CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ကွင်းလယ်လူ ကိုဘီမိုင်နူးကို အသင်းမှာ သူဆက်ပြီး ထိန်းထားချင် ပေမယ့် အမှန်တကယ် ဖြစ်လာမယ်လို့ အာမခံချက် ပေးခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။

အာမိုရင်က “ကျနော့်ရဲ့စိတ်ကူးက အကောင်းဆုံး ကစားသမားတွေကို ဆက်ထိန်းထားဖို့နဲ့ ဒီကစားသမားတွေဟာ ကလပ်အတွက် ကျနော်တို့ တည်ဆောက်ထားတဲ့သူတွေပါ။ ဒါပေမယ့် လက်ရှိကလပ်ရဲ့ အနေအထားကိုလည်း ကျနော်တို့ သိပါတယ်။ ကျနော်ဟာ ကျနော့်ရဲ့ ကစားသမားတွေကို အလွန်ချစ်ပြီး အရည်အသွေးရှိတဲ့ သူတွေကို ထိန်းထားချင်ပါတယ်။ ကိုဘီမိုင်နူးဟာ အလွန်ကောင်းမွန်ပြီး တိုးတက်မှုတွေရှိနေပါတယ်”လို့ ပြောခဲ့တာပါ။

အသက် ၁၉ နှစ်အရွယ်ရှိ ကိုဘီမိုင်နူးနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်သစ် အဆင်မပြေမှုတွေကြောင့် ချယ်လ်ဆီးအသင်းက သူ့ကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် မက်ဂွဲယားနဲ့ အာမတ်တို့ကို စာချုပ်သက်တမ်း တိုးခဲ့ပေမယ့် ကိုဘီမိုင်နူးကိုတော့ စာချုပ်သက်တမ်း တိုးခဲ့ခြင်းမရှိတာပါ။ 

ဒါပေမယ့် ကိုဘီမိုင်နူးနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ ၂ နှစ်ခွဲ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ 

ကိုဘီမိုင်နူးကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ PSR စည်းမျဉ်းတွေကြောင့် ကစားသမားသစ်တွေ ခေါ်ယူဖို့ဆိုရင် အကယ်ဒမီထွက် ကစားသမားတွေကို ရောင်းချပြီး အဖြေရှာနိုင်တာကြောင့် ကိုဘီမိုင်နူးနဲ့ ဂါနာချိုတို့ကို ရောင်းချဖို့ စဉ်းစားနေတယ် လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ 

နည်းပြ အာမိုရင်ကလည်း အကောင်းဆုံး ကစားသမားတွေကို ဆက်ထိန်းထားချင်ပေမယ့် အသင်းရဲ့အခြေအနေ ကို သိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက် အကယ်ဒမီထွက် ကိုဘီမိုင်နူးဟာ ၂၀၂၂ ခုနှစ်မှာ အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံ ၅၂ ပွဲ ပါဝင်ကစားထားတာမှာ ၅ ဂိုး သွင်းယူထားတာပါ။ 

ကိုဘီမိုင်နူးဟာ အင်္ဂလန်လက်ရွေးစင် အသင်းအတွက်လည်း ၁၀ ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။ 

Source: BBC