CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်က ယူနိုက်တက်အသင်းမှာ ဖြေရှင်းချက်ထက် ပြဿနာပိုများနေတယ်လို့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင်မှာ ပြောခဲ့ပါတယ်။

အာမိုရင်က “အသင်းဟာ တိုးတက်မှုမရှိဘူးလို့ တစ်ခါတရံမှာ ကျနော်ခံစားရပေမယ့် တချို့ပိုပြီးခက်ခဲတဲ့ပွဲတွေမှာ ကျနော်တို့ ကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ ဒါကတော့ ကောင်းတဲ့အရာပါ။ ဒါပေမယ့် အခုအခိုက်တန့်မှာ ကျနော်တို့ ကစားခဲ့တဲ့ပွဲတွေကို ကြည့်ရင် ဖြေရှင်းချက်ထက် ပြဿနာပိုများနေပါတယ်။ ကျနော်တို့ဟာ ပွဲတိုင်းကို တသမတ်တည်းကစားနိုင်ရပါမယ်”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ယူနိုက်တက်အသင်းကို နည်းပြသစ်အဖြစ် စတင်ကိုင်တွယ်ခဲ့တဲ့ အာမိုရင်ဟာ အသင်းကို ရလဒ်ကောင်းတွေ ရယူပေးနိုင်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ထားတဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၄ ပွဲသာ နိုင်ပွဲရယူပေးနိုင်ခဲ့ပြီး သူဟာလည်း ဖိအားဒဏ်တွေကို ခံစားနေရတာပါ။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာကို ရောက်ရှိသွားခဲ့ပြီး ဥရောပဝင်ခွင့် ရယူနိုင်ဖို့ဆိုရင် လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုအပ်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် FA ဖလားနဲ့ ယူရိုပါလိဂ်ဖလား ကျန်ရှိနေပြီး အသင်းဟာ ဒီဆုဖလားတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်အဖြစ် ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး FA ဖလား ပြိုင်ပွဲမှာတော့ ဖူလ်ဟမ်အသင်းနဲ့ ပဉ္စမအဆင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်ဖို့ အာရုံစိုက်နေပြီး အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

Source: Goal