
- By CNI
- Category: အားကစား
- Hits: 407
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄
ဘာမင်ဂမ်အသင်းက ကာဒစ်ဖ်အသင်းကို အဝေးကွင်းမှာ အနိုင်ရအောင် ကစားနိုင်ခဲ့ပြီးနောက် ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းနည်းပြဘဝ ပထမဆုံး အဝေးကွင်းနိုင်ပွဲ စတင်ရရှိသွားခဲ့ပါတယ်။
ကာဒစ်ဖ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဘာမင်ဂမ်အသင်းအတွက် အနိုင်ဂိုးကို ဘာကူနာက သွင်းယူပေး ခဲ့တာပါ။
ဘာမင်ဂမ်အသင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ကိုင်တွယ်ခဲ့တဲ့ ဝိန်းရွန်နီဟာ အသင်းရလဒ်ဆိုးတွေ ကြောင့် ပြီးခဲ့တဲ့ပွဲတွေမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရပါတယ်။
ကာဒစ်ဖ်အသင်းကို အနိုင်ရခဲ့တာကြောင့် ဝိန်းရွန်နီအတွက် အနည်းငယ် သက်သာရာရခဲ့ပြီး ဒီနိုင်ပွဲဟာ သူ့ရဲ့ ဘာမင်ဂမ် အသင်းနည်းပြဘဝ ၁၀ ပွဲမြောက်မှာ ဒုတိယမြောက်နိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။
ဝိန်းရွန်နီကို တွေ့ရစဉ်
ဝိန်းရွန်နီ မကိုင်တွယ်ခင်တုန်းက ဘာမင်ဂမ်အသင်းဟာ အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပလေးအော့ဖ် ဝင်ခွင့်နေရာ ရပ်တည်နေပေမယ့် လက်ရှိအချိန်မှာတော့ အဆင့် ၁၆ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဘာမင်ဂမ်အသင်းဟာ ဒီရာသီ ချန်ပီယံရှစ်ပွဲစဉ် ၂၁ ပွဲ ကစားအပြီးမှာ ရမှတ် ၂၆ မှတ် ရရှိထားပြီး ပလေးအော့ဖ် ဝင်ခွင့်နေရာနဲ့ ၆ မှတ် ကွာဟနေတာပါ။
ဝိန်းရွန်နီကတော့ ခက်ခဲတဲ့ ရက်သတ္တပတ်တွေအပြီးမှာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ကစားသမားတွေအတွက် ဝမ်းသာမိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဝိန်းရွန်နီက “ဒီကိုလာရတာ ခက်ခဲတဲ့ပွဲ ဖြစ်မယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်တို့ဟာ ပထမပိုင်း မပြီးခင် မှာ သွင်းဂိုးရယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း စွမ်းဆောင်ရည်ကို ပိုပြီးကျေနပ်မိပါတယ်။ သူတို့ကို အခွင့်အရေးရော၊ ဂိုးရော မပေးခဲ့သလို ကျနော်တို့တောင် ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ လူတိုင်းအတွက် ခက်ခဲတဲ့ ရက်သတ္တပတ်တွေအပြီးမှာ ဒီစွမ်းဆောင်ရည်ကို ကျေနပ်သလို ဒီလိုရလဒ် ရယူနိုင်ဖို့ အရေးကြီးတယ်”လို့ ပြောခဲ့ ပါတယ်။
ဘာမင်ဂမ်အသင်းဟာ ဒီတစ်ပတ် ချန်ပီယံရှစ် ပွဲစဉ်အဖြစ် ထိပ်ဆုံးနေရာက လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 369
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဒေါ့မွန်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့ပြီးနောက် အုပ်စု ဒုတိယနဲ့ ၁၆ သင်းအဆင့်တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၁ မိနစ်မှာ အဒီယီမီက ဒေါ့မွန်အသင်းအတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ၅၆ မိနစ်မှာ အမ်မရီက ပီအက်စ်ဂျီအသင်းအတွက်ချေပဂိုးသွင်းယူခဲ့တာပါ။ အုပ်စုတွင်းနောက်ထပ်ပွဲစဉ်ဖြစ်တဲ့ နယူးကာဆယ်နဲ့ အေစီမီလန်အသင်းတို့ပွဲမှာ အေစီမီလန်အသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ပီအက်စ်ဂျီအသင်းနဲ့ အေစီမီလန်အသင်းတို့ဟာ ရမှတ် ၈ မှတ်ချင်းတူညီနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာ ပီအက်စ်ဂျီအသင်းက အသာရခဲ့တာကြောင့် ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့တာပါ။
အုပ်စုပွဲစဉ်အပြီးမှာ ဒေါ့မွန်အသင်းက အုပ်စုပထမ၊ ပီအက်စ်ဂျီအသင်းက အုပ်စုဒုတိယနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်တက်ခဲ့ပြီး တတိယရခဲ့တဲ့ အေစီမီလန်အသင်းက ယူရိုပါလိဂ်ကိုဆင်းပြီး ကစားရမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အုပ်စုဒုတိယရရှိခဲ့တာကြောင့် ၁၆ သင်းအဆင့်မှာ ဘိုင်ယန်မြူးနစ်၊ ရီးရယ်လ်၊ ဘာစီလိုနာ၊ အသလက်တီကို၊ မန်စီးတီး၊ အာဆင်နယ်နဲ့ ဆိုစီဒက်အသင်းတို့တွေထဲက တစ်သင်းနဲ့ တွေ့ဆုံရဖို့ ရှိနေတာပါ။
ပီအက်စ်ဂျီအသင်းဟာ အုပ်စုဒုတိယနဲ့သာ နောက်တစ်ဆင့်တက်နိုင်ခဲ့တာကြောင့် ဘတ်ပီဟာ ပွဲအပြီးမှာ စိတ်ပျက်နေခဲ့တာဖြစ်ပြီး နည်းပြ လူးဝစ်အင်းနရစ်က ဒါက ပုံမှန်ပါပဲလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “ကစားသမားတွေ စိတ်ပျက်တာက ပုံမှန်ပါပဲ။ ကျနော်တို့ဟာ ဂိုးရနိုင်မယ့် အခွင့်အရေး ၅ ကြိမ်အထိရှိခဲ့တာပါ။ ဘတ်ပီဟာ ဂိုးတွေအများကြီးသွင်းယူနေတာကြောင့် စိတ်ပျက်နေခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ဒီပြိုင်ပွဲရဲ့ အခက်အခဲဆုံးအုပ်စုမှာ နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီဖြစ်လို့ အသိအမှတ်ပြုရမယ့် အချိန်ရောက်ပါပြီ။ ကျနော်တို့ထွက်ခွာတာကို မြင်ချင်တဲ့သူတွေအများကြီးရှိနေပေမယ့် ကျနော်တို့ကတော့ ဒီပြိုင်ပွဲမှာဆက်ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ်လီဂူးဝမ်းပွဲစဉ်အဖြစ် လိုင်လီအသင်းနဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 542
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃
အာဆင်နယ်အသင်းနည်းပြ အာတီတာက PSV အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ဗဟိုနောက်ခံလူအဖြစ် အသုံးပြုခဲ့ပြီးနောက် သူဟာ အသင်းရဲ့အရေးပေါ် ဗဟိုနောက်ခံလူလို့ ပြောသွားခဲ့ပါတယ်။
အာတီတာက “ဒီကလန်ရိုက်စ်ကို ဒီလိုအသုံးပြုခဲ့တာက တစ်ခုခု ဖြစ်လာနိုင်မယ့် အခြေအနေမှာဆိုရင် ဘယ်လို ဖြေရှင်းရမလဲဆိုတာ ကျနော်တို့ တကယ်ကို ကြိုးစားချင်လို့ပါ။ သူဟာ တကယ်ကိုကောင်းမွန်စွာ ကစားနိုင်ခဲ့ တယ်လို့ ထင်ပါတယ်။ သူဟာ အရင်ကလည်း ဒီလိုနေရာမှာ ကစားခဲ့ဖူးပါတယ်။ ကျနော်တို့မှာ အရေးပေါ် အခြေအနေ ဖြစ်လာမယ်ဆိုရင် ဒီနေရာကို မှန်ကန်တဲ့နည်းနဲ့ ဖြည့်ဆည်းနိုင်ဖို့ လိုပါတယ်။ သူက ကောင်းမွန်တဲ့ ရွေးချယ်မှုပါ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ပေါင် ၁၀၅ သန်းနဲ့ ဝက်စ်ဟမ်းအသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဒီကလန်ရိုက်စ်ဟာ ဒီရာသီ အကောင်းဆုံး ကစားသမား ခေါ်ယူမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အုပ်စုပထမနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်တဲ့သူပါ။
အာတီတာနဲ့ ဒီကလန်ရိုက်စ်ကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ နောက်တန်း ကစားသမားတွေရဲ့ ဒဏ်ရာစိုးရိမ်မှုကြောင့် PSV အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒီကလန်ရိုက်စ်ကို ဆာလီဘာရဲ့ နေရာမှာ ဗဟိုနောက်ခံလူအဖြစ် နည်းပြ အာတီတာက လူစားလဲ အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။
ဒီကလန်ရိုက်စ်ဟာ ဗဟိုနောက်ခံလူ နေရာမှာ နာရီဝက်ကျော်ကြာ ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။
လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ တိုမီယာဆုနဲ့ တင်ဘာစ်တို့ဟာ ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆာလီဘာ ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့အတွက် ပရီးမီးယားလိဂ် ဖလားကို လက်လွှတ်ခဲ့ရပြီးနောက် ဒီရာသီမှာ အမှတ်ပေးလိဂ် ရယူနိုင်ဖို့အတွက် ဗဟိုခံစစ်နေရာအတွက် ဒီကလန်ရိုက်စ်ကို စမ်းသပ်အသုံးပြုပြီး အဖြေရှာနေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 396
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃
အီတလီနဲ့ ဂျူဗင်တပ်စ်အသင်း ဂန္ထဝင်နောက်ခံလူ ချီလီနီဟာ အသက် ၃၉ နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနားယူလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
ချီလီနီက “ဘောလုံးက ကျနော့်အတွက် အရာအားလုံးပါပဲ။ ဘောလုံးနဲ့အတူ ကျနော်ဟာ ထူးခြားပြီး မမေ့နိုင်တဲ့ လမ်းကြောင်းတစ်ခုကို ခရီးနှင်ခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ စာမျက်နှာအသစ် စဖွင့်ဖို့၊ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့နဲ့ ဘဝအတွက် အရေးပါတဲ့ နောက်ထပ် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ စာမျက်နှာတွေကို ရေးဖို့ အချိန်ရောက်ပါပြီ”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
ကစားသမားဘဝကို ၂၃ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ချီလီနီဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်းကို ချန်ပီယံဆု ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းမှာ ကစားသမားဘဝ အများအပြားကို ဖြတ်သန်းခဲ့တဲ့ ချီလီနီဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။
ချီလီနီကိုတွေ့ရစဉ်
လော့စ်အိန်ဂျလိစ်အသင်းက မေဂျာလိဂ်ဖလား ဗိုလ်လုပွဲမှာ ကိုလံဘတ်စ်အသင်းကို အရေးနိမ့်ပြီးနောက် ချီလီနီဟာ ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ချီလီနီဟာ ကစားသမားဘဝကို လီဗော်နိုအသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ရိုးမားနဲ့ ဖီအိုရင်တီးနားအသင်း တွေမှာလည်း ကစားခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ကစားသမားဟာ ဂျူဗင်တပ်စ်အသင်းကို ၂၀၁၁ ကနေ ၂၀၂၀ ခုနှစ်အထိ စီးရီးအေဖလား ၉ နှစ်ဆက်တိုက်နဲ့ ကိုပါအီတာလီယာဖလား ၅ ကြိမ် ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ချီလီနီဟာ အီတလီအသင်းအတွက် ၁၁၇ ပွဲ ပါဝင်ကစားကာ ၈ ဂိုးသွင်းယူပြီး ၂၀၂၂ ခုနှစ်မှာ နိုင်ငံအသင်းကနေ အနားယူခဲ့တာပါ။
ချီလီနီဟာ ကစားသမားဘဝက အနားယူပြီးနောက် နည်းပြလောကထဲကို ဝင်ရောက်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 594
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃
တိုက်စစ်မှူး ဟာလန်းဟာ ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းနဲ့ ပွဲမှာ မန်စီးတီးအသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ကြာသပတေးနေ့မှာ လေ့ကျင့်ခန်း ပြန်ဆင်းမယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဟာလန်းက ကြာသပတေးနေ့မှာ လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ပြန်လာမှာဖြစ်ပြီး သူဘယ်လို ခံစားနေရလဲဆိုတာ ကျနော်တို့ မြင်တွေ့ရမှာပါ။ စနေနေ့မှာ ကစားမယ့်ပွဲစဉ်မှာ သူပါဝင်နိုင်မလားဆိုတာ ကျနော်ဖြေလို့ မရသေးပါဘူး။ ကျနော်လည်း အခုအချိန်မှာ မသိသေးပါဘူး။ လာမယ့် သတင်းစာ ရှင်းလင်းပွဲမှာ တော့ သူ့ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ပိုတိကျတဲ့အရာကို ပြောနိုင်ပါတယ်”လို့ ပြောပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာလန်းဟာ ခြေထောက်ဒဏ်ရာကြောင့် လူတန်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် မပါဝင်နိုင်ခဲ့ပါဘူး။
ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ဂိုး သွင်းယူထားတာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅ ဂိုး သွင်းယူထားတာပါ။
ဟာလန်းကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ၄ ပွဲ ဆက် နိုင်ပွဲပျောက်ဆုံးပြီးမှ နိုင်ပွဲပြန်လည် ရှာဖွေနိုင်ခဲ့ပါတယ်။
ဂွာဒီယိုလာက “ပြီးခဲ့တဲ့အပတ်ကလို ရလဒ်ကောင်းတစ်ခုက ကျနော်တို့ ပိုပြီးကောင်းအောင် လုပ်နိုင်သေး တယ်ဆို တာ သုံးသပ်ရမှာပါ။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ၁ ပွဲရှုံးပြီး ကျန်တဲ့ပွဲတွေမှာ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် အလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ပြီးရင် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ဖို့ ဆော်ဒီနိုင်ငံကို ထွက်ခွာမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 519
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃
ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်း ကို အရေးနိမ့်ပြီး ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် အုပ်စုတွင်း နောက်ဆုံး နေရာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
မန်ချက်စတာကလပ်ဟာ ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်ဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရယူ နိုင်ဖို့ လိုအပ်ခဲ့သလို ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးအသင်းတို့ပွဲစဉ် သရေရလဒ်ထွက်ပေါ်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရသလို ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်လည်း ဆုံးရှုံးခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းသားတွေကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် ၆ ပွဲ ကစားခဲ့တာမှာ ၁ ပွဲသာ အနိုင်ရပြီး ၁ ပွဲသရေ ၄ ပွဲရှုံးနဲ့ ပေးဂိုးက ၁၅ ဂိုးအထိ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။
ဒါဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ပရီးမီးယားလိဂ်ကလပ် အသင်းအနေနဲ့ အများဆုံးပေးခဲ့ရတဲ့ ဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီပြိုင်ပွဲစုံ ၂၄ ပွဲ ကစားအပြီးမှာ ၁၂ ပွဲအထိ ရှုံးနိမ့်ထားပြီး ရလဒ်ကောင်းရရှိဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က သူတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ဖို့ မထိုက်တန်ခဲ့သလို ချန်ပီယံလိဂ်ကနေ ထွက်ခွာရတဲ့အပေါ်မှာလည်း နောင်တရနေမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်က “ကျနော်တို့ နောက်တစ်ဆင့်တက်အောင် မလုပ်နိုင်ခဲ့တဲ့အတွက် ဒါကိုလက်ခံရမှာပါ။ ကျနော် တို့ သင်ယူမှုတွေ ပြုလုပ်ရမှာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ ယူဆောင်သွားရပါမယ်။ ကျနော်တို့ အမှားတွေ ပြုလုပ်ခဲ့ပြီး ဒီပွဲမှာ ရှုံးနိမ့်ဖို့ မထိုက်တန်ပေမယ့် ရှုံးနိမ့်ခဲ့ ပါတယ်”လို့ TNT Sports ကို ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ မက်ဂွဲယားနဲ့ လုပ်ခ်ရှောတို့ ဒဏ်ရာ ရရှိသွားခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်က သူတို့နှစ်ဦးရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရမယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 455
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂
အင်တာမိုင်ယာမီအသင်းဟာ ဆော်ဒီမှာ ရာသီကြို ခြေစမ်းပွဲအဖြစ် အယ်လ်နာဆာအသင်းနဲ့ ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့တာကြောင့် ရော်နယ်ဒိုနဲ့ မက်ဆီတို့ ပြန်လည်ထိပ်တိုက် တွေ့ဆုံကြရတော့မှာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၄ ရာသီကြို ခရီးစဉ်အဖြစ် ဆော်ဒီနိုင်ငံကို လာရောက်မှာဖြစ်ပြီး ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းနဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ မယှဉ်ပြိုင်ခင် အယ်လ်ဟီလယ်အသင်းနဲ့ ဇန်နဝါရီ ၂၉ ရက်မှာ ယှဉ်ပြိုင်သွားမှာပါ။
နေမာကတော့ ဒဏ်ရာကြောင့် ဒီပွဲကို ပါဝင်နိုင်မှာ မဟုတ်တဲ့အတွက် ဆော်ဒီဟာ ရော်နယ်ဒိုနဲ့ မက်ဆီ တွေ့ဆုံတဲ့ ပွဲနဲ့ ကမ္ဘာတစ်ဝှမ်းရဲ့ အာရုံစူးစိုက်မှုကို ရယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုဟာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမယ့် ပွဲစဉ်ဖြစ်လာနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
ရော်နယ်ဒိုနဲ့ မက်ဆီကို တွေ့ရစဉ်
ဒီ ၂ ပွဲစလုံးကို ဆော်ဒီနိုင်ငံရဲ့ မြို့တော် ရီယာ့ဒ်ရှိ Kingdom Arena မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့ချိန်ကလည်း ဆော်ဒီနိုင်ငံကို လာရောက်ပြီး ရော်နယ်ဒို ပါဝင်တဲ့ ဆော်ဒီလိဂ် အကောင်းဆုံးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၄ ခုနှစ် မေဂျာလိဂ်ရာသီသစ် မစတင်ခင် ကြိုတင်ပြင်ဆင်မှုအဖြစ် အယ်လ်နာ ဆာ၊ အယ်လ်ဟီလယ် အသင်းတို့နဲ့အပြင် အယ်လ်ဆာဗေးဒိုးအသင်း၊ ဟောင်ကောင်အသင်းတို့နဲ့လည်း ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဖလား ၁ လုံးသာ ရယူနိုင်ခဲ့တာကြောင့် ရာသီသစ်မှာ နောက်ထပ် ဆုဖလား အောင်မြင်မှုတွေထပ်ပြီး ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 514
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂
အန်ကာရာဂူချူနဲ့ ရီဇီစပေါ်အသင်းတို့ ကစားခဲ့တဲ့ တူရကီထိပ်တန်းလိဂ်ပွဲစဉ်မှာ ကလပ်ဥက္ကဋ္ဌ တစ်ဦးက ကွင်းအတွင်း ဝင်ရောက်လာပြီး ကွင်းလယ်ဒိုင်လူကြီးကို လက်သီးနဲ့ ထိုးခဲ့တာကြောင့် တူရကီလိဂ်တွေ အားလုံးကို ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။
အန်ကာရာဂူချူနဲ့ ရီဇီစပေါ်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ဒီပွဲမှာ ရီဇီစပေါ်အသင်းက ပွဲချိန် ၉၇ မိနစ်မှာ ချေပဂိုး သွင်းယူသွားခဲ့တာပါ။
ဒီအချိန်မှာ အန်ကာရာဂါချူအသင်းဥက္ကဋ္ဌက ကွင်းအတွင်း ပြေးဝင်လာကာ ကွင်းလယ်ဒိုင်လူကြီး မီလာကို လက်သီးနဲ့ ထိုးခဲ့ပြီး လဲကျသွားချိန်မှာလည်း ခြေထောက်နဲ့ ကန်ကျောက်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ကစားဖို့ရှိနေတဲ့ ပွဲစဉ်တွေအားလုံးကို ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့တာပါ။
တူရကီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက “လိဂ်တွေအားလုံးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါပြီ။ ဒီတိုက်ခိုက်မှုဟာ တူရကီဘောလုံးလောကအတွက် ရှက်စရာကောင်းတဲ့ညပါပဲ”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒိုင်လူကြီးကို လက်သီးနဲ့ထိုးလိုက်တဲ့ ကလပ်ဥက္ကဋ္ဌတစ်ဦးကိုတွေ့ရစဉ်
ကွင်းလယ်ဒိုင်လူကြီး မီလာဟာ လဲကျချိန်မှာ အခြားသူတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အရိုးကျိုးတာ အပါအဝင် ဒဏ်ရာတွေ ရရှိသွားခဲ့တာပါ။
ဒီဖြစ်ရပ်ကြောင့် ကစားသမားတွေနဲ့ ကလပ်အသင်း တာဝန်ရှိသူတွေပါ ပါဝင်လာခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါ တယ်။ ကွင်းလယ်ဒိုင်လူကြီးကို တိုက်ခိုက်ခဲ့တဲ့ အန်ကာရာဂါချူအသင်းဥက္ကဋ္ဌဟာ ဆေးရုံမှာ ကုသမှုခံယူဖို့ လိုအပ်ခဲ့ပေမယ့် တူရကီပြည်ထဲရေးဝန်ကြီးက ကုသမှုအပြီးမှာ ထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်သွား မယ်လို့ ပြောခဲ့တာပါ။
တူရကီပြည်ထဲရေးဝန်ကြီးက ဒီအဖြစ်အပျက်မှာ ပါဝင်တဲ့သူတွေ အားလုံးကို ဖမ်းဆီးထားတယ်လို့ ပြောခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ကွင်းလယ်ဒိုင်လူကြီးမီလာဟာ တူရကီနိုင်ငံရဲ့ ထိပ်တန်းဒိုင်လူကြီးဖြစ်သလို ဖီဖာရဲ့ နိုင်ငံတကာပွဲတွေမှာလည်း တာဝန်ထမ်းဆောင်နေတဲ့သူပါ။
တူရကီသမ္မတ အာဒိုဂန်က ဒီဖြစ်ရပ်အပေါ် ရှုတ်ချခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီး အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းပေးတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် တူရကီအားကစားလောကမှာ ဘယ်လို အကြမ်းဖက်မှုကိုမှ ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ ထပ်ပြီးပြောခဲ့ တာပါ။
အခုရာသီ တူရကီလိဂ် ၁၅ ပွဲ ကစားအပြီးမှာ အန်ကာရာဂူချူအသင်းက ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၁ နေရာ ရပ်တည်နေပြီး ရီဇီစပေါ်အသင်းက ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 368
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂
နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်ဟမ်ဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ၂၀၂၃ ခုနှစ်အတွက် အာဖရိကတစ်နှစ်တာအကောင်းဆုံးအမျိုးသားဘောလုံးသမားဆုကို ရရှိသွားခဲ့ပါတယ်။
အိုဆင်ဟမ်ဟာ ဒီဆုကို မော်ရိုကိုနောက်ခံလူ ဟာကီမီနဲ့ အီဂျစ်တိုက်စစ်မှူး ဆာလက်တို့ကို အသာရပြီး ရရှိခဲ့တာပါ။ အိုဆင်ဟမ်ဟာ အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ၁၉၉၉ ခုနှစ်က ကနူးရရှိပြီးနောက် ဒီဆုကို ပထမဆုံးရယူနိုင်တဲ့ နိုင်ဂျီးရီးယားကစားသမားလည်းဖြစ်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ အိုဆင်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းကို နှစ်ပေါင်း ၃၃ နှစ်ကြာဝေးကွာနေတဲ့ စီးရီအေ ဖလား ရယူပေးနိုင်ခဲ့တာကြောင့် မကြာသေးခင်က အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။
အိုဆင်ဟမ်ဟာ ပြီးခဲ့တဲ့အာဖရိကဖလားခြေစစ်ပွဲ ၄ ပွဲမှာ ၅ ဂိုးသွင်းပြီး နိုင်ဂျီးရီးယားအသင်းကို ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နာပိုလီတိုက်စစ်မှူးဟာာ ပြီးခဲ့တဲ့ဘောလွန်းဒီအော ဆုပေးပွဲမှာ နံပတ် ၈ နေရာရပ်တည်နိုင်ခဲ့တာပါ။ အာဖရိကတစ်နှစ်တာအကောင်းဆုံး အမျိုးသမီး ဘောလုံးသမား ဆုကိုတော့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုရှိုအာလာက ရရှိခဲ့တာဖြစ်ပါတယ်။ အိုရှိုအာလာအတွက်တော့ ဒီဆုကို စံချိန်တင် ၆ ကြိမ်မြောက်ရယူနိုင်ခဲ့တာပါ။
အခြားဆုတွေဖြစ်တဲ့ တစ်နှစ်တာအကောင်းဆုံးအမျိုးသားနည်းပြဆုကို မော်ရိုကိုအသင်းနည်းပြ ရီဂရာဂွီနဲ့ အမျိုးသားဂိုးသမားဆုကို မော်ရိုကိုဂိုးသမား ဘိုနို၊ တစ်နှစ်တာအကောင်းဆုံး အမျိုးသားလက်ရွေးအသင်းဆု ကိုတော့ မော်ရိုကိုအသင်းက ရရှိခဲ့ပါတယ်။ မော်ရိုကိုအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိခဲ့တာကြောင့် အာဖရိကဆုပေးပွဲမှာ ဆုအများအပြားကို ရရှိခဲ့တာပါ။
အမျိုးသမီးဆုတွေဖြစ်တဲ့ နည်းပြဆုကို တောင်အာဖရိကအသင်းနည်းပြ အဲလစ်၊ ဂိုးသမားဆုကို နိုင်ဂျီးရီးယား ဂိုးသမား ချီရာမာကာနဲ့ လက်ရွေးစင်အသင်းဆုကို နိုင်ဂျီးရီးယားအသင်းက ရရှိခဲ့တာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 430
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းဟာ ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်တယ်လို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင် ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်ကိုလည်း အနိုင်ယူရမှာဖြစ်ပြီး၊ ကျနော်တို့ လုပ်နိုင်မှာပါ။ အိုးထရက်ဖိုဒ့်က ပြိုင်ဘက်တွေအတွက် လာဖို့ကောင်းတဲ့နေရာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အသင်းဟာ ချယ်လ်ဆီး၊ အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲတွေကလို အတူတကွ လုပ်ဆောင်ကြမှာပါ။ ကျနော်တို့ဟာ အလွန်မြင့်မားတဲ့အဆင့်မှာ စွမ်းဆောင်နိုင်တယ်ဆိုတာ သေချာတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲမှာ မဖြစ်မနေ နိုင်ပွဲရယူရမှာဖြစ်ပြီး ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးအသင်းတို့ပွဲစဉ်က သရေရလဒ်ထွက်ပေါ်ဖို့လည်း မျှော်လင့်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့် ၅ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရယူထားနိုင် ခဲ့တာပါ။
ယူနိုက်တက်အသင်းကွင်းလယ်လူ တော်မီနေးက ကစားသမားတွေဟာ နည်းပြ အဲရစ်တန်ဟတ်နောက်မှာ အပြည့်အဝရှိနေတယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ ယူနိုက်တက် ကစားသမားတွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေထွက်ပေါ်ခဲ့တာပါ။
တော်မီနေးက “ရလဒ်တွေဆိုးနေတာက ကစားသမားတွေရဲ့ တာဝန်ဆိုတာ ကျနော်တို့ သိပါတယ်။ အင်တာဗျူး အများအပြားမှာ ပြောခဲ့သလိုပဲ ကျနော်တို့ဟာ နည်းပြနောက်မှာ အခိုင်အမာရှိနေပါတယ်။ ကျနော်တို့မှာ အံ့သြစရာကောင်းတဲ့ နည်းပြအဖွဲ့ရှိပါတယ်။ ဒါကြောင့် ကစားသမားတွေရဲ့ တွေးခေါ်ပုံတွေနဲ့ တံခါးပိတ်ထားတဲ့ နောက်ကွယ်က ပြောတာတွေကို ဘာသာပြန်တာလည်း ပျောက်ဆုံးသွားနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုတွင်းက ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းက ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Source:ESPN