- By CNI
- Category: အားကစား
- Hits: 950
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ စပါးအသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ စပါးအသင်းဟာ ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းက အနောက်ကနေလိုက်ကာ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာပါ။
စပါးအသင်းအတွက် ဂိုးတွေကို ဆိုလန်ကီက ၂ ဂိုး၊ ကူလူဆက်ဗ်စကီးနဲ့ ဆွန်ဟောင်မင်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပြီး ယူနိုက်တက်အသင်းအတွက် ချေပဂိုးတွေကို ဇက်ခ်ဇီ၊ အာမတ်နဲ့ အီဗန်စ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ နိုင်ပွဲနဲ့အတူ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်း ကတော့ ပြည်တွင်းဖလားပြိုင်ပွဲ တစ်ခုကနေ ထွက်ခွာခဲ့ရပြီဖြစ်တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်း ဂိုးသမား ဘယင်ဒါနဲ့ စပါးအသင်း ဂိုးသမား ဖရေဆာဖော်စတာတို့ဟာ အမှားအယွင်း တွေ ပြုလုပ်ခဲ့ကြပါတယ်။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဖရေဆာဖော်စတာဟာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပေမယ့် အမှားအယွင်းတွေကြောင့် သူစိတ်ပျက်နေတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းဟာ အရှုံးကနေ ပြန်လာနိုင်ဖို့ အကောင်းဆုံး ကြိုးပမ်းခဲ့ကြ ပေမယ့် ၄ ဂိုးမြောက် သွင်းဂိုး ခွင့်ပြုခဲ့ရတာက ပြိုင်ပွဲကနေ ထွက်ခွာဖို့ ဖြစ်စေခဲ့တယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို လူစာရင်းကနေ ထပ်ချန်လှပ်ခဲ့ပြီး နည်းပြအာမိုရင်က သူဟာ အသင်းမှာ အနာဂတ်ရှိနေသေးတယ်လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်း လူစာရင်းကနေ ၂ ပွဲဆက်တိုက် ချန်လှပ်ခံခဲ့ရတာပါ။
ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေအပြီး ဆီမီးဖိုင်နယ် ပွဲစဉ်တွေအတွက် မဲခွဲခဲ့တာမှာ စပါးအသင်းက လီဗာပူးလ်အသင်း၊ အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းတို့နဲ့ တွေ့ဆုံနေကြပါတယ်။
ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို နှစ်ကျော့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့ကို ဇန်နဝါရီ ဒုတိယ အပတ်နဲ့ ဒုတိယအကျော့ကို ဖေဖော်ဝါရီ ပထမအပတ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1018
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉
ဝါရင့်ကစားသမား ဒီမာရီယာက မက်ဆီနဲ့ အာဂျင်တီးနား၊ပီအက်စ်ဂျီအသင်းတို့မှာ အတူတွဲကစားခဲ့ရတာက သူ့ရဲ့ ကစားသမားဘဝအတွက် အကောင်းဆုံးအရာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒီမာရီယာက “ကျနော့်ရဲ့ကစားသမားဘဝတစ်လျှောက် ဖြစ်ပျက်ခဲ့တဲ့အရာတွေထဲမှာ မက်ဆီနဲ့အတူတွဲ ကစား ခဲ့ရတာက အကောင်းဆုံးအရာဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် ခင်မင်ရင်းနှီးမှုတစ်ခုကို ဖန်တီးခဲ့ကြ ပါတယ်။ သူဟာ ကွင်းအတွင်းမှာရော ကွင်းပြင်ပမှာပါ အံ့မခန်းပါပဲ။ ပီအက်စ်ဂျီအသင်းအတွက် ကျနော်နောက်ဆုံး ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာ သူနဲ့အတူ ရှိခွင့်ရတဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်ကြောင်း သူ့ကို ပြောခဲ့ပါတယ်”လို့ DSports Radio ကို ပြောခဲ့တာပါ။
မက်ဆီနဲ့ ဒီမာရီယာတို့ဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ နှစ်ပေါင်းများစွာကြာ လက်တွဲခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ ဖလားနဲ့ ၂၀၂၁၊ ၂၀၂၄ ကိုပါအမေရိကဖလားတွေကို ရယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းအတွက် ပွဲပေါင်း ၁၄၅ ပွဲ ပါဝင်ကစားခဲ့တဲ့ ဒီမာရီယာဟာ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှာ နိုင်ငံအသင်း ကနေ အနားယူခဲ့တာပါ။

ဒီမာရီယာဟာ အာဂျင်တီးနားအသင်းအပြင် ပီအက်စ်ဂျီအသင်းမှာလည်း မက်ဆီနဲ့အတူ တွဲကစားခဲ့ပြီး လီဂူး-၁ နဲ့ ပြင်သစ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
ဒီမာရီယာဟာ ပီအက်စ်ဂျီအသင်းမှာ မက်ဆီနဲ့ တစ်ရာသီသာတွဲကစားခဲ့ပေမယ့် အာဂျင်တီးနားအသင်းမှာ နှစ်ပေါင်းများစွာကြာ တွဲကစားခဲ့တာကြောင့် မက်ဆီနဲ့အတူတွဲကစားခဲ့ရတာက သူ့အတွက် အကောင်းဆုံးအရာလို့ ပြောခဲ့တာပါ။
ဒီမာရီယာဟာ နိုင်ငံအသင်းကနေ အနားယူခဲ့ပေမယ့် မက်ဆီကတော့ အာဂျင်တီးနားအသင်း အတွက် ဆက်လက်ပါဝင်ကစားနေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းကို ဦးဆောင်ဖို့ ရှိနေပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ ဒီမာရီယာဟာ လက်ရှိအချိန်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းအတွက် ပါဝင်ကစား နေပြီး ဒီရာသီကစားထားတဲ့ ပွဲပေါင်း ၂၀ မှာ ၉ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 795
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉
ပီအက်စ်ဂျီအသင်းက မိုနာကိုအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ် လီဂူး-၁ ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်း ဂိုးသမား ဒွန်နာရမ်မာဟာ ပြိုင်ဘက်ကစားသမားရဲ့ ကြမ်းတမ်းစွာ ဝင်ရောက်မှုကြောင့် မျက်နှာမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန် ၁၇ မိနစ်မှာ မိုနာကိုအသင်း ကစားသမား ဆင်ဂိုဟာ ဘောလုံးကို ဖျက်ထုတ်ဖို့ ဝင်ရောက်လာခဲ့တဲ့ ဂိုးသမား ဒွန်နာရမ်မာကို ခုန်ပြီးကျော်ဖို့ လုပ်ခဲ့တာမှာ အီတလီဂိုးသမားရဲ့ မျက်နှာကို သူ့ရဲ့ဖိနပ်နဲ့ တက်နင်းမိခဲ့ တာပါ။
ဒွန်နာရမ်မာဟာ ဒီဖြစ်ရပ်ကြောင့် မျက်နှာပေါ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပေမယ့် ဆင်ဂိုကတော့ အနီကတ် ပြသ ခံရခြင်းကနေ ရှောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒွန်နာရမ်မာဟာ ကွင်းအတွင်း ကုသမှုခံယူပြီးနောက်မှာ ဆာဗိုနော့ဗ်နဲ့ လူစားလဲခြင်းခံခဲ့ရတာပါ။

ပီအက်စ်ဂျီနဲ့ မိုနာကို ယှဉ်ပြိုင်နေစဉ်
ပီအက်စ်ဂျီအသင်းက ဂိုးသမား ဒွန်နာရမ်မာဟာ မျက်နှာပေါ်မှာ ဒဏ်ရာ အများအပြားရရှိခဲ့ပြီး မနက်ဖြန်မှာ ဆေးစစ်မှုတွေ ပြုလုပ်မှာဖြစ်ကာ ရက်အနည်းငယ်ကြာ အနားယူရမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က ဒီဖြစ်ရပ်မှာ ဆင်ဂိုကို အနီကတ်ပြသခြင်း မရှိခဲ့တဲ့ ကွင်းလယ် ဒိုင်လူကြီးကို ဝေဖန်မှာ မဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ဒီနိုင်ပွဲကြောင့် ပြင်သစ်လီဂူး-၁ ပွဲစဉ် ၁၆ ပွဲ ကစားအပြီးမှာ ရှုံးပွဲမရှိ ရမှတ် ၄၀ နဲ့ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
မိုနာကိုအသင်းဟာ ရှုံးပွဲကြောင့် ပီအက်စ်ဂျီအသင်းနဲ့ ၁၀ မှတ်အကွာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ်မှာ ပြင်သစ်ဖလား ပွဲစဉ်အဖြစ် လန်းစ်အသင်းနဲ့ ယှဉ်ပြိုင်ပြီးရင် လာမယ့် ဇန်နဝါရီမှ ပွဲစဉ်တွေပြန်လည် ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 815
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉
၂၀၂၄ ဖီဖာကလပ် တိုက်ကြီးများဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ရီးရယ်လ်အသင်းနဲ့ မက္ကဆီကိုကလပ် ပါချူကာအသင်းတို့ ပွဲစဉ်မှာ ရီးရယ်လ်အသင်းက ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ဂိုးတွေကို ဘတ်ပီ၊ ရိုဒရီဂိုနဲ့ ဗီနီစီးယက်စ်တို့က သွင်းယူခဲ့တာပါ။
ရီးရယ်လ်အသင်းကို ဖီဖာကလပ် တိုက်ကြီးများဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပေးနိုင်ခဲ့တဲ့ နည်းပြ အန်ဆယ်လော့တီဟာ စပိန်ကလပ်အသင်းရဲ့ သမိုင်းမှာ အအောင်မြင်ဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ်အထိ ပထမအကြိမ် ကိုင်တွယ်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ အခုအကြိမ်အထိ ဒုတိယအကြိမ် ကိုင်တွယ်ခဲ့တာမှာ ဆုဖလားပေါင်း ၁၅ ခုအထိ ရယူပေးနိုင်ခဲ့တာပါ။
အဲဒါကြောင့် အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ၁၄ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ဆုဖလားပေါင်း ၁၄ ခု ရယူ ပေးနိုင်ခဲ့တဲ့ ဂန္ထဝင်နည်းပြကြီး မူနော့ဇ်ရဲ့ စံချိန်ကို ၁ ကြိမ်အသာနဲ့ ကျော်ဖြတ်ပြီး ရီးရယ်လ်အသင်းသမိုင်းမှာ အအောင်မြင်ဆုံး နည်းပြဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဘတ်ပီနဲ့ ဗီနီစီးယက်စ်ကိုတွေ့ရစဉ်
အန်ဆယ်လော့တီက ဒီမှတ်တမ်းကို ရယူနိုင်ခဲ့တဲ့အပေါ် အလွန်ပျော်ရွှင်ပြီး အောင်မြင်မှုတစ်ခု ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဗီနီစီးယက်စ်နဲ့ ဗယ်လ်ဗာဒီတို့ကလည်း နည်းပြ အန်ဆယ်လော့တီအတွက် သူတို့ဂုဏ်ယူပြီး နည်းပြက သူတို့အတွက် ပြီးပြည့်စုံတဲ့သူလို့ ပြောခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကမှ FIFA The Best ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို ရရှိခဲ့တဲ့ ဗီနီစီးယက်စ်ဟာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ လာမယ့် ဇန်နဝါရီမှာ နောက်ထပ် ဆုဖလားတစ်လုံး ထပ်မံရယူနိုင်မယ့် အခွင့်အရေးတွေ ရှိနေပါသေးတယ်။
ရီးရယ်လ်အသင်းဟာ ဇန်နဝါရီ ၉ ရက်မှာ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။
စပိန်လာလီဂါ လက်ရှိချန်ပီယံ ရီးရယ်လ်အသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ နောက်ဆုံးပွဲစဉ်အဖြစ် ဆီဗီလာအသင်းနဲ့ အမှတ်ပေးလိဂ် ပွဲစဉ်ယှဉ်ပြိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 966
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ လိုက်ပ်ဇစ်အသင်းနဲ့ ကစားမယ့် ၂၀၂၄ ခုနှစ်အတွက် နောက်ဆုံး ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြန်ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဟာရီကိန်းဟာ နိုဝင်ဘာကုန်ပိုင်းက ဒေါ့မွန်အသင်းနဲ့ သရေကျခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ပေါင်ဒဏ်ရာ ရရှိပြီး ကတည်းက ဘိုင်ယန်မြူးနစ်အသင်းနောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲစလုံးပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။ ဟာရီကိန်း ဟာ လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်တဲ့အတွက် အင်္ဂါနေ့ ပြုလုပ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လေ့ကျင့် ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်ခဲ့ပါတယ်။
အဲဒါကြောင့် ဟာရီကိန်းဟာ လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ဘွန်ဒက်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်း အတွက် ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။ ပြီးခဲ့တဲ့ ရှက်တာဒိုးနက်နဲ့ မိန့်ဇ်အသင်းတို့ ပွဲတွေမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် မပါဝင်နိုင်ခဲ့တဲ့ နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်လည်း အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်လည်ပါဝင်နေခဲ့ပြီဖြစ်ပါတယ်။ ပယ်လ်ဟင်ညာနဲ့ ဂနာဘရီတို့လည်း ပထမဆုံး အကြိမ် ဘောလုံးနဲ့လေ့ကျင့်မှုတွေပြီးမြောက်ခဲ့တယ်လို့ Sky က ဖော်ပြခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒက်လီဂါပွဲစဉ် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ မိန့်ဇ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ဒီရာသီ အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲရှုံးနိမ့်ခဲ့ပေမယ့် ဘွန်ဒက်လီဂါပွဲစဉ် ၁၄ ပွဲကစားအပြီးမှာ ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေပြီး အဆင့် ၂ နေရာက လေဗာကူဆင်အသင်းကို ၄ မှတ် အသာရနေတာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 771
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈
မန်စီးတီးအသင်းဟာ ရလဒ်ဆိုးတွေ ကြုံတွေ့နေရပေမယ့် ကစားသမားတွေဟာ နည်းပြဂွာဒီယိုလာကို ယုံကြည် မှုရှိနေဆဲဖြစ်တယ်လို့ ကွင်းလယ်တိုက်စစ်ကစားသမား ဖိုဒန်က ပြောခဲ့ပါတယ်။
ဖိုဒန်က “ကျနော်တို့ဟာ ကျနော်တို့ ရှိနေရမယ့် အဆင့်နဲ့ ဝေးကွာနေပေမယ့် အမှတ်နဲ့ ရလဒ်ကောင်းတွေ ရဖို့ အတွက် လုံလောက်မှုရှိတဲ့ စွမ်းဆောင်ရည်နဲ့ ကစားနေတယ်လို့ ယုံကြည်နေဆဲပါ။ ကျနော်တို့ဟာ အတူတူ လက်တွဲ လုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိရပါမယ်။ ကျနော်တို့ဟာ လုပ်ငန်းစဉ်နဲ့ နည်းပြအပေါ်မှာ လည်း ယုံကြည်မှုရှိပါတယ်။ ကျနော်တို့အနေနဲ့ အတူလက်တွဲလုပ်ရင် အနိုင်ရလဒ်တွေပြန်ရပြီး ကျနော်တို့အဆင့် ကို ပြန်ရောက်သွားမယ်ဆိုတာ သေချာတယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီး ၈ ပွဲအထိ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာနဲ့ ဖိုဒန်ကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၅ နေရာအထိ ရောက်ရှိသွားခဲ့ပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းထက် ၁ ပွဲပိုကစားကာ ၉ မှတ် ကွာဟနေတာပါ။
နည်းပြဂွာဒီယိုလာ အတွက်လည်း မန်စီးတီးအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် သူ့ရဲ့နည်းပြဘဝမှာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဖိုဒန်က မကြာသေးခင်ကမှ မန်စီးတီးအသင်းနဲ့ ၂ နှစ် စာချုပ်သစ် ချုပ်ဆိုထားတဲ့ နည်းပြဂွာဒီယိုလာကို သူတို့ယုံကြည်မှုရှိနေဆဲလို့ ပြောသွားခဲ့တာပါ။
မန်စီးတီးအသင်းဟာ ၂၀၂၄ ခုနှစ် မကုန်ခင် ပွဲတွေဆက်တိုက် ယှဉ်ပြိုင်ရဖို့ ရှိနေလို့ ဖိုဒန်က သူ့ရဲ့အသင်းဖော် တွေကို အတူတူလက်တွဲ လုပ်ကိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဖိုဒန်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့လို့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအပြင် တစ်ဦးချင်းဆု အများအပြား ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာ သူလည်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ နောက်ဆုံး ပွဲစဉ်တွေအဖြစ် အက်စတွန်ဗီလာ၊ အဲဗာတန်၊ လက်စတာ အသင်းတို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 957
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရှ်ဖိုဒ့်က စိန်ခေါ်မှုအသစ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပြီး အသင်းကနေ ထွက်ခွာဖွယ်ရှိတဲ့ အရိပ်အမြွက်ကို ချပြခဲ့ပါတယ်။
ရက်ရှ်ဖိုဒ့်က “အခြေအနေက ဆိုးနေပြီဆိုတာကို သိရင် ပိုပြီးဆိုးတော့မှာမဟုတ်ပါဘူး။ ကျနော်ထွက်ခွာခဲ့ရင် ကြေညာချက်ထုတ်မှာဖြစ်ပြီး ဒါကလည်း ကျနော်ဆီကနေပဲ ထွက်လာမှာပါ။ ကျနော်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ မှတ်ချက်ပေးမှာမဟုတ်ပါဘူး။ ကျနော်ဟာ စိန်ခေါ်မှု အသစ်တွေနဲ့ နောက်ထပ်ခြေလှမ်းတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ထင်ကြောင်း”ပြောခဲ့တာပါ။
ရက်ရှ်ဖိုဒ့်ဟာ ယူနိုက်တက်အသင်းက မန်စီးတီးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဂါနာချိုနဲ့အတူ အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင် က ရက်ရှ်ဖိုဒ့်ကို ချန်လှပ်ခဲ့တာဟာ စည်းကမ်းပိုင်းဆိုင်ရာကြောင့်မဟုတ်ဘူးလို့ အတည်ပြုခဲ့ပေမယ့် သူ့ကို ကွင်း အတွင်းရော ကွင်းပြင်ပမှာပါ ပိုပြီးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေတာပါ။

ရက်ရှိဖိုဒ့်ဟာ နည်းပြဟောင်း အဲရစ်တန် ဟတ် လက်ထက်တုန်းက စည်းကမ်းပိုင်းဆိုင်ရာကြောင့် ယူနိုက်တက်အသင်းလူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရဖူး ပါတယ်။
ဗြိတိန်မီဒီယာတွေက ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ ရက်ရှ်ဖိုဒ့်ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အရောင်းစာရင်းတင်သွင်းထားတယ်လို့ ဖော်ပြထားတာပါ။
အဲဒါကြောင့်လည်း ရက်ရှ်ဖိုဒ့်ဟာ ယူနိုက်တက် အသင်း ကနေ ထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီနဲ့ ဒီရာသီမှာ သူ့ရဲ့ကောင်းမွန်မှုမရှိတဲ့ စွမ်းဆောင်ရည်တွေကြောင့် ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုအများအပြားကို ခံခဲ့ရတာပါ။
ယူနိုက်တက်အသင်းကြီးအတွက် ၂၀၁၅-၁၆ ရာသီမှာ စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ အကယ်ဒမီထွက် ရက်ရှ်ဖိုဒ့်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၄၂၆ ပွဲပါဝင်ကစားထားပြီး ၁၃၈ ဂိုးသွင်းယူကာ FA ဖလားနဲ့ ကာရာဘောင်းဖလား ၂ ကြိမ်စီ၊ယူရိုပါလိဂ်နဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ်စီရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1078
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈
၂၀၂၄ ခုနှစ်အတွက် ကျင်းပခဲ့တဲ့ FIFA The Best ဆုပေးပွဲမှာ ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ် ဟာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲ အခမ်းအနားကို ရီးရယ်လ်အသင်းနဲ့အတူ သပိတ်မှောက်ခဲ့တဲ့ ဗီနီစီးယက်စ်ဟာ ဒိုဟာမှာ ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲ အခမ်းအနားကို တက်ရောက်ပြီး ဆုလက်ခံရယူခဲ့တာပါ။
ဗီနီစီးယက်စ်ဟာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုအတွက် ၄၈ မှတ်နဲ့ ပထမရရှိခဲ့ပြီး မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီက ၄၃ မှတ်နဲ့ ဒုတိယ၊ ရီးရယ်လ်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ်က ၃၇ မှတ်နဲ့ တတိယရရှိခဲ့တာ ဖြစ်ပါတယ်။
တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ဘာစီလိုနာအသင်း ကွင်းလယ်လူ ဘွန်မာတီက အော်လန်ဒိုပရိုက်အသင်းက ဘန်ဒါနဲ့ ဘာစီလိုနာအသင်းဖော် ဟန်ဆန်တို့ကို ရမှတ်အသာရပြီး ရရှိခဲ့တာပါ။
ဘွန်မာတီဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဒီဆုကို ရရှိခဲ့တဲ့အတွက် ၂ နှစ်ဆက်တိုက် ဆုရရှိခဲ့တာဖြစ်ပါတယ်။
တစ်နှစ်တာ အကောင်းဆုံး အမျိုးသားနည်းပြဆုကို ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လေဗာကူဆင် အသင်းနည်းပြ အလွန်ဆိုနဲ့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာတို့ကို ရမှတ်အသာရပြီး ရရှိခဲ့တာဖြစ်ပါတယ်။

ဂါနာချိုရဲ့ လှပတဲ့သွင်းကိုကို တွေ့ရစဉ်
အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို အမေရိကန်အသင်းနည်းပြ အမ်မာဟေးစ်က ရရှိခဲ့ပါတယ်။
အကောင်းဆုံး အမျိုးသား ဂိုးသမားဆုကို အက်စတွန်ဗီလာအသင်း ဂိုးသမား အီမီမာတီနက်ဇ်က ရရှိခဲ့တာပါ။
အီမီမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာလည်း အကောင်းဆုံး ဂိုးသမားဆုကို ရရှိခဲ့ပြီး ဖီဖာရဲ့ အကောင်းဆုံးအသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
အကောင်းဆုံး အမျိုးသမီး ဂိုးသမားဆုကို အမေရိကန်အသင်းက အလီဆာနာဟာ ရရှိသွားခဲ့တာပါ။
အကောင်းဆုံး သွင်းဂိုးဆုဖြစ်တဲ့ ပွတ်ရှ်ကပ်ဆုကို ယူနိုက်တက်အသင်း တောင်ပံကစားသမား ဂါနာချိုရဲ့ သွင်းဂိုးက ရရှိခဲ့တာပါ။
ဂါနာချိုဟာ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ နောက်ပြန်ကန်ချက်နဲ့ လှပတဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့သွင်းဂိုးဟာ အကောင်းဆုံး သွင်းဂိုးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1153
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈
အင်္ဂလန်နောက်ခံလူ မက်ဂွဲယားက ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်အတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု တွေ ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မက်ဂွဲယားက “ကျနော်ဟာ ကျနော့်ရဲ့ ရေရှည်အနာဂတ်နဲ့ ပတ်သက်ပြီး မစဉ်းစားပါဘူး။ ယူနိုက်တက်အသင်း လက်ထဲမှာ ရွေးချယ်စရာတစ်ခုနဲ့ ဆက်သွားနေတုန်းပါပဲ။ လက်ရှိအချိန်မှာ လက္ခဏာတွေ အားလုံးက အပြု သဘော ဆောင်နေပြီး ကျနော်တို့ ပြောဆိုမှုတွေကလည်း အလွန်အပြုသဘော ဆောင်ပါတယ်။ နှစ်ရှည် စာချုပ် သစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေရှိပါတယ်”လို့ ပြောခဲ့တာပါ။
မက်ဂွဲယားရဲ့ လက်ရှိစာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် ယူနိုက်တက်အသင်းဟာ သူ့ကို ၂၀၂၆ ခုနှစ် ရာသီအကုန်ထိရှိမယ့် စာချုပ်သက်တမ်း တိုးခွင့်ရှိနေတာ ဖြစ်ပါတယ်။
မက်ဂွဲယားဟာ ၂၀၂၃ ခုနှစ်နွေရာသီက ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာပါ။

မက်ဂွဲယားကို တွေ့ရစဉ်
မက်ဂွဲယားဟာ ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်အသင်းထံ ဒီလစ်နဲ့ ယိုရိုတို့ ရောက်ရှိလာမှုကြောင့် ပွဲကစားခွင့် ဆုံးရှုံးခဲ့ရပေမယ့် မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က မန်စီးတီးအသင်းနဲ့ ပွဲအပြီးမှာ မက်ဂွဲယားကို ချီးကျူးခဲ့ပြီး သူဟာအသင်း အတွက် အရေးပါတဲ့သူလို့ ပြောခဲ့တာပါ။
မက်ဂွဲယားဟာ နည်းပြအာမိုရင် လက်အောက်မှာ သူ့ရဲ့စွမ်းဆောင်ရည်ကို ဆက်ထိန်းပြီး ယူနိုက်တက်အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၁၉ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းယူထားတာပါ။
ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1103
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇
အာဆင်နယ်အသင်းမှာ အငှားကစားသမားဘဝကို စိတ်ပျက်ဖွယ် ဖြတ်သန်းနေရတဲ့ စတာလင်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မတိုင်ခင် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်က ချယ်လ်ဆီးအသင်းကနေ အာဆင်နယ်အသင်းထံ အငှားနဲ့ပြောင်းရွှေ့လာခဲ့တဲ့ စတာလင်ဟာ ကွင်းထဲမှာ သက်ရောက်မှုရှိတဲ့အရာတွေ အများကြီး ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။
စတာလင်ဟာ အာဆင်နယ်အသင်းအတွက် ၁၀ ပွဲသာ ပါဝင်ကစားခွင့် ရရှိထားပြီး ၁ ဂိုး သွင်းယူကာ ၂ ဂိုး ဖန်တီးထားပါတယ်။
အင်္ဂလန်ကစားသမားဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ၃ ပွဲမှာ ပါဝင်ကစားခွင့် မရရှိခဲ့တာပါ။
The London Standard က စတာလင်ဟာ ပွဲကစားချိန် နည်းပါးနေပေမယ့် အာဆင်နယ်အသင်းမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စတာလင်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပုံမှန်ကစားခွင့် ရနိုင်မယ့် အသင်းကို ရှာဖွေဖို့အတွက် အာဆင်နယ် အသင်းနဲ့ အငှားစာချုပ်ကို ဖြတ်ပစ်ဖို့ အစီအစဉ်မရှိတာပါ။

စတာလင်ကိုတွေ့ရစဉ်
အာဆင်နယ်အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အရေးပါတဲ့သူဖြစ်တဲ့ စတာလင်ဟာ ဒုတိယရာသီဝက်မှာ အသင်း အတွက် ပိုပြီးပါဝင်ကစားနိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက စတာလင်ဟာ ပွဲကစားဖို့ စိတ်အားထက်သန်နေပေမယ့် အသင်းရဲ့ ဒဏ်ရာတွေ၊ ပွဲပယ်တွေကြောင့် သူ့ရဲ့ ပွဲကစားချိန် မိနစ်တွေဟာ အကန့်အသတ် ဖြစ်စေခဲ့တယ်လို့ ပြောထား တာပါ။
စတာလင်ဟာ အာဆင်နယ်အသင်းနဲ့ အငှားစာချုပ် ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ချယ်လ်ဆီးအသင်းထံ ပြန်ရမှာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်က မန်စီးတီးအသင်းကနေ ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ စတာလင်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ် ရာသီအကုန်ထိ သက်တမ်းရှိနေတာပါ။
ချယ်လ်ဆီးအသင်းကတော့ စတာလင်ကို အသင်းထံ ပြန်ရောက်လာချိန်မှာ အပြီးသတ်ရောင်းချ ဒါမှမဟုတ် ထပ်ပြီး အငှားချသွားဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: Metro
