CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူး အိုမာမာမွတ်ရှ်ကို ခေါ်ယူဖို့ ဖရန့်ဖတ်အသင်းနဲ့ နှုတ်ဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အိုမာမာမွတ်ရှ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီးဖြစ်တဲ့အတွက် ပေါင် ၆၇ သန်း တန်ကြေးရှိ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့လုပ်ဆောင်နေတာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ အီဂျစ်တိုက်စစ်မှူးဟာ ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ၁၅ ဂိုးသွင်းယူထားပြီး ဘိုင်ယန် မြူးနစ် အသင်းတိုက်စစ်မှူး ဟာရီကိန်းပြီးရင် လိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ဒုတိယနေရာမှာ ရပ်တည် နေပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက အယ်လ်ဗားရက်ဇ်ကို အသလက်တီကိုအသင်းထံ ရောင်းချပြီးနောက် တိုက်စစ်ပိုင်း ပြန်လည် အားမဖြည့်ခဲ့တဲ့အတွက် ဒီရာသီမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာပါ။
အိုမာမာမွတ်ရှ်ကို တွေ့ရစဉ်
အဲဒါကြောင့် မန်စီးတီးအသင်းဟာ ဖရန့်ဖတ်အသင်းမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနေတဲ့ အိုမာမာမွတ်ရှ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လန်းစ်အသင်းနောက်ခံလူ ခူဆာနော့ဗ်ရဲ့ အပြောင်းအရွှေ့ကို ဒီရက်သတ္တပတ်ထဲ ပြီးမြောက် နိုင်ဖို့ မျှော်လင့်နေပြီး ပါလ်မီးရက်စ်အသင်း နောက်ခံလူ ဗစ်တာရီးစ်ကိုလည်း ပေါင် ၂၉ သန်းကျော်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာပါ။
ဒါအပြင် မန်စီးတီးအသင်းဟာ နောက်ခံလူ ဝေါ်လ်ကာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေလို့ ဂျူဗင်တပ်စ်အသင်း ဘယ်နောက်ခံလူ ကမ်ဘီယာဆိုကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေပါတယ်။
မန်စီးတီးအသင်းဟာ အဓိက ကစားသမားတွေရဲ့ ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးပြီး အဆင့် ၆ နေရာအထိ ကျဆင်းခဲ့တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့ ဆက်တိုက်ပြု လုပ်နေခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မလွယ်ကူတော့တာကြောင့် အခြားပြိုင်ပွဲ တွေမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အစ်ဝစ်ချ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail