CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က အသလက်တီကိုအသင်းနဲ့ ၄ ဂိုးစီ သရေကျခဲ့တဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့အမှားတွေအတွက် ဆင်ခြေမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဟန်ဆီဖလစ်က “ဘယ်လိုအခွင့်အရေးကိုမှ မပေးဖို့ ကစားသမားတွေကို သတိပေးခဲ့ပေမယ့် ရလဒ်အတွက် စိတ်ပျက်မိပါတယ်။ ကျနော်တို့ဟာ ဦးဆောင်နိုင်ချိန်မှာတောင် အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် နောက်ဆုံး မိနစ်အနည်းငယ်အတွင်းမှာ သူတို့ကို ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် အားလုံးက အချည်းအနှီး ဖြစ်ခဲ့ပါတယ်။ ပေးခဲ့ရတဲ့ ဂိုးတွေနဲ့ပတ်သက်ပြီး အဝတ်လဲခန်းထဲမှာ အများကြီး ပြောရမှာဖြစ်ပြီး အမှားတွေကို လည်း ပြင်ရမှာပါ။ အမှားတွေအတွက် ဆင်ခြေမရှိဘူး”လို့ စပိန်ရုပ်သံ TVE ကိုပြောခဲ့တာပါ။

၄ ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲစဉ်မှာ အသလက်တီကိုအသင်းဟာ ပွဲချိန် ၆ မိနစ်အတွင်း အယ်လ်ဗာရက်ဇ်၊ ဂရစ်ဇ်မန်းတို့ ရဲ့ သွင်းဂိုးတွေနဲ့ ဘာစီလိုနာအသင်းကို ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ အနောက်ကနေလိုက်ပြီး ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူကာ ၄ ဂိုး-၂ ဂိုးနဲ့ ပြန်ပြီး ဦးဆောင်နိုင်ခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ ပွဲပြီးခါနီးမှာ အနိုင်ဂိုးကို မထိန်းနိုင်ခဲ့တဲ့အတွက် အသလက်တီကိုအသင်းက နောက်ကျ ချေပဂိုးတွေသွင်းပြီး ၄ ဂိုးစီ သရေရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ပေးဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် ဒေါသထွက်နေခဲ့ပြီး ပြိုင်ဘက် အသလက်တီကိုအသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ ချီးကျူးခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ဒီပွဲရလဒ်ကြောင့် ၂၀၂၅ ခုနှစ်ထဲ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲစလုံး ရှုံးပွဲမရှိသေးဘဲ ၁၁ ပွဲ အနိုင်ရရှိကာ ၃ ပွဲသရေကျခဲ့တာပါ။ 

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ဒုတိယအကျော့ပွဲစဉ်မှာ သူတို့နိုင်ပွဲရယူပြီး ဗိုလ်လုပွဲ တက်နိုင် မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောထားပါတယ်။

အသလက်တီကိုနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီ ၃ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ 

Source: CNA