CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅
ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ကိုလိုမူအာနီဟာ ယူနိုက်တက်နဲ့ စပါးအသင်း အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ပြီး ဂျူဗင်တပ်စ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နည်းပြ လူးဝစ်အင်းနရစ် လက်ထက် ပီအက်စ်ဂျီအသင်းမှာ ပုံမှန်ပွဲကစားခွင့် ဆုံးရှုံးခဲ့တဲ့ ကိုလိုမူအာနီကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဥရောပကလပ် အသင်းအများအပြားက စိတ်ဝင်စားခဲ့ကြတာပါ။
၂၀၂၃ ခုနှစ်က ဖရန့်ဖတ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကိုလိုမူအာနီဟာ ပီအက်စ်ဂျီအသင်းအတွက် ဒီရာသီ ပြင်သစ်လီဂူး-၁ ပွဲတွေမှာ ၂ ပွဲသာ ပွဲထွက်လူစာရင်း ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် တိုက်စစ်ပိုင်း အခက်အခဲဖြစ်နေတဲ့ ယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ ကိုလိုမူအာနီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာပါ။
ဒါပေမယ့် RMC Sport က ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်အသင်းတို့ သဘောတူညီမှု ရရှိပြီးနောက် ကိုလိုမူအာနီဟာ ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ကိုလိုမူအာနီကို တွေ့ရစဉ်
ဂျူဗင်တပ်စ်အသင်းဟာ ပြင်သစ်တိုက်စစ်မှူးကို ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူမှာဖြစ်ပြီး နွေရာသီမှာ ပီအက်စ်ဂျီ အသင်းကနေ အပြီးသတ်ခေါ်ယူခွင့် မပါဝင်ဘူးလို့ သိရပါတယ်။
ကိုလိုမူအာနီဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ ဂျူဗင်တပ်စ်အသင်းနဲ့ ဆေးစစ်မှုခံယူပြီး အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့ လုပ်ဆောင်မှာပါ။
ယူနိုက်တက်အသင်းဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ နေရာမှာ ကိုလိုမူအာနီကို အစားထိုးဖို့ ပစ်မှတ်ထားနေတာကြောင့် ကိုလိုမူအာနီရဲ့ ဂျူဗင်တပ်စ်အသင်းထံ အပြောင်းအရွှေ့ဟာ သူတို့အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။
စပါးအသင်းကလည်း တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းစေဖို့ ကိုလိုမူအာနီကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ တာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ကိုလိုမူအာနီဟာ ပီအက်စ်ဂျီအသင်းအတွက် ၅၄ ပွဲ ပါဝင်ကစားထားပြီး ၁၁ ဂိုးသွင်း ယူထားပါတယ်။
ကိုလိုမူအာနီ ထွက်ခွာမယ့် ပီအက်ဂျီအသင်းဟာ နာပိုလီအသင်း ကြယ်ပွင့် ကာဗီချာကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိထားပြီး ၅ နှစ် စာချုပ်ချုပ်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Source: Metro