- By CNI
- Category: အားကစား
- Hits: 666
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃
လီဗာပူးလ်အသင်းက စပါးအသင်းကို ၆ ဂိုး-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ခဲ့တဲ့ တိုက်စစ်မှူး ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်သစ် တင်နိုင် ခဲ့ပါတယ်။
ဆာလက်ဟာ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုကြောင့် ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲကစားအပြီးမှာ ၁၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ထားတာပါ။
အဲဒါကြောင့် ဆာလက်ဟာ ပရီးမီးယားလိဂ်ရာသီရဲ့ ခရစ္စမတ်မတိုင်ခင် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ဂိုးအထက်ပြုလုပ်ထားတဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဆာလက်ဟာ ပရီးယားလိဂ်ဂိုးသွင်းအများဆုံးစာရင်းမှာလည်း မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းကို ၂ ဂိုး အသာနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။
ဆာလက်က “ပွဲမတိုင်ခင်မှာ ဒါကို ကျနော်မတွေးခဲ့ပါဘူး။ ဒါပေမယ့် ဒီမှတ်တမ်းက ကျနော့်ကို ပျော်ရွှင်စေပြီး ဂုဏ်ယူစေတဲ့အရာတစ်ခုပါ။ ကျနော်အလုပ်ကို ဆက်ပြီးကြိုးစားနေပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆာလက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင်ကုန်ဆုံးမှာဖြစ်တဲ့အတွက် စာချုပ်နဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေအပေါ် ဆာလက်ဟာ နိုးလို့သာ ဖြေသွားခဲ့ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဒီထက်ပိုပြီးဂိုးတွေသွင်းယူနိုင်ခဲ့သင့်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲကစားအပြီးမှာ ရမှတ် ၃၉ မှတ်နဲ့ ထိပ်ဆုံးနေရာရပ်တည်နေပြီး အဆင့် ၂ နေရာက ချယ်လ်ဆီးအသင်းထက် ၁ ပွဲလျော့ ကစားထားကာ ရမှတ် ၄ မှတ်အသာ ရထားပါတယ်။
လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာအသင်းကို အိမ်ကွင်းယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 1092
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃
ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် နည်းပြအာမိုရင်က အသင်းဟာ ခက်ခဲတဲ့ အခိုက်အတန့်မှာ ရှိနေတယ်လို့ ပြောခဲ့ပါ တယ်။
အာမိုရင်က “ခက်ခဲတဲ့ အခိုက်အတန့် ဖြစ်ပေမယ့် ကျနော်တို့ဟာ ရင်ဆိုင်ပြီး လာမယ့်ပွဲအတွက် ပြင်ဆင်ရမှာပါ။ ကျနော်တို့ဟာ တိုးတက်ချင်ပေမယ့် ဒီအခိုက်အတန့်မှာ အရာအားလုံးက ပိုခက်ခဲနေပါတယ်။ ယူနိုက်တက်လို အသင်းက အိမ်ကွင်းမှာ ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာက လူတိုင်းအတွက် အလွန်ခက်ခဲပါတယ်။ ပရိသတ်တွေက လည်း အလွန်စိတ်ပျက်ပြီး ပင်ပန်းနေကြပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ကြားရက်က စပါးအသင်းကို ကာရာဘောင်းဖလားပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အိမ်ကွင်း ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ တည်ကန်ဘောတွေကို ကာကွယ်တာမှာ ဆိုးရွားနေပြီး ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ လည်း ဂိုးထပ်ခွင့်ပြုခဲ့ရတာပါ။

ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ တည်ကန်ဘောတွေကနေ သွင်းဂိုး ၇ ဂိုး ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။
ဒါအပြင် ယူနိုက်တက်အသင်းဟာ ၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တည်ကန်ဘောတွေကနေ ၁၇ ဂိုး ပေးခဲ့ရပြီး ဒါဟာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အများဆုံး ဂိုးခွင့်ပြုခဲ့ရတာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က သူတို့ဟာ တည်ကန်ဘောတွေကို ပိုတိုးတက်အောင် လုပ်ဆောင်နေ ပေမယ့် ဒါကြောင့် ရှုံးနိမ့်ခဲ့တာမဟုတ်ဘဲ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ရှုံးနိမ့်ခဲ့တာလို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ၁၉၈၉ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ခရစ္စမတ်နေ့ကို အမှတ်ပေးဇယားအဆင့် ၁၀ နေရာအောက်မှာ ဖြတ်သန်းရတော့မှာပါ။
ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲ ကစားအပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက် အသင်းဟာ ကြားရက်ထဲမှာ လိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 765
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁
ကိုလံဘီယာအသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေရင် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
စပိန်သတင်းစာ Antena 2 က လီဗာပူးလ်အသင်းဟာ လူးဝစ်ဒီယက်ဇ်ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းတာမှာ အဆင်မပြေမှုတွေ ရှိနေတယ်လို့ ဖော်ပြထားတာပါ။
လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် သဘောတူညီမှု မရခဲ့ရင် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပီအက်စ်ဂျီနဲ့ အေစီမီလန်အသင်းတို့ကလည်း လူးဝစ်ဒီယက်ဇ်ရဲ့ အခြေအနေကို စောင့်ကြည့်နေ ကြတာပါ။
လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်ရှိနေတဲ့ လူးဝစ်ဒီယက်ဇ်ရဲ့ တန်ကြေးဟာ ယူရိုသန်း ၈၀ ဝန်းကျင်ရှိပြီး ဘာစီလိုနာအသင်းရဲ့ ဘတ်ဂျက်ထက် ကျောလွန်နေတာ ဖြစ်ပါတယ်။

ဒီယက်ဇ်ကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ ဒီပြောင်းရွှေ့ကြေး ပမာဏကို အသုံးပြုဖွယ် မရှိပေမယ့် လူးဝစ်ဒီယက်ဇ်ကတော့ စပိန် ကလပ်ထံ ပြောင်းရွှေ့ချင်နေတာပါ။
လူးဝစ်ဒီယက်ဇ်ဟာ နည်းပြ အာနီဆလော့ လက်အောက်မှာ လီဗာပူးလ်အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်တာကြောင့် လီဗာပူးလ်အသင်းဟာ သူထွက်ခွာမယ်ဆိုရင် ပြောင်းရွှေ့ကြေး ကြီးကြီးမားမား ရယူချင်နေတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီက ပေါ်တိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်း အတွက် ၂၂ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားတာပါ။
ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းဟာ ဒီဇင်ဘာ ၂၂ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1025
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက နောက်ခံလူ ဘန်ချီဝဲလ်နဲ့ ကွင်းလယ်လူ ချူကွီမီကာတို့ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုမယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ချီဝဲလ်နဲ့ ကာနေးတို့လို ပြိုင်ပွဲတိုင်းမှာ ကျနော်တို့နဲ့ ပွဲအများကြီး မကစားခဲ့ရတဲ့ ကစားသမားတွေ ရှိပါတယ်။ သူတို့ဟာ ပွဲတွေ ကစားချင်တာကြောင့် နေ့တိုင်း လေ့ကျင့်မှုတွေ ပြုလုပ်ထားတဲ့အတွက် ထွက်ခွာချင် တယ်ဆိုပြီး
ပထမဆုံး ပြောလာတာ ဖြစ်နိုင်ပါတယ်။ ပွဲတွေ မကစားရဘူးဆိုရင် သူတို့ဟာ ထွက်ခွာဖို့ တွေးနေကြ ပါတယ်။ ကျနော်တို့ဟာ အခြေအနေပေါ်မူတည်ပြီး အဖြေရှာဖို့ ကြိုးစားမှာပါ”လို့ ပြောခဲ့တာပါ။
အင်္ဂလန်ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ဟာ ဒီရာသီမှာ ချယ်လ်ဆီး အသင်းအတွက် စက်တင်ဘာက ဘာရိုးလ် အသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ ၄၅ မိနစ်သာ ပါဝင်ကစားခွင့် ရထားတာဖြစ်ပါတယ်။
ဘန်ချီဝဲလ်ဟာ ရာသီစတင်ချိန်တုန်းက တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရပြီး အသင်းကနေ ထွက်ခွာချင်ခဲ့ ပေမယ့် နွေရာသီ အပြောင်းအရွှေ့ပိတ်တဲ့ အချိန်အထိ အပြောင်းအရွှေ့ မဖြစ်ခဲ့လို့ ချယ်လ်ဆီးအသင်းမှာ ဆက်ပြီး ရှိနေခဲ့တာပါ။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကို တွေ့ရစဉ်
ယူနိုက်တက်၊ နာပိုလီ၊ ဖီနာဘာချီနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့ ဘန်ချီဝဲလ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ ချူကွီမီကာကတော့ ဘန်ချီဝဲလ်ထက် ပွဲကစားချိန် ပိုပြီးရခဲ့ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပါဝင်ခွင့်မရဘဲ ဖလားပြိုင်ပွဲတွေမှာသာ အသုံးပြုခြင်း ခံနေရတာပါ။
အဲဒါကြောင့် ချူကွီမီကာကလည်း ဇန်နဝါရီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေ တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ပွဲကစားချိန် နည်းပါးနေတဲ့ မာခ့်ဂီအူ၊ အာချမ်ပေါင်နဲ့ ဂျော့ချ်တို့ကို ဒုတိယရာသီဝက် အသင်းမှာ ဆက်ရှိမယ်ဆိုရင် အကျိုးရှိနိုင်မယ်လို့ ယုံကြည်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီဇင်ဘာ ၂၂ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲစုံ ၉ ပွဲဆက် နိုင်ပွဲရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 711
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁
ယူနိုက်တက်အသင်း ကစားသမား မေဆန်မောင့်ဟာ ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်ကြာ ထပ်ပြီး အနားယူမှာဖြစ်တဲ့အတွက် အလွန်စိတ်ပျက်မိတယ်လို့ ယူနိုက်တက်အသင်း ပရိသတ်တွေကို ပြောခဲ့ပါတယ်။
မေဆန်မောင့်ဟာ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ပွဲချိန် ၁၅ မိနစ်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရတာပါ။
မေဆန်မောင့်ဟာ ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာချိန်မှာ အသင်းဖော်တွေရဲ့ နှစ်သိမ့်မှု ပြုလုပ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်နွေရာသီက ချယ်လ်ဆီးအသင်းကနေ ပေါင်သန်း ၆၀ နဲ့ ရောက်ရှိလာခဲ့တဲ့ မေဆန်မောင့်ဟာ ယူနိုက်တက်အသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး ကစားရမယ့် ပွဲပေါင်း ၇၇ ပွဲမှာ ၃၃ ပွဲသာ ပါဝင် ကစားနိုင်ခဲ့တာပါ။

မေဆန်မောင့်ကို တွေ့ရစဉ်
မေဆန်မောင့်က “အခုအချိန်မှာ ကျနော် ဘယ်လောက်အထိ စိတ်ပျက်နေလဲဆိုတာကို စကားလုံးတွေနဲ့ ဖော်ပြလို့ မရပါဘူး။ ဖြစ်ပျက်ခဲ့ချိန်တုန်းက ကျနော့်ရဲ့ မျက်နှာကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ ကျနော်ဟာ ဘယ်တော့မှ အရှုံးပေးသွားမှာ မဟုတ်သလို ယုံကြည်မှုတွေလည်း ဆုံးရှုံးမှာ မဟုတ်ဘူးဆိုတာ ယူနိုက်တက် ပရိသတ်တွေကို အာမခံနိုင်ပါတယ်။ ကျနော်ဟာ အရာအားလုံးကို ပေးသွားမှာပါ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က မေဆန်မောင့်ဟာ ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရမှာဖြစ်ပြီး သူ့ကို ကူညီပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တာပါ။
ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ချယ်လ်ဆီးအသင်း ဖော်ဟောင်း ရီစီဂျိမ်းစ်ဟာ မေဆန်မောင့်ကို ဆိုရှယ်မီဒီယာ ကနေတဆင့် အားပေးတဲ့ မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။
ရီစီဂျိမ်းစ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ ပြန်သက်သာပြီး ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ မှာ ပါဝင်နေပြီဖြစ်တာပါ။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရ မှာဖြစ်ပြီး နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 826
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂
မြန်မာအသင်းခေါင်းဆောင် သီဟဇော်က ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အာဆီယံချန်ပီယံရှစ် အုပ်စု နောက်ဆုံးပွဲစဉ်မှာ ရလဒ်ကောင်း ရယူဖို့နဲ့ နောက်တဆင့် တက်နိုင်ဖို့ ရေကုန်ရေခမ်း ယှဉ်ပြိုင်သွားမယ်လို့ ပြောခဲ့ပါတယ်။
သီဟဇော်က “ဗီယက်နမ်အသင်းက လျင်လျင်မြန်မြန်နဲ့ ကစားတက်ပြီး မာကျောတောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ အုပ်စုထဲမှာလည်း ထိပ်ဆုံးက ရပ်တည်နေတာပါ။ ဒီပွဲစဉ်မှာ ကျနော်တို့ အကောင်းဆုံး ကြိုးစားပြီး ရလဒ်ကောင်းတစ်ခု ရယူဖို့နဲ့ နောက်တဆင့် တက်နိုင်ဖို့ ရေကုန်ရေခမ်း ယှဉ်ပြိုင်သွားပါမယ်။ ကျနော်တို့အိမ်ကွင်း မှာ ပရိသတ်တွေ အားပေးသလိုမျိုး ဒီပွဲကို ကြည့်ရှုအားပေးနေမယ့် ပရိသတ်တွေအတွက် တစ်သင်းလုံး အစွမ်းကုန် ကြိုးစားသွားမှာပါ”လို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့တာပါ။
မြန်မာအသင်းဟာ အုပ်စုတွင်း ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်သာ ရရှိသေးတဲ့အတွက် ဒီပွဲအနိုင်ရရှိမှသာ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ဖို့ မျှော်လင့်လို့ရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းကို တွေ့ရစဉ်
ဗီယက်နမ်အသင်းကတော့ ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ် ရရှိထားတာကြောင့် ဒီပွဲစဉ်မှာ သရေတစ်မှတ် ရရှိတာနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်မှာပါ။
မြန်မာအသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကတော့ လာအိုအသင်းနဲ့ပွဲကလို နောက်ဆုံးအချိန်ထိ စိတ်ဓါတ် ကောင်းကောင်း၊ ကစားအားကောင်းကောင်းနဲ့ ကစားနိုင်ဖို့ မျှော်လင့်ထားပြီး အုပ်စုတက်နိုင်ဖို့ တစ်သင်းလုံး ကြိုးစားယှဉ်ပြိုင် သွားမယ်လို့ ပြောခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာအသင်းရဲ့ အဓိက ကစားသမား မောင်မောင်လွင် ပွဲပယ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပေမယ့် သူ့ရဲ့နေရာကို ဘယ်လိုအစားထိုးပြီး ဘယ်လိုနည်းစနစ်နဲ့ ကစားမယ်ဆိုတာ အစီအစဉ် ရှိပြီးသားလို့လည်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက
ပြောခဲ့တာပါ။
အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲအုပ်စု B ရဲ့ နောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့ ဗီယက်နမ်နဲ့ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် အသင်းတို့ရဲ့ ပွဲတွေကို ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 785
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀
အက်စတွန်ဗီလာအသင်း ဂိုးသမား အီမီမာတီနက်ဇ်က အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ နောက်ထပ် ကမ္ဘာ့ဖလား ချန်ပီယံဆုရယူပြီးရင် ကစားသမားဘဝကနေ အနားယူမယ်လို့ ပြောခဲ့ပါတယ်။
အီမီမာတီနက်ဇ်က “ကျနော် အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ရင် အနားယူမှာပါ။ ခင်ဗျားကို ကတိပေးပြီး ကျနော်ဒီနေ့ ခင်ဗျားကို ပြောနေတာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပြီးရင် ကျနော် အနားယူမှာပါ”လို့ AFA Estudio မှာ ပြောခဲ့တာပါ။
အီမီမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ချန်ပီယံဆု ရယူနိုင်အောင် ပင်နယ်တီ အဆုံးအဖြတ်တွေမှာ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ဒီပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆု ကို ရရှိခဲ့ပါတယ်။
အီမီမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းအတွက် စွမ်းဆောင်နိုင်ခဲ့တဲ့ အရာတွေကြောင့် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး မကြာသေးခင်က FIFA The Best ဆုပေးပွဲမှာ အကောင်းဆုံး ဂိုးသမားဆုကို ရရှိခဲ့တာပါ။

မာတီနက်ဇ်ကိုတွေ့ရစဉ်
အသက် ၃၂ နှစ်အရွယ်ရှိ အီမီမာတီနက်ဇ်ဟာ ဘယ်အချိန်မှာ ကစားသမားဘဝကနေ အနားယူမလဲဆိုပြီး မေးမြန်း ခံခဲ့ရချိန်မှာ အာဂျင်တီးနားအသင်းနဲ့ နောက်ထပ် ကမ္ဘာ့ဖလားရယူပြီးရင် အနားယူမယ်လို့ ဖြေခဲ့ပါတယ်။
ဒါအပြင် အီမီမာတီနက်ဇ်က သူဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှာ နိုင်ငံအသင်းကနေ အနားယူဖို့ နီးစပ်ခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။
အီမီမာတီနက်ဇ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူ ကာကွယ်ပြီး ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
အီမီမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆု အပါအဝင် ၂၀၂၁ နဲ့ ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 921
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ပေါ့ဘာရဲ့ အစ်ကိုဖြစ်သူ မာသီးယက်စ်ဟာ ညီဖြစ်သူကို ခြိမ်းခြောက်ငွေညှစ်တဲ့ အဖွဲ့ထဲမှာ ပါဝင်ခဲ့တာကြောင့် ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ကြေးငွေ ပေါင် ၁၆,၅၀၀ မှတ်ခံခဲ့ရပါတယ်။
မာသီးယက်စ်ဟာ ၂၀၂၂ ခုနှစ် ကုန်ပိုင်းမှာ ညီဖြစ်သူ ပေါ့ဘာဆီကနေ ပေါင် ၁၁ သန်း ငွေညှစ်ဖို့ ကြံစည်ခဲ့တဲ့ အဖွဲ့ထဲမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး တရားစွဲဆိုခြင်းခံခဲ့ရတာပါ။
အခုအချိန်မှာတော့ ပါရီရှိ တရားရုံးတစ်ခုက မာသီးယက်စ်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး ဒီထဲက ၂ နှစ်ကို ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မာသီးယက်စ်ဟာ ထောင်ဒဏ် ကျခံရမယ့် ၁ နှစ်ကိုလည်း ထောင်ထဲမှာ မနေရဘဲ အီလက်ထရောနစ် လက်ပတ်နဲ့ နေရဖွယ်ရှိနေတာပါ။
ပေါ့ဘာက အစ်ကိုဖြစ်သူ မာသီးယက်စ် အပါအဝင် ငယ်သူငယ်ချင်း အစုအဖွဲ့တွေဟာ သူ့ဆီကနေ ငွေတောင်းခံ နေတာ ကြာပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့ထံ ပြောခဲ့တာဖြစ်ပါတယ်။
မာသီးယက်စ်ဟာ ဝရက်စ်ဟမ်း၊ ခရူဝီ၊ ခရော်လေတောင်းနဲ့ ဂီနီ လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားခဲ့တာပါ။

ပေါ့ဘာကိုတွေ့ရစဉ်
ဒီအမှုမှာ ပါဝင်ခဲ့တဲ့ အခြားတရားခံ ၅ ဦးကိုလည်း အပြစ်ရှိကြောင်း တွေ့ခဲ့ရတဲ့အတွက် ၄ နှစ်၊ ၅ နှစ်၊ ၈ နှစ် ထောင်ဒဏ်နဲ့ ဒဏ်ကြေးငွေတွေ ချမှတ်ခဲ့ပါတယ်။
မာသီးယက်စ်ရဲ့ ရှေ့နေဖြစ်သူကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ပြင်းထန်ပြီး မာသီးယက်စ် အယူခံဝင်မယ်လို့ ထင်ကြောင်း ပြောခဲ့ပါတယ်။
ပေါ့ဘာဟာ လက်ရှိအချိန်မှာ တားမြစ်ဆေး သုံးစွဲမှုကြောင့် ပွဲပယ်ခံရတဲ့ ပြစ်ဒဏ် လျှော့ချခံရပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လမှာ ဘောလုံးပြန်လည် ကစားခွင့် ရရှိတော့မှာပါ။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် အသင်းသစ် ရှာဖွေမှုပြုလုပ်နေပြီး အသင်း အများအပြားရဲ့ ချိတ်ဆက်မှုတွေလည်း ခံနေရပါတယ်။
ပေါ့ဘာဟာ ဇန်နဝါရီမှာ လေ့ကျင့်ခန်း စတင်ပြုလုပ်လို့ရမှာဖြစ်လို့ မကြာခင်မှာ အသင်းသစ်ရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 862
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ရှမ်ရှော့ခ်ရိုဗာအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ဟက်ထရစ် ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး မာ့ခ်ဂီအူဟာ အနည်းငယ် မပျော်ရွှင်ဘူးလို့ နည်းပြမာရက်စ်ကာက ဝန်ခံခဲ့ပါတယ်။
မာရက်စ်ကာက “ဂျက်ဆန်နဲ့ အန်ကွန်ကူတို့က ကောင်းမွန်စွာ လုပ်ဆောင်နေကြတဲ့အတွက် မာ့ခ်ဟာ အနည်းငယ် မပျော်ရွှင်ဘူး ဖြစ်နေပါတယ်။ ခင်ဗျားက နံပါတ် ၉ နေရာမှာ ကစားပြီး နောက်ထပ်နံပါတ် ၉ နေရာမှာ ကစားတဲ့သူ က ကောင်းမွန်စွာ လုပ်ဆောင်နေရင် ဒါက မေးခွန်း ထုတ်ရမယ့်အရာပါ။ သူတို့နေ့တိုင်း အလုပ်ကြိုးစားဖို့ အရေး ကြီးပြီး ဒါမှ သူတို့အခွင့်အရေးရမှာပါ။ ဒီပွဲက စွမ်းဆောင်ရည်နဲ့ ရလဒ်အပေါ် ကျနော် အလွန်ပျော်ရွှင်တယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ အသက် ၁၈ နှစ်အရွယ်ရှိ မာ့ခ်ဂီအူရဲ့ ခြေစွမ်းပြသမှုနဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ မာ့ခ်ဂီအူဟာ ချယ်လ်ဆီးအသင်းမှာ ဂျက်ဆန်၊ အန်ကွန်ကူတို့ရဲ့ အနောက်မှာသာ ပွဲကစားနေရပြီး ပွဲကစားချိန် ပိုပြီးရရှိချင်နေတာကြောင့် မပျော်ရွှင်ဘူး ဖြစ်နေတာပါ။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကတော့ ဒီပွဲစဉ်က မာ့ခ်ဂီအူရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးခဲ့ပြီး ဒီထက်ပိုကြိုးစားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
မာ့ခ်ဂီအူဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုး သွင်းယူထားပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁ ပွဲသာ ပါဝင်ကစားခွင့် ရထားတာပါ။
ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ကွန်းဖရန့်လိဂ် ပြိုင်ပွဲမှာရော ပရီးမီးယားလိဂ် ပြိုင်ပွဲမှာပါ အကောင်းဆုံး ပုံစံပြသနေပြီး ချန်ပီယံဆု ပြေးလမ်းကြောင်းထဲကို ဝင်ရောက်နေပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဲဗာတန်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 950
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ စပါးအသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ စပါးအသင်းဟာ ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းက အနောက်ကနေလိုက်ကာ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာပါ။
စပါးအသင်းအတွက် ဂိုးတွေကို ဆိုလန်ကီက ၂ ဂိုး၊ ကူလူဆက်ဗ်စကီးနဲ့ ဆွန်ဟောင်မင်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပြီး ယူနိုက်တက်အသင်းအတွက် ချေပဂိုးတွေကို ဇက်ခ်ဇီ၊ အာမတ်နဲ့ အီဗန်စ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ နိုင်ပွဲနဲ့အတူ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်း ကတော့ ပြည်တွင်းဖလားပြိုင်ပွဲ တစ်ခုကနေ ထွက်ခွာခဲ့ရပြီဖြစ်တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်း ဂိုးသမား ဘယင်ဒါနဲ့ စပါးအသင်း ဂိုးသမား ဖရေဆာဖော်စတာတို့ဟာ အမှားအယွင်း တွေ ပြုလုပ်ခဲ့ကြပါတယ်။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဖရေဆာဖော်စတာဟာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပေမယ့် အမှားအယွင်းတွေကြောင့် သူစိတ်ပျက်နေတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းဟာ အရှုံးကနေ ပြန်လာနိုင်ဖို့ အကောင်းဆုံး ကြိုးပမ်းခဲ့ကြ ပေမယ့် ၄ ဂိုးမြောက် သွင်းဂိုး ခွင့်ပြုခဲ့ရတာက ပြိုင်ပွဲကနေ ထွက်ခွာဖို့ ဖြစ်စေခဲ့တယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို လူစာရင်းကနေ ထပ်ချန်လှပ်ခဲ့ပြီး နည်းပြအာမိုရင်က သူဟာ အသင်းမှာ အနာဂတ်ရှိနေသေးတယ်လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်း လူစာရင်းကနေ ၂ ပွဲဆက်တိုက် ချန်လှပ်ခံခဲ့ရတာပါ။
ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေအပြီး ဆီမီးဖိုင်နယ် ပွဲစဉ်တွေအတွက် မဲခွဲခဲ့တာမှာ စပါးအသင်းက လီဗာပူးလ်အသင်း၊ အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းတို့နဲ့ တွေ့ဆုံနေကြပါတယ်။
ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို နှစ်ကျော့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့ကို ဇန်နဝါရီ ဒုတိယ အပတ်နဲ့ ဒုတိယအကျော့ကို ဖေဖော်ဝါရီ ပထမအပတ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: BBC
