- By CNI
- Category: အားကစား
- Hits: 197
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂
ယူနိုက်တက်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ်ဟာ စပိန်လာလီဂါကလပ် ဂီတာဖေးအသင်းထံ အခုနှစ် ဘောလုံးရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ လာဇီယိုအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာကြောင့် ဂီတာဖေးအသင်းထံ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ရတာပါ။ ဂရင်းဝုဒ်ရဲ့ အပြောင်းအရွှေ့ကို ကြေညာချိန်မှာ ဂီတာဖေးအသင်းပရိသတ်တွေဟာ အားကစားကွင်းအပြင်ဘက်မှာ အောင်ပွဲခံနေကြတာလည်းဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာတော့ ယူနိုက်တက်အသင်းထံ ပြန်လာရမယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။
အသက် ၂၁ နှစ်အရွယ်ရှိ ကစားသမားဟာ စွဲချက်တင်ခံထားရတဲ့ အမှုတွေအားလုံးကနေ ဖေဖော်ဝါရီလက လွတ်မြောက်ခဲ့ပေမယ့် အသင်းအတွင်းပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခံရပြီးနောက်(၆)လအကြာမှာ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာမယ်လို့ ယူနိုက်တက်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ယူနိုက်တက် အသင်းရဲ့ကြေညာချက်ထွက်လာအပြီးမှာ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့အတွက် အသင်းအများအပြားက ချိတ်ဆက်မှု တွေပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။
ဒါပေမယ့် အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဂီတာဖေးအသင်းက အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာပါ။ ဂီတာဖေး အသင်းဟာ ဂရင်းဝုဒ်အတွက် ယူနိုက်တက်အသင်းကို အငှားခေါ်ယူကြေးပေးရမှာမဟုတ်ပေမယ့် ကစားသမားရဲ့ လုပ်အားခအနည်းငယ်ကိုတော့ ပေးချေရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက “ဒီအပြောင်းအရွှေ့က ဂရင်းဝုဒ်ရဲ့ ကစားသမားဘဝကို ပြန်ပြီးတည်ဆောက်နိုင်မှာပါ။ ဒီ အကူးအပြောင်းကာလအတွင်းမှာ ကလပ်အနေနဲ့ ဂရင်းဝုဒ်နဲ့ သူ့ရဲ့မိသားစုကို ဆက်လက်ပြီး ထောက်ပံ့ပေးသွား ဦးမှာပါ” လို့ ပြောခဲ့တာပါ။
အသက် ၁၇ နှစ်အရွယ် ၂၀၁၉ ခုနှစ်မှာ ယူနိုက်တက်အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပွဲပေါင်း ၁၂၉ ပွဲပါဝင်ကစားခဲ့ပြီး ၃၅ ဂိုးသွင်းယူခဲ့တာပါ။ ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ် ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။
Source:BBC
- By cni
- Category: အားကစား
- Hits: 440
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဥက္ကဋ္ဌ ဆက်ဖာရင်က ဥရောပပြိုင်ပွဲတွေမှာ ဆော်ဒီကလပ်အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်ဆိုပြီး ထွက်ပေါ်နေတဲ့ ထင်ကြေးတွေကို ငြင်းပယ်သွားခဲ့ပါတယ်။
ဆက်ဖာရင်က “ဥရောပအသင်းတွေသာ ချန်ပီယံလိဂ်၊ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။ ပြီးတော့ ဥရောပဘောလုံးအဖွဲ့ချုပ်တွေပဲ အိမ်ရှင်အဖြစ်လျှောက်ထားနိုင်ပါတယ်။ ကျနော် တို့ဟာ စည်းမျဉ်းတွေအားလုံးပြောင်းရမယ့် အရာကိုလုပ်သွားမှာမဟုတ်ပါဘူး” လို့ L'Equipe ကို ပြောခဲ့တာပါ။
ဆော်ဒီကလပ်အသင်းတွေဟာ နွေရာသီအပြောင်းအရွှေ့မှာ နေမာ၊ဘန်ဇီမာ၊မာနေး၊ မာရက်ဇ်အစရှိတဲ့ ကစားသမားတွေကို ခေါ်ယူပြီး လိဂ်ကို ကမ္ဘာ့အဆင့်ဝင်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
အဲဒါကြောင့် ဆော်ဒီကလပ်အသင်းတွေဟာ အနာဂတ်မှာ ချန်ပီယံလိဂ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် မျှော်လင့်နေကြ ပေမယ့် ဆက်ဖာရင်ကတော့ ဒါတွေကို ပယ်ချသွားခဲ့တာပါ။ ဒါ့အပြင် ဆော်ဒီလိဂ်ဟာ တရုတ်နဲ့ ပုံစံချင်း တူညီတယ်လို့လည်း ပြောခဲ့ပါတယ်။
ဆက်ဖာရင်က “ဆော်ဒီလိဂ်ရဲ့လုပ်ဆောင်မှုတွေဟာ ကျနော်တို့ကို ခြိမ်းခြောက်နေတာမဟုတ်ပါဘူး။ တရုတ် နိုင်ငံတုန်းကလည်း ဒီလိုမျိုးပုံစံချင်းတူညီတဲ့ ချဉ်းကပ်မှုမျိုးကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့ဟာ ကစားသမား ဘဝအဆုံးသတ်တော့မယ့်သူတွေကို ငွေကြေးအများကြီးပေးပြီး ခေါ်ယူခဲ့ပါတယ်။ ဒီလိုတွေကြောင့် တရုတ် ဘောလုံးလောကဟာ ဖွံ့ဖြိုးလာခြင်းမရှိသလို ကမ္ဘာ့ဖလားခြေစစ်ပွဲတောင် မအောင်မြင်တော့ပါဘူး။ ဒါတွေက မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး” လို့ ပြောခဲ့တာပါ။
တရုတ်စူပါလိဂ်ဟာ အောင်မြင်ခြင်းမရှိခဲ့ပေမယ့် ဆော်ဒီပရိုလိဂ်ကတော့ သူတို့နဲ့ပုံစံချင်းမတူဘဲ ရေရှည် ရင်းနှီး မြှုပ်နှံနိုင်ဖို့ စီစဉ်ထားတာကြောင့် ကွဲပြားခြားနားမှုရှိတယ်လို့ ဆော်ဒီလိဂ်အကြီးအကဲတွေက ပြောထားပါတယ်။
- By CNI
- Category: အားကစား
- Hits: 409
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁
အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ(တောင်အမေရိကဇုန်)ခြေစစ်ပွဲကစားမယ့် လူစာရင်းမှာ မက်ဆီကို ရွေးချယ်ခဲ့တဲ့အတွက် အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် အဓိကပွဲစဉ်တွေကို သူတို့ရဲ့ အသင်း ခေါင်းဆောင် မပါဝင်ဘဲ ကစားရတော့မှာ ဖြစ်ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လာပြီးကတည်းက ခြေစွမ်းပြသနေတာဖြစ်ပြီး အသင်းအတွက် ကစားခဲ့တဲ့ ၉ ပွဲမှာ ၁၁ ဂိုး သွင်းယူထားတာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ အင်တာမိုင်ယာမီ အသင်းကို လိဂ်ဖလား ချန်ပီယံဆု ရရှိအောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် မေဂျာလိဂ် ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ခွင့်ရရှိအောင် ဦးဆောင်ပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အင်တာမိုင်ယာမီ အသင်းဟာ မက်ဆီ မပါဝင်ဘဲ လာမယ့်ပွဲ အနည်းငယ်ကို ကစားရတော့မှာပါ။
အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် အီကွေဒေါ၊ ဘိုလီးဗီးယား အသင်းတို့နဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲတွေအတွက် အသင်းခေါင်းဆောင် မက်ဆီကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်း လူစာရင်းကို တွေ့ရစဉ်
မက်ဆီဟာ မကြာခင်မှာ အာဂျင်တီးနားအသင်းနဲ့ သွားရောက် ပူးပေါင်းရမှာ ဖြစ်တဲ့အတွက် စက်တင်ဘာ ၄ ရက်မှာ ကစားမယ့် လော့စ်အိန်ဂျလိစ်အသင်းနဲ့ ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒါ့အပြင် စပို့တင်းကန်ဆပ်အသင်းနဲ့ စက်တင်ဘာ ၁၀ ရက်မှာ ကစားမယ့်ပွဲကိုလည်း လွဲချော်နိုင်ဖွယ် ရှိတယ်လို့ သိရတာပါ။
ဒါပေမယ့် မက်ဆီဟာ အတ္တလန်တာအသင်းနဲ့ ကစားမယ့်ပွဲမှာတော့ အင်တာမိုင်ယာမီ အသင်းအတွက် ပြန်လည် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီ အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ မေဂျာလိဂ် ၂ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲ သရေကျခဲ့ပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲ အရှေ့ပိုင်းဇုန်မှာ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည် နေပြီး လက်ကျန်ပွဲတွေမှာ နိုင်ပွဲရယူနိုင်မှသာ ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်နိုင်ဖို့အတွက် မျှော်လင့်လို့ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 322
၂၀၂၃ စက်တင်ဘာ ၁
CNI Sport News
လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂရာဗန်ဘတ်ချ်ကို ယူရိုသန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ နယ်သာလန်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်ကမှ အေဂျတ်စ်အသင်းကနေ ဘိုင်ယန် မြူးနစ်အသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာပါ။
ဂရာဗန်ဘတ်ချ်ဟာ အခုနှစ် ဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ၁ ပွဲသာ ပါဝင် ကစား ခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက် ဂရာဗန်ဘတ်ချ်ကို ချိတ်ဆက်ခဲ့ပြီး အပြောင်းအရွှေ့နောက်ဆုံးနေ့မှ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ အဓိက ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ ဖာဘင်ဟို၊ မီလ်နာ၊ကီတာနဲ့ ချိန်ဘာလိန်တို့ အသင်းကနေ ထွက်ခွာသွားပြီးနောက် ကွင်းလယ်ပိုင်းကို ဖြည့်တင်းနိုင်ဖို့အတွက် အဓိကထားလုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကြောင့် အန်ဖီးလ်ကလပ်ဟာ အခု နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မက်အယ်လစ္စတာ၊ ဆိုဘော့စ်လိုင်းနဲ့ အန်ဒိုတို့ကို ခေါ်ယူခဲ့တာပါ။
ဂရာဗန်ဘတ်ချ်ဟာ အေဂျတ်စ်အကယ်ဒမီကနေ ထွက်ပေါ်လာတာဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက PSV အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့ပါတယ်။ နယ်သာလန်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က ဘိုင်ယန်မြူးနစ်အသင်းထံ မပြောင်းရွှေ့ခင် အေဂျတ်စ်အသင်းအတွက် ၁၀၃ ပွဲကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူကာ ဆုဖလားအောင်မြင်မှုတွေ အများအပြားရယူနိုင်ခဲ့ပါတယ်။ ဂရာဗန်ဘတ်ချ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၃၄ ပွဲကစားခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲ ၃ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ပွဲစဉ် ၄ အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 351
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁
မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးအမျိုးသား ကစား သမားဆုကို ရရှိသွားခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ဟာလန်းဟာ မန်စီးတီးအသင်းနဲ့အတူ ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာပါ။ အဲဒါကြောင့် ဟာလန်းဟာ ယူအက်ဖ်အေရဲ့ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုကို မန်စီးတီးအသင်းဖော် ဒီဘရိုင်းနဲ့ အာဂျင်တီးနား အသင်း ခေါင်းဆောင် မက်ဆီတို့ကို ကျော်ဖြတ်ပြီး ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိထားတာပါ။
ဟာလန်းက “ကျနော်ဟာ အသက် ၂၂ နှစ်အရွယ်မှာ ဆုဖလား ၃ လုံးရယူနိုင်ခဲ့ပါတယ်။ ကျနော်ဟာ အိပ်မက်ထဲမှာ ရှင်သန်နေရတာပါ။ ချန်ပီယံလိဂ်ဆုဖလားကို ရယူပြီးနောက်မှာ ကျနော်နဲ့ အသင်းကို ပိုပြီးတော့ မျက်စိတွေကျ လာပါလိမ့်မယ်။ ကျနော်တို့ဟာ ဒီထက်ပိုပြီးကောင်းဖို့အတွက် ပိုပြီးပြင်ဆင်ရမယ်” လို့ ဆုပေးပွဲအခမ်းအနားမှာ ပြောခဲ့ပါတယ်။
အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စပိန်အသင်းနဲ့အတူ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ဘွန်မာတီက ရရှိသွားခဲ့တာပါ။ ဘွန်မာတီဟာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တဲ့အပြင် ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ စပိန်လိဂ်၊ ချန်ပီယံ လိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုရရှိနိုင်ခဲ့တာဖြစ်ပါတယ်။
တစ်နှစ်တာအကောင်းဆုံးအမျိုးသားနည်းပြဆုကို မန်စီးတီးအသင်းနဲ့အတူ ဆုဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ နည်းပြ ဂွာဒီယိုလာက ရရှိခဲ့တာပါ။ စပိန်လူမျိုးနည်းပြဟာ ခွဲစိတ်ကုသမှုခံယူထားတဲ့အတွက် ဒီဆုပေးပွဲကို တက်ရောက်ခဲ့ ခြင်းမရှိပါဘူး။ တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးနည်းပြဆုကိုတော့ အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဝီဂ်မန်း က ရရှိသွားခဲ့တာပါ။ ဝီဂ်မန်းဟာ အင်္ဂလန်အမျိုးသမီးအသင်းကို အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ရောက်ရှိ အောင် ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။
ယူအီးအက်ဖ်အေဥက္ကဋ္ဌက ချီးမြှင့်တဲ့အထူးဆုကိုတော့ ဂျာမနီတိုက်စစ်မှူးဟောင်း ကလိုဆေးက ရရှိသွားခဲ့ပါ တယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 317
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁
အင်္ဂလိပ်ဘောလုံးပြိုင်ပွဲတွေမှာ အချိန်ဆွဲကစားတာကို ရှောင်ရှားနိုင်ဖို့အတွက် အခုနှစ်ဘောလုံးရာသီက စတင်ပြီး နာကျင်အချိန်ပိုစည်းမျဉ်းအသစ်တွေကို အသုံးပြုနေတာက အဓိပ္ပါယ်မဲ့ပြီး ယူအီးအက်ဖ်အေပြိုင်ပွဲတွေမှာ အသုံးမပြုဘူးလို့ အကြီးအကဲတစ်ဦးဖြစ်သူ ဘိုဘန်က ပြောလိုက်ပါတယ်။
ဘိုဘန်က “ဒါက လုံးဝကို အဓိပ္ပါယ်မဲ့ပါတယ်။ ကျနော်တို့ဟာ အချိန်ပို ၁၂ မိနစ်၊ ၁၃ မိနစ်နဲ့ ၁၄ မိနစ်ပေးလိုက်ရင် ကစားသမားတွေအတွက် ကြီးမားတဲ့ ကြေကွဲစရာတွေဖြစ်နိုင်ပါတယ်။ ပွဲချိန် ၆၅ မိနစ်လောက်ကစားပြီးရင် ကွင်းလယ်ကစားသမားတစ်ဦးအနေနဲ့ ကျနော့်ရဲ့ အတွေအကြုံအရ ပြောရရင် ပင်ပန်းလာတဲ့အချိန်မှာ နောက်ထပ် ကစားဖို့က မိနစ် ၃၀ ပဲရှိတော့တယ်။ အခုအချိန်ပိုထပ်ပြီး ပေးတဲ့အပေါ် ဝေဖန်နေကြတဲ့ ကစားသမားတွေနဲ့ နည်းပြတွေရဲ့ စကားကို သူတို့နားမထောင်ကြပါဘူး။ ကျနော်တို့ကတော့ ဒီလိုမျိုးမလုပ်ဘူး” လို့ ပြောခဲ့တာပါ။
ဖီဖာက ပြီးခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ နာကျင်အချိန်ပိုမိနစ်တွေ အများကြီး ပေးပြီး နောက် အင်္ဂလန်ဒိုင်လူကြီးများအဖွဲ့ကလည်း လူစားလဲတာ၊ ဂိုးသွင်းပြီးအောင်ပွဲခံတာနဲ့ ဒဏ်ရာရတဲ့ အချိန်တွေမှာ ဆုံးရှုံးသွားတဲ့ အချိန်အတိအကျကို နာကျင်အချိန်ပိုမှာ ပေါင်းထည့်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အခုနှစ်ရာသီ အင်္ဂလန်ဘောလုံးပွဲတွေရဲ့ ကစားချိန်ဟာ မိနစ် ၁၀၀ ကျော်လွန်နေခဲ့တာပါ။
မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်း၊ ယူနိုက်တက်အသင်းနောက်ခံလူ ဗာရန်းတို့အပါအဝင် နည်းပြတွေနဲ့ ကစားသမားတွေဟာ ဒီစည်းမျဉ်းအသစ်ကြောင့် ကစားသမားတွေအနေနဲ့ ပိုပြီးထိခိုက်နိုင်စေတယ်လို့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေကတော့ သူတို့လက်အောက်မှာရှိတဲ့ ပြိုင်ပွဲတွေမှာ ကစားသမားတွေကို ထိခိုက်စေမယ့် နာကျင်အချိန်ပို မိနစ်အများကြီးပေးတာကို အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ယူအီးအက်ဖ်အေရဲ့ ဒိုင်လူကြီးအကြီးအကဲ ရိုဆက်တီက “နာကျင်အချိန်ပိုတွေရဲ့ တိကျမှုထက် ပိုပြီး အရေးကြီး တာရှိပါတယ်။ ချန်ပီယံလိဂ်ကို လူတွေက ဘာကြောင့် အရမ်းကြိုက်ကြတာလဲ။ ပွဲတွေက တကယ်ကို အကြိတ် အနယ်ရှိပြီး ကစားသမားတွေကလည်း ဘယ်တော့မှရပ်မနေကြပါဘူး။ နာကျင်အချိန်ပိုကို အာရုံစိုက်နေမယ့်အစား ပွဲကို အမြန်ဆုံးပြန်စတင်နိုင်ဖို့ကို ဒိုင်လူကြီးတွေထံ ကျနော်တို့ ပြောထားပါတယ်”လို့ ပြောခဲ့ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 510
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁
ဘရိုက်တန်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် အန်ဆုဖာတီကို အခုနှစ်ရာသီအကုန်ထိ အံ့အားသင့်ဖွယ်အငှားဖြင့် ခေါ်ယူလိုက်ပါတယ်။
အခုနွေရာသီအပြောင်းအရွှေ့မှာ အန်ဆုဖာတီကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက ဘရိုက်တန်အသင်းထံ အငှားပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။ ဘရိုက်တန်နဲ့ ဘာစီလိုနာအသင်းတို့ဟာ အန်ဆုဖာတီအတွက် အငှားသဘောတူညီမှုမှာ အပြီးသတ်ဝယ်ယူခွင့် မပါဝင်တာ ကြောင့် ကစားသမားဟာ စာချုပ်ကုန်ဆုံးချိန်မှာ ဘာစီလိုနာအသင်းထံ ပြန်လည်သွားရောက်ရမှာဖြစ်ပါတယ်။
အန်ဆုဖာတီဟာ နည်းပြ ဒီဇာဘီလက်ထက် ဘရိုက်တန်အသင်းကစားတဲ့ပုံစံကို နှစ်သက်တာကြောင့် အခြား အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပါ။ လာမာစီယာအကယ်ဒမီထွက် အန်ဆုဖာတီဟာ ဘာစီလိုနာ အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ခက်ခဲနေတာကြောင့် သူ့ရဲ့ ခြေစွမ်းတွေကို အခြားတစ်သင်းမှာ သွားရောက် သက်သေပြဖို့အတွက် အငှားထွက်ခွာခဲ့တာဖြစ်ပါတယ်။
အစောပိုင်းက အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းမှာ ပွဲထွက်ခွင့်တစ်နေရာရဖို့အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ် ခဲ့ပေမယ့် ဆုံးဖြတ်ချက် ပြန်ပြောင်းသွားခဲ့တာပါ။ ဘာစီလိုနာအသင်းနဲ့ အန်ဆုဖာတီတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိနေပြီး စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံပါဝင်နေတာ ဖြစ်ပါ တယ်။
စပိန်ကစားသမားဟာ ဘာစီလိုနာအသင်းမှာ တောက်ပလာမယ့် ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ ရပေမယ့် ဒဏ်ရာတွေကြောင့် အနားယူခဲ့ရပြီး ပြန်ကစားချိန်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရလို့ ပွဲထွက်လူ စာရင်းမှာ ပါဝင်နိုင်ဖို့ ခက်ခဲခဲ့တာပါ။
ဘရိုက်တန်အသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရမှာဖြစ်လို့ ကစားသမားသစ်တွေအားဖြည့်နေပြီး အန်ဆုဖာတီကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘရိုက်တန်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃ ပွဲကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၆ မှတ်နဲ့ အမှတ်ပေး ဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 395
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁
ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့မယ့်နေ့မှာ အသင်းဖော်ဟောင်းတွေကို နှုတ်ဆက်ခွင့်ပြုဖို့ကို စပါးအသင်းက ငြင်းဆန်ခဲ့တယ်လို့ The Telegraph က ဖော်ပြထားပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ စပါးအသင်းမှာ ၁၉ နှစ်ကြာရှိခဲ့တာကို အဆုံးသတ်ပြီး ပေါင်သန်း ၁၀၀ နဲ့ ဘိုင်ယန်မြူးနစ်အသင်းထံ အခုနွေရာသီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ခဲ့တာပါ။ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ် အသင်းထံ အပြီးသတ်ပြောင်းရွှေ့ဖို့အတွက် ထွက်ခွာမယ့်နေ့မှာ စပါးအသင်းဖော်ဟောင်းတွေကို နှုတ်ဆက်ချင် ခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရတာဖြစ်ပါတယ်။
ဟာရီကိန်းရဲ့ ကိုယ်စားလှယ်တွေကတော့ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့မယ့်နေ့မှာ စပါးအသင်း လေ့ကျင့်ရေးကွင်းထံ လာရောက်ဖို့ ပိတ်ပင်ခဲ့တဲ့အပေါ် မှတ်ချက်ပေးခဲ့ခြင်းတော့မရှိပါဘူး။ The Telegraph က ဟာရီကိန်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းထံ မပြောင်းရွှေ့ခင်မှာ စပါးအသင်းလေ့ကျင့်ရေးကွင်းထဲကို ပြန်ရောက် လာမှာက မသင့်တော်ဘူးဆိုပြီး ကလပ်အသင်းက အီမေးလ်ပေးပို့ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
စပါးအသင်းဟာ စံချိန်တင်ဂိုးသွင်းရှင် ဟာရီကိန်းကို အသင်းမှာ ဆက်ပြီးထားဖို့ စီစဉ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် အသင်းက သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးပမာဏကို ပေးခဲ့သလို ကစားသမားကလည်း ပြောင်းရွှေ့ချင်နေတာ ကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ သဘောတူခဲ့တာပါ။ ဟာရီကိန်းကတော့ ဒီရာသီမှာ စပါးအသင်းက သူ့ကို မရောင်းချဘူးဆိုရင် စာချုပ်ကုန်ဆုံးမယ့်ရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ အသင်းသစ် ဘိုင်ယန်မြူးနစ်အတွက် ၃ ပွဲပါဝင်ကစားအပြီးမှာ ၃ ဂိုး သွင်းယူကာ ခြေစွမ်းပြသနေပြီး ဒီအပတ်မှာ ဂျာမန်ချန်ပီယံအသင်းဟာ မိုချန်ဂလာဘတ်အသင်းနဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 316
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁
စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရူဘီယာလက်စ်ရဲ့ မိခင်ဟာ သားဖြစ်သူကို ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ အစာငတ်ခံဆန္ဒပြပြီးနောက် လက်ရှိအချိန်မှာ ဆေးရုံတင်ထားရတာဖြစ်ပါတယ်။
ရူဘီယာလက်စ်ရဲ့ မိခင် ဘီဂျာဟာ သြဂုတ် ၂၈ ရက်ကစပြီး မိုထရေလ်ရှိ ဘုရားကျောင်းတစ်ခုမှာ အစာငတ်ခံ ဆန္ဒပြနေတာပါ။ ရူဘီယာလက်စ်ဟာ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ စပိန်အမျိုးသမီး အသင်းကွင်းလယ်လူ ဟာမိုဆိုရဲ့ နှုတ်ခမ်းကို နမ်းခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် မိခင်ဖြစ်သူ ဘီဂျာက သားဖြစ်သူအတွက် နေ့ရော၊ညပါ အစာငတ်ခံဆန္ဒပြမယ်လို့ စပိန်သတင်းဌာန EFE ကို ပြောခဲ့တာပါ။
ဘီဂျာဟာ အစာငတ်ခံဆန္ဒပြမှု တတိယမြောက်နေ့မှာတော့ ဆေးရုံတင်ခဲ့ရတယ်လို့ ခရစ်ယာန်ဘုန်းကြီး အန်တိုနီယိုက Reuters သတင်းဌာနကို ပြောခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ စီစဉ်ထားတာကို ဖျက်သိမ်းခဲ့ရတာပါ။
အန်တိုနီယိုက “အပူနဲ့ အခြားအရာတွေကြောင့် သူမ နေမကောင်းဘူးဖြစ်နေပါတယ်။ ခြေဖဝါးတွေလည်း ရောင်နေပြီး သူမကို ကြည့်ရတာ အလွန်ပင်ပန်းနေပါတယ်။ သူမလည်းအလွန်ထိတ်လန့်နေတယ်” လို့ ဘုရားကျောင်းအပြင်ဘက်မှာရှိတဲ့ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
ခရစ်ယာန်ဘုန်းကြီး အန်တိုနီယိုက ရူဘီယာလက်စ်နဲ့ သူ့ရဲ့ မိခင်တို့ဟာ အဆက်အသွယ်ရှိတယ်လို့ အတည်ပြု ခဲ့တာပါ။ ရူဘီယာလက်စ်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးလို့ ပြောခဲ့ပြီး နောက် ဖီဖာက သူ့ကို ဘောလုံးလောကနဲ့ ပတ်သက်ခွင့်ဆိုင်းငံ့ထားတာဖြစ်ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲတွေဟာ ရူဘီယာလက်စ်ကို ရာထူးကနေ ချက်ချင်းနုတ်ထွက်ဖို့ တောင်းဆို ထားတာဖြစ်ပါတယ်။
ယူအီးအက်ဖ်အေအကြီးအကဲ ဆက်ဖာရင်က ရူဘီယာလက်စ်ရဲ့လုပ်ရပ်ဟာ မသင့်လျော်ဘူးလို့ ပြောထားတာပါ။
ဆက်ဖာရင်က “ကျနော်က ရှေ့နေဖြစ်သလို ဖီဖာဒုဥက္ကဋ္ဌတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုမျိုးအရာက စပိန်အသင်းရဲ့အောင်ပွဲခံမှုကို လွှမ်းမိုးသွားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ ဟာ အရာတွေကို ပြောင်းလဲသင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 516
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀
ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ဟာ ဘာစီလိုနာအသင်းကြယ်ပွင့်ကစားသမား အန်ဆုဖာတီကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ အန်ဆုဖာတီနဲ့ ပတ်သက်တဲ့အစီအစဉ်တွေကို သိသိသာသာ ပြောင်းလဲ သွားခဲ့ပြီးနောက် စပိန်ကစားသမားဟာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားလာခဲ့တာပါ။
အန်ဆုဖာတီရဲ့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်ဟာ ကစားသမားရဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ကို အသိပေးနေတာဖြစ်ပါတယ်။
လာမာစီယာအကယ်ဒမီထွက် အန်ဆုဖာတီဟာ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ စိတ်ပျက်စရာ တွေကို ကြုံတွေ့ခဲ့ရပေမယ့် နည်းပြ ဇာဗီလက်အောက်မှာ နေရာရဖို့အတွက် တိုက်ပွဲဝင်ချင်နေတယ်လို့ စပိန် သတင်းတွေက ဖော်ပြထားတာပါ။ ဒါပေမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ နီးကပ်လာချိန်မှာတော့ အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ဟာ အပြောင်းအရွှေ့မပိတ်ခင်မှာ တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့ ရှာဖွေနေပြီး အန်ဆုဖာတီက သူတို့ရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အန်ဆုဖာတီကို အသင်းရဲ့ အနာဂတ်ကစားသမားအဖြစ် သတ်မှတ်ထားပြီး မက်ဆီထွက်ခွာသွားချိန်မှာ ကျောနံပတ် ၁၀ ဂျာစီကိုပေး ဝတ်ဆင်ခဲ့တာပါ။ ဘာစီလိုနာအသင်းနဲ့ အန်ဆုဖာတီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်း ရှိနေတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ အန်ဆုဖာတီဟာ စပိန်ကလပ်အတွက် ၁၁၂ ပွဲ ပါဝင်ကစားထားပြီး ၂၉ ဂိုးသွင်းယူထားကာ လာလီဂါ၊ကိုပါဒယ်လ်ရေးနဲ့ စပိန်စူပါဖလားတို့ကို ရယူထားနိုင်ခဲ့ တာပါ။ အန်ဆုဖာတီဟာ စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၉ ပွဲပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူထားကာ ယူအီးအက်ဖ်အေနေးရှင်းလိဂ်ချန်ပီယံဆုကို ရရှိထားတာဖြစ်ပါတယ်။
Source:Goal