- By CNI
- Category: အားကစား
- Hits: 617
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၉
ယူနိုက်တက်အသင်းဟာ နောက်ခံလူ မက်ဂွဲယားအတွက် ဝက်စ်ဟမ်းအသင်းက ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို ပယ်ချလိုက်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အခုလအစောပိုင်းက မက်ဂွဲယားအတွက် အငှားနဲ့ခေါ်ယူဖို့ ချဉ်းကပ်မှုပြုလုပ်ခဲ့တာကို ယူနိုက်တက်အသင်းက ပယ်ချပြီးနောက် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုပြုလုပ်လာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ မက်ဂွဲယားအတွက် ပေါင်သန်း ၄၀ ဈေးနှုန်းသတ်မှတ်ထားတာဖြစ်ပြီး လန်ဒန်ကလပ်ရဲ့ ကမ်းလှမ်းမှုဟာ မန်ချက်စတာကလပ်လိုချင်တဲ့ ပမာဏနဲ့နီးစပ်မှုမရှိတာဖြစ်ပါတယ်။
ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ အခုအပြောင်းအရွှေ့မှာ မက်ဂွဲယားအပြင် ကွင်းလယ်လူ တော်မီနေးကိုပါ ခေါ်ယူချင်နေပေမယ့် ယူနိုက်တက်အသင်းသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက မြင့်မားနေတာကြောင့် အခက် တွေ့နေတာပါ။ မက်ဂွဲယားဟာ မကြာသေးခင်ကမှ ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှား ခံခဲ့ရ ပေမယ့် အသင်းမှာ နေရာတစ်နေရာရဖို့အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းနောက်ခံလူ မက်ဂွဲယားနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ မှာ ကုန်ဆုံး မှာဖြစ်ပြီး လာမယ့်ရာသီမှာလည်း ပုံမှန်ကစားခွင့်ရဖို့ မသေချာပါဘူး။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က မက်ဂွဲယားအနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်ချင်တယ်ဆိုရင် ပုံမှန်ကစားခွင့်ရဖို့ လိုအပ်တယ်လို့ ပြောထားခဲ့ပါတယ်။
ကစားသမားဟောင်းတွေကလည်း မက်ဂွဲယားကို ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ တိုက်တွန်းထားတာပါ။
အသက် ၃၀ နှစ်အရွယ်ရှိ မက်ဂွဲယားဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆၂ ပွဲမှာ ၃၁ ပွဲ သာ ပါဝင်ကစားခဲ့ရပြီး ပွဲအများစုက လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ပေါင်သန်း ၈၀ နဲ့ လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းအတွက် ပွဲ ပေါင်း ၁၇၅ ပွဲပါဝင်ကစားခဲ့ပြီး ၇ ဂိုးသွင်းယူထားပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 329
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၉
ဂျူဗင်တပ်စ်အသင်းဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တဲ့အတွက် ရာသီသစ် ယူရိုပါကွန်း ဖရန့်လိဂ် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ဒဏ်ကြေးငွေပါ ချမှတ်ခံခဲ့ရပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကိုလည်း ဘဏ္ဍာရေး အချက်အလက် တင်ပြတာမှာ ပြည့်စုံမှုမရှိတဲ့အတွက် ဒဏ်ကြေးငွေ ချမှတ်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ၂၀၁၂ ကနေ ၂၀၁၉ ခုနှစ်အထိ ပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ ဒဏ်ကြေးငွေ ပေါင် ၁၇.၁၄ သန်းနဲ့ ချယ်လ်ဆီးအသင်းက ဒဏ်ကြေးငွေ ပေါင် ၈.၅၇ သန်း ချမှတ်ခံခဲ့ရတာပါ။
အီတလီကလပ်ဟာ လာမယ့် ၃ နှစ်အတွင်းမှာ ဘဏ္ဍာရေးစည်းမျဉ်း မှတ်တမ်းတွေကို လိုက်နာခဲ့မယ်ဆိုရင် လက်ရှိ ချမှတ်ထားတဲ့ ဒဏ်ကြေးငွေ တစ်ဝက်သာ ပေးဆောင်ရမယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းကတော့ ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ဖို့ သဘောတူညီမှု ရရှိထားတာပါ။
ဂျူဗင်တပ်စ် အိမ်ကွင်းကိုတွေ့ရစဉ်
လန်ဒန်ကလပ်ဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလီ လက်ထက် ကစားသမား ၁၉ ဦး ဝယ်ယူခဲ့တာမှာ ပေါင်သန်း ၆၀၀ သုံးစွဲခဲ့ပေမယ့် ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် လက်ထက်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် ဒဏ်ကြေးငွေ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်ဟာ ယူရိုပါကွန်းဖရန့်လိဂ် ပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် ဂျူဗင်တပ်စ်အသင်း နေရာမှာ ဖီအိုရင်တီးနားအသင်းနဲ့ အစားထိုးမယ်လို့ သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ အပြောင်းအရွှေ့ ကိစ္စရပ်တွေကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီက ရမှတ် ၁၀ မှတ် အလျှော့ ခံခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဝေးခဲ့ပြီး ဥရောပရဲ့ တတိယတန်းပြိုင်ပွဲဖြစ်တဲ့ ယူရိုပါကွန်းဖရန့်လိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ဒီပြိုင်ပွဲမှာပါ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး အယူခံဝင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ပါ။
အဲ့ဒါကြောင့် အီတလီကလပ်ဟာ ရာသီသစ်မှာ ဥရောပဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်တော့ဘဲ ပြည်တွင်း ပြိုင်ပွဲတွေကိုသာ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 265
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈
အေဂျတ်စ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ကူဒူစ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ထပ်ပြီး မြှင့်တက်လာမယ်လို့ သတိပေးလိုက်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ကူဒူစ်ဟာ ပြီးခဲ့တဲ့ရာသီက ဒတ်ချ်ကလပ် အသင်းအတွက် ၁၈ ဂိုး သွင်းယူခဲ့ပြီးနောက် လန်ဒန်ကလပ်နှစ်သင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။
လက်ရှိအချိန်မှာ အေဂျတ်စ်အသင်းဟာ ကူဒူစ်ကို ပေါင်သန်း ၄၀ တန်ကြေး သတ်မှတ်ထားပေမယ့် စက်တင်ဘာ ၁ ရက်မှာ ပိတ်မယ့် အပြောင်းအရွှေ့ နီးကပ်လာချိန်မှာ ပြောင်းရွှေ့ကြေးဟာ ထပ်ပြီးမြှင့်တက်လာနိုင်တယ်လို့ အားကစားဒါရိုက်တာက ပြောခဲ့တာ ဖြစ်ပါတယ်။
အေဂျတ်စ် အားကစားဒါရိုက်တာက “ကူဒူစ်အကြောင်းကို အလွတ်သဘော မေးမြန်းစုံစမ်းထားတဲ့ ကလပ်အသင်း တွေရှိပါတယ်။ ဘောလုံးလောကမှာ အရာအများအပြား ကွဲပြားနိုင်တယ်ဆိုတာကို ခင်ဗျားတို့ သိပေမယ့် မကြာခင် မှာ ကမ်းလှမ်းမှု ပြုလုပ်မယ့် အရာတွေကိုတော့ မျှော်လင့်ထားခြင်း မရှိပါဘူး။ ကျနော်တို့အတွက်က ကစားသမား တွေနဲ့ ဆက်ဆံရေးကောင်းဖို့က အရေးကြီးပါတယ်။ အပြောင်းအရွှေ့ပိတ်ဖို့ နီးကပ်လာပြီဆိုရင်တော့ ပြောင်းရွှေ့ ကြေးက ပိုပြီးတက်သွားမှာပါ”လို့ ပြောခဲ့တာပါ။
ကူဒူစ်ကို တွေ့ရစဉ်
အေဂျတ်စ်အားကစား ဒါရိုက်တာက ကူဒူစ်နဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ အယ်လ်ဗားရတ်ဇ်တို့အတွက် အသင်းဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းခဲ့ရင်တော့ ထွက်ခွာခွင့်ပေးမယ်လို့ ပြော ထား ပါတယ်။
အာဆင်နယ်အသင်းဟာ ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားတာကြောင့် ဂါနာ လက်ရွေးစင် ကစားသမားဟာ ချယ်လ်ဆီးအသင်းထက် အာဆင်နယ်အသင်းကိုသာ ပိုပြီးပြောင်းရွှေ့ ချင်နေတယ်လို့ သိရပါတယ်။
ကူဒူစ်ဟာ လက်ရှိအချိန်မှာ အသေးစား ခြေကျင်းဝတ်ဒဏ်ရာကို ခံစားနေရပေမယ့် ရာသီသစ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်က အေဂျတ်စ်အသင်းထံ ရောက်ရှိလာခဲ့တဲ့ ကူဒူစ်ဟာ ဒတ်ချ်ကလပ်နဲ့အတူ အမှတ်ပေးလိဂ် ၂ ကြိမ်နဲ့ ဖလား ၁ ကြိမ် ရရှိထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 302
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈
ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကွင်ဟိုစ်ဟာ ဘတ်ပီရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တာကို ကလပ်အသင်းအကြီးအကဲတွေက ဒေါသထွက်နေပြီး ရောင်းချဖို့ပါ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောထားသလို အသင်း ကလည်း ၂၀၂၄ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောထားတာပါ။ ဒီလို အခြေအနေတွေကြောင့် ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အသင်းရဲ့ ရာသီကြိုခရီးစဉ်ကနေ ချန်လှပ်ခဲ့သလို ပထမအသင်းလူစာရင်းကနေ ဖယ်ထုတ်ဖို့အထိ စဉ်းစားနေတာဖြစ်ပါတယ်။
ဒီလိုတွေဖြစ်နေတဲ့အချိန်မှာ မာကွင်ဟိုစ်က သူဟာ ဘတ်ပီနဲ့ ဆက်ပြီးကစားချင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့အမြင်တွေကို ပြောသွားခဲ့တာပါ။ ဒီလိုမှတ်ချက်ပေးခဲ့တဲ့အပေါ် ပီအက်စ်ဂျီအသင်းအကြီးအကဲတွေက ဒေါသ ထွက်နေခဲ့ကြတာဖြစ်ပါတယ်။ Sports Zone က မာကွင်ဟိုစ်ဟာ ကလပ်အသင်းကို မထောက်ခံဘူးလို့ ယူဆနေ တာကြောင့် ပီအက်စ်ဂျီအသင်းဟာ ဘရာဇီးလ်နောက်ခံလူကို ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြခဲ့တာပါ။
မာကွင်ဟိုစ်ဟာ ၂၀၂၁-၂၂ ရာသီက ရီးရယ်လ်အသင်းနဲ့ ဘာနေဗျူးမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်း အပေါ် ဦးဆောင်မှုအားနည်းခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ပြင်သစ်ကလပ်ဟာ မာကွင်ဟိုစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ရှာဖွေမှုတွေပြုလုပ်နေတာပါ။ ဘရာဇီးလ်နောက်ခံလူဟာ ပီအက်စ်ဂျီအသင်းကို ၂၀၁၃ ခုနှစ် ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး အခုနွေရာသီမှာ အသင်းက ရောင်းချခဲ့ရင် ပြင်သစ်မြို့တော်မှာ ၁၀ နှစ်ကြာ ကစားသမားဘဝကို အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ မာကွင်ဟိုစ်ဟာ ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း ၄၀၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၈ ဂိုး သွင်းယူကာ ပြင်သစ်လီဂူးဝမ်းဖလား ၈ ကြိမ်အပါအဝင် ပြည်တွင်းဆုဖလားအများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 417
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈
ဘာစီလိုနာအသင်းဟာ ဒိုင်လူကြီးများ အကြီးအကဲထံ ငွေပေးချေခဲ့တယ်ဆိုပြီး ယူအီးအက်ဖ်အေက စုံစမ်းမှုတွေ ပြုလုပ်နေပေမယ့် ၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ဟာ ဘာစီလိုနာအသင်းကို အရေးယူဖို့အတွက် ငွေပေးချေမှုတွေကို ရှာဖွေနေတယ်လို့ မတ်လက ပြောထားခဲ့ပေမယ့် စပိန်ကလပ်ကတော့ သူတို့ဟာ ဘာအမှားအယွင်းကိုမှ ပြုလုပ် ထားခြင်း မရှိဘူးလို့ ပြောပါတယ်။
ဘာစီလိုနာအသင်းကို ဥရောပပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့ ခွင့်ပြုထားပေမယ့် ယူအီးအက်ဖ်အေဟာ အနာဂတ်မှာ အရေးယူမှုတွေ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းရဲ့ အစိုးရရှေ့နေရုံးက မတ်လ ၁၀ ရက်က ဘာစီလိုနာအသင်းကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှု ပြုလုပ်ပြီးနောက်မှာ ယူအီးအက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုတွေ ရောက်ရှိလာခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ စပိန်ဒိုင်လူကြီးများကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌဟောင်းနဲ့ သူ့ရဲ့ Dasnil 95 ကုမ္ပဏီထံ ယူရို ၈.၄ သန်း ပေးချေခဲ့တယ်လို့ စွပ်စွဲခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်း ဥက္ကဋ္ဌနဲ့ UEFA ဥက္ကဋ္ဌကိုတွေ့ရစဉ်
အဲ့ဒါကြောင့် ဘာစီလိုနာ၊ ကလပ်အသင်း အကြီးအကဲဟောင်းတွေနဲ့ နီဂရီရာကို အကျင့်ပျက်ခြစားမှု၊ ယုံကြည်မှု ချိုးဖောက်မှုနဲ့ မှားယွင်းတဲ့ စီးပွားရေး မှတ်တမ်းတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စွဲချက်တင်ခံခဲ့ရတာပါ။
စပိန်ကလပ်ဟာ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်ကြားမှာ Dasnil 95 ကုမ္ပဏီထံ စုစုပေါင်း ယူရို ၁.၄ သန်းပေးခဲ့ပြီး၊ နီဂရီရာကိုတော့ ၂၀၀၁ ကနေ ၂၀၁၈ ခုနှစ်ကြားမှာ ယူရို ၇ သန်းပေးချေခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။
ဘာစီလိုနာအသင်းရဲ့ လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ လာပေါ်တာက ဒီငွေပေးချေမှုနဲ့ ပတ်သက်ပြီး အတွင်းပိုင်း စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောထားတာပါ။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
စပိန်ထိပ်သီးကလပ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၅ ကြိမ် ရရှိထားပြီး နောက်ဆုံးရရှိခဲ့တာကတော့ ၂၀၁၅ ခုနှစ်က ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 378
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈
ယူနိုက်တက် တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ အစ်ဟာလိုက ရော်နယ်ဒို ဆော်ဒီကို ပြောင်းလာတာဟာ ဘောလုံးအပေါ် စိတ်ပြင်းပြမှုကြောင့် မဟုတ်ဘဲ ငွေကြောင့်လို့ ပြောလိုက်ပါတယ်။
အစ်ဟာလိုက “ငယ်ရွယ်တဲ့ အချိန်တုန်းက ဘောလုံးကို ဝါသနာကြောင့်နဲ့ စိတ်ပြင်းပြမှုကြောင့် ကစားကြတာပါ။ အဲ့ဒီအချိန်တုန်းက ငွေကို ဂရုမစိုက်ကြပါဘူး။ ကျနော်ဆိုလည်း တစ်ဘဝလုံး စိတ်ပြင်းပြမှုကြောင့် ကစားခဲ့ပေမယ့် အခုကတော့ ငွေကြောင့်ကစားနေတာပါ။ ရော်နယ်ဒို ဆိုရင်လည်း ကျနော့်ဘဝမှာ ရရှိခဲ့တဲ့အရာတွေထက် အဆ ၁၀၀ လောက် ပိုပြီးအောင်မြင်မှုတွေ ရရှိခဲ့တာပါ။ ဒါပေမယ့် သူလည်း ဆော်ဒီကို သွားခဲ့ပါတယ်။ ဒါက စိတ်ပြင်း ပြမှုလားဆိုရင်တော့ ငွေကြောင့်ပါပဲ”လို့ OmaSportsTV ကို ပြောခဲ့တာပါ။
အသက် ၃၄ နှစ်အရွယ်ရှိ အစ်ဟာလိုဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းမှာ ကစားခဲ့ပြီး လိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်ခဲ့တာပါ။
ဒါပေမယ့် အစ်ဟာလိုဟာ ရာသီကုန်ဆုံးချိန်မှာတော့ ဆော်ဒီကလပ်ကနေ ထွက်ခွာခဲ့ပါတယ်။
ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အစ်ဟာလိုက သူလည်း ငွေကြောင့် ဆော်ဒီကို ပြောင်းခဲ့တာဖြစ်သလို ရော်နယ်ဒိုနဲ့ ဘန်ဇီမာလည်း ဒီလိုပဲလုပ်ခဲ့တာလို့ ပြောခဲ့တာပါ။
ဆော်ဒီလိဂ်ဟာ ကမ္ဘာ့ထိပ်တန်းလိဂ်ဖြစ်ချင်တဲ့ ရည်ရွယ်တွေနဲ့ နာမည်ကျော် ကစားသမား အများအပြားကို လုပ်ခလစာ အများကြီးပေးပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
အရှေ့အလယ်ပိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ရော်နယ်ဒိုကို ခေါ်ယူပြီးနောက်ပိုင်းမှာ ဘန်ဇီမာ၊ ကန်တီ၊ ရူဘင်နာဗတ်စ်၊ ဖာမီနိုနဲ့ နောက်ဆုံး ရောက်ရှိလာခဲ့တဲ့သူကတော့ လီဗာပူးလ်အသင်း ခေါင်းဆောင်ဟောင်း ဟန်ဒါဆန်ပါ။
လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား မာနေးနဲ့ လီဗာပူးလ်အသင်း ကွင်းလယ်လူ ဖာဘင်ဟိုကို ခေါ်ယူနိုင်ဖို့ကိုလည်း ဆော်ဒီကလပ်တွေက ကြိုးပမ်းနေပါတယ်။
ဒါ့အပြင် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီကိုလည်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက ကမ်းလှမ်းမှု ပြုလုပ်ထားတာပါ။
ရော်နယ်ဒိုကတော့ ဆော်ဒီလိဂ်ဟာ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ကမ္ဘာ့ထိပ်တန်းလိဂ် ၅ လိဂ်ထဲ ဝင်ရောက် လာနိုင်တယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃-၂၄ ရာသီသစ် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကို သြဂုတ် ၁၁ ရက်မှာ စတင်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 429
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇
ယူနိုက်တက်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူနိုင်ဖို့ လုံးဝ လိုအပ်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲအပြီးမှာ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “တိုက်စစ်မှူးသစ်တစ်ဦး လုံးဝ လိုအပ်ပါတယ်။ ကျနော်တို့ဟာ တစ်ဦးချင်း စွမ်းဆောင်နိုင်တဲ့ ကစားသမားတွေ ပိုပြီးလိုအပ်ပါတယ်။ ကျနော်တို့မှာ ဒီလို အခြေအနေတွေရှိခဲ့ပြီး ရက်ရှ်ဖို့ဒ်၊ ဂါနာချိုနဲ့ တော်မီနေး တို့က ဂိုးသွင်းယူနိုင်ရပါမယ်။ ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဒီလို အခြေအနေတွေမှာ ဂိုးအများအပြား သွင်းယူနိုင်ရပါမယ်။ တိုက်စစ်မှူး ခေါ်ယူနိုင်ဖို့အတွက် အမြန်ဆုံး ပြီး မြောက်အောင် လုပ်ရပါမယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရီးရယ်လ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အခွင့်အရေး အများအပြားကို ဖန်တီးနိုင်ခဲ့ ပေမယ့် ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ထိပ်သီးအသင်း ၆ သင်းထဲမှာ သွင်းဂိုး နည်းပါးခဲ့တာ ကြောင့် တိုက်စစ်ပိုင်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ရီးရယ်လ် ယှဉ်ပြိုင်နေစဉ်
မန်ချက်စတာကလပ်ဟာ လက်ရှိအချိန်မှာ အတ္တလန္တာအသင်း တိုက်စစ်မှူး ဟော့ဂျ်လန်းကို ခေါ်ယူနိုင်ဖို့အတွက် အီတလီကလပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ဒိန်းမတ်လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီ မှုရရှိခဲ့ပေမယ့် အတ္တလန္တာအသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေတာ ဖြစ်ပါ တယ်။
ဟော့ဂျ်လန်းနဲ့ ပတ်သက်ပြီး အဲရစ်တန်ဟတ်က “တခြားကလပ်တွေနဲ့ စာချုပ်ရှိတဲ့ ကစားသမားတွေ အကြောင်း ကို ကျနော်တို့ ဘယ်တော့မှ မပြောပါဘူး။ ကျနော်တို့မှာ ပစ်မှတ်တွေရှိပါတယ်။ ကျနော်တို့အတွက် မှန်ကန်တဲ့ က စားသမားနဲ့ စာချုပ်ချုပ်ဖို့ လုပ်ဆောင်နေပြီး ဒီအတွက် အလုပ်ရှုပ်နေပါတယ်”လို့ ပြောခဲ့ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 419
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ(အာရှဇုန်)နဲ့ ၂၀၂၇ အာရှဖလား ပြိုင်ပွဲခြေစစ်ပွဲ ပထမအဆင့်အတွက် မဲခွဲမှုပြုလုပ်ခဲ့တာ မှာ မြန်မာအသင်းဟာ မကာအိုအသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဇူလိုင် ၂၇ ရက်က မလေးရှားနိုင်ငံမှာ မဲခွဲမှုပြုလုပ်ခဲ့တာဖြစ်ပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ရမှာပါ။
ပထမအကျော့ ပွဲစဉ်တွေကို အောက်တိုဘာ ၁၂ ရက်နဲ့ ဒုတိယအကျော့ ပွဲစဉ်တွေကို အောက်တိုဘာ ၁၇ ရက်မှာ ကျင်းပ သွားမယ်လို့ သိရပါတယ်။
အနိုင်ရတဲ့ အသင်း ၁၀ သင်းဟာ ဒုတိယအဆင့်မှာတော့ ကျန်ရှိနေတဲ့ ၂၆ သင်းနဲ့ ပေါင်းပြီး ခြေစစ်ပွဲ ဆက်လက် ယှဉ်ပြိုင်ရမှာပါ။
အာဆီယံထိပ်သီး အသင်းတွေဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ မလေးရှားအသင်းတို့ကတော့ ဒုတိယအဆင့် ရောက်မှသာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းကို တွေ့ရစဉ်
မြန်မာအသင်းဟာ ပထမအဆင့်မှာ တွေ့ဆုံရမယ့် မကာအိုအသင်းနဲ့ ပြီးခဲ့တဲ့ ဇွန်လကမှ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲ ကစားထားပြီး ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲတုန်းက မြန်မာအသင်းအတွက် ဂိုးတွေကို လွင်မိုးအောင် နဲ့ မောင်မောင်လွင်တို့က သွင်းယူခဲ့တာပါ။
မြန်မာအသင်းဟာ အောက်တိုဘာလမှာ ကစားမယ့် ခြေစစ်ပွဲ ပထမအဆင့် မတိုင်ခင် စက်တင်ဘာလထဲမှာ ဟောင်ကောင်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေတယ်လို့ သိရပါတယ်။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲတုန်းက ဒုတိယအဆင့်မှာ ၈ ပွဲ ကစားခဲ့ တာမှာ ၂ ပွဲသာ အနိုင်ရပြီး ၆ ပွဲအထိ အရေးနိမ့်ခဲ့တာပါ။
၂၀၂၃ အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲမှာလည်း မြန်မာအသင်းဟာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိပါဘူး။
မြန်မာအသင်းဟာ ၁၉၆၈ က ကျင်းပခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်း ခြေစစ်ပွဲ အဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 459
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇
လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ၁၂ နှစ်ကြာကစားခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတော့မယ် လို့ အတည်ပြုလိုက်ပြီး အသင်းပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။
ဟန်ဒါဆန်က “လွန်ခဲ့တဲ့ ၁၂ နှစ်တာ ကာလကို စကားလုံးနဲ့ ပြောရတာခက်ခဲသလို နှုတ်ဆက်ရတာ ပိုပြီးတော့ ခက်ခဲပါတယ်။ ကျနော်က အမြဲတမ်းအနီရောင် ဖြစ်နေမှာဖြစ်ပြီး သေဆုံးတဲ့အချိန်ထိပါ။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းကို နှစ်ပေါင်း ၃၀ အကြာမှ ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ FA ဖလား၊ ကာရာဘောင်းဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတို့ကို ရယူနိုင်ခဲ့တာပါ။
အသက် ၃၃ နှစ် အရွယ်ရှိ ကွင်းလယ်ကစားသမားဟာ လီဗာပူးလ်အသင်းဖော်ဟောင်း စတီဗင်ဂျရတ် ကိုင်တွယ် နေတဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အီတီဖတ်အသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
ဟန်ဒါဆန်ဟာ ဇူလိုင် အစောပိုင်းကတည်းက ဂျာမနီမှာ စခန်းသွင်း လေ့ကျင့်ခဲ့တဲ့ အသင်းလူစာရင်းကနေ ထွက်ခွာခဲ့သလို ရာသီကြို ခြေစမ်းပွဲမှာလည်း ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။
ဟန်ဒါဆန်ကို ဆုဖလားနဲ့အတူ တွေ့ရစဉ်
အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ၂၀၁၁ ခုနှစ်က ဆန်းဒါးလန်း အသင်းကနေ ရောက်ရှိလာခဲ့ပြီးနောက် လီဗာပူးလ်အသင်းအတွက် ၄၉၂ ပွဲ ပါဝင်ကစားကာ ၃၃ ဂိုးသွင်းပြီး ၅၇ ဂိုး ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ဟန်ဒါဆန် အပါအဝင် မီလ်နာ၊ ချိန်ဘာလိန်၊ ကီတာနဲ့ ဖာမီနိုတို့ အသင်းကနေ ထွက်ခွာသွားပြီးနောက် ဘရိုက်တန်အသင်းက မက်အယ်လစ္စတာနဲ့ လိုက်ပ်ဇစ်အသင်းက ဆာဘော့ဇ်လိုင်းတို့ကိုသာ အားဖြည့်နိုင်ခဲ့တာပါ။
အဲ့ဒါကြောင့် ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင်မှာ လိုအပ်နေတဲ့ နေရာတွေကို ခေါ်ယူနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ရာသီကြို ခြေစမ်းပွဲအဖြစ် ဇူလိုင် ၃၀ ရက်မှာ လက်စတာ၊ သြဂုတ် ၂ ရက်မှာ ဘိုင်ယန်မြူး နစ်အသင်းတို့နဲ့ စင်္ကာပူမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 325
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇
ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းရဲ့ ကိုယ်စားလှယ်တွေဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ပြင်သစ်မြို့တော်ကို ရောက်ရှိလာခဲ့ပေမယ့် ကစားသမားက ဒါကို ငြင်းဆန် ခဲ့ပါတယ်။
ဘတ်ပီဟာ စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတဲ့အတွက် ပြင်သစ်ကလပ်ကလည်း အခုနွေရာသီအပြောင်းအရွှေ့မှာ ရောင်းချဖို့ ပြင်ဆင်နေတာပါ။
ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အဆုံးရှုံး မခံချင်တာကြောင့် အခုချက်ချင်းရောင်းချဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ ဘတ်ပီအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းခဲ့တာကို ပီအက်စ်ဂျီအသင်းက လက်ခံခဲ့ပေမယ့် ကစားသမားကို ဆွဲဆောင်နိုင်ဖို့ ကိုယ်စား လှယ်အဖွဲ့ဟာ ပြင်သစ်မြို့တော်ကို ရောက်ရှိလာခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ ဘတ်ပီကို တစ်ရာသီ ပေါင်သန်း ၇၀၀ နဲ့ ကမ်းလှမ်းဖို့ စဉ်းစားထားပေမယ့် ပြင်သစ် တိုက်စစ်မှူးက ဆော်ဒီကလပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ငြင်းဆန်ခဲ့တယ်လို့ L'Equipe က ဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီကတော့ ဆော်ဒီကလပ်ထံ ပြောင်းရွှေ့တာထက် တစ်ရာသီလုံး အရန်ခုံပေါ် ထိုင်ရတာကို ပိုပြီး နှစ်သက် နေတာကြောင့် ကစားသမားနဲ့ အသင်းကြားမှာ တင်းမာမှုတွေဟာ ပိုပြီးမြှင့်တက်လာနိုင်တာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပြင်သစ်ကလပ်နဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတာကြောင့် ဆော်ဒီကလပ်အသင်း အပါအဝင် အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှုတွေ အားလုံးကို ငြင်းဆန်သွားဖို့ ရှိနေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အာရှခရီးစဉ် သွားရောက်တဲ့ အသင်းလူစာရင်းကနေ ချန်လှပ်ပြီးနောက် ပထမ အသင်းကနေပါ ဖယ်ထုတ်ဖို့ လုပ်ဆောင်နေတဲ့အတွက် ပြင်သစ်ဘောလုံးသမားများ အဖွဲ့အစည်းက ဒါကို ဝင်ရောက် ဖြေရှင်းဖို့ ရှိနေတယ်လို့ သိရတာပါ။
ဘတ်ပီကတော့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာမှမပြောသေးတာကြောင့် နွေရာသီ အပြောင်းအရွှေ့ မပိတ်ခင် အချိန်ထိ အပြောင်းအရွှေ့ ဖြစ်/မဖြစ် ဆက်လက် စောင့်ကြည့်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။
Source: Goal