CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ကိုးလ်ပါလ်မာ အနေနဲ့ အလုပ်ဆက်လုပ်ပြီး ရယ်မောနေမယ်ဆိုရင် သူ့ရဲ့သွင်းဂိုးတွေ ပြန်ရောက်ရှိလာမယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကိုးလ်ပါလ်မာအနေနဲ့ အလုပ်ဆက်လုပ်ရမယ်၊ ဆက်ပြီးလည်း ပျော်ရွှင်ရမယ်၊ ပြီးရင် သူလုပ်တဲ့ ပုံစံအတိုင်း ဆက်ပြီးရယ်မောနေရမှာပါ။ ဂိုးသွင်းဖို့ ရုန်းကန်နေရတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းရတာက ပုံမှန်ဖြစ်ပြီး ဒါကအရေးမကြီးပါဘူး။ ကိုးလ်ပါလ်မာအနေနဲ့ ဆက်ပြီးသွားနေမယ်ဆိုရင် ဂိုးတွေအများကြီး သွင်းယူနိုင်ပါလိမ့်မယ်”လို့ BBC Match of the Day ကိုပြောခဲ့တာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ကိုးလ်ပါလ်မာဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။
ကိုးလ်ပါလ်မာကို တွေ့ရစဉ်
ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းက ဆောက်သမ်တန်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ဂိုးပေါက် ပျောက်ဆုံးခဲ့ပြီး ဂိုးရနိုင်မယ့် အခွင့်အရေး အများအပြားကိုလည်း လွဲချော်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကတော့ ကိုးလ်ပါလ်မာဟာ ဂိုးမိုးခေါင်မှုကို အဆုံးမသတ်နိုင်ခဲ့ပေမယ့် အသင်းနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေမယ်ဆိုရင် သွင်းဂိုးတွေ ရရှိလာလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
အင်္ဂလန်ကစားသမားဟာ ဒီရာသီအစပိုင်းမှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ပွဲအထိ ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် ဒီနောက်ပိုင်း အသင်းရဲ့သွင်းဂိုးတွေမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိတော့တာပါ။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက် အရေးနိမ့်တာကို ရပ်တန့်ပြီး နိုင်ပွဲပြန်ရယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့် ပွဲစဉ်အဖြစ် မတ်လ ၉ ရက်မှာ လက်စတာအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC