CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅

ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်က ဘုန်းမောက်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့ အသင်းဖော်တွေကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ 

ရီစီဂျိမ်းစ်က “ကျနော်တို့ဟာ ရမှတ်ပြန်ရယူနိုင်ခဲ့လို့ အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေရှိခဲ့ပေမယ့် အခွင့် အရေးတွေ မယူနိုင်ခဲ့တဲ့ အနုတ်လက္ခဏာဆောင်တဲ့ အရာတွေလည်းရှိပါတယ်။ ခံစားချက်တွေက ရောထွေးနေပါ တယ်။ ရိုးရိုးသားသားပြောရရင် သရေရလဒ်က ကျနော့်အတွက် မမျှတပါဘူး။ ကျနော်တို့ဟာ ပထမပိုင်းမှာ ပွဲကို အဆုံးသတ်ပစ်နိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ အခွင့်အရေးတွေကို အသုံးမချနိုင်ရင် ပြန်ပြီးနာကျင်နိုင်ပါတယ်”လို့ TNT Sports ကို ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီပွဲစဉ်မှာ ပါလ်မာရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘုန်းမောက်အသင်းကို ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်ပြီးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၅ မိနစ်မှာ ရီစီဂျိမ်းစ်က ပြစ်ဒဏ်ဘော ကန်ချက်ကနေ လှပတဲ့ သွင်းဂိုး သွင်းယူပေးနိုင်ခဲ့လို့ ချယ်လ်ဆီးအသင်း အိမ်ကွင်းမှာ သရေရလဒ် ရယူနိုင်ခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းနဲ့ ဘုန်းမောက်အသင်း ယှဉ်ပြိုင်နေစဉ်

ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၂၆ ကြိမ်အထိရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၁၀ ကြိမ်အထိရှိခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ရီစီဂျိမ်းစ်ဟာ ပွဲရလဒ်ကို စိတ်ပျက်ပြီး ချယ်လ်ဆီးအသင်းဖော်တွေကို ဝေဖန်မှုပြုလုပ်ခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲစလုံး နိုင်ပွဲပျောက်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်ကာ အဆင့် ၅ နေရာက နယူးကာဆယ်အသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါ တယ်။ 

ချယ်လ်ဆီးအသင်းဟာ ဒီ ၅ ပွဲ မတိုင်ခင်က ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိခဲ့ပြီး ချန်ပီယံဆု ကို စိန်ခေါ်နိုင်မယ့် အသင်းအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာပါ။ 

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ရလဒ်တွေ ဆက်တိုက် ကျဆင်းမှုကြောင့် အဆင့် ၁ နေရာက လီဗာပူးလ်အသင်း ထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၁၀ မှတ် ကွာဟသွားခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal