- By CNI
- Category: အားကစား
- Hits: 2021
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီဟာ ၂၀၂၄ မေဂျာလိဂ်ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဖြစ်တဲ့ (MVP)ဆုကို ရရှိသွားခဲ့ပါတယ်။
မက်ဆီဟာ ဒီဆုကို ကိုလံဘတ်စ်အသင်းက ကူချိုဟာနန်ဒက်ဇ်၊ ပေါ့တ်လန်းတင်ဘာစ်အသင်းက အီဗန်ဒါ၊ ဒီစီယူနိုက်တက်အသင်းက ဘန်တီကီနဲ့ အင်တာမိုင်ယာမီအသင်းဖော် ဆွာရက်ဇ်တို့ကို မဲအသာရပြီး ရရှိခဲ့တာပါ။
မက်ဆီဟာ ၂၀၂၄ မေဂျာလိဂ်ပြိုင်ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ၁၉ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပေမယ့် သွင်းဂိုး ၂၀ သွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ကာ အသင်းကို Supporter’s Shield ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
မေဂျာလိဂ်ပြိုင်ပွဲရဲ့ MVP ဆုကို ကစားသမားတွေ၊ ကလပ်နည်းစနစ်ပိုင်းအဖွဲ့ဝင်နဲ့ မီဒီယာအဖွဲ့ဝင်တွေပါဝင်တဲ့ စစ်တမ်းတစ်ခုက ဆုံးဖြတ်တာပါ။
မက်ဆီဟာ ပျှမ်းမျှမဲ ၃၈.၄၃ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ ဘန်တီကီက မဲ ၃၃.၇၀ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

မက်ဆီကိုတွေ့ရစဉ်
၂၀၂၃ ခုနှစ်၊ ဇူလိုင်က အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ မက်ဆီဟာ ပထမဆုံးရာသီ အပြည့်ကစား ခဲ့ရတဲ့ ဒီရာသီမှာ MVP ဆုကို ရရှိခဲ့တာပါ။
မက်ဆီဟာ ဒီဆုကို သားဖြစ်သူ ၃ ဦး၊ အင်တာမိုင်ယာမီ အကယ်ဒမီ ကစားသမားတွေဆီကနေ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။
မက်ဆီက “မင်းတို့အားလုံးဆီကနေ ဒီဆုကို လက်ခံရယူတာဟာ ဂုဏ်ယူစရာပါပဲ။ မင်းတို့နဲ့အတူ ဒီမှာနေ့တိုင်း ရှိရတာကို ငါအလွန်ပျော်ပါတယ်။ တိုးတက်နေတဲ့ ဒီကလပ်နဲ့ ဒီမြို့မှာ နေရတာကို အလွန်ပျော်ရွှင်ပြီး မင်းတို့ရဲ့ အိပ်မက်တွေအတွက် ကြိုးစားပြီး ဆက်တိုက်ပွဲဝင်ဖို့ ငါဖိတ်ခေါ်ပါတယ်”လို့ အကယ်ဒမီ ကစားသမားတွေကို ပြောခဲ့တာပါ။
မက်ဆီဟာ မေဂျာလိဂ်ပုံမှန်ရာသီ ပွဲပေါင်း ၃၄ ပွဲမှာ ၅၅ ရာခိုင်နှုန်းသာ ပါဝင်ကစားခဲ့ပြီး ဒဏ်ရာကြောင့် ပွဲ အများအပြား လွဲချော်ခဲ့ပေမယ့် ပါဝင်ကစားခဲ့တဲ့ပွဲတွေက ကိန်းဂဏန်းတွေနဲ့ သက်ရောက်မှုတွေကြောင့် MVP ဆုကို ရရှိခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပုံမှန်ရာသီမှာ စံချိန်တင်ရမှတ်နဲ့ Supporter’s Shield ဖလားရခဲ့ပေမယ့် မေဂျာလိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 2387
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆
ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB)ဟာ ဘိုင်ယန်မြူးနစ်အသင်း ခေါင်းဆောင်ဖြစ်တဲ့ ဝါရင့်ဂိုးသမား နူအာကို လေဗာကူဆင်အသင်းနဲ့ပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ အနီကတ်ကြောင့် ဂျာမန်ဖလား ၂ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ နူအာဟာ ဂျာမန်ဖလားပွဲစဉ်မှာ လေဗာကူဆင်အသင်း ကစားသမား ဖရင်ပေါင်ကို ဂိုးစည်း အပြင်ဘက်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးရဲ့ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ် ခြင်းကို ခံခဲ့ရတာပါ။
နူအာအတွက်တော့ သူ့ရဲ့နှစ်ပေါင်း ၂၀ နီးပါး ကစားသမားဘဝမှာ ပထမဆုံးအကြိမ် အနီကတ်ပြသခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ နူအာရဲ့ အနီကတ်နဲ့အတူ လေဗာကူဆင်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ဂျာမန်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

နူအာကို တွေ့ရစဉ်
နူအာဟာ ၂ ပွဲပယ်ကို ပြည်တွင်းဖလား ပြိုင်ပွဲမှာသာ ကျခံရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ဖလား ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အတွက် လာမယ့်ရာသီမှသာ ပွဲပယ်ပြစ်ဒဏ် ကျခံရဖို့ ရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့် နူအာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးတော့မှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့လို့ နူအာ အနားယူခဲ့ရင် ဒါမှမဟုတ် သူဟာ ဂျာမန် ဘောလုံးကနေ ထွက်ခွာခဲ့ရင်တော့ ပွဲပယ်ပြစ်ဒဏ် ကျခံရမှာ မဟုတ်ပါဘူး။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီဇင်ဘာ ၇ ရက်မှာ ဘွန်ဒက်လီဂါ ပွဲစဉ်အဖြစ် ဟိုင်ဒမ်ဟိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး နူအာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်လာမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1734
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆
ပြင်သစ်ကွင်းလယ်လူဟောင်း ပီတစ်က စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်ကို ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပါတယ်။
ပီတစ်က “ယူနိုက်တက်မှာ ယိုကီရက်စ်ရဲ့ နည်းပြဟောင်း ရှိတယ်ဆိုတာသိပေမယ့် သူတို့မှာ တိုက်စစ်မှူး နေရာ အတွက် ရက်ရှ်ဖို့ဒ်၊ ဟော့ဂျ်လန်းနဲ့ ဇက်ခ်ဇီတို့ ရှိပြီးသားပါ။ အာဆင်နယ်မှာ သူ့အတွက် ပိုဆွဲဆောင်မှုရှိတဲ့ အရာတွေရှိပါတယ်။ ဟာဗက်ဇ်ဟာ နံပါတ် ၉ ပုံစံလို မဟုတ်သလို ဂျီးဆပ်စ်ကလည်း ကောင်းမွန်စွာ စွမ်းဆောင် နိုင်ခြင်း မရှိပါဘူး။ ယိုကီရက်စ်အနေနဲ့ အာဆင်နယ်ကို အမှန်တကယ် စဉ်းစားသင့်ပြီး နည်းပြ အာတီတာအတွက် သူဟာ အသင်းမှာ နောက်ဆုံးပျောက်ဆုံးနေတဲ့ ဂျစ်ဆော အစိတ်အပိုင်း ဖြစ်နိုင်တယ်လို့ထင်ကြောင်း”ပြောခဲ့ တာပါ။
စပို့တင်းလစ္စဘွန်းအသင်းကို ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပြသနေတဲ့ ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ်ဟာ ထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ်ရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း နည်းပြဟောင်း အာမိုရင်ကို နည်းပြသစ်အဖြစ် ခန့်အပ် ပြီးနောက်မှာ ယိုကီရက်စ်ဟာ အိုးထရက်ဖို့ဒ်ထံ ရောက်ရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့တာပါ။

ယိုကီရက်စ်ကို တွေ့ရစဉ်
ယိုကီရက်စ်ဟာ ကိုဗင်ထရီအသင်းနဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားခဲ့ပေမယ့် အခုအချိန်မှာတော့ သူဟာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံနေရပါတယ်။
ယိုကီရက်စ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့နဲ့ နွေရာသီ အပြောင်းအရွှေ့တွေမှာ ခေါ်ယူနိုင်ဖို့ မန်စီးတီး အသင်း အပါအဝင် ဥရောပထိပ်သီး ကလပ်အချို့က ပြင်ဆင်နေကြတာပါ။
ဒီအချိန်မှာ အာဆင်နယ်အသင်း ကွင်းလယ်လူဟောင်း ပီတစ်က ယိုကီရက်စ်ကို ယူနိုက်တက်အသင်းထံ မပြောင်းဘဲ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့တာက ပိုပြီးအဓိပ္ပါယ်ရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ရလဒ်ကောင်းတွေ ရရှိနေပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ဖို့အတွက် ယိုကီရက်စ် အပါအဝင် တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ၇၂ ပွဲ ကစားထားပြီး ၆၈ ဂိုးသွင်း ယူကာ ပေါ်တူဂီအမှတ်ပေးဖလား တစ်ကြိမ် ရယူထားနိုင်တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1044
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ လာမယ့်နှစ် အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုမှာ ဂျူဗင်တပ်စ်၊ ဝိုင်ဒတ်၊ အယ်လ်အိန်းအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။
မက်ဆီ ဦးဆောင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ အယ်လ်အာလီ၊ ပေါ်တို၊ ပါလ်မီးရက်စ်အသင်းတို့နဲ့ ကျရောက်နေတာပါ။
အသင်းပေါင်း ၃၂ သင်းနဲ့ တိုးချဲ့ကျင်းပတဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်း ကလပ်တွေ အများအပြား ပါဝင်ပြီး အားကစားကွင်း ၁၂ ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပုံစံအဟောင်းနဲ့ ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းက ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။

ဖီဖာ ကလပ်ကမ္ဘာ့ဖလားဆုကို တွေ့ရစဉ်
၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် အခြားအုပ်စုတွေမှာ ဥရောပချန်ပီယံ ရီးရယ်လ်အသင်းဟာ အယ်လ်အာလီ၊ ပါချူကာ၊ ဆဲလ်ဘတ်အသင်းတို့နဲ့ ကျရောက်နေပြီး ဘိုင်ယန်မြူးနစ်အသင်းက အော့ကလန် စီးတီး၊ ဘိုကာဂျူနီယာ၊ ဘင်ဖီကာအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
အင်တာမီလန်အသင်းက ရေးဗားပလိတ်၊ အူရာဝါရတ်၊ မွန်တာရေး၊ ပီအက်စ်ဂျီအသင်းက အသလက်တီကို၊ ဘိုတာဖိုဂို၊ ဆီတဲလ်ဆောင်းဒါးအသင်းတို့နဲ့ အုပ်စုကျရောက်နေပါတယ်။
ချယ်လ်ဆီးအသင်းက လီယွန်၊ ဖလာမင်ဂို၊ အက်စ်ပီးရန့်စ်၊ ဒေါ့မွန်အသင်းက ဖလူမင်နန့်စ်၊ အူလ်ဆန်ဟွန်ဆိုင်း၊ မာမီလိုဒီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။
၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၅ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1621
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆
စပါးအသင်းက ဘုန်းမောက်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ နည်းပြ ပိုစတီကိုဂလူးနဲ့ စပါးအသင်း ပရိသတ်တွေ ထိပ်တိုက် တွေ့ဆုံမှုဖြစ်ခဲ့ပါတယ်။
စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် မန်စီးတီးအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာပါ။
ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တာဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲကစားအပြီးမှာ စပါးအသင်းအတွက် ၆ ပွဲမြောက် ရှုံးပွဲဖြစ်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၁၀ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
အဝေးကွင်းကို လာရောက်အားပေးတဲ့ စပါးအသင်း ပရိသတ်တွေဟာ ပွဲအပြီးမှာ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် နည်းပြပိုစတီကိုဂလူးနဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့တာပါ။
ပိုစတီကိုဂလူးက “ပရိသတ်တွေ စိတ်ပျက်နေကြတာ မှန်ပါတယ်။ သူတို့က ကျနော့်ကို တိုက်ရိုက်တုန့်ပြန်ချက် အချို့ ပေးခဲ့ပါတယ်။ ကျနော်ဟာ လူသားတစ်ဦးဖြစ်လို့ ပြောခံရတာကို မကြိုက်ပါဘူး။ ကျနော် ပြောနိုင်တာက ကျနော် အလွန်စိတ်ပျက်မိတဲ့အတွက် ဒါကို မှန်ကန်အောင်လုပ်ဖို့ ဆုံးဖြတ်ထားပြီး အဆုံးထိဆက်တိုက် ပွဲဝင် သွားမှာပါ”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

စပါးအသင်း ယှဉ်ပြိုင်နေစဉ်
စပါးအသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း မတည်မငြိမ်မှုတွေကြောင့် နည်းပြ ပိုစတီကိုဂလူးအတွက်လည်း ဖိအားတွေ တိုးလာခဲ့ပါတယ်။
စပါးအသင်းဟာ လာမယ့် ရက်ပိုင်းမှာ ပွဲကြီးပွဲကောင်းတွေအဖြစ် ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ ရိန်းဂျားစ် အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။
ဒါအပြင် စပါးအသင်းဟာ ဆောက်သမ်တန်၊ လီဗာပူးလ်အသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ ယူနိုက်တက်အသင်းနဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဘုန်းမောက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွေမှာ ရလဒ်ကောင်း ရရှိနေပြီး စပါးအသင်း မတိုင်ခင် မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ကိုလည်း အနိုင်ရရှိထားတာပါ။
ဘုန်းမောက်အသင်းဟာ စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၉ နေရာ မှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1108
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅
ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းမှာ ကစားနေတဲ့ အကယ်ဒမီထွက် ဝေါလ်ကာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ၆ ကြိမ် ရယူထားနိုင်ခဲ့တဲ့ ဝေါလ်ကာဟာ ဒီရာသီမှာ ပုံစံ ကောင်းတွေ ပျောက်ဆုံးနေပြီး ရုန်းကန်နေရတာပါ။
မန်စီးတီးအသင်းဟာ လာမယ့် နွေရာသီမှာ အသင်းရဲ့လူစာရင်းကို ပြန်လည်အားဖြည့်မှုတွေ ပြုလုပ်ဖို့ရှိနေတာ ကြောင့် ဝေါလ်ကာဟာ အသင်းကနေ ထွက်ခွာရဖို့ရှိနေတာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ဝေါလ်ကာဟာ ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ် ပြိုင်ပွဲတွေဆီကနေ ငွေကြေး အများအပြားနဲ့ ကမ်းလှမ်းမှုတွေကိုလည်း ရဖို့ရှိနေတာပါ။
ဒါပေမယ့် ဝေါလ်ကာဟာ ရှက်ဖီးယူနိုက်တက် အသင်းနဲ့အတူ အင်္ဂလန်မှာ ဆက်ရှိနိုင်မယ့် အခွင့်အရေးတွေလည်း ရှိနေပါတယ်။

ဝေါလ်ကာကို တွေ့ရစဉ်
talkSPORT က ရှက်ဖီးယူနိုက်တက်အသင်းဟာ ဒီရာသီအကုန်မှာ ဝေါလ်ကာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင် စားနေတယ်လို့ ဖော်ပြထားတာပါ။
ရှက်ဖီးယူနိုက်တက် အသင်းအနေနဲ့ ဝေါလ်ကာကို ခေါ်ယူနိုင်ဖို့ဆိုရင် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်အောင် စွမ်းဆောင်ရမှာဖြစ်ပါတယ်။
ဝေါလ်ကာက သူဟာ ငယ်ဘဝကလပ် ရှက်ဖီးယူနိုက်တက်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ချင်တယ်လို့ ပြောထားဖူးပါတယ်။
ဝေါလ်ကာဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ လူငယ်ကစားသမားအဖြစ် ၁၉၉၇ ကနေ ၂၀၀၈ ခုနှစ်အထိရှိခဲ့ပြီး အသင်းကြီး ကစားသမားအဖြစ် တစ်ရာသီကြာသာ ကစားကာ စပါးအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဝေါလ်ကာဟာ ၂၀၁၇ ခုနှစ်မှာ စပါးအသင်းကနေ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ပွဲပေါင်း ၃၀၀ ကျော် ပါဝင် ကစားထားကာ ဆုဖလား အများအပြား ရယူထားပါတယ်။
ရှက်ဖီးယူနိုက်တက်အသင်းဟာ ဒီရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၁၈ ပွဲ ကစားထားပြီး ရမှတ် ၃၈ မှတ်နဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1521
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က နယူးကာဆယ်အသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသပြီး ၂ ဂိုးသွင်းယူခဲ့တဲ့ တောင်ပံကစားသမား ဆာလက် ဆက်ရှိနေဖို့ အသင်းဘက်က မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
အာနီဆလော့က “ကျနော်တို့လိုအပ်တဲ့ အချိန်တိုင်း ဆာလက်က ဂိုးတွေ သွင်းယူပါတယ်။ သူဒီလိုမျိုးကို အချိန် အကြာကြီး ဆက်ပြီးလုပ်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ သူဟာ ဒုတိယပိုင်းမှာ အလွန်ကောင်းမွန်ပြီး ကျနော်တို့အတွက် ထူးခြားတဲ့ အရာတွေ အများကြီးလုပ်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနေပေမယ့် သူနဲ့ အသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
ဆာလက်က လီဗာပူးလ်အသင်းဟာ သူ့ကို အခုအချိန်ထိ စာချုပ်သစ် ကမ်းလှမ်းခြင်း မရှိသေးတာကြောင့် စိတ်ပျက်မိပြီး ဆက်ရှိနေဖို့ထက် ထွက်ခွာဖို့က ပိုပြီးဖြစ်နိုင်တယ်လို့ ပြီးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။

ဆာလက်ကို တွေ့ရစဉ်
ဒါအပြင် ဆာလက်ဟာ မန်စီးတီးအသင်းနဲ့ ပွဲအပြီးမှာလည်း ဒီပွဲက လီဗာပူးလ်အသင်း ကစားသမားဘဝ အန်ဖီးလ် မှာ ကစားတဲ့ မန်စီးတီးအသင်းနဲ့ နောက်ဆုံးပွဲစဉ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က အသင်းဟာ ဆာလက်ကို ဆက်ပြီးရှိနေဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တာပါ။
အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်ဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၃ ဂိုးနဲ့ ဂိုးသွင်း အများဆုံးစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ မကြာသေးခင်က ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်ကို စာချုပ်သစ် ကမ်းလှမ်းထားပြီး ဆာလက်ကိုလည်း စာချုပ်သစ် ကမ်းလှမ်းလာဖို့ ရှိနေတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ရမှတ် ၇ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1024
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တည်ကန်ဘောတွေက အရာအားလုံးကို ပြောင်းလဲခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး ပထမပိုင်းမှာ ကျနော်တို့အလွန်ကြိုးစားခဲ့ပါတယ်။ ကျနော်တို့လေ့ကျင့်မှုတွေ ပိုပြီးပြုလုပ်ဖို့လိုအပ်ပါတယ်။ တည်ကန်ဘောတွေက အရာအားလုံးကိုပြောင်းလဲခဲ့ပြီး အရှိန်အဟုန်ကိုလည်း ပြောင်းလဲစေခဲ့ပါတယ်။ ကျနော်တို့လည်း ကြိုးစားခဲ့ပြီး တည်ကန်ဘော ၂ ကြိမ်ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ သူတို့ကတော့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ မိနစ်တိုင်းကို တိုးတက်အောင်လုပ်ပြီး ပွဲတွေကို တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက်ဂိုးတွေကို တင်ဘာနဲ့ ဆာလီဘာတို့က ထောင့်ကန်ဘောတွေကနေ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အာမိုရင်အတွက်တော့ ယူနိုက်တက်အသင်းနည်းပြဘဝမှာ ပထမဆုံးရှုံးပွဲ ကြုံတွေ့ ခဲ့သလို အမှတ်ပေးပြိုင်ပွဲမှာ တစ်နှစ်ကြာရှုံးပွဲမရှိတဲ့ သူ့ရဲ့မှတ်တမ်းကောင်းလည်း ရပ်တန့်သွားခဲ့တာပါ။

ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ထောင့်ကန်ဘော ၁၃ ကြိမ်အထိရရှိခဲ့ပြီး ယူနိုက်တက်အသင်းက တစ်ကြိမ်မှ ရခဲ့ခြင်း မရှိပါဘူး။
အချက်အလက်တွေအရ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီအစကတည်းကနေ အခုအချိန်ထိ ထောင့်ကန်ဘောကနေ ၂၂ ဂိုးအထိသွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အားသာချက်ကို ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ အသုံးချသွားနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ၇ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ယူနိုက်တက်အသင်းက အဆင့် ၁၁ နေရာအထိ ပြန်ကျ-ဆင်းသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ်အသင်းက ဖူလ်ဟမ်အသင်းနဲ့ အဝေးကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 790
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅
ရီးရယ်လ်အသင်းက ဘီလ်ဘာအိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ဘတ်ပီဟာ ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “ပင်နယ်တီကို အခြေခံပြီး ကစားသမားတစ်ဦးရဲ့ ကစားပုံကို ကျနော်တို့ မသုံးသပ်သင့်ပါ ဘူး။ ဘတ်ပီဟာ ဝမ်းနည်းပြီး စိတ်ပျက်နေတယ်ဆိုတာ သိသာပါတယ်။ ဘတ်ပီဟာ သူ့ရဲ့အကောင်းဆုံး အဆင့်ကို မရောက်သေးတဲ့အတွက် သူ့ကိုလိုက်လျောညီထွေဖြစ်စေဖို့ ကျနော်တို့ အချိန်ပေးရမှာပါ။ ဘတ်ပီဟာ ပိုပြီး ကောင်းအောင် လုပ်နိုင်ဖို့အတွက် အလုပ်ကို ပိုပြီးကြိုးစားနေပါတယ်”လို့ ပြောခဲ့တာပါ။
ဘတ်ပီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။
အဲဒီနောက် ရီးရယ်လ်အသင်း ကစားသမားဘဝမှာ ဒုတိယမြောက် ပင်နယ်တီ လွဲချော်မှုအဖြစ် ဘီလ်ဘာအိုအသင်း နဲ့ ပွဲစဉ်မှာလည်း လွဲချော်ခဲ့ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီဟာ ရီးရယ်လ်အသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင် ကစားထားပြီး ၁၀ ဂိုး သွင်းယူထားပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်တွေအပေါ် ဝေဖန်မှုတွေ ရှိနေတာပါ။
ဘီလ်ဘာအိုအသင်းနဲ့ ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ပြီးနောက် ဘတ်ပီဟာ ဒီရလဒ်အတွက် အပြည့်အဝ တာဝန်ယူ ကြောင်း ပြောခဲ့ပါတယ်။
ဘတ်ပီက “ဆိုးရွားတဲ့ ရလဒ်ပါ။ အသေးစိတ် အချက်အလက်တိုင်းကို ထည့်တွက်တဲ့ ပွဲတစ်ပွဲမှာ ဒါကကြီးမားတဲ့ အမှားပါ။ ဒီအတွက် ကျနော် အပြည့်အဝ တာဝန်ယူပါတယ်။ ခက်ခဲတဲ့ အခိုက်အတန့် ဖြစ်ပေမယ့် ဒီအခြေအနေ တွေကို အကောင်းဆုံးပြောင်းလဲပြီး ကျနော် ဘယ်သူလဲဆိုတာကို ပြသွားမယ်”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီရှုံးပွဲကြောင့် လာလီဂါအဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းထက် ၁ ပွဲ လျော့ ကစားထားပြီး ရမှတ် ၄ မှတ်အကွာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1128
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄
အယ်လ်ဟီလယ်အသင်းဟာ တောင်ပံကစားသမား နေမာကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ စာရင်းသွင်းနိုင်ဖို့အတွက် ချယ်လ်ဆီးအသင်း နောက်ခံလူဟောင်း ကူလီဘာလီကို လူစာရင်းကနေ ဖယ်ရှားဖို့ စီစဉ်နေပါတယ်။
အယ်လ်ဟီလယ်အသင်းကို ပြောင်းရွှေ့ပြီးကတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ နေမာဟာ လက်ရှိအချိန်မှာ လည်း ဒဏ်ရာကြောင့် အနားယူနေရတာပါ။
ဘရာဇီးလ် တောင်ပံကစားသမား နေမာဟာ လက်ရှိအချိန်ထိ အယ်လ်ဟီလယ်အသင်းအတွက် ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားထားနိုင်တာ ဖြစ်ပါတယ်။
ဒူးအရွတ် ဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူခဲ့ရပြီး ၁ နှစ်ကြာ အနားယူခဲ့ရတဲ့ နေမာဟာ မကြာသေးခင်ကမှ အယ်လ်ဟီလယ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့ပေမယ့် ထပ်ပြီးကုသမှုတွေ ခံယူနေရတာပါ။
အစောပိုင်း သတင်းတွေမှာ အယ်လ်ဟီလယ်အသင်းဟာ နေမာရဲ့ ဒဏ်ရာအခြေအနေကို စိတ်ပျက်ပြီး သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖွယ်ရှိနေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

နေမာကို တွေ့ရစဉ်
ဒါပေမယ့် နေမာဟာ ဒီရာသီ လက်ကျန်ပွဲစဉ်တွေအတွက် အယ်လ်ဟီလယ်အသင်း လူစာရင်းမှာ ပါဝင်လာမယ်လို့ နောက်ဆုံး ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ သိရပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ နေမာကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ လူစာရင်းထဲ ထည့်သွင်းဖို့ဆိုရင် အသင်းမှာရှိနေတဲ့ နိုင်ငံခြားသား ကစားသမားတစ်ဦးကို လူစာရင်းကနေ ဖယ်ရှားရမှာပါ။
အဲဒါကြောင့် အယ်လ်ဟီလယ်အသင်းဟာ ၂၀၂၃ ခုနှစ်နွေရာသီက ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီး ရောက်ရှိ လာခဲ့တဲ့ ကူလီဘာလီကို လူစာရင်းကနေ ဖယ်ရှားသွားဖို့ရှိနေပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ကူလီဘာလီဟာ ဒီရာသီမှာ အယ်လ်ဟီလယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ပါဝင် ကစားထားတာ အပါအဝင် ရောက်ရှိပြီးကတည်းက ပွဲပေါင်း ၆၇ ပွဲ ကစားထားပြီး ၃ ဂိုးသွင်းယူကာ အသင်းကို ဆုဖလားတွေရရှိအောင် ကူညီပေးထားနိုင်ခဲ့တာပါ။
နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပေမယ့် နောက်တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေပါတယ်။
နေမာဟာ ကြံ့ခိုင်မှုနဲ့ သူ့ရဲ့ အကောင်းဆုံးပုံစံကို ရရှိဖို့ ရုန်းကန်နေရပေမယ့် အင်တာမိုင်ယာမီနဲ့ ဆန်းတို့စ် အသင်းရဲ့ ချိတ်ဆက်မှုတွေကို ခံနေရတာဖြစ်ပါတယ်။
