CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ဘိုင်ယန်မြူးနစ်နဲ့ ဆဲလ်တစ်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအောဖ့် ဒုတိယအကျော့ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတဲ့ တိုက်စစ်မှူးဟာရီကိန်းက ဖြစ်နိုင်ခြေရှိတဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေပြုလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းက “ကျနော်တို့ဟာ စကန်ဖတ်စစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ပြီး ဒဏ်ရာအခြေအနေကို မြင်တွေ့ ရမှာပါ။ လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ဖရန့်ဖတ်အသင်းနဲ့ပွဲစဉ်မှာ ကျနော်ပါဝင်ကစားနိုင်မလားဆိုတာ မသေချာဘူး”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဆဲလ်တစ်အသင်းနဲ့ပွဲမတိုင်ခင်ကတည်းက ဒဏ်ရာစိုးရိမ်မှု တွေရှိနေပေမယ့် နည်းပြကွန်ပနီက သူတို့အတွက် အရေးကြီးတဲ့ ဒီပွဲစဉ်မှာ သူ့ကိုပွဲထွက် လူစာရင်း အသုံးပြု ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြကွန်ပနီဟာ ပထမပိုင်းအပြီးမှာ ဟာရီကိန်းကို ကိုးမန်းနဲ့ လူစားလဲမှု ပြုလုပ်ခဲ့တာပါ။

ကွန်ပနီက ဟာရီကိန်းဟာ ဆက်မကစားနိုင်တော့တာကြောင့် လူစားလဲခဲ့တာဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီးရင် သူ့ရဲ့အခြေအနေကို သိရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

ဒီပွဲမှာ ဆဲလ်တစ်အသင်းဟာ မိနစ် ၉၀ အထိ ဘိုင်ယန်မြူးနစ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားပြီး အချိန်ပိုကစားနိုင်ဖို့ အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့တာပါ။

ဒါပေမယ့် နာကျင်အချိန်ပို ၄ မိနစ်မှာ အယ်လ်ဖွန်ဆို ဒေးဗီးစ်က ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တာကြောင့် ၁ ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပထမအကျော့တုန်းက ဆဲလ်တစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အဖြစ် အသလက်တီကို ဒါမှမဟုတ် လေဗာကူဆင် အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ 

Source:Metro