- By CNI
- Category: အားကစား
- Hits: 524
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂
ရလဒ်ဆိုးတွေကြောင့် ဖိအားတွေအောက်ကျရောက်နေတဲ့ ဝိန်းရွန်နီက ဘာမင်ဂမ်အသင်းနည်းပြအဖြစ် သူ့ရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောလိုက်ပါတယ်။
ဝိန်းရွန်နီက “ကျနော်က ဖိုက်တာတစ်ဦးပါ။ ဘောလုံးနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေကို ကျနော် နားလည်ပါတယ်။ ကျနော်ပိုင်ရှင်တွေနဲ့ စကားပြောပြီးပါပြီ။ ကျနော်တို့ ခက်ခဲတဲ့ကာလကို ဖြတ်သန်း နေရတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒီရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ ကျနော်တို့ အကောင်းဆုံး လုပ်ဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရမှာဖြစ်သလို ဒါကို ကျော်ဖြတ်နိုင်မယ်လို့လည်း ကျနော်တို့ ယုံကြည် ထားရမယ်” လို့ ပြောခဲ့တာပါ။
ဘာမင်ဂမ်အသင်းဟာ လိဒ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အသင်းဟာ အဆင့် ၂၀ နေရာအထိရောက်ရှိသွားကာ တန်းဆင်းဇုန်နဲ့ နီးကပ်လာခဲ့တာပါ။ ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ထားတဲ့ ၁၅ ပွဲမှာ ၂ ပွဲသာအနိုင်ရအောင် ကိုင်တွယ်ထားနိုင်ခဲ့ပြီး ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ထားရတာဖြစ်ပါတယ်။ ဘာမင်ဂမ်အသင်းဟာ ဝိန်းရွန်နီ မကိုင်တွယ်ခင်က တန်းတက်ပလေးအောဖ့် ဝင်ခွင့်နေရာအတွက် တိုက်ပွဲဝင်နေပေမယ့် လက်ရှိအချိန်မှာတော့ တန်းဆင်းဇုန်ထဲ မရောက်ဖို့ တိုက်ပွဲဝင် နေရတာပါ။
ဘာမင်ဂမ်အသင်းပရိသတ်တွေဟာ ရလဒ်ဆိုးတွေကြောင့် လိဒ်စ်အသင်းနဲ့ ပွဲစဉ်မှာ ဝိန်းရွန်နီကို အသင်းနည်းပြ ရာထူးကနေ ထွက်ခွာဖို့ တောင်းဆိုမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဂန္ထဝင်ကစားသမား ကတော့ ဘာမင်ဂမ်အသင်းနည်းပြရာထူးအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ရလဒ်ကောင်းတွေရယူနိုင်ဖို့အတွက် အခုအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူပေးဖို့ လိုတယ်လို့ ပြောထားတာပါ။
ဘာမင်ဂမ်အသင်းဟာ ဒီတစ်ပတ်မှာ FA ဖလားပွဲစဉ်အဖြစ် ဟူးလ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ချန်ပီယံရှစ်ပွဲစဉ်အဖြစ် ဆွမ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Theathletic
- By CNI
- Category: အားကစား
- Hits: 461
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂
လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလက်ဟာ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ဖိနပ်လဲစီးခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ဆာလက်က “ပင်နယ်တီလွဲချော်ခဲ့တဲ့ ဖိနပ်က မနေ့က ကျနော်လေ့ကျင့်ရေးကွင်းမှာအသုံးပြုခဲ့တာပါ။ ကျနော့်မှာ ဖိနပ်တွေအများကြီးရှိတဲ့အတွက် ဒါက အယူသီးတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပင်နယ်တီလွဲခဲ့တဲ့အရာက ခေါင်းထဲကို ရောက်လာမယ်ဆိုတဲ့ ခံစားချက်ကြောင့် ဖိနပ်ကို လဲစီးလိုက်တာပါ။ ဒုတိယပိုင်းမှာတော့ စိတ်ကို တည်တည်ငြိမ်ထားပြီး ပွဲကိုအာရုံစိုက်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကျနော်ဟာ ကွဲပြားခြားနားမှုကို လုပ်နိုင် ခဲ့ပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ နယူးကာဆယ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆာလက်ဟာ ပထမပိုင်းမှာ ပင်နယ်တီလွဲခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဂတ်ပိုနဲ့ ကာတစ်ဂျုံးစ်တို့က ၁ ဂိုးစီ သွင်းယူ ခဲ့တာပါ။ နယူးကာဆယ်အသင်းအတွက် ချေပဂိုးတွေကိုတော့ အိုင်ဆက်ခ်နဲ့ ဘောဒ့်မန်းတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ ဆာလက်ဟာ ဒီပွဲကသွင်းဂိုးတွေကြောင့် ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးအထိရှိလာခဲ့ပြီး မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းနဲ့ သွင်းဂိုးအရေအတွက်ချင်း တူညီခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အန်ဖီးလ်မှာ ပြိုင်ပွဲစုံ ၂၂ ပွဲ ဆက် ရှုံးပွဲ မရှိသလို နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း ၅၂ ပွဲမှာ ၁ ပွဲသာရှုံးနိမ့်ထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၀ ကစားအပြီးမှာ ရမှတ် ၄၅ မှတ်နဲ့ ဒုတိယနေရာက အက်စတွန်ဗီလာအသင်းကို ၃ မှတ်အသာရရှိကာ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေတာပါ။
လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်မှာတော့ FA ဖလားပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မကြာသေးခင်က ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တုန်းက ၁ ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 349
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁
အိုင်ယာလန်ဖိုက်တာ မက်ဂရီဂေါဟာ ဇွန်လ ၂၉ ရက်မှာ ချန်ဒလာနဲ့ ထိုးသတ်ပြီး UFC ပြိုင်ပွဲကို ပြန်လာမယ်လို့ ကြေညာလိုက်ပါတယ်။
မက်ဂရီဂေါက “ကျနော် UFC ပြိုင်ပွဲကို ပြန်လာမယ့်ရက်ကို ကြေညာချင်ပါတယ်။ ပြိုင်ပွဲကို ဇွန်လ ၂၉ ရက် လက်စ်ဗီးဂတ်စ်မှာ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ဘက်ကတော့ မိုက်ကယ်ချန်ဒလာပါ”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ဗွီဒီယိုဖိုင်တင်ခဲ့တာပါ။
UFC ဖယ်သာဝိတ်နဲ့ လိုက်ဝိတ်ချန်ပီယံဟောင်း မက်ဂရီဂေါဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ဒက်စတင်ပိုရီရာကို အရေးနိမ့်တဲ့ပွဲမှာ ခြေထောက်ကျိုးပြီးကတည်းက ပြိုင်ပွဲတွေနဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။
မက်ဂရီဂေါနဲ့ချန်ဒလာကို တွေ့ရစဉ်
အသက် ၃၅ နှစ်အရွယ်ရှိ မက်ဂရီဂေါဟာ ဒီပွဲဟာ သူရော၊ ချန်ဒလာရော ထိုးသတ်ခဲ့ဖူးခြင်းမရှိတဲ့ မစ်ဒယ်ဝိတ် တန်းမှာ ထိုးသတ်မှာလို့ ပြောပါတယ်။
UFC အဖွဲ့အစည်းကတော့ မက်ဂရီဂေါရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။
မက်ဂရီဂေါနဲ့ ချန်ဒလာတို့ဟာ UFC ရဲ့ TV Series ဖြစ်တဲ့ The Ultimate Fighter မှာ နည်းပြတွေအဖြစ် ပါဝင် ထားကြပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ချန်ဒလာဟာ UFC မှာ နောက်ဆုံးပွဲအဖြစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က ဒက်စတင် ပိုရီရာနဲ့ ထိုးသတ်ထားပြီး အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။
ချန်ဒလာဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ MMA ပွဲပေါင်း ၃၁ ပွဲအထိ ထိုးသတ်ထားပြီး ၂၃ ပွဲအနိုင်ရ ကာ ၈ ပွဲရှုံးနိမ့်ထားတာပါ။
မက်ဂရီဂေါကတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ MMA ပွဲပေါင်း ၂၈ ပွဲ ထိုးသတ်ထားတာမှာ ၂၂ ပွဲ အနိုင်ရပြီး ၆ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 526
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ အသင်းခေါင်းဆောင် မက်ဆီ နိုင်ငံအသင်းကနေ အနားယူသွားခဲ့ရင် သူ့ရဲ့ ဂန္ထဝင် နံပါတ် ၁၀ ဂျာစီကို တစ်သက်တာ အနားပေးသွားမယ်လို့ ဥက္ကဋ္ဌဖြစ်သူ တာပီယာက ပြောလိုက်ပါတယ်။
တာပီယာက “မက်ဆီ နိုင်ငံအသင်းက အနားယူတဲ့အချိန်မှာ နံပါတ် ၁၀ ကို တခြားလူတွေကို ဝတ်ခွင့်ပေးမှာ မဟုတ်တော့ပါဘူး။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နံပါတ် ၁၀ ကို အနားပေးသွားမှာပါ။ ဒါဟာ သူ့အတွက် ကျနော်တို့ လုပ်ပေးနိုင်တဲ့ အနည်းဆုံးအရာပါ”လို့ ပြောခဲ့တာပါ။
သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ၃၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနား အသင်းအတွက် ပွဲပေါင်း ၁၈၀ ပါဝင်ကစားပြီး ၁၀၆ ဂိုး သွင်းယူထားကာ နိုင်ငံအသင်းနဲ့ ရယူနိုင်တဲ့ ဆုဖလားအားလုံးကို ရယူထားတာပါ။ အဲ့ဒါကြောင့် မက်ဆီဟာ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာနဲ့ အဆင့်အတန်းတူညီတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။
မာရာဒိုနာနဲ့ မက်ဆီကို တွေ့ရစဉ်
မက်ဆီဟာ လက်ရှိအချိန်မှာ အသက် ၃၆ နှစ် အရွယ်ရှိပြီဖြစ်ပြီး နိုင်ငံအသင်းက အနားယူဖို့ နီးစပ်လာတာကြောင့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နံပါတ် ၁၀ ဂျာစီကို အနားပေးဖို့ စီစဉ်နေတာပါ။
အသက် ၁၈ နှစ်အရွယ် ၂၀၀၅ ခုနှစ်မှာ အာဂျင်တီးနား လက်ရွေးစင်အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဆီဟာ နိုင်ငံအသင်းနဲ့ ၂၀၂၁ ကိုပါအမေရိကဖလား၊ ၂၀၂၂ Finalissima ၊ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနား အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာပေမယ့် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး ချန်ပီယံဆု ကာကွယ်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲရဲ့ အုပ်စု A မှာ ပီရူး၊ ချီလီ၊ ကွန်ကာကပ်ဖ်ဇုန် ပလေးအော့ဖ်အဆင့်က အနိုင်ရတဲ့အသင်းတို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 517
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁
ယူနိုက်တက်အသင်းဟာ နောက်ခံလူ ဗာရန်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ကစားသမားဟာ နွေရာသီမှာ ထွက်ခွာနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လို့ရပြီ ဖြစ်ပါတယ်။
ဒေးလီးမေးလ်က ယူနိုက်တက်အသင်းဟာ ဗာရန်းကို နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့အတွက် ရွေးချယ်ခွင့်ကို မပြုလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
အဲ့ဒါကြောင့် ဗာရန်းဟာ အခုအပြောင်းအရွှေ့မှာ အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေနဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့တွေကို ဆွေးနွေးမှု ပြုလုပ်လို့ရပြီ ဖြစ်ပါတယ်။
ဗာရန်းဟာ ဒီရာသီမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ယူနိုက်တက်အသင်းရဲ့ ပွဲထွက်ခွင့် တစ်နေရာ ဆုံးရှုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့သေးတာပါ။
အဲရစ်တန်ဟတ်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး ဗာရန်းဟာ ယူနိုက်တက်အသင်းအတွက် အလွန်အရေး ပါတဲ့ ကစားသမားလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဗားရန်နဲ့ အီဗန်ကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်က ရီးရယ်လ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗာရန်းနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ် ဟာ အခုနွေရာသီမှာ ကုန်ဆုံးတော့မှာပါ။
ယူနိုက်တက်အသင်းဟာ ဗာရန်းကို အသင်းမှာဆက်ပြီး ရှိစေချင်ပေမယ့် ဒဏ်ရာကြောင့် မကြာခဏ အနားယူရ တာနဲ့ ပေးချေရတဲ့ တစ်ပတ်လုပ်ခပေါင် ၃၄၀,၀၀၀ ဟာ များပြားတယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဗာရန်းကို စာချုပ်သက်တမ်း တိုးမယ်ဆိုရင် ဒီလစာ ပမာဏအတိုင်းဆက်ပြီး ပေးရမှာ ဖြစ်တာကြောင့် စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒါပေမယ့် ဒီလစာ ပမာဏကိုလျှော့ပြီး ရယူမယ်ဆိုရင်တော့ ယူနိုက်တက်အသင်းဟာ ဗာရန်းကို အသင်းမှာ ဆက်ပြီးထားဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဗာရန်းဟာ ယူနိုက်တက်အသင်းရဲ့ ခံစစ် ကစားသမား အများအပြား ဒဏ်ရာရရှိမှုတွေကြောင့် ပြီးခဲ့တဲ့ပွဲတွေမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်ခဲ့တာပါ။
ဗာရန်းဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၇၈ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုး သွင်းယူထားကာ ပြီးခဲ့တဲ့ရာသီ က ကာရာဘောင်းဖလား ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 472
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် အလွန်စိတ်ပျက်နေပြီး ဒီပွဲဟာ အသင်းရဲ့ ဒီရာသီအဆိုးရွားဆုံးပွဲလို့ ပြောလိုက်ပါတယ်။
အာတီတာက “တကယ်ကို ခက်ခဲတဲ့နေ့ဖြစ်သလို ဝမ်းနည်းစရာ ကောင်းတဲ့နေ့လည်း ဖြစ်ပါတယ်။ ကျနော်တို့ဟာ အနိုင်ရဖို့ ရည်မှန်းထားတဲ့ ပွဲတစ်ပွဲကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲက အသင်းအတွက် ဒီရာသီ အဆိုးရွားဆုံးပွဲပါ။ ကျနော် တို့ဟာ ဒီပွဲမှာ လုံလောက်အောင် ကောင်းမွန်ခဲ့ခြင်း မရှိတဲ့အတွက် အနိုင်ရဖို့ မထိုက်တန်ပါဘူး။ ဒီဇင်ဘာ ၃၁ ရက် မှာ လိဂ်ရဲ့ ထိပ်ဆုံးနေရာ ဦးဆောင်နိုင်မယ့် အခွင့်အရေး ရပေမယ့် ဆိုးရွားတဲ့ ခံစားချက်နဲ့ အဆုံးသတ်သွားပါပြီ” လို့ BBC Sport ကို ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဖူလ်ဟမ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ်ဆုဖလား ရယူနိုင်ဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်အသင်း အတွက်တော့ ဒီရှုံးပွဲတွေဟာ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပြီး အခုဆိုရင် အမှတ်ပေးဇယားအဆင့် ၄ နေရာအထိ ရောက်ရှိသွားခဲ့တာပါ။
အာဆင်နယ်အသင်း နည်းပြ အာတီတာကို တွေ့ရစဉ်
အဲ့ဒါကြောင့် အာတီတာဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲက အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်တွေကို အလွန် စိတ်ပျက်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကတော့ ကစားဖို့ပွဲတွေ အများကြီးရှိသေးတဲ့အတွက် အပြု သဘောဆောင် နေဖို့လိုတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒီကလန်ရိုက်စ်က “ထိတ်လန့်စရာ မလိုပါဘူး။ ကစားရမယ့်ပွဲတွေလည်း အများကြီးရှိပါသေးတယ်။ အပြုသဘော ဆောင်ဖို့လိုပြီး အဆိုးမြင်ရမယ့် အချိန်မဟုတ်ပါဘူး။ ကျနော်တို့မှာ ကောင်းမွန်တဲ့နည်းပြ၊ ကောင်းမွန်တဲ့ ကစား သမားတွေရှိပြီး ကျနော်တို့ ဆက်သွားရမှာပါ”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဇန်နဝါရီ ၇ ရက်မှာ FA ဖလားပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 518
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁
အာဆင်နယ်အသင်းနည်းပြ အာတီတာက အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူချင်တယ်ဆိုရင် ဂိုး ဧရိယာနှစ်စလုံး တိုးတက်အောင် လုပ်ရမယ်လို့ ပြောလိုက်ပါတယ်။
အာတီတာက “ပရီးမီးယားလိဂ်ဖလား ရချင်ရင် ဂိုးဧရိယာတွေထဲမှာ တိုးတက်အောင် လုပ်ရပါမယ်၊ ဒီလိုမှ မလုပ် နိုင်ရင် ရမှာမဟုတ်ပါဘူး။ ဒါက ထိတ်လန့်စရာကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ပိုကြိုးစားရမယ်၊ ပိုကောင်းအောင်လုပ်ပြီး ပွဲတွေကို အနိုင်ယူရပါမယ်။
အသင်းအနေနဲ့ ဒီလိုမျိုးသာကစားနိုင်ရင် ပွဲတွေအများကြီး အနိုင်ယူနိုင်မှာပါ။ လိဂ်ရဲ့ အဆင့်အတန်းက မယုံနိုင်စရာဖြစ်နေပြီး ဘယ်အသင်းနဲ့ ရင်ဆိုင်ဆိုင် အခက်အခဲတွေနဲ့ ကြုံတွေ့ရမှာပါ”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ ဝက်စ်ဟမ်း ဂိုးဧရိယာထဲ ဘောလုံးထိချက် စံချိန်တင် ၇၇ ကြိမ်အထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုအကြိမ် ၃၀ အထိ ရှိခဲ့ပေမယ့် သွင်းဂိုး မရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၂ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
အာတီတာကတော့ အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေး ရယူချင်တယ်ဆိုရင် ပြိုင်ဘက် ဂိုးရှေ့နဲ့ ကိုယ့်အသင်းရဲ့ ခံစစ်မှာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ရမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၃ ပွဲဆက်တိုက် အရေးနိမ့်ထားတဲ့ ဖူလ်ဟမ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။
ဒီရာသီ အာဆင်နယ်အသင်းအိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်တုန်းက အာဆင်နယ်နဲ့ ဖူလ်ဟမ်အသင်းတို့ဟာ ၂ ဂိုးစီ သရကျခဲ့တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 475
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က သူဟာ အသင်းရဲ့ ပူးတွဲပိုင်ရှင်အသစ် INEOS နဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိမယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ အတူတူ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။ သူတို့ဟာ ကျနော်နဲ့ အလုပ် လုပ်ချင်သလို ကျနော်ကလည်း သူတို့နဲ့ အလုပ်လုပ်ချင်ပါတယ်။ ကျနော်တို့ စကားပြောဆိုမှုတွေ ပြုလုပ်မယ်၊ အစည်းအဝေးတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။ ကျနော်နဲ့ INEOS တို့ဟာ ဒါနဲ့ပတ်သက်ပြီး အလွန်အပြုသဘော ဆောင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းမှာ ပါဝင်လာမယ့် INEOS အကြီးအကဲ ဆာဂျင်ရက်ကလစ်ဖ် အပါအဝင် ဒီအဖွဲ့အစည်းရဲ့ အဓိကအရေးပါတဲ့ သူတွေနဲ့ စကားပြောဆိုမှု ပြုလုပ်ရခြင်း မရှိသေးပါဘူး။
INEOS ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြောင်း ကလပ်အသင်းက ခရစ္စမတ် အကြိုနေ့မှာ ကြေညာခဲ့တာပါ။
ယူနိုက်တက်အသင်းရဲ့ ဒါရိုက်တာအသစ် ဆာဒေ့ဗ်ဟာ ယူနိုက်တက်အသင်းက အက်စတွန်ဗီလာအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲကို ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အစုရှယ်ယာ ဝယ်ယူကြောင်း ကြေညာပြီးကတည်းက ဆာဂျင်ရက်ကလစ်ဖ်နဲ့ ဆာဒေ့ဗ်တို့ဟာ ရက်ကလစ်ဖ်နဲ့ တွေ့ဆုံရခြင်း မရှိခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီလထဲမှာ ပွဲစဉ် ၂ ပွဲပဲကစားဖို့ ရှိတာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ INEOS နဲ့ တွေ့ဆုံဖို့ အချိန်အများအပြားရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲကစားအပြီးမှာ ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေတာပါ။ ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ ၃၁ ရက်မနက်ပိုင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 484
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁
ရီးရယ်လ်အသင်းဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူနိုင်ဖို့ လာမယ့်နွေရာသီမှာ ထပ်မံကြိုးပမ်း သွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။
The Athletic က ဘတ်ပီအနေနဲ့ သူတို့နဲ့ လက်မှတ်ထိုးမှာလား၊ မထိုးဘူးလားဆိုတာ ဇန်နဝါရီလလယ်မှာ ဆုံးဖြတ်ဖို့ ရီးရယ်လ်က ပြောလိမ့်မယ်လို့ ဖော်ပြထားတာပါ။
ပီအက်စ်ဂျီအသင်းက တာဝန်ရှိသူ အချို့ကတော့ ရီးရယ်လ်အသင်းဟာ ဘတ်ပီရဲ့ လုပ်ခလစာ တောင်းဆိုမှုကို လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ဘတ်ပီအနေနဲ့ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် လက်ရှိအသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေရရှိနေတဲ့ လုပ်ခလစာရဲ့ ၂ ဆကိုရရှိဖို့ မျှော်လင့်နေတာပါ။
ဒါဆိုရင် ရီးရယ်လ်အသင်းရဲ့ အဝတ်လဲခန်းထဲမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် ရောက်ရင် ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံး ၆ လထဲကို ရောက်ရှိမှာဖြစ်တဲ့အတွက် ပြင်သစ်ကစားသမားဟာ အခြားအသင်းတွေနဲ့ လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်း လို့ ရရှိမှာပါ။
ရီးရယ်လ်အသင်းဟာ ၂၀၂၂ ခုနှစ်က ဘတ်ပီကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကစားသမားဟာ စာချုပ်သစ်ချုပ်ပြီး ပီအက်စ်ဂျီအသင်းမှာ ဆက်နေဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လက်ရှိအချိန်မှာ ဘတ်ပီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေပြီး အဆင်မပြေရင် ရာသီ အကုန်မှာ အလွတ်နဲ့ ဆုံးရှုံးရတော့မှာပါ။
ဒါပေမယ့် ပြင်သစ်ကလပ်အနေနဲ့ ဘတ်ပီကို အခုလာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းချရင်တော့ ပြောင်းရွှေ့ကြေး အနည်းငယ်ရရှိမှာ ဖြစ်ပါတယ်။
ဘတ်ပီကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေကာ ပီအက်စ်ဂျီအသင်းရဲ့ အခုရာသီအတွက်သာ အာရုံ စိုက်နေတာပါ။
၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ၂၈၈ ပွဲ ပါဝင် ကစားထားပြီး ၂၃၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီ အသင်းဖော်တွေဟာ လက်ရှိအချိန်မှာ အားလပ်ရက်ကို ဖြတ်သန်းနေပြီး ဇန်နဝါရီ ၄ ရက်မှာ တူးလူးစ်အသင်းနဲ့ စူပါဖလားယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 403
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ရီးရယ်လ်အသင်းဟာ နည်းပြ အန်ဆယ်လော့တီကို အသင်းမှာ ၂၀၂၆ ခုနှစ်အထိရှိမယ့် စာချုပ်သစ် ချုပ်ဆိုလိုက် ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။
အသက် ၆၄ နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြဟာ ၂၀၂၁ ခုနှစ်က ရီးရယ်လ်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ဖို့ ရောက်ရှိလာခဲ့ပြီး ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။
အန်ဆယ်လော့တီနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အီတလီလူမျိုး နည်းပြဟာ စာချုပ်ကုန်ဆုံးချိန်မှာ ဘရာဇီးလ် လက်ရွေးစင်အသင်းကို ကိုင်တွယ်မယ်လို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စာချုပ်သစ်ကြောင့် အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းမှာ နောက်ထပ် ၂ ရာသီဆက်ပြီး ရှိတော့မှာပါ။
အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ်အထိ ပထမအကြိမ်ကိုင်တွယ်ခဲ့ပြီး ဒီအချိန် တုန်းက ချန်ပီယံလိဂ်၊ UEFA စူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ကိုပါဒယ်ရေးဖလားတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က ဇီဒန်းနေရာ အစားထိုး ဝင်ရောက်ပြီး ဒုတိယအကြိမ်မြောက် ကိုင်တွယ်ချိန်မှာ အန်ဆယ်လော့တီ ဟာ ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ်၊ လာလီဂါ၊ ကိုပါဒယ်ရေး၊ စပိန်စူပါဖလား၊ UEFA စူပါဖလားနဲ့ ကလပ် ကမ္ဘာ့ဖလားတို့ကို ထပ်ပြီး ရယူပေးနိုင်ခဲ့တာပါ။
အန်ဆယ်လော့တီဟာ ဥရောပဖလားကို ၄ ကြိမ် ရယူနိုင်တဲ့ တစ်ဦးတည်းသော နည်းပြဖြစ်သလို ဥရောပထိပ်တန်း ၅ ခုစလုံးမှာ အမှတ်ပေးလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကိုပါဒယ်ရေးဖလား ၁ လုံးသာ ရယူနိုင်ခဲ့ပြီး စပိန်လာလီဂါမှာ ဘာစီလိုနာ အသင်းရဲ့နောက် ဒုတိယနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာပါ။
ရီးရယ်လ်အသင်းဟာ ဒီရာသီမှာတော့ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ရောက်ရှိနေပြီ ဖြစ်ပါတယ်။
Source: BBC