CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၈

ဂျီနိုအာအသင်းဒါရိုက်တာ အော်တိုလီနီက တိုက်စစ်မှူး ဘာလော့တယ်လီဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ 

အော်တိုလီနီက “မာရီယိုဟာ ပွဲကစားချိန် ပိုပြီးရရှိဖို့ စိတ်အားထက်သန်နေပေမယ့် ဒီမှာသူ့အတွက် ပေးစရာနေရာ အလုံအလောက် မရှိပါဘူး။ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးရက်တွေမှာ လူတိုင်းနဲ့ ကိုက်ညီတဲ့အဖြေကို ကျနော်တို့ ရှာဖွေသွားမှာပါ။ ကျနော်တို့ဟာ သူကစားနိုင်မယ့် နေရာကို ရှာဖွေနေပေမယ့် သူဟာ ကွင်းထဲမှာ မိနစ်မရရှိဘူး ဖြစ်နေပါတယ်။ အဲဒါကြောင့် ကျနော်တို့ဟာ သူ့အတွက် အကောင်းဆုံးအဖြေကို စဉ်းစားနေတယ်”လို့ Sky Sports Italia ကို ပြောခဲ့တာပါ။

ဘာလော့တယ်လီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်ကမှ ဂျီနိုအာအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး သူ့ကိုနည်းပြဟောင်း ဂီလာဒီနိုက ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဘာလော့တယ်လီကို တွေ့ရစဉ်

ဒါပေမယ့် ဂီလာဒီနိုဟာ ရက်အနည်းငယ်အကြာမှာ ထုတ်ပယ်ခံခဲ့ရပြီး ဂျီနိုအာအသင်းဟာ သူ့ရဲ့နေရာကို ဗီယာရာနဲ့ အစားထိုးခဲ့တာပါ။ 

ဘာလော့တယ်လီဟာ ပြင်သစ်ကလပ် နိုက်စ်အသင်းမှာ ကစားခဲ့ချိန်က ဗီယာရာနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ဘာလော့တယ်လီဟာ ဂျီနိုအာအသင်းအတွက် ၆ ပွဲ ပါဝင်ကစားထားတာမှာ ပွဲကစားချိန် မိနစ် စုစုပေါင်း ၅၆ မိနစ်သာရှိခဲ့တာပါ။ 

ဘာလော့တယ်လီဟာ ဂျီနိုအာအသင်းမှာ ဂိုးမသွင်းနိုင်သေးပေမယ့် အဝါကတ် ၂ ကြိမ် ပြသခံထားရတယ်လို့ သိရပါတယ်။ 

သတင်းတွေအရ ဘာလော့တယ်လီဟာ အသင်းဟောင်း မွန်ဇာအသင်းထံ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ဖော်ပြထားတာပါ။

ဂျီနိုအာအသင်းဟာ ဒီရာသီစီးရီးအေပွဲစဉ် ၂၂ ပွဲ ကစားအပြီးမှာ ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: italia Net