
- By CNI
- Category: အားကစား
- Hits: 397
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၅
စပါတာပရက်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် ဂိုးသွင်းပြီး စံချိန်သစ် တင်နိုင်ခဲ့တဲ့ ဆာလက်ဟာ ဂိုးတွေသွင်းတာကို ရပ်တန့်မယ့်သူ မဟုတ်ဘူးလို့ နည်းပြ ကလော့ပ်က ပြောခဲ့ပါတယ်။
ကလော့ပ်က “ကျနော် သူနဲ့အလုပ် အတူတွဲလုပ်တာ ၇ နှစ်ကြာရှိပြီဖြစ်ပြီး ကျနော်တို့အတွက် လုံးဝမရှိတဲ့ ပြဿနာကတော့ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပါ။ သူ့ရဲ့ဆန္ဒတွေဟာ ရပ်တန့်ခြင်းမရှိသလို ဂိုးသွင်းချင်တဲ့ ဆန္ဒ ကလည်း ရပ်တန့်ခြင်းမရှိပါဘူး။ သူဟာ ဒီကိုရောက်ရှိလာကတည်းက ကဏ္ဍပေါင်းစုံမှာ တိုးတက်လာခဲ့တာပါ။ သူဟာ ရပ်တန့်သွားမယ့်သူ မဟုတ်ပါဘူး။ သူဟာ ဒဏ်ရာကြောင့် ဒီစံချိန်ကို စောစောစီးစီး မတင်နိုင်ခဲ့တာပါ။ သူ့ကို ပြန်ရတာဟာ ကျနော်တို့အတွက် အလွန်ကောင်းတယ်”လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းက စပါတာပရက်အသင်းကို ၆ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယ အကျော့ပွဲစဉ်မှာ ဆာလက်ဟာ အသင်းအတွက် ၁ ဂိုး သွင်းယူပြီးနောက် ဒီရာသီသွင်းဂိုး ၂၀ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။
ဆာလက်ကိုတွေ့ရစဉ်
အဲဒါကြောင့် ဆာလက်ဟာ လီဗာပူးလ်အသင်း သမိုင်းတစ်လျှောက် ၇ ရာသီဆက်တိုက် တစ်ရာသီ ဂိုးအနည်းဆုံး ၂၀ အထိ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။
ဆာလက်ဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် ရုန်းကန်နေရပေမယ့် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပထမအကျော့ကလည်း စပါတာပရက်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၁၁ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
စပါတာပရက်အသင်းနည်းပြ ဘရီယမ်ကတော့ သူတို့နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အဆင့်ဟာ လုံးဝခြားနားနေပြီး လီဗာပူးလ်အသင်းဟာ ယူရိုပါလိဂ်မှာ မကစားသင့်ဘဲ ချန်ပီယံလိဂ်မှာသာ ကစားသင့်တယ်လို့ ပွဲအပြီးမှာ မှတ်ချက် ပေးခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနှစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရှိနေတာပါ။
ဒီရာသီမှာ ဆုဖလား ၄ လုံးစလုံး ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ လီဗာပူးလ်အသင်းဟာ မတ်လ ၁၇ ရက်မှာ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 444
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၄
နက်ရှ်ဗီလီအသင်းကို အနိုင်ရခဲ့တဲ့ ကွန်ကာကပ်ဖ် ချန်ပီယံဖလားပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ အသင်း ခေါင်းဆောင် မက်ဆီဟာ ဒီစီယူနိုက်တက်နဲ့ မေဂျာလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ အင်တာမိုင်ယာမီ အသင်းနည်းပြ မာတီနိုက ပြောခဲ့ပါတယ်။
မာတီနိုက “မက်ဆီဟာ စနေနေ့ ကစားမယ့် ပွဲကိုပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါက အခုအချိန်မှာ ကျနော် ပြောနိုင်တဲ့ တစ်ခုတည်းသောအရာပါ။ မကြာခင်မှာ စမ်းသပ်မှုတွေ ပြုလုပ်ပြီးရင်တော့ သူဘယ်လို ခံစားရလဲဆိုတာကို ကျနော်တို့သိရမှာပါ။ ကျနော်တို့ဟာ သူ့ကို ဘယ်လိုစွန့်စားမှုမှ မပြုလုပ်ချင်တာကြောင့် လူစားလဲခဲ့ရတာပါ”လို့ ပြောခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းက နက်ရှ်ဗီလီအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကွန်ကာကပ်ဖ် ချန်ပီယံဖလား ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ မက်ဆီဟာ အသင်းအတွက် ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးနိုင်ခဲ့တာပါ။
ဒါပေမယ့် မက်ဆီဟာ ဒုတိယပိုင်းပြန်စပြီး ၅ မိနစ်အကြာမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ မက်ဆီဟာ လူစားလဲခံရဖို့ ကွင်းထဲက ထွက်ခွာချိန်မှာ ဒဏ်ရာရရှိတဲ့ပုံ မပေါ်ပေမယ့် အသင်းကတော့ သူ့ရဲ့ ဒဏ်ရာ အခြေအနေကို သတိထားပြီး ချဉ်းကပ်နေတာပါ။
မက်ဆီနဲ့ ဆွာရက်ဇ်ကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့အပတ်က မွန်ထရီရယ်လ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲမှာ မက်ဆီကို အနားပေးခဲ့သေးတာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုကတော့ မက်ဆီဟာ အသင်းအတွက် ပွဲတိုင်း ပါဝင်ကစားနိုင်မှာ မဟုတ် ဘူးဆိုတာ ရာသီအစမှာ ကတည်းက သူတို့သိတယ်လို့ ပြောခဲ့တာပါ။
မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီ အသင်းအတွက် ၅ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုးသွင်းယူကာ ၂ ဂိုး ဖန်တီး ထားတာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ နက်ရှ်ဗီလီအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရပြီး ကွန်ကာကပ်ဖ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် စင်စင်နာတီနဲ့ မွန်ထရီရယ်လ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 705
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၄
ဝေးလ်စ်အသင်းနည်းပြဟောင်း ရိုင်ယန်ဂစ်ဟာ ယူနိုက်တက်အသင်းဖော်ဟောင်း Class of 92 အစုအဖွဲ့နဲ့အတူ ပူးတွဲပိုင်ဆိုင်ထားတဲ့ ဆဲလ်ဖို့ဒ်စီးတီးအသင်းမှာ ဘောလုံးဒါရိုက်တာအဖြစ် လုပ်ကိုင်နေပါတယ်။
အသက် ၅၀ နှစ်အရွယ်ရှိ ရိုင်ယန်ဂစ်ဟာ ဂယ်ရီနဗီးလ်၊ ဖီးလ်နဗီးလ်၊ ပေါလ်စခိုးလ်၊ ဒေးဗစ်ဘက်ခမ်း၊ နစ်ကီဘတ် တို့နဲ့အတူ လိဂ်တူးကလပ် ဆဲလ်ဖို့ဒ်စီးတီးအသင်းရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာပါ။
ရိုင်ယန်ဂစ်ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လက ဝေးလ်စ်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ပြီးကတည်းက ဆဲလ်ဖို့ဒ်စီးတီးအသင်းမှာ ဘောလုံးဒါရိုက်တာအဖြစ် လုပ်ကိုင်တာက သူ့ရဲ့ ပထမဆုံး အလုပ်ဖြစ်ခဲ့ပါတယ်။
ရိုင်ယန်ဂစ်ဟာ ရည်းစားဟောင်းနဲ့ သူမရဲ့ ညီမဖြစ်သူကို အိမ်တွင်း အကြမ်းဖက်မှု ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ ရပေမယ့် ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ အမှုရုပ်သိမ်းခံခဲ့ရလို့ အရေးယူမှုကနေ လွတ်မြောက်ခဲ့တာပါ။
ရိုင်ယန်ဂစ်ကို တွေ့ရစဉ်
ရိုင်ယန်ဂစ်ဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ချင်တယ်လို့ ပြောထားပေမယ့် သူပူးတွဲပိုင်ဆိုင်တဲ့ အသင်းမှာ ဘောလုံးဒါရိုက်တာအဖြစ် စတင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ရိုင်ယန်ဂစ်ရဲ့ အသင်းဖော်ဟောင်း နစ်ကီဘတ်ကတော့ ဆဲလ်ဖို့ဒ်စီးတီးအသင်းရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် အောက်တိုဘာလ ကတည်းက တာဝန်ယူထားတာပါ။
ဆဲလ်ဖို့ဒ်စီးတီးအသင်းဟာ ကလပ်ရဲ့ ဘောလုံးဒါရိုက်တာအဖြစ် ရိုင်ယန်ဂစ် လုပ်ကိုင်နေတာကို တရားဝင် အတည်မပြုထားပေမယ့် ပြီးခဲ့တဲ့လက လက်ထောက်နည်းပြအဖြစ် အဲလက်စ်ဘရုစ် ရောက်ရှိလာခဲ့တာကို အတည်ပြု ထုတ်ပြန်ခဲ့တာမှာ ရိုင်ယန်ဂစ်ရဲ့ အခန်းကဏ္ဍကို ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဆဲလ်ဖို့ဒ်စီးတီးအသင်းဟာ လိဂ်တူးပြိုင်ပွဲရဲ့ အမှတ်ပေးဇယားအဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန် ထဲက အသင်းနဲ့ ၈ မှတ်ကွာဟနေတာပါ။
ရိုင်ယန်ဂစ်နဲ့ Class of 92 အစုအဖွဲ့တို့ဟာ မတ်လ ၂၇ ရက်မှာ ဆဲလ်ဖို့ဒ်စီးတီးအသင်းကို ပိုင်ဆိုင်တာ ၁၀ နှစ်ပြည့် မယ်လို့ သိရပါတယ်။

- By CNI
- Category: အားကစား
- Hits: 613
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၄
PSV အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဒေါ့မွန်အသင်းအတွက် ခြေစွမ်းပြသပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ ဆန်ချိုက သူ့ကိုယုံကြည်တဲ့အသင်းကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
ဆန်ချိုက “ကျနော်တို့ဟာ ပွဲအစကနေ နောက်ဆုံးမိနစ်အထိ အကောင်းဆုံးကစားနိုင်ခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့တာကြောင့် ပျော်ရွှင်ပါတယ်။ ကျနော့်မှာ ဒေါ့မွန်အတွက် အထူး နေရာ အမြဲတမ်းရှိပါတယ်။ ဒီနေရာက ကျနော့်ရဲ့ နာမည်ဖြစ်လာအောင်လုပ်ပေးခဲ့တဲ့ နေရာပါ။ ဒါကြောင့် ကျနော့်ကို ယုံကြည်ခဲ့တဲ့ သူတို့ကို ကျေးဇူးတင်ရမှာဖြစ်သလို အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ရမှာပါ” လို့ ပြောခဲ့တာပါ။
ဒေါ့မွန်အသင်းက PSV အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးတွေကို ဆန်ချိုနဲ့ မာကိုရူးစ်တို့က သွင်းယူ ခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်နဲ PSV အသင်းတို့ရဲ့ ပထမအကျော့က ၁ ဂိုးစီသရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ ဒေါ့မွန်အသင်းအနိုင်ရပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ၃ နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်တက်နိုင်ခဲ့တာပါ။
ဒီပွဲမှာ ဒေါ့မွန်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆန်ချိုဟာ အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ အဆင်မပြေဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက ဒေါ့မွန်အသင်းထံ အငှားနဲ့ ပြန်ရောက် လာခဲ့တဲ့ ဆန်ချိုအတွက် ရက်ပေါင်း ၈၄၀ အကြာမှ ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဆန်ချိုဟာ လက်ရှိအချိန်မှာ ဒေါ့မွန်အသင်းအတွက် ၁၀ ပွဲပါဝင်ကစားထားအပြီးမှာ ၂ ဂိုးသွင်းယူကာ ၂ ဂိုး ဖန်တီး ထားတာပါ။ ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့ အငှားစာချုပ်ကုန်မယ့် ဒီရာသီအကုန်မှာ ယူနိုက်တက်အသင်းထံ ပြန်ရမှာဖြစ်ပေမယ့် မပြန်ချင်တော့ဘဲ အပြီးသတ်ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။
ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အဆင့် ၄ နေရာရပ်တည်နေတဲ့ ဒေါ့မွန်အသင်းဟာ ဒီတစ်ပတ်လိဂ်ပွဲစဉ်အဖြစ် ဖရန့်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Eurosport

- By CNI
- Category: အားကစား
- Hits: 614
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၄
အင်တာမီလန်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းတာကို မကြည့်ခဲ့ဘူးလို့ အသလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ပြောခဲ့ပါတယ်။
ဆီမြွန်နီက “ပင်နယ်တီ ကန်သွင်းတာကို ကျနော် မကြည့်ခဲ့ပါဘူး။ ကြည့်ရတာ ကျနော့်အတွက် အဆင်မပြေတဲ့ အတွက် မကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပင်နယ်တီနဲ့ ပတ်သက်ရင် ကျနော်တို့ဟာ အမြဲတမ်းခက်ခဲပါတယ်။ တီဗွီ ပေါ်မှာရှိတဲ့ ပရိသတ်တွေရဲ့ ပုံရိပ်တွေကိုကြည့်ရတာ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ကျနော်တို့ဟာ အခုဆိုရင် ဥရောပရဲ့ အကောင်းဆုံး ၈ သင်းထဲကို ထပ်ပြီးရောက်ရှိလာခဲ့ပါပြီ။ ဒါက ကလပ်အသင်းရဲ့ အကြောင်းကို အများ ကြီးပြောနေတာပါ”လို့ Movistar ရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အသလက်တီကိုအသင်းက အင်တာမီလန်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒါပေမယ့် ပထမအကျော့ပွဲစဉ်မှာ အင်တာမီလန်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၂ ဂိုးစီ သရေကျနေလို့ အချိန်ပိုဆက်ပြီး ကစားခဲ့ရတာဖြစ်ပါတယ်။
အချိန်ပိုမှာ အဖြေမထွက်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့တာမှာ အသလက်တီကိုအသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
အင်တာမီလန်နဲ့ အသလက်တီကို ယှဉ်ပြိုင်နေစဉ်
ပင်နယ်တီ အဆုံးအဖြတ်မှာ အင်တာမီလန်အသင်းရဲ့ ကန်သွင်းမှုတွေကို ကာကွယ်နိုင်ခဲ့တဲ့ အသလက်တီကို အသင်းဂိုးသမား အိုဘလက်ခ်ဟာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
အသလက်တီကိုအသင်းဟာ ၂၀၁၆ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရယ်လ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ဆီမြွန်နီဟာ ပင်နယ်တီ အဆုံးအဖြတ်ကို မကြည့်နိုင်ခဲ့တာပါ။
ဆီမြွန်နီဟာ ဒီပွဲမှာ အရေးနိမ့်ခဲ့တဲ့ အင်တာမီလန်အသင်းကို ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ချီးကျူးခဲ့ပါတယ်။
ဆီမြွန်နီက “သူတို့ဟာ မယုံနိုင်စရာကောင်းတဲ့ အသင်းပါ။ အလွန်ကောင်းမွန်စွာ ကစားနိုင်ပြီး လျင်မြန်သလို ရှေ့တန်းကလည်း အလုပ်ကို ကြိုးစားပါတယ်။ ကျနော်တို့ရဲ့ နောက်ခံလူတွေက အလွန်ကောင်းမွန်တဲ့ ပွဲကို ကစားနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ဆက်ပြီးထိန်းသိမ်းသွားမယ်”လို့ ပြောခဲ့တာပါ။
အသလက်တီကိုအသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 448
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၃
အာဂျင်တီးနားအသင်းဟာ အခုလထဲကစားမယ့် ခြေစမ်းပွဲတွေအတွက် ဒဏ်ရာကြောင့် အနားယူနေရတဲ့ ယူနိုက်တက်အသင်း နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို အံ့အားသင့်ဖွယ် ခေါ်ယူခဲ့ပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ အကုန်မှာကတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ခွဲစိတ်မှုခံယူခဲ့ရကာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ယူနိုက်တက်အသင်းအတွက် ပြန်ပါဝင်နိုင်ခဲ့ တာပါ။
အာဂျင်တီးနား ကစားသမားဟာ ယူနိုက်တက်အသင်းအတွက် ၄ ပွဲသာ ပါဝင်ကစားပေးပြီးနောက် ဝက်စ်ဟမ်း အသင်းနဲ့ပွဲမှာ ဒူးဒဏ်ရာ ခံစားခဲ့ရတာ ဖြစ်ပါတယ်။
ဒီဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူဖို့ မလိုပေမယ့် လီဆန်ဒရိုမာတီနက်ဇ်ဟာ ၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရဖို့ ရှိနေတာပါ။
လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒဏ်ရာနဲ့ ပတ်သက်ပြီး နောက်ထပ် ဆုတ်ယုတ်မှုတွေ မရှိသေးပေမယ့် လေ့ကျင့်ရေး ကွင်းကို ပြန်လာနိုင်ခြင်း မရှိသေးသလို လာမယ့် လီဗာပူးလ်အသင်းနဲ့ FA ဖလားကွာတားဖိုင်နယ် ပွဲစဉ်မှာလည်း ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ယူနိုက်တက်မှာ လီဆန်ဒရိုမာတီနက်ဇ် ကစားနေစဉ်
ဒါပေမယ့် လီဆန်ဒရိုမာတီနက်ဇ်ရဲ့ တိုးတက်လာမှုတွေကြောင့် အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီဟာ အယ်လ်ဆာဗေးဒိုး၊ ကော်စတာရီကာအသင်းတို့နဲ့ ကစားမယ့် ခြေစမ်းပွဲအတွက် အသင်းလူစာရင်းမှာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အေဂျက်ဇ်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ယူနိုက်တက်အသင်းရဲ့ အရေးပါဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် အသင်းအတွက် ၁၀ ပွဲသာ ပါဝင်ကစားထား နိုင်ခဲ့တာပါ။
လီဆန်ဒရိုမာတီနက်ဇ်အနေနဲ့ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားပေးပြီး ဒဏ်ရာထပ်ရရှိမှာကို ယူနိုက်တက်အသင်းက စိုးရိမ်မှုတွေရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ခံစစ်ပိုင်း ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဘယ်နောက်ခံလူတွေဖြစ်တဲ့ လုပ်ခ်ရှောနဲ့ မာလာစီယာတို့ဟာ အနားယူနေရတာကြောင့် ဘယ်နောက်ခံအဖြစ် လင်ဒီလော့ဖ်ကို အသုံးပြုနေရတာ ဖြစ်ပါတယ်။
လုပ်ခ်ရှောဟာ ဒီရာသီမကုန်ခင် အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ရှိနေပြီး မာလာစီယာကတော့ ရာသီအကုန်ထိ အနားယူရမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောထားတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 571
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၃
အယ်လ်ဟီလယ်အသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ဘက် အယ်လ်အစ်တီဟတ်အသင်းကို အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အနိုင်ရပြီးနောက် ပြိုင်ပွဲစုံ ၂၈ ပွဲဆက် အနိုင်ရရှိကာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ အယ်လ်အစ်တီဟတ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ၂၀၁၆-၁၇ ရာသီက ဝေးလ်စ်ကလပ် The New Saints အသင်းရဲ့ ၂၇ ပွဲဆက် အနိုင်ရရှိတဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက်ပြီး ၁ ပွဲအသာနဲ့ စံချိန် သစ် တင်နိုင်ခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာက ဒါမတ်အသင်းနဲ့ ၁ ဂိုးစီ သရေကျပြီး နောက်ပိုင်း ကစားခဲ့တဲ့ပွဲတိုင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ အယ်လ်အစ်တီဟတ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိကာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အယ်လ်အိန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ဂျီးဆပ်စ်က ဒါက မယုံနိုင်စရာ အောင်မြင်မှုဖြစ်ပြီး ဒီအောင်မြင်မှု မှတ်တမ်း မှာ ပါဝင်ခဲ့ကြတဲ့ ကလပ်မှာရှိတဲ့ လူတိုင်းကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းကို တွေ့ရစဉ်
ဒါပေမယ့် ဒီမှတ်တမ်းတွေက ဆုဖလားတွေလောက် အရေးမကြီးတာကြောင့် ဆုဖလားတွေ ရယူနိုင်ဖို့လိုတယ်လို့ ပြောခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့တဲ့ နေမာကို ဒဏ်ရာကြောင့် ဆုံးရှုံးထားရပေမယ့် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ဦးဆောင်နေပြီး အဆင့် ၂ နေရာက အယ်လ်နာဆာအသင်းကို ၁၂ မှတ် အသာရထားတာ ဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်း ကမ္ဘာ့စံချိန် မှတ်တမ်းရယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့တဲ့ မီထရိုဗစ်၊ ရူဘင်နာဗက်စ်၊ ဆာဗစ်နဲ့ ကူလီဘာလီတို့ကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။
မီထရိုဗစ်ဆိုရင် အယ်လ်ဟီလယ်အသင်း နိုင်ပွဲဆက်နေတဲ့ အချိန်မှာ သွင်းယူနိုင်ခဲ့တဲ့ ၈၁ ဂိုးထဲက ၂၆ ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းရဲ့ ၂၈ ပွဲဆက်နိုင်ပွဲမှာ ဆော်ဒီပရိုလိဂ်က ၁၆ ပွဲ၊ ပြည်တွင်းဖလားပွဲ ၃ ပွဲနဲ့ အရှချန်ပီယံလိဂ် ၉ ပွဲပါဝင်ခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲအားလုံးရဲ့ ဆုဖလားလမ်းကြောင်းပေါ်မှာ ရှိနေတာ ကြောင့် ဆုဖလားအားလုံးကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 615
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၃
ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် တက်နိုင်အောင် ကိုင်တွယ် ပေးနိုင်ခဲ့ပြီးနောက် ဝေဖန်မှုတွေကို ပြန်ပြီးတုန့်ပြန် သွားခဲ့ပါတယ်။
ဇာဗီက “လူတွေက ကျနော့်ကို မယုံကြည်ကြပါဘူး။ သူတို့က ကျနော် အဝတ်လဲခန်းကို ဆုံးရှုံးတော့မယ်လို့ ပြောကြပါတယ်။ ကျနော်တို့ မျှတမှုမရှိတဲ့ ဝေဖန်မှုတွေအများကြီး ခံခဲ့ရပါတယ်။ ဒီပွဲမှာတော့ ဥရောပမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြင်ဆင်ထားတဲ့အသင်းကို ကျနော်တို့ ပြသခဲ့ပါတယ်။ အသင်းဟာ ဘောလုံးရှိတဲ့ အချိန်ရော ဘောလုံးမရှိတဲ့အချိန်ရော အလွန်ကောင်းမွန်ခဲ့ပါတယ်။ ဒီပွဲမှာ ကျနော်တို့ ပွဲကောင်းတစ်ပွဲ ကစားနိုင်ခဲ့ပြီး ဒီအတွက် ကျနော်ဂုဏ်ယူတယ်”လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ နာပိုလီအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပထမအကျော့က ၁ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၂ ဂိုးနဲ့ ဘာစီလိုနာအသင်း အနိုင်ရပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ၄ နှစ်အတွင်း ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာပါ။
ဘာစီလိုနာကစားသမားကိုတွေ့ရစဉ်
ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် ဂိုးတွေကို လိုပက်ဇ်၊ ကန်ဆယ်လိုနဲ့ လီဝန်ဒေါစကီးတို့က သွင်းယူခဲ့ပြီး နာပိုလီ အသင်းအတွက် ချေပဂိုးကို ရာမာနီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီပွဲမှာအဓိက ကစားသမားအချို့ မပါဝင်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ရင်တောင် သူ့ဆုံးဖြတ်ချက်က ပြောင်းမှာ မဟုတ်တော့ဘူးလို့ ပြောခဲ့ပါတယ်။
ဇာဗီက “ချန်ပီယံလိဂ်ဖလား ရရင်လည်း လာမယ့်ရာသီ ဘာစီလိုနာမှာ ကျနော်ရှိနေမှာ မဟုတ်ပါဘူး။ ကျနော့် အနာဂတ်က မပြောင်းလဲသလို အဖြေကလည်း မပြောင်းလဲပါဘူး။ ရာသီအကုန်မှာ ဘာစီလိုနာကနေ ကျနော် ထွက်ခွာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ်မှာ စပိန်လာလီဂါ ပွဲစဉ်အဖြစ် အသလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 620
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၃
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပေါ်တိုအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို ၁၄ နှစ်အကြာမှ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒုတိယအကျော့ပွဲစဉ်မှာ ပေါ်တိုအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒါပေမယ့် ပထမအကျော့ ပွဲစဉ်တုန်းက ပေါ်တိုအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရထားတဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၁ ဂိုးစီ သရေကျနေလို့ အချိန်ပို ဆက်ပြီးကစားခဲ့ရတာ ဖြစ်ပါတယ်။
အချိန်ပိုမှာ ဘယ်အသင်းမှ ဂိုးမသွင်းနိုင်တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး အာဆင်နယ်အသင်းက ဂိုးသမား ဒေးဗစ်ရာယာရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ၂၀၁၀ ခုနှစ်က နောက်ဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ တာကြောင့် ဒီအဆင့်ကို ပြန်တက်နိုင်ဖို့ ၁၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို တွေ့ရစဉ်
အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ သူတို့ရောက်ချင်တဲ့ နေရာကို ရောက်ရှိလာအောင် စွမ်းဆောင် ပေးနိုင်ခဲ့တဲ့ ကစားသမားတွေကို ချီးကျူးခဲ့သလို ပရိသတ်တွေရဲ့ အားပေးမှုတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
အာတီတာက “၁၄ နှစ်တောင် ကြာခဲ့ပါပြီ။ ဒါဟာ အာဆင်နယ်လို အသင်းအတွက် အချိန်အတော်ကြာခဲ့ပြီး ဘယ်လောက် ခက်ခဲတယ်ဆိုတာ ပြသနေပါတယ်။ အဆုံးထိ မှော်ဆန်တဲ့ အခိုက်အတန့်တွေကို ရှာဖွေဖို့ ကျနော်တို့ လုပ်ဆောင်ခဲ့ရတာပါ။ အာဆင်နယ်ပရိသတ်တွေကို ကျေးဇူးတင်ပြီး သူတို့ကို ကျနော်တို့ အလွန် ချစ်ပါတယ်။ သူတို့က ကျနော်တို့ဆီ ယူဆောင်လာခဲ့တဲ့ စွမ်းအင်တွေက ထူးခြားပါတယ်။ ကျနော်တို့ အတူတူ လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ TNT Sports ကို ပြောကြားခဲ့ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာ ပေါ်တိုအသင်းရဲ့ ပင်နယ်တီ ၂ လုံးကို ကာကွယ်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်း ဂိုးသမား ဒေးဗစ်ရာယာဟာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
ဒေးဗစ်ရာယာကတော့ အာဆင်နယ်အသင်းကို နှစ်ပေါင်းများစွာကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် အလွန်ပျော်ရွှင်တယ်လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် တက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 476
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၂
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) အုပ်စုပွဲစဉ်အဖြစ် အခုလကုန်ပိုင်းမှာ ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားနဲ့ ဂျပန်အသင်းတို့ရဲ့ ပွဲစဉ်ကို စီစဉ်ထားတဲ့အတိုင်း ပြုံယမ်းမှာ ကစားမယ်လို့ ဂျပန်ဘောလုံးအဖွဲ့ချုပ်က အတည် ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီး ခြေစစ်ပွဲ ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်ကို မြောက်ကိုရီးယားမှာ မကစားဘဲ ကြားကွင်းအဖြစ် ဆော်ဒီနိုင်ငံမှာ ပြောင်းရွှေ့ကျင်းပခဲ့တာပါ။
ဂျပန်ဘောလုံးအဖွဲ့ချုပ်က အမျိုးသမီးပွဲကို ပြုံယမ်းကနေ ပြောင်းရွှေ့ပြီး ကျင်းပဖို့ တောင်းဆိုခဲ့ပေမယ့် မတ်လ ၂၆ ရက်မှာ ကစားမယ့် အမျိုးသားပွဲကိုတော့ ပရိသတ်ဦးရေ ၅၀,၀၀၀ ဝင်ဆံ့တဲ့ Kim Il Sung အားကစားကွင်းမှာ ယှဉ်ပြိုင်မယ်လို့ အကြောင်းကြားထားတာ ဖြစ်ပါတယ်။
ဂျပန်နဲ့ မြောက်ကိုရီးယား အသင်းတို့ဟာ ပြုံယမ်းပွဲစဉ် မတိုင်ခင် မတ်လ ၂၁ ရက်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် တိုကျိုအားကစားကွင်းမှာ ယှဉ်ပြိုင်သွားမှာပါ။
ဂျပန်အသင်းနဲ့ မြောက်ကိုရီးယားအသင်း ယှဉ်ပြိုင်နေစဉ်
ဂျပန်အသင်းဟာ လက်ရှိအချိန်မှာ ခြေစစ်ပွဲ ၂ ပွဲ ကစားထားပြီး မြန်မာနဲ့ ဆီးရီးယားအသင်းတို့ကို အနိုင်ရရှိ ထားတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား အသင်းကတော့ ခြေစစ်ပွဲ ၂ ပွဲ ကစားအပြီးမှာ ဆီးရီးယားအသင်းကို အရေးနိမ့်ကာ မြန်မာ အသင်းကို ဂိုးပြတ်အနိုင်ရရှိထားတာပါ။
ဂျပန်နဲ့ မြောက်ကိုရီးယား အသင်းတို့ဟာ ၂၀၁၇ က အရှေ့အာရှ ချန်ပီယံရှစ်ပြိုင်ပွဲမှာ နောက်ဆုံး တွေ့ဆုံထားပြီး ဂျပန်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ ဂျပန်အသင်းတို့ဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက ပြုံယမ်းမှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
မြောက်ကိုရီးယားအသင်းဟာ ပြီးခဲ့တဲ့လတွေမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ပြင်ဆင်မှုအဖြစ် တရုတ်ကလပ် တွေနဲ့ ခြေစမ်းပွဲ ၃ ပွဲ ကစားခဲ့တာမှာ ၂ ပွဲနိုင် ၁ ပွဲ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ဂျပန်အသင်းကတော့ ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: CNA