- By CNI
- Category: အားကစား
- Hits: 662
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်ဟမ်က လာမယ့် နွေရာသီမှာ ဘာဖြစ်မလဲဆိုတာ မသိပေမယ့် ဂါလာတာစာရေး အသင်းမှာ ဆက်ရှိနိုင်မယ့် အရိပ်အမြွက် ပြောခဲ့ပါတယ်။
အိုဆင်ဟမ်က “ရိုးရိုးသားသား ပြောရရင် အနာဂတ်နဲ့ပတ်သက်ပြီး ကျနော် မသိပါဘူး။ လွန်ခဲ့တဲ့ လအနည်းငယ် ကလည်း ဂါလာတာစာရေးအသင်းကို ကျနော် လာမယ်လို့ ကျနော်ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။ အခုလည်း နွေရာသီမှာ ဘာတွေဖြစ်မလဲဆိုတာ မသိပေမယ့် ဒီကလပ်ကို ကျနော် ချစ်တယ်ဆိုတာ လူတိုင်း နားလည်စေချင် ပါတယ်။ ပရိသတ်တွေရော အသင်းနဲ့ ပတ်သက်တဲ့သူ အားလုံးကိုရော ကျနော်ချစ်ပါတယ်။ ဒီမှာရှိနေရတဲ့ အချိန် တွေကို ကျနော်ပျော်ရွှင်တယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီက နာပိုလီအသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ အိုဆင်ဟမ်ဟာ ဂါလာတာစာရေးအသင်း အတွက် ၂၆ ပွဲ ပါဝင်ကစားအပြီးမှာ သွင်းဂိုး ၂၀ သွင်းယူထားတာ ဖြစ်ပါတယ်။
အိုဆင်ဟမ်ဟာ နာပိုလီအသင်းအတွက် ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ၄ ရာသီမှာ သွင်းဂိုး ၇၆ ဂိုးသွင်းယူပြီး ခြေစွမ်း ပြသနိုင်ခဲ့ပေမယ့် နည်းပြကွန်တီနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် အသင်းကနေ အငှားနဲ့ ထွက်ခွာခဲ့တာပါ။

အိုဆင်ဟမ်ကို တွေ့ရစဉ်
နာပိုလီအသင်းဟာ အိုဆင်ဟမ်အတွက် သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရရင် လာမယ့်နွေရာသီမှာ ရောင်းချသွားဖို့ရှိနေပါတယ်။
တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတဲ့ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ဟာ အိုဆင်ဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေကြတာပါ။
ဒီ ၃ သင်းစလုံးဟာ တိုက်စစ်ပိုင်း အခက်အခဲတွေကြောင့် လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့က အိုဆင်ဟမ်ကို အငှားနဲ့ခေါ်ယူဖို့ အသင်းကို တိုက်တွန်းမှုတွေပြုလုပ်ခဲ့သေးတာပါ။
အိုဆင်ဟမ် ပါဝင်ကစားနေတဲ့ ဂါလာတာစာရေးအသင်းဟာ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားပေမယ့် ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 632
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အစ်စဝှစ်ချ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားလဲခံရချိန် ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တဲ့ ဂါနာချိုနဲ့ သူစကားပြောသွားမယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ဒီဖြစ်ရပ်အတွက် ကျနော် ဂါနာချိုနဲ့ စကားပြောသွားမှာပါ။ ခင်ဗျားတို့က ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေနဲ့ ချိတ်ဆက်ချင်နေတာမလား၊ ကျနော်သိပါတယ်။ ကျနော် ဂါနာချိုနဲ့ စကားပြောသွားမှာဖြစ်ပြီး လာမယ့် သတင်းစာ ရှင်းလင်းပွဲမှာ ခင်ဗျားတို့သိချင်ရင် ကျနော် ဒီအကြောင်းပြောမှာပါ။ ကျနော်တို့ဟာ လူစားလဲမယ့် လူကို ရွေးချယ်ရာမှာ တည်ကန်ဘောတွေ အကြောင်းကို စဉ်းစားရမှာဖြစ်ပြီး ဒါကြောင့် ဂါနာချိုကို လူစားလဲခဲ့တာပါ”လို့ ပြောခဲ့တာပါ။
ဂါနာချိုဟာ ယူနိုက်တက်အသင်းက အစ်စဝှစ်ချ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရဲ့ပွဲထွက် လူစာရင်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဂါနာချိုကို တွေ့ရစဉ်
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ နောက်ခံလူသစ် ဒေါဂူတိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဂါနာချိုကို မက်ဇ်ရာအူရီနဲ့ လူစားလဲခဲ့ရတာပါ။
ဂါနာချိုဟာ လူစားလဲခံရချိန်မှာ စိတ်ပျက်ပြီး အဝတ်လဲခန်းဆီကို ဦးတည်တဲ့ ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်နဲ့အတူ လူစာရင်း ကနေ ချန်လှပ်ခြင်းခံခဲ့ရပေမယ့် အကောင်းဆုံးကြိုးစားခဲ့လို့ အသင်းလူစာရင်းထဲ ပြန်ပါဝင်ခွင့်ရခဲ့တာပါ။
ဒါပေမယ့် အာဂျင်တီးနားကစားသမားရဲ့ အစ်စဝှစ်ချ်အသင်းနဲ့ပွဲစဉ်က အပြုအမူကြောင့် လူစာရင်းကနေ ထပ်ပြီးတော့ ချန်လှပ်ခံရဖွယ်ရှိနေပြီး နည်းပြအာမိုရင်က သူနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အစ်စဝှစ်ချ်အသင်းနဲ့ပွဲမှာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် နိုင်ပွဲရယူနိုင်ခဲ့တာ ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးတာကို အဆုံးသတ်နိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ မတ်လ ၂ ရက်မှာ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 722
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
အာဆင်နယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ဂိုးမရှိ သရေကျပြီး ထိပ်ဆုံးနေရာက လီဗာပူးလ် အသင်းနဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့ပေမယ့် နည်းပြအာတီတာက ဆုဖလားကို လက်လွှတ်ဖို့ ငြင်းဆန်ထား ပါတယ်။
အာတီတာက “လွန်ခဲ့တဲ့ တစ်ပတ်၊ လွန်ခဲ့တဲ့ နှစ်ပတ်၊ လွန်ခဲ့တဲ့ ၃ လလောက်ကလည်း ဒီလိုပါပဲ။ ကျနော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ကျနော်တို့ရဲ့ပွဲတွေကို အနိုင်ရယူပြီး ရမှတ်ဘယ်လောက် ရယူနိုင်မလဲဆို တာ ကြည့်ရမှာပါ။ ဒီပွဲမှာ ကျနော်တို့ ၂ မှတ်လျော့ခဲ့ပြီး နာကျင်ရပါတယ်။ အနိုင်ရယူဖို့ ရောက်ရှိလာခဲ့တာကြောင့် ခံစားချက် မကောင်းပါဘူး။ ကျနော်တို့ဟာ နိုင်ပွဲရရှိချင်တာကြောင့် နည်းလမ်းပေါင်းမျိုးစုံနဲ့ ကြိုးစားခဲ့သလို ပွဲကိုလည်း ကြီးစိုးနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ရမှတ် ၅ မှတ်အထိ လျော့ခဲ့ပြီး အဲဗာတန်၊ အက်စတွန်ဗီလာအသင်းတို့နဲ့ သရေကျခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ အမှတ်လျော့မှုကို အခွင့်ကောင်း မယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဖောရက်စ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးပေါက် ကန်သွင်းမှု အများအပြား ရှိခဲ့ပေမယ့် ဂိုးပေါက် တည့်မှု ၁ ကြိမ်သာ ရှိခဲ့တာကြောင့် ရမှတ် ၃ မှတ် ရယူနိုင်ခဲ့ခြင်းမရှိတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းဟာ နယူးကာဆယ် အသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းကို ၁ ပွဲပိုကစားပြီး ရမှတ် ၁၃ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ် အပါအဝင် ပရီးမီးယားလိဂ် ၁၁ ပွဲကစားဖို့ ကျန်ရှိနေ သေးတာကြောင့် နည်းပြအာတီတာက ဆုဖလားပြိုင်ပွဲအတွက် သူတို့ရဲ့ချဉ်းကပ်ပုံကို မပြောင်းလဲဘူးလို့ ပြောထားတာပါ။
အာဆင်နယ်အသင်းဟာ အဓိကတိုက်စစ် ကစားသမားတွေရဲ့ ဒဏ်ရာကြောင့် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖောရက်စ်အသင်းနဲ့ပွဲက ကစားပုံဟာ ဝက်စ်ဟမ်းအသင်း နဲ့ပွဲကထက် ပိုပြီးကောင်းတယ်လို့ ပြောထားပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ပွဲစဉ်အဖြစ် PSV အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 729
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်က အသင်းအနေနဲ့ လက်ရှိ ရွေးချယ်မှုတွေထက် ပိုပြီးကောင်းတဲ့ ပေါ့ဘာကို ထပ်ပြီးခေါ်ယူဖို့ အကြံပေးခဲ့ပါတယ်။
ဒွိုက်ယော့ခ်က “ကျနော်ဆိုရင် ပေါ့ဘာကို တတိယအခွင့်အရေးပေးမှာ သေချာပါတယ်။ သူ့ကို စာချုပ်ချုပ်လိုက်ပြီး သက်သေပြဖို့ အချိန်ရှိပါတယ်။ သူဟာ လာရောက်ကစားပြီး ကျနော်တို့ကို ကူညီပေးနိုင်တဲ့ အခြေအနေမှာ ပေါ့ဘာက အလွန်စိတ်အား ထက်သန်နေမယ်ဆိုတာ သေချာပါတယ်။ ပေါ့ဘာဟာ အသက် ၃၁ နှစ်ရှိပြီဖြစ်ပေမယ့် သူဟာ ကျနော်တို့မှာ ရှိတဲ့သူတွေထက် အများကြီး ပိုကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ ကစားသမားကို အလွတ်နဲ့ရရင် ခေါ်ယူလိုက်ပါ”လို့ ပြောခဲ့တာပါ။

ပေါ့ဘာကို တွေ့ရစဉ်
တားမြစ်ဆေး သုံးစွဲမှုကြောင့် ပွဲကစားခွင့် ပိတ်ပင်ခံထားရတဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်း ခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။
ယူနိုက်တက်အကယ်ဒမီထွက် ပေါ့ဘာဟာ ၂၀၁၂ ခုနှစ်မှာ အသင်းကနေ ထွက်ခွာပြီးနောက် ဂျူဗင်တပ်စ်အသင်း ထံ ပြောင်းရွှေ့ခဲ့တာပါ။
ဒါပေမယ့် ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကနေ ယူနိုက်တက်အသင်းထံ ပြန်လည်ပြောင်းရွှေ့ လာခဲ့တာဖြစ်ပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရပြီး အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် စာချုပ်ကုန်ဆုံးတဲ့ ၂၀၂၂ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ပေါ့ဘာကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကလည်း ချိတ်ဆက်မှုတွေ ရှိသလို မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း အပါအဝင် အသင်းအများအပြားက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ဒွိုက်ယော့ခ်ကတော့ ယူနိုက်တက်အသင်းအနေနဲ့ ပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့ အကြံပေးခဲ့တာပါ။
ပေါ့ဘာဟာ မတ်လမှာ ဘောလုံးပွဲတွေ ပြန်ကစားခွင့် ရပြီဖြစ်လို့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မကြာခင်ရက်ပိုင်းအတွင်း ကြေညာသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 660
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က အသလက်တီကိုအသင်းနဲ့ ၄ ဂိုးစီ သရေကျခဲ့တဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့အမှားတွေအတွက် ဆင်ခြေမရှိဘူးလို့ ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ဘယ်လိုအခွင့်အရေးကိုမှ မပေးဖို့ ကစားသမားတွေကို သတိပေးခဲ့ပေမယ့် ရလဒ်အတွက် စိတ်ပျက်မိပါတယ်။ ကျနော်တို့ဟာ ဦးဆောင်နိုင်ချိန်မှာတောင် အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် နောက်ဆုံး မိနစ်အနည်းငယ်အတွင်းမှာ သူတို့ကို ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် အားလုံးက အချည်းအနှီး ဖြစ်ခဲ့ပါတယ်။ ပေးခဲ့ရတဲ့ ဂိုးတွေနဲ့ပတ်သက်ပြီး အဝတ်လဲခန်းထဲမှာ အများကြီး ပြောရမှာဖြစ်ပြီး အမှားတွေကို လည်း ပြင်ရမှာပါ။ အမှားတွေအတွက် ဆင်ခြေမရှိဘူး”လို့ စပိန်ရုပ်သံ TVE ကိုပြောခဲ့တာပါ။
၄ ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲစဉ်မှာ အသလက်တီကိုအသင်းဟာ ပွဲချိန် ၆ မိနစ်အတွင်း အယ်လ်ဗာရက်ဇ်၊ ဂရစ်ဇ်မန်းတို့ ရဲ့ သွင်းဂိုးတွေနဲ့ ဘာစီလိုနာအသင်းကို ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ အနောက်ကနေလိုက်ပြီး ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူကာ ၄ ဂိုး-၂ ဂိုးနဲ့ ပြန်ပြီး ဦးဆောင်နိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ပွဲပြီးခါနီးမှာ အနိုင်ဂိုးကို မထိန်းနိုင်ခဲ့တဲ့အတွက် အသလက်တီကိုအသင်းက နောက်ကျ ချေပဂိုးတွေသွင်းပြီး ၄ ဂိုးစီ သရေရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ပေးဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် ဒေါသထွက်နေခဲ့ပြီး ပြိုင်ဘက် အသလက်တီကိုအသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ ချီးကျူးခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီပွဲရလဒ်ကြောင့် ၂၀၂၅ ခုနှစ်ထဲ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲစလုံး ရှုံးပွဲမရှိသေးဘဲ ၁၁ ပွဲ အနိုင်ရရှိကာ ၃ ပွဲသရေကျခဲ့တာပါ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ဒုတိယအကျော့ပွဲစဉ်မှာ သူတို့နိုင်ပွဲရယူပြီး ဗိုလ်လုပွဲ တက်နိုင် မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောထားပါတယ်။
အသလက်တီကိုနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီ ၃ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 874
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုက အယ်လ်ဝီဒါအသင်းနဲ့ ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပွဲကစားဖို့နှောင့်နှေးခဲ့တဲ့အတွက် တောင်းပန်ကြောင်း ပြောခဲ့ပါတယ်။
ရော်နယ်ဒိုက “ဒီပွဲက ခက်ခဲတဲ့ပွဲပါ။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းတွေပိတ်ခဲ့တဲ့အတွက် ဘတ်စ်ကားနဲ့ ၃ နာရီကြာ ခရီးသွားခဲ့ရလို့ ပထမပိုင်းက ခက်ခဲခဲ့ပါတယ်။ ပွဲစတင်တာ နောက်ကျခဲ့တဲ့အတွက် အယ်လ်နာဆာ အသင်း ကိုယ်စား ကျနော် တောင်းပန်ချင်ပါတယ်။ ဒါက ထပ်ပြီး မဖြစ်သင့်ပါဘူး။ တောင်းပန်ပါတယ်။ ကျနော် တို့ဟာ ပွဲအစပိုင်း မကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အနည်းငယ် ပိုကောင်းခဲ့ပါတယ်။ နိုင်ပွဲအတွက် ကျနော်တို့ ပျော်ရွှင်တယ်”လို့ SSC Sports ကိုပြောခဲ့တာပါ။
အယ်လ်နာဆာအသင်းက အယ်လ်ဝီဒါအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာ အယ်လ်နာဆာအသင်းဟာ ပွဲစတင်မယ့်အချိန်ကို ကျော်လွန်ပြီး ၉ မိနစ်အကြာမှ အသင်းဘတ်စ်ကား ရောက်ရှိခဲ့တဲ့အတွက် ပွဲကို တစ်နာရီ ကြာ နှောင့်နှေးမှု ဖြစ်စေခဲ့ပါတယ်။
အဲဒါကြောင့်လည်း ရော်နယ်ဒိုက ပွဲကိုနှောင့်နှေးမှု ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ကြောင်း ပြောခဲ့တာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ အယ်လ်နာဆာအသင်းအတွက် ၁ ဂိုး သွင်းယူခဲ့သလို အသင်းဖော်မာနေးကို ပင်နယ်တီ ပေးကန်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီပွဲမှာ သွင်းယူတဲ့ဂိုးကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၉၂၅ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်အက်တီဖတ်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ဒီပွဲမှာ နိုင်ပွဲပြန်ရအောင် ကြိုးစားခဲ့ကြတဲ့ အသင်းဖော်တွေကို ရော်နယ်ဒိုက ချီးကျူးမှုပြုလုပ်ခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ဒီနိုင်ပွဲကြောင့် ဆော်ဒီပရိုလိဂ်ပွဲစဉ် ၂၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄၇ မှတ်နဲ့ အမှတ်ပေး ဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
အယ်လ်နာဆာအသင်းဟာ လာမယ့် ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်အိုရိုဘာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 726
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ဆန်းတို့စ်အသင်းဥက္ကဋ္ဌ တိုင်ဇီရာက နေမာဟာ အသင်းမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်အထိ ဆက်ရှိမယ့် စာချုပ်ကို သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း ပြောခဲ့ပါတယ်။
တိုင်ဇီရာက “နေမာ ရောက်ရှိလာတာနဲ့အတူ ကျနော်တို့မှာ အဖွဲ့ဝင် ၇၅,၀၀၀ ရှိပါတယ်။ ဒီနေ့မှာ ကျနော်တို့ဟာ နည်းပညာဆိုင်ရာကဏ္ဍနဲ့ ဆက်စပ်နေတဲ့အရာကို တိုင်းတာနိုင်ပြီး ဒါက ငွေကြေးဆိုင်ရာကဏ္ဍကို ကိုယ်စားပြု တာပါ။ ငွေကြေးနဲ့ဆိုင်တဲ့ ရည်မှန်းချက်အားလုံးဟာ ကျနော်တို့ အရင်က ခန့်မှန်းထားတာထက် တိုးလာမှာ ဖြစ်ပါ တယ်။ အားလုံးအဆင်ပြေရင် ဒီပူးပေါင်းဆောင်ရွက်မှုကို နောက်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ တိုးချဲ့သွားမှာပါ”လို့ ESPN ကိုပြောခဲ့တာပါ။
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ နေမာဟာ ဆယ်စုနှစ် တစ်ခုကျော် အကြာမှာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းနဲ့ ကာလတို ၆ လ စာချုပ်သာ လက်မှတ်ရေးထိုးခဲ့တာပါ။

နေမာကို တွေ့ရစဉ်
နေမာဟာ ဆန်းတို့စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် နွေရာသီမှာ ဘာစီလိုနာအသင်းထံ ဒုတိယအကြိမ်မြောက် သွားရောက် ကစားဖွယ်ရှိတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဒါပေမယ့် နေမာကတော့ သူ့ရဲ့အနာဂတ်ကို မဆုံးဖြတ်ရသေးဘဲ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောထားတာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ နေမာဟာ ဆန်းတို့စ်အသင်းမှာ သူ့ရဲ့အကောင်းဆုံး ပုံစံအချို့ကို ပြန်ရရှိနေပြီး လီမီရာ အသင်းနဲ့ပွဲစဉ်မှာ ထောင့်ကန်ဘောကနေ တိုက်ရိုက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းအတွက် ၆ ပွဲပါဝင်ကစားအပြီးမှာ ၂ ဂိုးသွင်းယူထားတာပါ။
နေမာဟာ ဆန်းတို့စ်အသင်းမှာ ပွဲကစားခွင့်ရရှိပြီး သွင်းဂိုးတွေ သွင်းယူနေတာကြောင့် ဘရာဇီးလ် လက်ရွေးစင် အသင်း လူစာရင်းမှာ ပြန်ရွေးချယ်ခံရမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 678
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ရီးရယ်လ်အသင်းဂိုးသမားကော့တွိုက်စ်ဟာ နိုင်ငံအသင်းနဲ့ ၁၈ လကြာဝေးကွာပြီးနောက် ဘယ်လ်ဂျီယံ လက်ရွေးစင်အတွက် ပြန်ပါဝင်ကစားဖို့အဆင်သင့်ဖြစ်နေပြီလို့ ဝန်ခံခဲ့ပါတယ်။
ကော့တွိုက်စ်ဟာ ဘယ်လ်ဂျီယံအသင်းအတွက် ၂၀၂၃ ခုနှစ်၊ဇွန်က သြစတြီးယားအသင်းနဲ့ ယူရိုခြေစစ်ပွဲမှာ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားထားတာပါ။
ဒီနောက်ပိုင်းမှာ ကော့တွိုက်စ်ဟာ နည်းပြတီဒက်စ်ကိုနဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် ဘယ်လ်ဂျီယံအသင်းမှာ ရွေးချယ်ခံရခြင်းမရှိတော့ပါဘူး။
ကော့တွိုက်စ်ကလည်း သူဟာ နည်းပြတီဒက်စ်ကို တာဝန်ယူနေတဲ့ အချိန်အထိ ဘယ်လ်ဂျီယံအသင်းအတွက် ပါဝင်ကစားပေးမှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်က နည်းပြတီဒက်စ်ကို - ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ရူဒီဂါစီယာကို နည်းပြသစ်အဖြစ်ခန့်အပ်ပြီးနောက်မှာ ကော့တွိုက်စ်က သူဟာ နိုင်ငံအသင်းအတွက် ပြန်ပါဝင်ဖို့ အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။
ကော့တွိုက်စ်က ဘယ်လ်ဂျီယံအတွက်ကစားရတာကို အလွန်လွမ်းဆွတ် နေတယ်လို့လည်း ပြောခဲ့တာပါ။
ဘယ်လ်ဂျီယံအသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခံထားရတဲ့ ရူဒီဂါစီယာက ကော့တွိုက်စ်ကို ပြန်လည်ရွေးချယ် သွားမယ်လို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ပြောထားပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ကော့တွိုက်စ်ဟာ ဘယ်လ်ဂျီယံအသင်းအတွက် ၂၀၁၁ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့ပြီး ၁၀၂ ပွဲပါဝင်ကစားထားတာပါ။
ဘယ်လ်ဂျီယံ အသင်းရဲ့ရွှေရောင်မျိုးဆက်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ကော့တွိုက်စ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းကို တတိယနေရာရရှိအောင် လက်စွမ်းပြသနိုင်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ လာမယ့် မတ်လမှာ နေးရှင်းလိဂ်ပလေးအော့ဖ်ပွဲစဉ်အဖြစ် ယူကရိန်းအသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 704
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ယူနိုက်တက်အသင်းဟာ ကုန်ကျစရိတ်တွေကို လျှော့ချတဲ့ ဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းအဖြစ် နောက်ထပ် ဝန်ထမ်း ၂၀၀ ခန့် လျှော့ချသွားမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကလည်း ဝန်ထမ်းပေါင်း ၂၅၀ ခန့်ကို လျှော့ချမှုတွေ ပြုလုပ်ခဲ့တာပါ။
အခုအချိန်မှာလည်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ် အသင်းကို ရောက်ရှိလာတာ တစ်နှစ်ပြည့်ပြီးနောက် ရက်ပိုင်းအကြာမှာ နောက်ထပ်ဝန်ထမ်း ၁၅၀ နဲ့ ၂၀၀ ကြားကို လျှော့ချမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့တာမှာ ယူနိုက်တက်အသင်း CEO ဘာရာဒါက ကလပ်အသင်းရဲ့ အသွင်ပြောင်းရေးအစီအစဉ် အစိတ်အပိုင်းအဖြစ် လျှော့ချမှုတွေ ပြုလုပ်သွားမယ်လို့ အသိပေးခဲ့တာပါ။

ယူနိုက်တက်အသင်း ပိုင်ရှင် ရက်ကလစ်ဖ်ကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ၂၀၁၉ ခုနှစ်ကတည်းက ၅ နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့တာကြောင့် ကလပ်အသင်းကို အမြတ်အစွန်းတွေ ရရှိအောင် ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။
မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ပေါင်သန်း ၃၀၀ ကျော် အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်း CEO ဘာရာဒါက အသင်းအနေနဲ့ ဆက်ပြီး အရှုံးပေါ်ဖို့ မဖြစ်တော့ဘဲ ဒီလိုသာ ဆက်ဖြစ်နေ မယ်ဆိုရင် သူတို့ရဲ့ရည်မှန်းထားတဲ့ အရာတွေအပေါ် ရင်းနှီးမြုပ်နှံနိုင်မှာ မဟုတ်ဘူးလို့ ပြောထားတာပါ။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဝန်ထမ်းတွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ထမ်းလျှော့ချမယ့် အကြောင်းအပြင် သူတို့ကို အခမဲ့ နေ့လည်စာ ပေးနေတဲ့ အရာတွေကိုလည်း အဆုံးသတ်တော့မယ်လို့ အသိပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီလိုလုပ်ဆောင်မှုကနေ တစ်နှစ်ကို ပေါင် ၁ သန်း သက်သာသွားမယ်လို့ မျှော်လင့်နေ တာပါ။
ယူနိုက်တက်အသင်းကို ပူးတွဲပိုင်ရှင်အဖြစ် ဆာဂျင်ရက်ကလစ်ဖ် တာဝန်ယူပြီးကတည်းက အသင်းဟာ အသုံးစရိတ် လျှော့ချမှု အများအပြားကို ပြုလုပ်နေခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေကာ ဥရောပဝင်ခွင့် နေရာမှာ ရပ်တည်နေတဲ့ အသင်းနဲ့ ၁၃ မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 684
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့ ဂိုးမရှိ သရေကျခဲ့တဲ့ တူရကီ စူပါလိဂ်ပွဲစဉ်မှာ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်ပြောခဲ့တယ်လို့ ဂါလာတာစာရေးအသင်းက စွပ်စွဲခဲ့ပါတယ်။
အစ္စတန်ဘူလ်ဒါဘီဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ဒါဘီပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့အတွက် တင်းကြပ်တဲ့ လုံခြုံရေး အစီအမံတွေ ချထားခဲ့ပေမယ့် ပွဲကြည့်စင်ပေါ်ကနေ မီးရူးမီးပန်းတွေ ပစ်ချခဲ့တဲ့အတွက် ပွဲကို မိနစ် အနည်းငယ်ကြာ ရပ်နားခဲ့ရသေးတာပါ။
ဒီပွဲကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့ရတဲ့ ဆလိုဗေးနီးယားလူမျိုး ဗင်ဆင့်ဟာ အဝါကတ် အများအပြား ပြသပြီး ပွဲကိုထိန်းခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲမစတင်ခင်မှာ နှစ်သင်းစလုံး ကစားသမားတွေဟာ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ကြတာပါ။
ဖီနာဘာချီအသင်းကို တာဝန်ယူပြီးကတည်းက တူရကီဒိုင်လူကြီးတွေကို ပုံမှန်ဝေဖန်နေတဲ့ မော်ရင်ဟိုဟာ ဒီပွဲအတွက် နိုင်ငံခြားသား ဒိုင်လူကြီးတစ်ဦးကို ခန့်အပ်ခဲ့တဲ့ တူရကီဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။

ဖီနာဘာချီအသင်းနဲ့ဂါလာတာစာရေးအသင်း ယှဉ်ပြိုင်နေစဉ်
ပွဲအပြီးမှာ မော်ရင်ဟိုဟာ ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့ ပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး တူရကီဒိုင်တွေနဲ့ ကွဲပြားခြားနားတယ်လို့ ပြောခဲ့တာပါ။
ဒါအပြင် မော်ရင်ဟိုက အိမ်ရှင် ဂါလာတာစာရေးအသင်းရဲ့ အရန်ခုံတန်းဟာ မျောက်တွေလို ခုန်ပေါက်နေတယ်လို့ ပြောခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ မော်ရင်ဟိုရဲ့ ဒီမှတ်ချက်ကို တုန့်ပြန်တဲ့အနေနဲ့ SayNoToRacism နဲ့အတူ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ဂါလာတာစာရေးအသင်းဟာ မော်ရင်ဟိုရဲ့ လူမျိုးရေးခွဲခြားတဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုဆိုင်ရာ စွဲချက် တင်ဖို့ပါ ရည်ရွယ်ထားပြီး ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ထံ တရားဝင် တိုင်ကြားမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့ရဲ့ ဂိုးမရှိ သရေရလဒ်ကြောင့် ဂါလာတာစာရေးအသင်းဟာ ဖီနာဘာချီ အသင်းကို ၆ မှတ်ဖြတ်ပြီး တူရကီစူပါလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: Dailymail
