- By cni
- Category: အားကစား
- Hits: 386
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈
ဘိုင်ယန်မြူးနစ်အသင်းဟာ ယူနိုက်တက်အသင်းဂိုးသမားဟောင်း ဒီဂီယာကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဂျာမနီ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းမှာ ၁၂ နှစ်ကြာကစားပြီး စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာခဲ့တဲ့ ဒီဂီယာကို ခေါ်ယူဖို့ ရီးရယ်လ် အသင်းက ချဉ်းကပ်ခဲ့သလို ဘိုင်ယန်မြူးနစ်အသင်းနဲ့လည်း အပြောင်းအရွှေ့အတွက်ဆွေးနွေးခဲ့တယ်လို့ သတင်း တွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီဂီယာကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Sky Sports ဂျာမနီက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးအသင်း ဒုတိယဂိုးသမား အော်တီဂါကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မန်ချက်စတာကလပ်က လက်မလွှတ်ချင်တာကြောင့် မအောင်မြင် ခဲ့ပါဘူး။
ဂျာမန်ကလပ်ရဲ့ နံပတ်တစ်ဂိုးသမား နူအာဟာ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံမရရှိသေးတာကြောင့် ဂိုးသမား ပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် ဈေးကွက်ထဲမှာ ရှာဖွေမှုပြုလုပ်နေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ မက္ကာဘီတဲလ်အဗစ်ဂိုးသမား ပီရတ်ဇ်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး မကြာခင်မှာ အပြောင်းအရွှေ့ အပြီးသတ်နိုင်မယ်လို့ ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။
ဒီဂီယာကတော့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ယူနိုက်တက် အသင်းဟာ သူ့ကို စာချုပ်သစ်မချုပ်ဆိုခဲ့ဘဲ အင်တာမီလန်အသင်းဂိုးသမား အိုနာနာကို ပေါင် ၄၈ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ စပိန်ဂိုးသမားဟောင်းဟာ ပုံမှန်ကစားခွင့်ရမယ့် အသင်းကိုရှာဖွေနေပြီး အသင်းငယ်တစ်သင်းမှာ သွားရောက်ကစားရဖွယ်ရှိနေတာဖြစ်ပါတယ်။
ဒီဂီယာဟာ လက်ရှိအချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် ကစားသမားဖြစ်တာကြောင့် နွေရာသီ အပြောင်းအရွှေ့ပိတ်ပြီးရင်တောင် ကလပ်အသင်းတွေထံ ပြောင်းရွှေ့လို့ရတာဖြစ်ပါတယ်။
Source:Goal
- By cni
- Category: အားကစား
- Hits: 321
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၈
လိဂ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး အင်တာမိုင်ယာမီအတွက် ပထမဆုံးဆုဖလား ယူဆောင်လာနိုင်ခဲ့မယ်ဆိုရင် ဒါဟာ မယုံနိုင်စရာနဲ့ လှပတဲ့အရာ ဖြစ်လိမ့်မယ်လို့ မက်ဆီက ပြောလိုက်ပါတယ်။
မက်ဆီက “လိဂ်ဖလားကို ရယူနိုင်ခဲ့ရင် ကျနော့်အတွက်ရော၊ ပရိသတ်တွေအတွက်ရော၊ ကလပ်အတွက် ဒါဟာ မယုံနိုင်စရာဖြစ်မှာပါ။ ကလပ်အသင်းဟာ ပိုပြီးကြီးထွားလာအောင် ကြိုးစားနေပြီး ဒီအတွက်လည်း သူတို့ဟာ အများကြီး ရင်းနှီးမြှုပ်နှံထားပါတယ်။ ဆုဖလားရယူနိုင်မယ့် အသင်းအဖြစ် တည်ဆောက်နိုင်အောင် ကြီးမားတဲ့ ပြုပြင်မှုတွေ ပြုလုပ်နေပြီး အထင်ကြီးစရာ ကောင်းလာပါလိမ့်မယ်။ ဒီကလပ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကမှ တည်ထောင်ခဲ့တဲ့အတွက် အလွန်ငယ်တဲ့ ကလပ်အသင်းပါ။ ပထမဆုံးဆုဖလားကို ရယူတာက လူတိုင်းအတွက် လှပပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲ အရှေ့ပိုင်းဇုန်ရဲ့ အမှတ်ပေးဇယား အောက်ဆုံးနေရာမှာ ရပ်တည် နေပြီး မက်ဆီ မရောက်လာခင်အချိန်ထိ နိုင်ပွဲတွေနဲ့ ဝေးနေခဲ့တာ ဖြစ်ပါတယ်။
မက်ဆီကို တွေ့ရစဉ်
ဒါပေမယ့် အာဂျင်တီးနား အသင်းခေါင်းဆောင် ရောက်လာပြီးအချိန်မှာ မေဂျာလိဂ်ကလပ်ဟာ လိဂ်ဖလားပြိုင် ပွဲမှာ ၆ ပွဲဆက်တိုက် အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။
မက်ဆီကလည်း ဒီပွဲတွေမှာ အင်တာမိုင်ယာမီ အသင်းအတွက် ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့အတွက် ကွန်ကာကပ်ဖ် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့သလို ချန်ပီယံဖြစ်ခဲ့ရင် လာမယ့်နှစ် လိဂ်ဖလားပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမှာပါ။
မက်ဆီက “ကျနော်ဟာ အောင်မြင်မှုတွေ ရယူလိုတဲ့ ဆန္ဒနဲ့ဒီကို ရောက်ရှိလာခဲ့တာပါ။ အခုယှဉ်ပြိုင်ရမယ့် ဗိုလ်လု ပွဲအတွက်လည်း အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ဟာ ဒီပွဲယှဉ်ပြိုင်နိုင်ဖို့နဲ့ ဆုဖလား ဆွတ်ခူးနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ”လို့ ပြောခဲ့ပါတယ်။
အင်တာမိုင်ယာမီနဲ့ နက်ရှ်ဗေးလ်တို့ရဲ့ လိဂ်ဖလားဗိုလ်လုပွဲကို သြဂုတ် ၁၉ ရက် နက်ရှ်ဗေးလ်အိမ်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: CNA
- By cni
- Category: အားကစား
- Hits: 402
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၇
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဒေကိုဟာ အသင်းထံ ပြန်လာပြီး အားကစားဒါရိုက်တာ အသစ်အဖြစ် ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပေါ်တူဂီလက်ရွေးစင် ကစားသမားဟောင်းကို အားကစားဒါရိုက်တာ အသစ်အဖြစ် ၃ နှစ် စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့တာပါ။
အသက် ၄၅ နှစ်အရွယ်ရှိ ဒေကိုဟာ ၂၀၀၄ ခုနှစ်က ပေါ်တိုအသင်းကနေ ဘာစီလိုနာအသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၄ ရာသီကြာ ကစားခဲ့ကာ လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ လက်ရှိ အားကစားဒါရိုက်တာ အလီမန်နီဟာ အပြောင်းအရွှေ့ ဈေးကွက်ပိတ်မယ့် စက်တင်ဘာ ၁ ရက်မှာ အသင်းကနေ ထွက်ခွာမှာပါ။
အားကစားဒါရိုက်တာအသစ် ဒေကိုဟာ နည်းပြ ဇာဗီ၊ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ နီးကပ်စွာ အလုပ်လုပ်မယ်လို့ ဘာစီလိုနာအသင်းက ပြောထားပါတယ်။
ဘာစီလိုနာမှာ ဒေကို ကစားခဲ့စဉ်
စပိန်ကလပ်ဟာ သူတို့ရဲ့ အနောက်ကွယ်မှာရှိတဲ့ အရာတွေကို ပြန်လည်ဖွဲ့စည်းဖို့ စီစဉ်နေပြီး အသေးစိတ် အချက် အလက်တွေကို လာမယ့် ရက်သတ္တပတ်အတွင်းမှာ ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
အားကစားဒါရိုက်တာဟောင်း ဂျော်ဒီခရိုက်ဖ်ကလည်း ပြီးခဲ့တဲ့မေလက အသင်းကနေ ထွက်ခွာသွားခဲ့တာပါ။
ဒေကိုဟာ ဘာစီလိုနာအသင်းမှာ ကစားပြီးနောက် ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကာ ၂ ရာသီကြာ ကစားခဲ့ ပါတယ်။
ပေါ်တူဂီကစားသမားဟာ ကစားသမားဘဝကို ဘရာဇီးလ်ကလပ် ဖလူမီနက်စ်အသင်းမှာ အဆုံးသတ်ခဲ့ပြီး အခုအချိန်မှာတော့ အားကစားဒါရိုက်တာအဖြစ်နဲ့ ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက လာလီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ရာသီသစ်ရဲ့ အဖွင့်ပွဲစဉ်မှာ ဂီတာဖေး အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာဖြစ်ပြီး ဒုတိယမြောက်ပွဲစဉ်အဖြစ် ကာဒဇ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 339
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၇
အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် နိုင်ငံအတွင်းမှာ ဘဏ်အားလပ်ရက်ထပ်ပြီးပေးဖို့ အစီအစဉ်မရှိဘူးလို့ ဗြိတိန်အစိုးရက အတည်ပြုခဲ့ပါတယ်။
ဘီဘီစီကထုတ်ပြန်တဲ့ကြေညာချက်မှာ အစိုးရက”အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်နိုင်ခဲ့တဲ့ အင်္ဂလန် အသင်းကို ဂုဏ်ပြုပါတယ်။ လက်ရှိမှာ ဘဏ်ပိတ်ရက်ပုံစံဟာ ကောင်းမွန်စွာတည်ရှိနေပြီး ဒါကို ပြောင်းလဲသွားဖို့ အစီအစဉ်မရှိပါဘူး။ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်တာက နိုင်ငံအတွက် ကြီးမားတဲ့ အခိုက် အတန့်ဖြစ်ပြီး အမှား အယွင်းမရှိတဲ့ အောင်ပွဲခံတဲ့နည်းလမ်းမှန်တွေကို ရှာဖွေသွားမှာပါ” လို့ ဖော်ပြထားတာပါ။
အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပူးတွဲအိမ်ရှင် သြစတြေးလျအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး အမျိုး သမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ဗိုလ်လုပွဲမှာ အင်္ဂလန် အသင်းအနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် အောင်ပွဲခံဂုဏ်ပြုနိုင်အောင် ဘဏ်အားလပ်ရက် ထပ်မံပေးဖို့ မျှော်လင့်ခဲ့ကြပေမယ့် အစိုးရက ပေးဖို့အစီအစဉ်မရှိဘူးလို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးယူရိုပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ထပ်မံရယူနိုင်ခဲ့ရင် အဓိကဖလားတွေကို ဆက်တိုက်ရယူနိုင်မှာ ဖြစ်ပါတယ်။ အခြားဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲမှာ စပိန်အသင်းက ဆွီဒင်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာပါ။
အဲဒါကြောင့် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်နိုင်ခဲ့တဲ့ အင်္ဂလန်နဲ့ စပိန်အသင်းတို့ဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ်ရယူနိုင်ဖို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို သြဂုတ် ၂၀ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး တတိယနေရာလုပွဲကိုတော့ သြဂုတ် ၁၉ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Source:Goal
- By cni
- Category: အားကစား
- Hits: 519
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၇
အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ နေမာက ဆော်ဒီပရိုလိဂ်ရဲ့ ပြောင်းလဲမှုတွေအတွက် ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်ဒိုကို အသိအမှတ်ပြုကြောင်း အင်တာဗျူးမှာ ပြောလိုက်ပါတယ်။
နေမာက “ရော်နယ်ဒိုက ဒီအရာတွေအားလုံးကို စတင်ခဲ့တာလို့ ကျနော်ယုံကြည်ပါတယ်။ သူပြောင်းရွှေ့ခဲ့တုန်းက လူတိုင်းက သူ့ကို အရူးလို့ခေါ်ခဲ့ကြတာပါ။ အခုတော့ လူတိုင်းက ဒီကိုရောက်နေကြပြီး လိဂ်ကလည်း ပိုပိုပြီး ကြီး ထွားလာတာကို မြင်တွေ့ခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။
နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ၆ နှစ်ကြာ ကစားခဲ့တာကို အဆုံးသတ်ပြီး အယ်လ်ဟီလယ်အသင်းထံ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဘောလွန်းဒီအော ၅ ကြိမ်ရ ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် ဒီဇင်ဘာလက အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဆော်ဒီပရိုလိဂ်ဟာ ဥရောပကလပ်တွေရှိ ကစားသမားတွေနဲ့ နည်းပြတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ယူရိုသန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီလိဂ်ကိုတွေ့ရစဉ်
ဆော်ဒီလိဂ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ဘောလွန်းဒီအောဆုရှင် ဘန်ဇီမာ၊ ကန်တီ၊ မာရက်ဇ်၊ ဖာမီနို၊ ဟန်ဒါဆန်၊ ဖာဘင်ဟိုတို့ အပါအဝင် နာမည်ကြီး အများအပြားကို ခေါ်ယူထားတာပါ။
နေမာကတော့ အခြားအသင်းတွေမှာရှိတဲ့ နာမည်ကြီး ကစားသမားတွေနဲ့ တွေ့ဆုံရမှာက စိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ ပြောခဲ့ပါတယ်။
နေမာက “ရော်နယ်ဒို၊ ဘန်ဇီမာ၊ ဖာမီနိုတို့နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ စိတ်လှုပ်ရှားမှုတွေက ပိုပြီးတော့ တောင်ပေးနိုင် မှာပါ။ ကလပ်၊ အသင်းဖော်သစ်တွေနဲ့အတူ ရည်မှန်းချက်အားလုံးကို အကောင်အထည်ဖော်ဖို့အတွက် ဇာတ်လမ်း အသစ် ရေးရမှာကို အလွန်စိတ်လှုပ်ရှားနေပါတယ်။ ဆုဖလားတွေ အများကြီးရယူပြီး ကလပ်ရဲ့ရည်မှန်းချက်တွေ ကို ဖြည့်ဆည်းပေးသွားမှာပါ” လို့ ပြောခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၂ အဖြစ် အယ်လ်ဖိုင်ဟာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 336
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၇
မန်စီးတီးအသင်းဟာ ဥရောပစူပါဖလားပွဲစဉ်အဖြစ် ဆီဗီလာအသင်းနဲ့ ကစားခဲ့တာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ပထမဆုံးအကြိမ်ရရှိသွားခဲ့ပါတယ်။
ဒီပွဲရဲ့ပွဲချိန်အတွင်း ၁ ဂိုးစီသရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာ မန်စီးတီးအသင်းက ၅ ဂိုး- ၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ မန်စီးတီးအသင်းဘက်က ပင်နယ်တီကန်သွင်းသူ ၅ ဦးစလုံးဂိုးဝင်ခဲ့ပြီး ဆီဗီလာအသင်းက ဂူဒယ်လ်ဂျီက ဂိုးမဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် မန်စီးတီးအသင်းဟာ သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဥရောပစူပါဖလားကို ရရှိသွားခဲ့တာပါ။
မန်စီးတီးအသင်းအတွက်တော့ အခုနှစ်ထဲမှာ ဆုဖလား ၄ လုံးကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုသာ ထပ်ပြီးရယူနိုင်ခဲ့မယ်ဆိုရင် တစ်နှစ်အတွင်း ဆုဖလား ၅ လုံးရရှိမှာဖြစ်ပါတယ်။ နည်းပြ ဂွာဒီယိုလာအတွက်လည်း မတူညီတဲ့ ကလပ်အသင်း ၃ သင်းနဲ့ ဥရောပစူပါဖလားရယူနိုင်တဲ့ ပထမဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဂွာဒီယိုလာဟာ ဥရောပစူပါဖလားကို ဘာစီလိုနာအသင်းနဲ့ ၂ ကြိမ်၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၁ ကြိမ်ရယူထား နိုင်ခဲ့တာပါ။ စပိန်လူမျိုးနည်းပြကတော့ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံမရသေးဘူးလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ရဲ့ အကောင်းဆုံးအခိုက်အတန့်တွေမဟုတ်သေးဘူးလို့ ပြောချင်ပါတယ်။ ဒီရာသီမှာ ဆုဖလားတစ်လုံးရယူနိုင်ခဲ့လို့ ကျနော်ကျေနပ်ပါတယ်။ ဒီဆုဖလားကို ကျနော်တို့ မရဖူးသေးပေမယ့် အခုတော့ ကျနော်တို့ ရရှိသွားပါပြီ။ ကျနော်တို့ဟာ ကလပ်အသင်းအတွက် ရယူနိုင်တဲ့ ဆုဖလားအားလုံးကို ရယူချင်ပြီး ဒီဇင်ဘာမှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဆုဖလားရယူဖို့ သွားမှာပါ”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသပြီး အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ လူငယ်ကြယ်ပွင့် ပယ်လ်မာ ကို အသင်းမှာဆက်ထိန်းသိမ်းဖို့ ကြိုးစားသွားမှာဖြစ်ပြီး ထွက်ချင်တယ်ဆိုရင် အငှားချမှာမဟုတ်ဘဲ ရောင်းချသွား မယ်လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 322
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၆
မြန်မာအသင်းနည်းပြချုပ် မိုက်ကယ်က အာဆီယံယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး လူငယ်ကစားသမားသစ်တွေအတွက် အတွေ့အကြုံကောင်းတွေရမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။
မိုက်ကယ်က “ကျနော်တို့ မြန်မာယူ-၂၃ အသင်းအနေနဲ့ အခုချိန်ထိ ကစားသမားအားလုံး ဒဏ်ရာကင်းစင်ပြီး လေ့ကျင့်မှုကောင်းကောင်း ရှိနေပါတယ်။ ဒီပြိုင်ပွဲကနေ လာမယ့် စက်တင်ဘာလ အာရှခြေစစ်ပွဲတွေနဲ့ အာရှ အားကစားပွဲတော်တို့အတွက် သာမက နောက်နှစ်ဆီးဂိမ်းစ်အတွက်ပါ ကစားသမားသစ်တွေ မြင်တွေ့ရမှာဖြစ်ပြီး သူတို့အတွက်လည်း နိုင်ငံတကာအတွေ့အကြုံတွေ ရရှိမှာပါ။ ကျနော်တို့အသင်းရဲ့ လူငယ်ကစားသမားသစ်လေး တွေအတွက် ဒီပြိုင်ပွဲကနေ အတွေ့အကြုံကောင်းတွေ ရယူသွားပါမယ်"လို့ မီဒီယာတွေရဲ့မေးမြန်းမှုကို ဖြေခဲ့တာ ပါ။
မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့အုပ်စု A မှာ အိမ်ရှင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက် နေပါတယ်။ အုပ်စု B မှာ တီမော၊ မလေးရှားနဲ့ အင်ဒိုနီးရှား၊ အုပ်စု C မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ လာအိုတို့ ကျရောက်နေတာပါ။ အုပ်စုခွဲဝေမှုအရ ထိပ်ဆုံးအသင်း ၃ သင်းနဲ့ အကောင်းဆုံးအုပ်စု ဒုတိယ ၁ သင်းတို့က ဆီမီးဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မြန်မာအသင်းနည်းပြ မိုက်ကယ်က “ကျနော်တို့ အုပ်စုမှာ ပြီးခဲတဲ့ ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်မှာ တွေ့ခဲ့တဲ့ ထိုင်း အသင်းနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာ ဖြစ်သလို တောင့်တင်းတဲ့ ကမ္ဘောဒီးယားနဲ့လည်း ဆုံတွေ့ဖို့ရှိပါတယ်။ သူတို့နဲ့ ဆီးဂိမ်းစ် ကစားခဲ့ဖူးတော့ သူတို့အသင်းကောင်း တစ်သင်းဆိုတာ သိထားပြီးသားပါ။ ဘရူနိုင်းအသင်းနဲ့ကတော့ ကျနော်တို့အတွက် ပထမဆုံး တွေ့ဆုံရတာဖြစ်လို့ တကယ်ကို စိတ်ဝင်စားစရာပါပဲ" လို့ အုပ်စုတွင်းအသင်းတွေနဲ့ ပတ်သက်ပြီးပြောခဲ့ပါတယ်။
မြန်မာ ယူ-၂၃ အသင်းဟာ ဒီပြိုင်ပွဲမတိုင်ခင် ကူဝိတ် ယူ-၂၃ အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ မြန်မာယူ-၂၃ အသင်းဟာ အုပ်စုတွင်းအဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ထိုင်းအသင်းနဲ့ သြဂုတ် ၁၇ ရက် Rayong Stadium မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 384
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၆
ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကီပါက စာချုပ်ကုန်ဆုံးချိန်မှာ ရီးရယ်လ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ကီပါက “ အငှားစာချုပ်ပြီးဆုံးချိန်မှာ ကျနော့်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ရီးရယ်လ်က ဆက်ပြီးထားဖို့ ဆုံးဖြတ်မယ် ဆိုတာ မျှော်လင့်ပါတယ်။ ရီးရယ်လ်မှာရှိရတာကို အလွန်ဂုဏ်ယူပါတယ်။ ဒီဂျာစီကို ဝတ်ဆင်ပြီး လေ့ကျင့်ရေးနဲ့ ပွဲတွေမှာ အကောင်းဆုံး ကြိုးစားအားထုတ်သွားမှာပါ။ ရီးရယ်လ်ရဲ့ ဆုဖလားအခန်းထဲကို ဆုတွေထပ်ပြီး ဖြည့်နိုင် ဖို့လည်း မျှော်လင့်ပါတယ်”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ကော့တွိုက်စ်ဟာ လေ့ကျင့်ရေးကွင်းမှာ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့ပြီး ရာသီ အကုန်ထိ အနားယူရဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ကီပါကို တွေ့ရစဉ်
အဲ့ဒါကြောင့်လည်း စပိန်ကလပ်ဟာ ချယ်လ်ဆီးအသင်း ဂိုးသမား ကီပါကို ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူခဲ့တာ ပါ။ ကီပါကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကတော့ ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ကီပါဟာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လက ဘီလ်ဘာအိုအသင်းကနေ ချယ်လ်ဆီးအသင်းထံ ပေါင် ၇၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၁၆၃ ပွဲ ပါဝင်ကစားထားတာပါ။
ရီးရယ်လ်အသင်းဟာ စပိန်လာလီဂါ အဖွင့်ပွဲစဉ်မှာ ဘီလ်ဘာအိုအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒီပွဲကိုတော့ ယူကရိန်းဂိုးသမား လူနင်က ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် အယ်လ်မာရီးယားနဲ့ ကစားမယ့် ဒုတိယမြောက်ပွဲစဉ်မှာတော့ ကီပါကို နည်းပြ အန်ဆယ်လော့တီက အသုံးပြုဖွယ်ရှိနေတာပါ။
ချယ်လ်ဆီးအသင်းဟာ ကီပါ ထွက်ခွာသွားတာကြောင့် ဘရိုက်တန်အသင်းကနေ ခေါ်ယူထားတဲ့ ရောဘတ်ဆန်း ချက်ဇ် နေရာမှာ ပြိုင်ဆိုင်မှုရှိဖို့အတွက် ဈေးကွက်ထဲမှာ ဂိုးသမားတစ်ဦး ရှာဖွေနေပြီး နိုက်စ်အသင်းဂိုးသမား ကတ်စပါရှမိုက်ကယ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 338
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၆
အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလားဆီမီးဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ ဖီလာဒဲလ်ဖီးယား အသင်းနဲ့ပွဲမှာ ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး လိဂ်ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ဂိုးတွေကို မာတီးနက်ဇ်၊ မက်ဆီ၊ အယ်လ်ဘာနဲ့ ရူးဝဇ်တို့က သွင်းယူခဲ့ပြီး ဖီလာဒဲလ်ဖီးယားအသင်းအတွက် ဂိုးကိုတော့ ဘီဒိုယာက သွင်းယူခဲ့တာပါ။
မက်ဆီဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် အင်တာမိုင်ယာမီ အသင်းအတွက် ၆ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းကလည်း ၆ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းအတွက် ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းကိုတွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့သလို ဒီဗိုလ်လုပွဲဟာ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးဗိုလ်လုပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် အင်တာမိုင်ယာမီအသင်းဟာ ဖီလာဒဲလ်ဖီးယားအသင်းကို အနိုင်ရခဲ့တဲ့အတွက် လာမယ့်နှစ်မှာ ကျင်းပ မယ့် ကွန်ကာကပ်ဖ် ချန်ပီယံလိဂ် ပြိုင်ပွဲကိုလည်း ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါ တယ်။
ဖီလာဒဲလ်ဖီးယား အသင်းနည်းပြ ဂျင်မ်ကာတိန်းက အင်တာမိုင်ယာမီအသင်းဟာ ဒီထက်ပိုပြီး ကောင်းလာဖို့ပဲ ရှိတော့တယ်လို့ မှတ်ချက်ပြုခဲ့တာပါ။
ဂျင်မ်ကာတိန်းက “သူတို့က ပိုပြီးကောင်းလာမှာပါ။ အသင်းပိုင်ရှင်တွေရဲ့ သုံးစွဲမှုတွေကလည်း ရူးသွပ်စရာပါပဲ။ သူတို့ဟာ လိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး အသင်းဖြစ်အောင် လုပ်မှာဖြစ်ပြီး သူတို့ကို ဘယ်လိုအရာကမှ ရပ်တန့်လို့ရ မှာ မဟုတ်ဘူးလို့ ထင်ကြောင်း”ပြောခဲ့ပါတယ်။
လိဂ်ဖလားဆီမီးဖိုင်နယ် နောက်ထပ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မွန်တာရေးနဲ့ နက်ရှ်ဗေးလ်တို့ပွဲမှာ နက်ရှ်ဗေးလ်အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
အဲ့ဒါကြောင့် လိဂ်ဖလားဗိုလ်လုပွဲအဖြစ် အင်တာမိုင်ယာမီနဲ့ နက်ရှ်ဗေးလ်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို တော့ သြဂုတ် ၁၉ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Source: CNA/AP
- By CNI
- Category: အားကစား
- Hits: 329
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၆
ပီအက်စ်ဂျီအသင်းကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာက အားကစားသမိုင်းသစ်ကို ရေးချင်တယ်လို့ ပြောလိုက်ပါတယ်။
နေမာက “ကျနော်အားကစားသမိုင်းသစ်ကို ရေးချင်ပါတယ်။ အခု ဆော်ဒီပရိုလိဂ်မှာ ကြီးမားတဲ့စွမ်းအင်တွေနဲ့ အရည်အသွေးတွေရှိတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ဘရာဇီးလ် ကစားသမား အများအပြားဟာ ဆော်ဒီမှာ နှစ်တွေအကြာကြီး ကစားခဲ့တာကို သိခဲ့ရတဲ့အတွက်ကြောင့် ဒါက အလိုရှိတဲ့ နေရာဆိုတာ ကျနော် ယုံကြည်ပါတယ်။ အယ်လ်ဟီလယ်ဟာ ကြီးမားတဲ့အသင်းဖြစ်ပြီး အာရှမှာလည်း အကောင်းဆုံး စာရင်းဝင်ပါ တယ်။ ကျနော်ဟာ နိုင်ပွဲတွေရယူပြီး သွင်းဂိုးတွေ သွင်းရတာကို နှစ်သက်တဲ့အတွက် ဒါကို ဆော်ဒီနဲ့ အယ်လ်ဟီလယ်မှာလည်း ဆက်ပြီးလုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်”လို့ ပြောခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ နေမာအတွက် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၉၀ ပေးချေခဲ့ရပြီး ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့တာပါ။
နေမာဟာ အခုရာသီ ပီအက်စ်ဂျီအသင်းရဲ့ အစီအစဉ်မှာ မပါဝင်တော့တာကြောင့် ထွက်ခွာဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းအတွက် ၁၇၃ ပွဲ ပါဝင်ကစားခဲ့ပြီး လီဂူးဝမ်းဖလား ၅ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၃ လုံးရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
နေမာဟာ ပီအက်စ်ဂျီအသင်းမှာ တစ်နှစ်လုပ်ခလစာ ယူရို ၂၅ သန်း ရရှိခဲ့ပေမယ့် ဆော်ဒီကလပ်မှာတော့ တစ်နှစ် ကို ယူရိုသန်း ၁၅၀ အထိ ရရှိမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါဟာ နေမာအတွက်တော့ ပီအက်စ်ဂျီ အသင်းမှာရရှိတဲ့ လုပ်ခလစာ ပမာဏရဲ့ ၆ ဆ ဖြစ်တယ်လို့ သိရပါတယ်။
အယ်လ်ဟီလယ်အသင်းကို ပြောင်းရွှေ့သွားတဲ့ နေမာကိုတွေ့ရစဉ်
အယ်လ်ဟီလယ်အသင်းဥက္ကဋ္ဌ ဖာဟတ်ဘင်ဆတ်က နေမာကို ကြိုဆိုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အိုင်ကွန်လို့ ပြောခဲ့ တာပါ။
ဆော်ဒီပရိုလိဂ်ဟာ ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုကို ဇန်နဝါရီလမှာ ခေါ်ယူပြီးနောက်ပိုင်း အခု အပြောင်းအရွှေ့ ကာလမှာ နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။
နေမာဟာ ဆော်ဒီလိဂ်ကို နောက်ဆုံးရရှိလာခဲ့တဲ့ နာမည်ကျော် ကစားသမားဖြစ်ပြီး သူမတိုင်ခင်က ဘန်ဇီမာ၊ ကန်တီ၊ မာနေး၊ ဟန်ဒါဆန်၊ ဖာမီနိုနဲ့ မာရက်ဇ်တို့ကို ခေါ်ယူနိုင်ခဲ့တာပါ။
နေမာဟာ အယ်လ်ဟီလယ်အသင်းမှာ ရူဘင်နာဗတ်စ်၊ ကူလီဘာလီ၊ ဆာဗစ်တို့နဲ့ တွဲဖက်ကစားရမှာဖြစ်ပြီး အခု အပတ်ကစားမယ့် ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: BBC