- By CNI
- Category: အားကစား
- Hits: 335
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀
ရာပီနိုးဟာ တောင်အာဖရိကအသင်းနဲ့ ခြေစမ်းပွဲမှာ အမေရိကန်အမျိုးသမီးအသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားမယ်လို့ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။ ဒီ ခြေစမ်းပွဲကို စက်တင်ဘာ ၂၄ ရက် ချီကာဂိုမှာ ကျင်းပသွားမှာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ ရာပီနိုးဟာ NWSL လိဂ်ပြိုင်ပွဲပြီးဆုံးမယ့် နိုဝင်ဘာလမှာ ကစားသမားဘဝက အနားယူ တော့မယ်လို့ ပြီးခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်က ကြေညာခဲ့တာဖြစ်ပါတယ်။ ဝါရင့်ရှေ့တန်း ကစားသမားဟာ အမေရိကန်အမျိုးသမီးအသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ နဲ့ ၂၀၁၉ ခုနှစ်ကပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
ရာပီနိုးဟာ အမေရိကန်အသင်းကို ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိအောင်လည်း ကူညီပေးနိုင် ခဲ့ပါတယ်။ အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွီဒင်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတာပါ။ ရာပီနိုးဟာ ဆွီဒင်အသင်းနဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ အမေရိကန်ကစားသမား ၃ ဦးထဲမှာ ၁ ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။
ရာပီနိုးက “လူတွေက ကျမကစားသမားဘဝကနေ အနားယူသွားလို့ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ကောင်းထင်ကြပေမယ့် ပွဲတွေကစားခဲ့တဲ့ နှစ်ပေါင်း ၃၀ ကို ပြန်ပြီးတွေးကြည့်ရင် ဝမ်းသာရပါတယ်။ ဒါဟာမယုံနိင်စရာခရီးစဉ်တစ်ခုပါပဲ။ ကျမနိုင်ငံအတွက် နောက်ဆုံးအခွင့်အရေးကို ရခဲ့တာကတော့ ထူးခြား ပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ရော၊ လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ နှစ်ပေါင်းများစွာလက်တွဲခဲ့တဲ့ အသင်းဖော် တွေနဲ့ အားလုံးကို ကျေးဇူးတင်ဖို့ အခွင့်အရေးရမှာပါ” လို့ ပြောခဲ့ပါတယ်။
ရာပီနိုးဟာ အမေရိကန်အသင်းအတွက် ၂၀၃ ပွဲ၊ သွင်းဂိုး ၆၃ ဂိုး၊ ဂိုးဖန်တီးမှု ၇၃ ဂိုးနဲ့ နိုင်ငံလက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်တော့မှာပါ။ ရာပီနိုးဟာ LGBT+ အခွင့်အရေးတွေနဲ့ အမျိုးသမီးဘောလုံး သမားတွေအတွက် လစာတန်းတူညီမျှရရှိဖို့အတွက် တိုက်ပွဲဝင်နေတဲ့သူအဖြစ်လည်း ရပ်တည်နေတာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 306
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀
စပါးအသင်းဟာ ကာရာဘောင်းဖလားဒုတိယအဆင့်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တာမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ပွဲချိန်အတွင်းမှာ ဖူလ်ဟမ်အသင်းက စပါးအသင်းကစားသမား ဗန်ဒီဗန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ရစ်ချာလီဆန်က စပါးအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့လို့ ၁ ဂိုးစီသရေနဲ့ ပင်နယ်တီ အဆုံး အဖြတ်ခံယူခဲ့ရတာပါ။ ပင်နယ်တီအဆုံးအဖြတ်မှာ ဖူလ်ဟမ်အသင်းက ၅ ဂိုးစလုံးဝင်ခဲ့ပြီး စပါးအသင်းဘက်က ဒါဗန်ဆန် ဆန်းချက်ဇ်ဂိုးမဝင်ခဲ့လို့ ဖူလ်ဟမ်အသင်း ၅ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ ၃ ပွဲကစားအပြီးမှာ ရှုံးပွဲမရှိရလဒ်ကောင်းတွေရနေတဲ့ စပါးအသင်းဟာ ဒီရာသီ ပြည်တွင်း ဖလားပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရတာပါ။ စပါး အသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ကစားသမား ၉ ဦးအထိပြောင်းလဲပြီး ပွဲထွက်ခဲ့ပေမယ့် နည်းပြ ပိုစတီကိုဂလူးက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်သွားခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ကျနော့်ကစားသမားတွေကို ကျနော်ဘယ်လိုရှာဖွေရမှာလဲ။ ကစားသမားတွေကို ပါဝင်နိုင်ဖို့ အတွက် အခွင့်အရေးပေးဖို့ လိုအပ်ပါတယ်။ ကျနော်လုပ်ခဲ့တဲ့ အပြောင်းအလဲတွေက အံ့သြစရာတော့ မဟုတ် ပေမယ့် ကျနော်တို့ အကောင်းဆုံးမလုပ်ဆောင်နိုင်ခဲ့ကြပါဘူး။ အသင်းဟာ ကြီးထွားလာနိုင်မယ့် နည်းလမ်းမျိုးစုံ ရှိသလို စရိုက်လက္ခဏာအစစ်အမှန်ကိုလည်း ကျနော်တို့ပြသခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့ဟာ အနိုင်ရဖို့ အတွက် အချိန်တွေရှိခဲ့ပေမယ့် ပင်နယ်တီမှာ ရှုံးနိမ့်သွားခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
စပါးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် ဘန်လေအသင်းနဲ့ စက်တင်ဘာ ၂ ရက် အဝေးကွင်းမှာ ယှဉ်ပြိုင် ရမယ်လို့ သိရပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 427
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀
ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအစည်းအရုံး(PFA)ကပေးတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက ရရှိသွားခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိတိုက်စစ်မှူးဟာ မန်စီးတီးအသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံသွင်းဂိုး ၅၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့အတူ ဆုဖလား ၃ လုံးရယူနိုင်ခဲ့တာပါ။ ဟာလန်းဟာ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်းဖော်တွေဖြစ်တဲ့ ဒီဘရိုင်းနဲ့ဂျွန်စတုန်းစ်၊ အာဆင်နယ်အသင်းက ဆာကာနဲ့ အိုဒီဂတ်၊ စပါးအသင်းကစားသမားဟောင်း ဟာရီကိန်းတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။
ဟာလန်းက “ဒီလိုဂုဏ်ထူးဆောင်ဆုကို ရယူနိုင်ခဲ့တာက ဂုဏ်ယူစရာပါပဲ။ ပြိုင်ဘက်တွေရဲ့ အသိအမှတ်ပြု ခံရတာက အလွန်ကောင်းမွန်တဲ့ခံစားချက်ဖြစ်ပြီး ကျနော့်ကို မဲပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီဟာ ကျနော့်အတွက်ရော အသင်းအတွက်ပါ မမေ့နိုင်တဲ့ရာသီပါ။ ဆုဖလား ၃ လုံး ကိုရယူနိုင်ဖို့က ကျနော်ဘယ်တုန်းကမှ စိတ်ကူးထဲတောင် မတွေးဖူးတဲ့အရာဖြစ်ပါတယ်။ အခုနှစ်မှာလည်း မနှစ်ကလိုပဲ ထပ်ပြီးလုပ်ချင်ပါတယ်” လို့ ဆုယူအပြီးမှာ ပြောခဲ့တာပါ။
တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ အာဆင်နယ်အသင်းတောင်ပံကစားသမား ဆာကာက ရရှိခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၁၅ ဂိုးအထိ သွင်းယူပြီး အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့အတွက် အနီးစပ်ဆုံးအခြေအနေအထိ ရောက်ရှိ အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
အဲဒါကြောင့်လည်း ဆာကာဟာ ဟာလန်း၊ ကိုင်စီဒို၊ ရမ်ဆေး၊မာတင်နယ်လီနဲ့ အီဗန်ဖာဂူဆန်တို့ကို အနိုင်ရပြီး ဒီဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကပေးတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်က ရရှိသွားခဲ့တာပါ။
PFA ရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းမှာတော့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကစားသမားတွေကသာ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ဂိုးသမားအဖြစ် ရမ်စဒေးလ်၊နောက်တန်းမှာ ထရစ်ပီယာ၊ ရူဘင်ဒီယက်ဇ်၊ဂျွန်စတုန်းစ်နဲ့ ဆာလီဘာ၊ ကွင်းလယ်မှာ ဒီဘရိုင်း၊ရိုဒရီနဲ့ အိုဒီဂတ်၊ ရှေ့တန်းမှာ ဆာကာ၊ ဟာလန်းနဲ့ ဟာရီကိန်းတို့ ပါဝင်ခဲ့ ကြတာဖြစ်ပါတယ်။
PFA အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ရီချယ်ဒါလီက ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ ချယ်လ်ဆီးအသင်းတောင်ပံကစားသမား လော်ရန်ဂျိမ်းစ်က ရရှိသွားခဲ့ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 435
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉
ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ ကျင်းပနေတဲ့ အမေရိကန်အိုးပန်းပြိုင်ပွဲ ပထမအဆင့်မှာ အနိုင်ရပြီးနောက် လူငယ်ပြိုင်ဘက် ကားလို့စ်အယ်လ်ကာရတ်ဇ်ရဲ့ ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်လည်ရောက်ရှိ သွားခဲ့ပါတယ်။
ဂျိုကိုဗစ်ဟာ ပထမအဆင့်မှာ ပြင်သစ်တင်းနစ်သမား မူလာကို ၆-ဝ၊ ၆-၂၊ ၆-၃ နဲ့ အနိုင်ရပြီး ဒုတိယအဆင့် ရောက်ရှိသွားခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတာကြောင့် ပြီးခဲ့တဲ့နှစ်က အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ ဂျိုကိုဗစ်ဟာ အခုနှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့အတွက် စံချိန်တင်ဂရမ်းဆလမ်းဆုဖလား၂၄ ကြိမ်မြောက်ရယူနိုင်ဖို့ မျှော်လင့်လို့ရပြီဖြစ်တာပါ။
ဂျိုကိုဗစ်ဟာ အခုနှစ်ထဲမှာ ဂရမ်းဆလမ်းပြိုင်ပွဲတွေဖြစ်တဲ့ သြစတြေးလျအိုးပန်းနဲ့ ပြင်သစ်အိုးပန်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ ကားလို့စ်အယ်လ်ကာရတ်ဇ်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ကားလို့စ်အယ်လ်ကာရတ်ဇ်ဟာ ဂျိုကိုဗစ်မပါဝင်နိုင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အတွက် အခုနှစ်ပြိုင်ပွဲကို ဆီဒင်သတ်မှတ်ချက် ၁ အဖြစ်သတ်မှတ်ခြင်းခံထားရတာပါ။
ဂျိုကိုဗစ်နဲ့ ကားလို့စ်အယ်လ်ကာရတ်ဇ်တို့ဟာ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ ရေပန်း အစားဆုံး အဖြစ် ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ ဒီပြိုင်ပွဲမှာ ဆီဒင်သတ်မှတ်ချက်ထိပ်ဆုံး ၂ ဦး အဖြစ် သတ်မှတ်ခံထားရတာကြောင့် ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိမှသာ တွေ့ဆုံနိုင်မယ်လို့ သိရပါတယ်။ ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆု ၃ ကြိမ်ရရှိထားပြီး ၂၀၁၈ ခုနှစ်က ပြိုင်ပွဲမှာ နောက်ဆုံး ရရှိခဲ့တာပါ။
အသက် ၂၀ နှစ်အရွယ်ရှိ ကားလို့စ်အယ်လ်ကာရတ်ဇ်ကတော့ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံ ဆုရရှိခဲ့တဲ့ ၁ ကြိမ်သာအောင်မြင်မှုရရှိထားတာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 446
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉
ပေါ်တူဂီကွင်းလယ်လူ မာသီးယက်စ်နူနက်စ်ဟာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ချင်နေတာကြောင့် ဝုလ်ဗ်စ် အသင်းနဲ့ လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆန်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
မန်စီးတီးအသင်းဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် မာသီးယက်စ်နူနက်စ်ကို ပေါင် ၄၇ သန်းနဲ့ ကမ်းလှမ်း ခဲ့တာကို ဝုလ်ဗ်စ်အသင်းက ပယ်ချထားတာပါ။ ဝုလ်ဗ်စ်အသင်းဟာ မာသီးယက်စ်နူနက်စ်အတွက် ပြောင်းရွှေ့ ကြေး ပေါင်သန်း ၆၀ ကျော်အလိုရှိနေတာကြောင့် မန်စီးတီးအသင်းဆီကနေ နောက်ထပ်ကမ်းလှမ်းမှုတွေထပ်ပြီး ရရှိဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ပေါ်တူဂီကစားသမားကတော့ သူထွက်ခွာချင်တယ်ဆိုပြီး ဝုလ်ဗ်စ်အသင်းကို ပြောထားသလို အသင်းနဲ့ လေ့ကျင့်မှု လည်း လာရောက်ပြုလုပ်ခြင်းမရှိဘူးလို့ The Athletic က ဖော်ပြထားတာပါ။ ဝုလ်ဗ်စ်အသင်းက လေ့ကျင့်ရေး ကွင်းကို လာရောက်ခဲ့ခြင်းမရှိတဲ့ မာသီးယက်စ်နူနက်စ်ကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေပြုလုပ်သွားမယ် လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့နှစ်ကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ဝုလ်ဗ်စ်အသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။ မာသီးယက်စ်နူနက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဝုလ်ဗ်စ်အသင်း ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှင်သန်နိုင်အောင် အဓိကခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားတွေထဲကတစ်ဦးလည်း ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့မပိတ်ခင်မှာ မာသီးယက်စ်နူနက်စ်အတွက် ဝုလ်ဗ်စ်အသင်း လက်ခံနိုင်မယ့် ကမ်းလှမ်းမှုပြုလုပ်ပြီး ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။ မာသီးယက်စ်နူနက်စ်ဟာ ဝုလ်ဗ်စ်အသင်းအတွက် ၄၁ ပွဲပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူထားပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 493
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉
ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး လူကာကူအတွက် ရိုးမားအသင်းက ကမ်းလှမ်းတဲ့ အငှားခေါ်ယူကြေး ပေါင် ၅ သန်းကို လက်ခံလိုက်တဲ့အတွက် အပြောင်းအရွှေ့ဖြစ်ဖို့ သဘောတူညီမှုရရှိသွားပြီလို့ The Telegraph က ဖော်ပြ ထားပါတယ်။
လူကာကူဟာ ရိုးမားအသင်းထံ အခုရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး လုပ်ခလစာအဖြစ် ပေါင် ၆ သန်းရရှိမှာပါ။ ချယ်လ်ဆီးအသင်းဟာ နည်းပြ ပိုချက်တီနိုရဲ့ အစီအစဉ်မှာ ပါဝင်ခြင်းမရှိတော့တဲ့ လူကာကူကို ရောင်းချဖို့ လုပ်ဆောင်ခဲ့ပေမယ့် အပြောင်းအရွှေ့ပြီးဆုံးဖို့ နီးကပ်လာတဲ့အတွက် အငှားချဖို့သာ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အင်တာမီလန်၊ဂျူဗင်တပ်စ်၊ ဆော်ဒီကလပ် အယ်လ်ဟီလယ် အသင်း တွေနဲ့ သတင်းတွေထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။
အဲဒါကြောင့် တိုက်စစ်ကစားသမားလိုအပ်ချက်ရှိနေတဲ့ ရိုးမားအသင်းက လူကာကူကို ခေါ်ယူဖို့ ချယ်လ်ဆီး အသင်းထံ ချိတ်ဆက်မှုပြုလုပ်ခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း ဆရာဟောင်း မော်ရင်ဟိုရှိတဲ့အသင်းထံ ပြောင်းရွှေ့ချင်ခဲ့တာပါ။ ချယ်လ်ဆီးနဲ့ ရိုးမားအသင်းတို့ဟာ လူကာကူရဲ့ အငှားအပြောင်းအရွှေ့အတွက် ဆွေးနွေးမှု တွေပြုလုပ်အပြီးမှာ သဘောတူညီမှုရရှိသွားခဲ့တာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ အငှားခေါ်ယူကြေးအပြင် လူကာကူရဲ့ လုပ်ခလစာကိုပါ ပေးချေရမှာပါ။
လူကာကူဟာ ရိုးမားအသင်းနဲ့ အငှားစာချုပ်ပြည့်ပြီး ချယ်လ်ဆီးအသင်းထံ ပြန်ရောက်လာခဲ့မယ်ဆိုရင် သူ့ရဲ့ လုပ်ခလစာကိုလျှော့ပြီးယူဖို့လည်း သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ နည်းပြ မော်ရင်ဟိုရဲ့ လက်အောက် ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတွေမှာ ကစားခဲ့တုန်းက ၇၆ ပွဲမှာ ၃၃ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် ပေါ်တူဂီလူမျိုးနည်းပြက သူ့ရဲ့ အကောင်းဆုံးပုံစံတွေကို ပြန်လည်ရရှိအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေတာပါ။
ရိုးမားအသင်းဟာ အခုရာသီ စီးရီးအေ ၂ ပွဲကစားအပြီးမှာ ရမှတ် ၁ မှတ်သာရရှိထားပြီး ရလဒ်ဆိုးနေတာကြောင့် လာမယ့် အေစီမီလန်အသင်းနဲ့ ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source:Goal
- By cni
- Category: အားကစား
- Hits: 369
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉
စပိန်ကွင်းလယ်လူ ဟာမိုဆိုကို နမ်းခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်က ရူဘီယာလက်စ်ကို ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ဖို့တောင်းဆိုပြီးနောက် ဖီဖာကလည်း ဘောလုံးနဲ့ ပတ်သက်ခွင့် ၁၅ နှစ်ကြာပိတ်ပင်ဖို့ စီစဉ်နေပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲတွေဟာ ရူဘီယာလက်စ်ကို ရာထူးကနေ ချက်ချင်းနုတ်ထွက်ဖို့ တောင်းဆိုခဲ့ တာဖြစ်ပြီး သူ့ရဲ့ လက်ခံနိုင်စရာမရှိတဲ့ အပြုအမူဟာ စပိန်ဘောလုံးလောကကို ဆိုးရွားစွာထိခိုက်နိုင်စေတယ်လို့ ပြောခဲ့တာပါ။ အစောပိုင်းက စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ရူဘီယာလက်စ်ဘက်ကနေ ရပ်တည်ခဲ့ပေမယ့် ဖီဖာက စပိန်လက်ရွေးစင်တွေနဲ့ ကလပ်အသင်းတွေကို ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ပိတ်ပင်နိုင်တယ်လို့ ပြောခဲ့တာကြောင့် ဆုံးဖြတ်ချက် ပြန်ပြောင်းခဲ့တာဖြစ်ပါတယ်။
ဖီဖာဟာ ရူဘီယာလက်စ်ကို ၁၅ နှစ်ကြာအထိ ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်တဲ့ သတင်းရင်းမြစ်က Mail Sport ကို ပြောခဲ့တာပါ။ ဖီဖာဟာ ပြီးခဲ့တဲ့အပတ်ကမှ ရူဘီယာလက်စ်ကို ရက်ပေါင်း ၉၀ ကြာဘောလုံးနဲ့ ပတ်သက်ခွင့်ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ချမှတ်ထားတာဖြစ်ပါတယ်။ စပိန် ဘောလုံး အဖွဲ့ချုပ်ဟာ စပိန်အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် ကလပ်အသင်းတွေကို ဥရောပပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပိတ်ပင်ဖို့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ဖီဖာက စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေခဲ့တာကြောင့် စပိန် ဘောလုံး အဖွဲ့ချုပ်ရဲ့တောင်းဆိုမှုကို ဥရောပဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့တာပါ။ အဲဒါကြောင့် စပိန်ဘောလုံး အဖွဲ့ချုပ် အကြီးအကဲတွေဟာ သြဂုတ် ၂၈ ရက်က ၅ နာရီကျော်ကြာအစည်းအဝေးပြုလုပ်ပြီးနောက် ရူဘီယာလက်စ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဖီဖာရဲ့ ဥပဒေတွေကို စပိန်ဘောလုံးအဖွဲ့ချုပ်က လက်မခံဘူးဆိုရင်တော့ ဖီဖာနဲ့ ဆက်စပ်တဲ့ ပြိုင်ပွဲတွေမှာ စပိန်လက်ရွေးစင်အသင်းတွေနဲ့ ကလပ်တွေအားလုံးယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရနိုင်တာပါ။ ဒီလိုပိတ်ပင်မယ်ဆိုရင် ဥရောပဘောလုံးအဖွဲ့ချုပ်အတွက်လည်း ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။
ရူဘီယာလက်စ်ရဲ့ မိခင်ကတော့ သားဖြစ်သူအပေါ်စွပ်စွဲချက်တွေကို ဘုရားကျောင်းတစ်ခုမှာ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 446
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၈
ဒဏ်ရာအိပ်မက်ဆိုးတွေကနေ ပွဲပြန်ကစားနိုင်ခဲ့ပြီးနောက် ပေါ့ဘာက ဂျူဗင်တပ်စ်အသင်းကို ဆုဖလားတွေ ရရှိအောင် ကူညီပေးချင်တယ်လို့ ပြောခဲ့ပါတယ်။
ပေါ့ဘာက “ကျနော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်လာပြီး ထိပ်ဆုံးရောက်အောင် ပြန်သွားချင်ပါတယ်။ ကျနော်ဟာ ဒီမှာရှိခဲ့တဲ့ အရင်တုန်းကလို ဆာလောင်နေတုန်းပါပဲ။ ကျနော်ဟာ အသက် ၃၀ ပဲရှိသေးပြီး ပရိသတ်တွေကို ဆုဖလားတွေ ရယူပေးချင်ကာ ကွင်းထဲကို လာချင်တဲ့ဆန္ဒရှိအောင် လုပ်ပေးချင်ပါတယ်”လို့ DAZN ကို ပြောခဲ့ တာပါ။
ပေါ့ဘာဟာ ဘိုလော့ဂ်နာအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အခုနှစ် ဘောလုံးရာသီ ဂျူဗင်တပ်စ် အသင်းရဲ့ ပထမဆုံးပွဲစဉ်အဖြစ် လူစားဝင်ရောက်ပြီး ကစားသွားခဲ့တာ ဖြစ်ပါတယ်။
ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာနှိပ်စက်မှုကြောင့် ပွဲအများအပြား လွဲချော်ခဲ့ရတဲ့အတွက် အခုရာသီမှာ အကောင်းဆုံးပုံစံနဲ့ ဂျူဗင်တပ်စ်အသင်းကို ဆုဖလားတွေ ရယူပေးနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတာပါ။
ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ဂျူဗင်တပ်စ်အသင်းကို ဒုတိယအကြိမ်မြောက် ရောက်ရှိလာခဲ့တဲ့ ပြင်သစ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ ဒဏ်ရာကြောင့် အမေရိကန်ကို သွားရောက်တဲ့ အသင်းရဲ့ ရာသီကြိုခရီးစဉ်မှာ တစ်ပွဲမှ ပါဝင်ကစား နိုင်ခြင်း မရှိခဲ့ပေမယ့် နည်းပြ အယ်လီဂရီက ဘိုလော့ဂ်နာနဲ့ စီးရီးအေပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် စတင် အသုံးပြုခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်အပတ်မှာ အမ်ပိုလီအသင်းနဲ့ စီးရီးအေပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ပေါ့ဘာဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ စီးရီးအေ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင်၊၁ ပွဲသရေ ရမှတ် ၄ မှတ်ရရှိထားပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 306
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၈
ဆော်ဒီအသင်းဟာ အီတလီအသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာ နှစ်ပတ်ကြာသာရှိသေးတဲ့ မန်ချီနီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
မန်ချီနီဟာ အီတလီအသင်းကို ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကိုင်တွယ်နိုင်ခဲ့သလို ပြိုင်ပွဲစုံ ၃၇ ပွဲ ဆက်တိုက် ရှုံးပွဲမရှိတဲ့ ကမ္ဘာ့စံချိန်တင် နိုင်ခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိအောင်တော့ မစွမ်းဆောင် ပေးနိုင်ခဲ့ပါဘူး။
မန်ချီနီဟာ ဆော်ဒီအသင်းရဲ့ နည်းပြအဖြစ် ၂၀၂၇ အထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်ကို ယူရိုသန်း ၃၀ ရရှိမယ်လို့ သိရပါတယ်။
မန်ချီနီကို တွေ့ရစဉ်
မန်ချီနီက “အာရှမှာ ဘောလုံးရဲ့ ရေပန်းစားမှုက ကြီးထွားလာသလို နိုင်ငံသစ်မှာ ဘောလုံး အတွေ့အကြုံရဖို့ အတွက် ဒါက ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခုလို့ ကျနော်ယုံကြည်ပါတယ်။ ဆော်ဒီပရိုလိဂ်မှာ ထိပ်တန်း ကစားသမားတွေ ရှိနေတာက နိုင်ငံရဲ့ဘောလုံး တိုးတက်မှု အလားအလာကို ညွှန်ပြနေပါတယ်။ ကျနော်ဟာ ဥရောပမှာ သမိုင်းကို ဖန်တီးနိုင်ခဲ့သလို အခုဆော်ဒီမှာ သမိုင်းကိုဖန်တီးဖို့ အချိန်ရောက်ပြီ”လို့ ပြောခဲ့ပါတယ်။
ဆော်ဒီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းကို အံ့အားသင့် ဖွယ် အနိုင်ရခဲ့ပေမယ့် အုပ်စုအဆင့်ကနေတော့ ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိပါဘူး။
မန်ချီနီဟာ ဆော်ဒီအသင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပမယ့် အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကိုင်တွယ်ရဖို့ ရှိနေပါတယ်။ ဆော်ဒီအသင်းဟာ အာရှဖလားပြိုင်ပွဲမှာ ထိုင်း၊ ကာဂျစ္စတန်၊ အိုမန်တို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေတာပါ။
ဆော်ဒီအသင်းဟာ စက်တင်ဘာ ၈ ရက်မှာ ကော်စတာရီကာ အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲကို မန်ချီနီက သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် စတင်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
Source: CNA
- By cni
- Category: အားကစား
- Hits: 299
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၈
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ အော့စ်ဘတ်အသင်းကို အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲမှာ ဘိုင်ယန်မြူး နစ် အသင်းအတွက် ခြေစွမ်းပြ ဂိုးသွင်းယူပြီးနောက် အသင်းပရိတ်တွေရှေ့မှာ ဂိုးသွင်းယူနိုင်တာက ထူးခြားတဲ့ ခံစားချက်လို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းက “ဒီနေ့က အလွန်ကောင်းတဲ့ပွဲပါ။ ပရိသတ်တွေရှေ့မှာ ဂိုးသွင်းယူနိုင်ခဲ့တာက ထူးခြားတဲ့ ခံစားချက် ပါ။ တိုးတက်မှုတွေ အများကြီးရှိသေးပေမယ့် နိုင်ပွဲ ၂ ပွဲနဲ့ ရာသီကို စတင်ရတာက အလွန်ကောင်းမွန်တဲ့ စတင်မှု တစ်ခုပါပဲ။ ပရိသတ်တွေရဲ့အားပေးမှုကို အမြဲတမ်း ကျေးဇူးတင်ပါတယ်။ ကွင်းထဲမှာ ကျနော့်နာမည်ကို သီဆိုနေ တဲ့ တစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထားတယ်ဆိုတာ ခင်ဗျားတို့သိပါတယ်”လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီသစ် ဘွန်ဒစ်လီဂါပွဲစဉ် ၂ အဖြစ် အော့စ်ဘတ်အသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဟာရီကိန်းဟာ ဒီပွဲမှာ ဂျာမန်ချန်ပီယံအသင်းအတွက် ၂ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းသားများကိုတွေ့ရစဉ်
ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါ အဖွင့်ပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးသွင်း ယူနိုင်ခဲ့တာကြောင့် ဘွန်ဒစ်လီဂါ အဖွင့်ပွဲစဉ် ၂ ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ တာပါ။
ဘိုင်ယန်မြူးနစ် အသင်းနည်းပြ တူချယ်လ်က အသင်းဟာ သူလိုချင်တဲ့ ပုံစံအတိုင်း မရောက်သေးပေမယ့် အနိုင် ရလဒ်နဲ့ ထိုက်တန်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
တူချယ်လ်က “ကျနော်တို့ဟာ လေ့ကျင့်ရေးကွင်းမှာ လုပ်ခဲ့တဲ့ စွမ်းဆောင်ရည် အဆင့်မျိုးကို ရောက်ရှိအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီပွဲမှာ ကျနော်တို့ ပထမဆုံး သွင်းယူခဲ့တဲ့ဂိုးလို ကံကောင်းခြင်းနဲ့ ဂိုးအချို့ လိုအပ်ပါ တယ်။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ ပိုပြီးတည်ငြိမ်လာပြီး ပိုပြီးလည်း တိကျလာပါတယ်။ ကျနော်တို့ဟာ အခွင့် အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တဲ့အတွက် ဒီထက်ပိုပြီး ဂိုးသွင်းယူနိုင်ခဲ့သင့်ပါတယ်”လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါပွဲစဉ် ၃ အဖြစ် မိုချန်ဂလာဘတ် အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရ မယ်လို့ သိရပါတယ်။
Source: BBC