- By CNI
- Category: အားကစား
- Hits: 315
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၇
အာဆင်နယ်အသင်းနည်းပြ အာတီတာက မန်စီးတီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ကွန်မြူနတီဒိုင်းချန်ပီယံဆုကို ရယူနိုင်ခဲ့တာထက် ပိုကောင်းတဲ့အရာမရှိဘူးလို့ ပြောလိုက်ပါတယ်။
အာတီတာက “အလွန်ကောင်းမွန်တဲ့ ခံစားချက်ပါ။ ဝင်ဘာလေမှာ ကမ္ဘာ့အကောင်းဆုံးအသင်းကို အနိုင်ယူပြီး ဆုဖလားရယူနိုင်တာထက် ပိုကောင်းတဲ့အရာအများကြီးရှိမယ်လို့ မထင်ပါဘူး။ ကစားသမားတွေဟာ အသင်း တိုင်းကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိတာကောင်းပါတယ်။ ပွဲကိုအနိုင်ရဖို့အတွက် တိုက်ပွဲဝင်ခဲ့သလို မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ကျနော်တို့ ဒီကိုရောက်နေရတဲ့ အကြောင်းရင်းက ကလပ်ကို ဆုဖလားတွေဆွတ်ခူးဖို့နဲ့ အောင်မြင်အောင်လုပ်ဖို့ပါ” လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ဟာ တဖက် ၁ ဂိုးစီသရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာပါ။ ပွဲချိန် ၇၇ မိနစ်မှာ ပယ်လ်မာက မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး အာဆင်နယ်အတွက်ချေပဂိုးကို နာကျင်အချိန်ပို ၁၀၁ မိနစ်မှာ ထရိုဆာဒ့်က သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲဒါ ကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာ အာဆင်နယ်အသင်းက ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ၂၀၂၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွန်မြူနတီဒိုင်းချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး အခုတစ်ကြိမ်အပါအဝင် ချန်ပီယံဆုကို ၁၇ ကြိမ် ရရှိထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ နောက်ဆုံး ၃ ကြိမ်ဆက်တိုက် ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ပါ။
အာဆင်နယ်အသင်းဂိုးသမား ရမ်စဒေးလ်က “ဒါက ကြေညာချက်တစ်ခုပါပဲ။ ကျနော်တို့ဟာ ပွဲကြီးပွဲကောင်းမှာ မန်စီးတီးအသင်းကို အနိုင်ရခဲ့ပြီး ဒါဟာ ကျနော်တို့ သွားလို့ရတယ်ဆိုတာ သိနိုင်တဲ့အမှတ်အသားပါ။ ဒီရာသီမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ မသိပေမယ့် အခုအချိန်မှာ ကျနော်တို့ဟာ တွန်းအားပေးနိုင်ဖို့ အဆင်သင့် ဖြစ်နေ ပါပြီ”လို့ ပြောခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အခုလာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် နော်တင်ဟမ်ဖောရက်စ်၊ လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းက ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 345
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၅
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ခဲ့ရပြီးနောက် အာဆင်နယ် အနာဂတ်ကို စဉ်းစားခဲ့တယ်လို့ နည်းပြ အာတီတာက ဝန်ခံခဲ့ပါတယ်။
အာတီတာက “ပထမဆုံး ရက်သတ္တပတ်တွေက အလွန်ခက်ခဲခဲ့ပါတယ်။ ပထမဆုံးလုပ်ခဲ့တာက မှန်ကိုကြည့်ပြီး နားလည်ခဲ့တဲ့အရာက ဒီထက်ပိုကောင်းအောင် လုပ်သင့်သလား ဒါမှမဟုတ် မတူညီအောင် လုပ်သင့်လားဆိုပြီး မေးခွန်း ထုတ်တာပါပဲ။ ပြီးတော့ အသင်းကို ကျနော်လိုချင်တဲ့ ပုံစံအတိုင်း အရှေ့ကိုရောက်အောင် တွန်းပို့ဖို့ မှန်ကန်တဲ့ လူဖြစ်နေတုန်းလား၊ ယုံကြည်ချက် ရှိလားဆိုပြီး ကိုယ့်ကိုယ်ကို မေးခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်းမှာ ဆက်ရှိမယ်လို့ အဖြေထွက်ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့ရတဲ့ ခံစားချက်က အခုထိရှိနေပြီး ဒါတွေက ခက်ခဲတဲ့ အခိုက်အတန့်ပါ”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီအစောပိုင်းက မန်စီးတီးအသင်းကို ရမှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ရယူဖို့အတွက် အခြေအနေ ကောင်းခဲ့ပါတယ်။
အာတီတာကို တွေ့ရစဉ်
ဒါပေမယ့် လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန် အသင်းတို့နဲ့ သရေဆက်တိုက်ကျခဲ့ပြီး နောက်ပွဲမှာ မန်စီးတီး အသင်းကို အရေးနိမ့် သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အမှတ်ပေး ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီး ဒုတိယ နေရာနဲ့သာ ရာသီ အဆုံးသတ် ခဲ့ရတာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီပြီးဆုံးဖို့ နီးကပ်ချိန်မှာ အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် အနားယူခဲ့ ရတာတွေက ကြီးမားတဲ့ ထိုးနှက်ချက်တွေ ဖြစ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် အခုအပြောင်းအရွှေ့မှာ ဒီကလန်ရိုက်စ်၊ ဟာဗက်ဇ်နဲ့ တင်ဘာတို့ကို ခေါ်ယူခဲ့ပြီး လိုအပ်တဲ့နေရာတွေ ကို အားဖြည့်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ရာသီသစ်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲယှဉ်ပြိုင်ရမှာ ဖြစ်သလို ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့လည်း ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ဟာ သြဂုတ် ၆ ရက် ဝင်ဘာလေကွင်းမှာ ကွန်မြူနတီဒိုင်း ပွဲစဉ်အဖြစ် ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 410
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၅
စပါးအသင်း တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာက ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းအတွက် မှန်ကန်တဲ့အသင်းဖြစ်တာကြောင့် အခုအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ တိုက်တွန်း လိုက်ပါတယ်။
ဂယ်ရီလိုင်နီကာက “ဟာရီက စပါးကနေ ထွက်ခွာမယ်လို့ ကျနော်ထင်ပါတယ်။ သူကိုယ်တိုင်ကလည်း ထွက်ခွာ ချင်နေတဲ့အတွက် ဖြစ်အောင်လုပ်မှာပါ။ သူ့အတွက် ဒီအချိန်ဟာ မှန်ကန်တဲ့အချိန်ဖြစ်ပြီး မှန်ကန်တဲ့ ကလပ်က လည်း သူ့အတွက် ရောက်ရှိနေပါပြီ။ မြူးနစ်ဟာ ချစ်စရာကောင်းတဲ့မြို့ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ကမ္ဘာ့ ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး အသင်းတွေထဲက တစ်သင်းပါ။ ဟာရီဟာ ဂိုးသွင်းရုံတင် မဟုတ်ဘဲ ဂိုးဖန်တီး မှုလည်း လုပ်နိုင်သလို ခေါင်းဆောင်နိုင်တဲ့ အရည်အသွေးလည်း ရှိပါတယ်”လို့ The Sun မှာ ပြောထားတာပါ။
အသက် ၃၀ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှု မရယူနိုင်သေးပါဘူး။
လာမယ့်နှစ် နွေရာသီမှာ စပါးအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ် အသင်းက အခုနွေရာသီတစ်လျှောက် ကမ်းလှမ်းမှုတွေ ပြုလုပ်ပြီး ကြိုးစားနေတာပါ။
ဟာရီကိန်းနဲ့ ဂယ်ရီလိုင်နီကာကို တွေ့ရစဉ်
ဒါပေမယ့် စပါးအသင်း အကြီးအကဲ လီဗိုင်းက ဟာရီကိန်းကို လက်မလွှတ်ချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ဖို့ ကြန့်ကြာနေတာ ဖြစ်ပါတယ်။
ဂယ်ရီလိုင်နီကာက စပါးအသင်းအနေနဲ့ ဟာရီကိန်းကို အလွတ်နဲ့ ဆုံးရှုံးတာထက် ပေါင်သန်း ၈၀ ဒါမှမဟုတ် ပေါင်သန်း ၁၀၀ ရယူလိုက်တာက ပိုပြီးအဓိပ္ပါယ် ရှိတယ်လို့လည်း ပြောထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဟာရီကိန်းအတွက် ပေါင် ၈၆ သန်းနဲ့ နောက်ဆုံးကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်နေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းက သူတို့ရဲ့ နောက်ဆုံး ကမ်းလှမ်းမှုကို စပါးအသင်း လက်မခံရင် ဟာရီကိန်းအတွက် နောက်ထပ် ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မှာ မဟုတ်ဘဲ အခြားတိုက်စစ် ကစားသမားတွေကို ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။
ဟာရီကိန်းကတော့ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ချင်နေပြီး စပါးအသင်းဘက်က ဒီကမ်းလှမ်းမှုကို လက်မခံရင် စာချုပ်ကုန်ဆုံးတဲ့ အချိန်အထိ အသင်းမှာဆက်နေကာ အလွတ်နဲ့ ထွက်ခွာဖို့ စီစဉ်နေတာပါ။
ဟာရီကိန်းဟာ စပါးအသင်းအတွက် ပွဲပေါင်း ၄၃၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၈၀ ဂိုးသွင်းယူကာ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 331
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၅
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ မိမိတို့အသင်းထက် ပိုကောင်းတဲ့ အနေအထားမှာရှိတယ်လို့ ကွန်မြူနတီဒိုင်းပွဲမတိုင်ခင် ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းထက် နှစ်ပတ်နောက်ကျပြီးမှ ရာသီ အဆုံး သတ်ခဲ့သလို ဒီရာသီကိုလည်း နှစ်ပတ်နောက်ကျပြီးမှ စတင်ခဲ့ရတာပါ။ ဒါကြောင့် ကျနော်တို့ အကောင်းဆုံး ပုံစံ မရသေးပါဘူး။ ကျနော်တို့ဟာ ရာသီတိုင်းကို ပြန်စတင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် အဆင်ပြေပါတယ်။ ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာက ဒီမှာရှိနေဖို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက FA ဖလားနဲ့ ချန်ပီယံလိဂ် ဖလားပြိုင်ပွဲတွေမှာပါ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ တာကြောင့် ခက်ခဲကြမ်းတမ်းတဲ့ ရာသီနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို ဖိအားပေးဖို့ ပြင်ဆင်နေ တာပါ။ ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ ကစားသမားတွေကိုတွေ့ရစဉ်
အာဆင်နယ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကို အနိုင်ရပြီး ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင် ခဲ့သလို ဟာဗက်ဇ်နဲ့ တင်ဘာတို့ကိုလည်း ခေါ်ယူထားတာပါ။
ဂွာဒီယိုလာကတော့ အာဆင်နယ်အသင်းဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားတွေကို ဝယ်ယူခဲ့တယ်လို့ ပြောခဲ့ ပါတယ်။
ဂွာဒီယိုလာက “ရိုက်စ်က အာဆင်နယ်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ အလွန်ကောင်းမွန်တဲ့သူဖြစ်ပြီး အင်္ဂလန် အသင်းအတွက် အရေးပါပါတယ်။ အာဆင်နယ်က အလွန်ကောင်းမွန်တဲ့ ကစားသမားတွေကို ဝယ်ယူ ခဲ့တာပါ။ သူတို့တွေဟာ ပွဲထွက်လူစာရင်းမှာ အသုံးပြုလို့ရမယ့် ကစားသမားတွေကို ဝယ်ယူခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းကနေ အခုအပြောင်းအရွှေ့မှာ ထွက်ခွာမယ်လို့ သတင်းတွေထွက်နေတဲ့ နောက်ခံလူ ဝေါလ်ကာနဲ့ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ဆက်ထိန်းနိုင်ဖို့အတွက် အရာအားလုံး လုပ်ဆောင်သွားမယ်လို့ လည်း နည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဝေါလ်ကာကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။
မန်စီးတီးအသင်းဟာ အခုအပြောင်းအရွှေ့မှာ ဂန်ဒိုဂန်နဲ့ မာရက်ဇ်တို့ကို ဆုံးရှုံးခဲ့ပြီး ကိုဗာဆစ်နဲ့ ဂျီဗာဒီယောလ်ကို ခေါ်ယူ အားဖြည့်ထားပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 348
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၄
စပိန်လူမျိုးနည်းပြ လူးဝစ်အင်းနရစ်က ပီအက်စ်ဂျီကနေ ထွက်ခွာဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် အင်စတာဂရမ်မှာ ပို့စ်တင်ကာ ငြင်းဆန်သွားခဲ့ပါတယ်။
လူးဝစ်အင်းနရစ်ဟာ ဘတ်ပီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စိတ်ပျက်နေတာကြောင့် အသင်းကို တာဝန်ယူ အပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ နည်းပြရာထူးကို ပြန်လည်စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့တာပါ။
ဒါ့အပြင် ပီအက်စ်ဂျီအသင်းရဲ့ ဘောလုံးအကြံပေး လူးဝစ်ကမ်ပို့စ်ဟာ သြဂုတ်လအကုန်မှာ အသင်းက ထွက်ခွာဖို့ အတွက် တွန်းအားပေး ခံရနိုင်တာကြောင့် လူးဝစ်အင်းနရစ်ရဲ့ အနာဂတ် ထင်ကြေးတွေဟာ ပိုပြီးထွက်ပေါ်လာခဲ့ တာ ဖြစ်ပါတယ်။
လူးဝစ်အင်းနရစ်နဲ့ ဘတ်ပီကို တွေ့ရစဉ်
ဒါပေမယ့် လူးဝစ်အင်းနရစ်ဟာ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ အပြင်းအထန် ဆွေးနွေးနေတဲ့ပုံကို အင်စတာဂရမ်မှာ တင်ကာ ထင်ကြေးတွေကို ငြင်းဆန်သွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
ပီအက်စ်ဂျီအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက လူးဝစ်အင်းနရစ်ရဲ့ သတင်းတွေက လုံးဝအဓိပ္ပါယ် မရှိဘူးလို့ ပြောခဲ့ ကြောင်း ဖာဘရီဇီယိုရိုမန်နိုက ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လက်ရှိအချိန်မှာ ဘတ်ပီရဲ့ အနာဂတ်ကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေပြီး အသင်း ရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်ကလပ်ဟာ ဘာစီလိုနာအသင်း တောင်ပံကစားသမား ဒမ်ဘီလီ၊ ဘင်ဖီကာအသင်း တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာပါ။
ပီအက်စ်ဂျီအသင်းဟာ အခုအပြောင်းအရွှေ့မှာ အဆန်စီယို၊ လီကန်အင်စတဲ့ တိုက်စစ် ကစားသမားတွေကိုလည်း ခေါ်ယူအားဖြည့်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ရာသီကြိုခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်အဖြစ် တောင်ကိုရီးယားကလပ် ဂျောင်ဘွတ်အသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ ပြင်သစ်ကလပ်ဟာ သြဂုတ် ၁၃ ရက်မှာ ပြင်သစ်လီဂူးဝမ်း အဖွင့် ပွဲစဉ်အဖြစ် လောရီးယန့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 393
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၄
ယူနိုက်တက်အသင်းဟာ လန်းစ်အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲမတိုင်ခင် ဟော့ဂျ်လန်းကို ကစားသမားသစ်အဖြစ် မိတ်ဆက်သွားဖွယ် ရှိနေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြလိုက်ပါတယ်။
ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှု ပြီးမြောက်ခဲ့ပြီဖြစ်သလို ၅ နှစ် စာချုပ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှု ရရှိထားတာပါ။
ယူနိုက်တက်အသင်းဟာ ရာသီသစ် မစတင်ခင် အိုးထရက်ဖို့ဒ်မှာ ကစားမယ့် လန်းစ်အသင်းနဲ့ ခြေစမ်းပွဲမှာ ပေါင် ၇၂ သန်း တန်ကြေးရှိ ကစားသမားကို ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အခုအပြောင်းအရွှေ့မှာ မေဆန်မောင့်နဲ့ အိုနာနာကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အတ္တလန်တာ အသင်း တိုက်စစ်မှူး ဟော့ဂျ်လန်းကို ခေါ်ယူနိုင်ဖို့ ဦးစားပေး လုပ်ဆောင်လာခဲ့တာပါ။
ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူးကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းကလည်း ကြိုးစားခဲ့ပေမယ့် ကစားသမားက ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ချင်တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
ဟော့ဂျ်လန်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဟော့ဂျ်လန်းနဲ့ ချုပ်ဆိုထားတဲ့ ၅ နှစ် စာချုပ်ကုန်ဆုံးသွားရင် နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် အချက်ကို ထည့်သွင်းထားတာပါ။
ဟော့ဂျ်လန်းဟာ အပြောင်းအရွှေ့အတွက် ပြင်ဆင်နေတာကြောင့် အတ္တလန်တာအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲ ၂ ပွဲကို လွဲချော်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင်မှာ ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိဖို့ လိုအပ်နေ တာ ဖြစ်ပါတယ်။
မန်ချက်စတာကလပ်ရဲ့ ပြီးခဲ့တဲ့ရာသီက သွင်းဂိုး အများအပြားကို ရက်ရှ်ဖို့ဒ်က သွင်းယူခဲ့ရတာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ တိုက်စစ်ပိုင်း လိုအပ်ချက်ကို ဖြည့်တင်းဖို့ အခုအပြောင်းအရွှေ့မှာ လုပ်ဆောင်ခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်း၊ နာပိုလီအသင်း တိုက်စစ်မှူး အိုဆင်ဟမ်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ ပြောင်းရွှေ့ကြေးတွေဟာ များပြားနေတာကြောင့် ဟော့ဂျ်လန်းဘက်ကို မြှားဦးလှည့် ကာ အပြောင်းအရွှေ့ အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဟော့ဂျ်လန်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အသားအကျဖို့ အချိန်အနည်းငယ် ယူရနိုင်တယ်လို့ သတိပေးထားပါတယ်။ အသက် ၂၀ နှစ်အရွယ်ရှိ ဟော့ဂျ်လန်းဟာ ပြီးခဲ့တဲ့ ရာသီက အတ္တလန်တာအသင်းအတွက် ၃၄ ပွဲ ပါဝင်ကစားပြီး ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
- By CNI
- Category: အားကစား
- Hits: 458
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၄
ရက်ရှ်ဖိုဒ့်က ဝိန်းရွန်နီရဲ့ ယူနိုက်တက်အသင်းဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလာခဲ့ပါတယ်။
ရက်ရှ်ဖိုဒ့်က “ကျနော် ဝိန်းရွန်နီရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ခင်ဗျားတို့ ဘယ်တော့မှသိမှာမဟုတ်ပေမယ့် ကျနော်ဂိုးတွေသွင်းပြီး၊ ဂိုးဖန်တီးမှုပြုလုပ်ဖို့ ကြိုးစားနေပါတယ်။ ဒီလိုမျိုး ဖြစ်လာနိုင်ဖို့လည်း အခွင့်အရေးရှိပါတယ်။ ကျနော် ဝိန်းနဲ့ စကားပြောပြီးချိန်မှာ သူကလည်း ဒီလိုမျိုး ဖြစ်စေ ချင်နေပါတယ်။ ကလပ်မှာ ကြီးပြင်းလာတဲ့သူဖြစ်တဲ့အတွက် ဒီလိုမျိုးလုပ်နိုင်ရင် ကောင်းမယ်လို့ သူကလည်း ကျနော့်ကို ပြောခဲ့ပါတယ်။ ကြိုးစားပြီး ဖြစ်မြောက်အောင်လုပ်နိုင်တဲ့ အခွင့်အရေးကို ကျနော်ရထားပါတယ်”လို့ The Overlap မှာ ပြောခဲ့တာပါ။
ဝိန်းရွန်နီဟာ ယူနိုက်တက်အသင်းအတွက် ၂၅၃ ဂိုးသွင်းယူထားပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိ ရက်ရှ်ဖိုဒ့်ဟာ လက်ရှိ အချိန်မှာ ၁၂၃ ဂိုးသာသွင်းယူထားတာဖြစ်လို့ ဝိန်းရွန်နီရဲ့ စံချိန်ကို ချိုးဖျက်ဖို့အတွက် နောက်ထပ် ဂိုး ၁၀၀ ကျော် ထပ်ပြီးသွင်းယူနိုင်ဖို့ လိုအပ်နေတာပါ။ ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီက ဂိုး ၃၀ သွင်းယူနိုင်ခဲ့ပြီး ဒါဟာ သူ့ရဲ့ ကစား သမားဘ၀ အကောင်းဆုံးစံချိန်ဖြစ်ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ မကြာသေးခင်က ယူနိုက်တက်အသင်းမှာ ၂၀၂၈ ခုနှစ်အထိရှိမယ့် ၅ နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် ဝိန်းရွန်နီရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ ဒါ့အပြင် ရက်ရှ်ဖိုဒ့်က ရာသီသစ်မှာ သွင်းဂိုး ၄၀ အထိ သွင်းယူနိုင်မယ်လို့ ခံစားရကြောင်းလည်း ပြောခဲ့ပါတယ်။
ရက်ရှ်ဖိုဒ့်က “ပြီးခဲ့တဲ့ရာသီမတိုင်ခင်က ကျနော်ဟာ ဂိုး ၂၀ သွင်းနိုင်ဖို့ အမြဲတမ်းရည်မှန်းခဲ့တာပါ။ တောင်ပံ ကစားသမားတစ်ဦးအတွက် ဒါဟာ ကောင်းမွန်တဲ့ စံချိန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ ဂိုး ၃၀ အထိ ရောက် ခဲ့ပြီး ဒီပုံစံအတိုင်းဆက်ထိန်းနိုင်ခဲ့ရင် ၃၅ ဂိုး ဒါမှမဟုတ် ဂိုး ၄၀ အထိသွင်းယူနိုင်မယ်လို့ ခံစားရကြောင်း”ပြောခဲ့တာပါ။
ယူနိုက်တက် အကယ်ဒမီထွက် ရက်ရှ်ဖိုဒ့်ဟာ အသင်းနဲ့အတူ ကာရာဘောင်းဖလား ၂ ကြိမ်၊ FA ဖလားနဲ့ ယူရိုပါလိဂ်ချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 484
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၄
အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုက အီဂျစ်ကလပ် ဇမာလက်ခ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ကွင်းရဲ့ အခြေအနေက ဆိုးရွားခဲ့တာကြောင့် သူတို့ရုန်းကန်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုက “ဇမာလက်ခ်ဟာ ခက်ခဲပြီး၊စနစ်တကျဖွဲ့စည်းထားတဲ့အသင်းပါ။ ကွင်းရဲ့အခြေအနေကတော့ ဆိုးရွားပါတယ်။ ကျနော်တို့ လှပတဲ့ဘောလုံးကစားနည်းကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ပင်ပန်းနွမ်းနယ်မှုတွေ ကြောင့်လည်း ဒီပွဲက ကျနော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ အရာဖြစ်တဲ့ နောက်တစ်ဆင့် ရောက်ရှိအောင် ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ တဖြည်းဖြည်းတိုးတက်လာပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း အလွန်ကောင်းမွန်ပါတယ်လို့ ပြောခဲ့တာပါ။
အယ်လ်နာဆာနဲ့ ဇမာလက်ခ်အသင်းတို့ရဲ့ အာရပ်ကလပ်ချန်ပီယံဖလားပြိုင်ပွဲဟာ တစ်ဖက် ၁ ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ဇမာလက်ခ်အသင်းဟာ ပွဲချိန် ၅၄ မိနစ်မှာ ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူခဲ့ တာဖြစ်ပြီး အယ်လ်နာဆာအသင်းအတွက် ချေပဂိုးကို ရော်နယ်ဒိုက ပွဲချိန် ၈၇ မိနစ်မှာ ခေါင်းတိုက်ပြီး သွင်းယူ ခဲ့တာပါ။ ဒီပွဲမှာသာ ရော်နယ်ဒိုချေပဂိုးမသွင်းနိုင်ရင် အယ်လ်နာဆာအသင်းဟာ ပြိုင်ပွဲကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပေါ်တူဂီအသင်းခေါင်းဆောင်ရဲ့ ချေပဂိုးကြောင့် ဇမာလက်ခ်အသင်းဟာ ပြိုင်ပွဲကနေ ထွက်ခွာ သွားခဲ့ရတာပါ။ ရော်နယ်ဒိုရဲ့ ဒီပွဲက ခေါင်းတိုက်သွင်းဂိုးဟာ သူအားသန်တဲ့ ညာခြေနဲ့ မဟုတ်ဘဲ သွင်းယူခဲ့တဲ့ သွင်းဂိုး ၃၀၀ မြောက်ဖြစ်တယ်လို့လည်း အချက်အလက်တွေအရ သိရပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းအတွက် ၂၂ ပွဲကစားအပြီးမှာ ၁၆ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီးထားတာပါ။
အယ်လ်နာဆာအသင်းဟာ အာရပ်ကလပ်ချန်ပီယံဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုကလပ် ရာဂျာအသင်းနဲ့ သြဂုတ် ၆ ရက်မှာ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
Source:Sportskeeda
- By CNI
- Category: အားကစား
- Hits: 312
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၃
အီတလီအသင်းကို အနိုင်ရခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အာဖရိက အသင်းအတွက် နာကျင် အချိန်ပိုမှာ အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဂတ်လာနာဟာ ဒီပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ အချိန်အတွင်း မိသားစုဝင် ၃ ဦးကို ဆုံးရှုံးခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဂတ်လာနာက “ကျမတို့ဟာ ဝေဖန်မှုတွေ အများကြီး ခံခဲ့ရပေမယ့် ဒါက ဘောလုံးပါ။ လွန်ခဲ့တဲ့ ၃ ပတ်က ကျမ မိသားစုဝင် ၃ ဦးကို ဆုံးရှုံးခဲ့ရပါတယ်။ ကျမ အိမ်ကိုပြန်ခွင့်ရခဲ့ပေမယ့် အသင်းဖော်တွေနဲ့အတူ ဆက်ရှိဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်”လို့ မီဒီယာတွေကို ပြောခဲ့တာပါ။
အီတလီအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ တောင်အာဖရိက အသင်းအတွက် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဆုံး နိုင်ပွဲရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်လည်း တောင်အာဖရိကအသင်းဟာ ပထမဆုံး အကြိမ် ရှုံးထွက်အဆင့် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာပါ။
ဂတ်လာနာ အသင်းသားတွေနဲ့အတူ အောင်ပွဲခံနေကြစဉ်
ဒီပွဲအပြီးမှာ ဂတ်လာနာက ပြိုင်ပွဲယှဉ်ပြိုင် နေချိန်အတွင်း မိသားစုဝင် ၃ ဦးကို ဆုံးရှုံးခဲ့ရတယ်လို့ ဝမ်းနည်း ကြေကွဲဖွယ်ရာ သတင်းကို ပြောခဲ့တာ ဖြစ်ပါတယ်။
သူမကို အသင်းက အိမ်ပြန်ခွင့် ပေးခဲ့ပေမယ့် အသင်းဖော်တွေနဲ့အတူ ဆက်နေဖို့ကိုသာ ရွေးချယ်ခဲ့တာပါ။
တောင်အာဖရိကအသင်းဟာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု G မှာ ဆွီဒင်အသင်းရဲ့နောက် ရမှတ် ၄ မှတ်နဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်အာဖရိက အသင်းနည်းပြကတော့ ပွဲအပြီးမှာ သူ့ရဲ့ ကစား သမားတွေဟာ သူရဲကောင်းတွေလို တိုက်ပွဲဝင်ခဲ့ကြတယ်လို့ ချီးကျူးခဲ့ပါတယ်။
တောင်အာဖရိက အသင်းဟာ ၁၆ သင်းအဆင့်မှာ နယ်သာလန်အသင်းနဲ့ သြဂုတ် ၆ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 462
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ဆော်ဒီပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတွေဟာ အားကစား အကြောင်းပြချက်မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။
လာပေါ်တာက “ကစားသမားတစ်ဦးဟာ လေးစားမှုနဲ့ ဆော်ဒီကို သွားရောက်တဲ့အချိန်မှာ အခြေခံသဘောအရ အားကစားအကြောင်းပြချက်မရှိပါဘူး။ ဦးစားပေးရမယ့် အခြားအကြောင်းပြချက်တွေရှိတယ်ဆိုတာ ခင်ဗျား တို့လည်း သိပါတယ်။ ဘောလုံးက ဦးစားပေးဖြစ်ရမှာဖြစ်သလို၊ အားကစားအကြောင်းပြချက်တွေကလည်း ဦးစားပေးဖြစ်နေရမှာပါ”လို့ CNN ကို ပြောခဲ့တာပါ။
ယူနိုက်တက်ကစားသမားဟောင်း ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ ပြီးနောက် အခုအပြောင်းအရွှေ့မှာ နာမည်ကြီးကစားသမားအများအပြားဟာ ပင်လယ်ကွေ့ပြည်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဆော်ဒီနိုင်ငံဟာ သူတို့ရဲ့လိဂ်ကို ကမ္ဘာ့ထိပ်တန်းလိဂ်ထဲ ဝင်ရောက်နိုင်ဖို့အတွက် နာမည်ကြီးကစားသမားတွေကို ငွေကြေးအများအပြား သုံးစွဲပြီး ခေါ်ယူနေတာပါ။ဒါပေမယ့် ဘာစီလိုနာအသင်းဥက္ကဋ္ဌက ကစားသမားတွေဟာ မှားယွင်းတဲ့ အကြောင်းပြချက်တွေနဲ့ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့လာခဲ့တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ မကြာသေးခင်က ဘတ်ပီကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီအသင်းထံ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ပြုလုပ်ခဲ့တာပါ။
ဆော်ဒီလိဂ်ဟာ အခုအပြောင်းအရွှေ့မှာ ဘန်ဇီမာ၊ ကန်တီ၊ ဖာမီနို၊ မာနေး၊ မာရတ်ဇ်၊ ဟန်ဒါဆန်၊ ဖာဘင်ဟို အစရှိတဲ့ ဥရောပရဲ့ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုက ဆော်ဒီလိဂ်ဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့ထိပ်တန်းလိဂ် ၅ လိဂ်ထဲကို ဝင်ရောက်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောထားတာပါ။
အဲဒါကြောင့်လည်း ဆော်ဒီလိဂ်အသင်းတွေဟာ နာမည်ကြီးကစားသမားတွေကို ခေါ်ယူနေပြီး ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခြင်းလည်း ခံနေရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆော်ဒီထိပ်တန်းကလပ် အသင်းတွေဟာ အာရပ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး ရော်နယ်ဒို၊ဘန်ဇီမာနဲ့ ရူဘင်နာ ဗတ်စ်တို့ဟာ သွင်းဂိုးတွေသွင်းယူကာ အသင်းနိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးထားတာဖြစ်ပါတယ်။
Source:Goal