကြီးကို တိုက်ခိုက်ခဲ့တာမှာ ပါဝင်ခဲ့တဲ့သူတွေ အားလုံးကို အပြင်းထန်ဆုံးပြစ်ဒဏ်ပေးသွားဖို့ တူရကီဘောလုံးအဖွဲ့ချုပ်က ပြင်ဆင်နေပြီး ဖီဖာအကြီးအကဲ အင်ဖန်တီနိုက ဒီအဖြစ်အပျက်ဟာ လက်ခံနိုင်စရာလုံးဝမရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ပြီး ပြောထားခဲ့ပါတယ်။
အန်ကာရာဂါချုအသင်းဥက္ကဋ္ဌဟာ သူ့ရဲ့လုပ်ရပ်အတွက်တောင်းပန်ကြောင်းနဲ့ အသင်းဥက္ကဋ္ဌရာထူးကလည်း နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။
Source:BBC