- By CNI
- Category: အားကစား
- Hits: 294
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅
ဖောရက်စ်ဂရင်းအသင်းဟာ ဟန်နာဒင်ဂလေကို ယာယီနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီး သူမဟာ အင်္ဂလန် ဘောလုံးလောကမှာ ပရော်ဖက်ရှင်နယ် အမျိုးသားအသင်းကို ကိုင်တွယ်တဲ့ ပထမဆုံး အမျိုးသမီး နည်းပြ ဖြစ်လာခဲ့ပါတယ်။
လိဂ်တူးကလပ် ဖောရက်စ်ဂရင်းအသင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်က အသင်းကို ကိုင်တွယ်တာ ၆ လသာ ရှိသေးတဲ့ နည်းပြဖြစ်သူ ဒွန်ကန်ဖာဂူဆန်ကို ရာထူးကနေ ထုတ်ပယ်လိုက်တာပါ။
အဲဒါကြောင့် ဖောရက်စ်ဂရင်းအသင်းဟာ အသင်းရဲ့ အကယ်ဒမီ အကြီးအကဲ ဟန်နာဒင်ဂလေကို ယာယီနည်းပြ အဖြစ် တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ သူမဟာ မက်ခ်ရှမ်တောင်းအသင်းနဲ့ ခြေစမ်းပွဲမှာ ဖောရက်စ်ဂရင်းကို စတင် ကိုင်တွယ်မှာပါ။
ဖောရက်စ်ဂရင်းအသင်းကို တွေ့ရစဉ်
ဟန်နာဒင်ဂလေက “ ကျမရဲ့ နည်းပြဘဝ နောက်ထပ်ခြေလှမ်းအတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်။ ရာသီကြို စတင်နေပြီဖြစ်ပြီး ရာသီသစ်က မကြာခင်မှာ စတင်တော့မှာပါ။ ဒါကဘောလုံးလောရဲ့ စိတ်လှုပ်ရှားစရာ အချိန်ပါ ပဲ။
တိုးတက်ပြီး ရှေ့ကိုသွားဖို့ တွေးခေါ်တက်တဲ့အသင်းကို ဦးဆောင်ခွင့်ရတဲ့အတွက် ကျမ ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဟန်နာဒင်ဂလေဟာ ကလပ်အသင်း အကယ်ဒမီကို ကိုင်တွယ်ဖို့ ၂၀၁၉ ခုနှစ်မှာ ဖောရက်စ်ဂရင်း အသင်းထံ ရောက်ရှိလာတာဖြစ်ပြီး အမျိုးသား အင်္ဂလန်ဘောလုံးလိဂ် အကယ်ဒမီကို ကိုင်တွယ်တဲ့ တစ်ဦးထဲသော အမျိုးသမီးအဖြစ်လည်း မှတ်တမ်း တင်နိုင်ခဲ့တာပါ။
သူမဟာ ယူအီးအက်ဖ်အေရဲ့ နည်းပြ ပရိုလိုင်စင်ကို ရရှိထားပြီး အရင်က ဘာတန်အယ်လ်ဘီယွန်အသင်းမှာ အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဖောရက်စ်ဂရင်းအသင်းဥက္ကဋ္ဌက “ဟန်နာကို အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ သဘာဝကျကျ ရွေးချယ်မှု ဖြစ်ပြီး သူမဟာ ကျနော်တို့ရဲ့ အကယ်ဒမီကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သလို ကလပ်ရဲ့ တန်ဖိုးတွေနဲ့လည်း ကောင်းမွန်စွာ လိုက်လျောညီထွေမှု ရှိပါတယ်။ သူမအနေနဲ့ အသင်းကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မယ်ဆိုတာ ယုံကြည်တယ်”လို့ ပြောခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 359
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ၂၀၂၄ နွေရာသီ အမေရိကန်မှာ ကျင်းပမယ့် ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်လက်ရွေးစင် နည်းပြသစ်အဖြစ် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အက်ဒ်နယ်လ်ဒိုရိုဒရီဂွတ်ဇ်က ဒီသတင်းကို အတည်ပြုခဲ့တာဖြစ်ပြီး ဖလူမီနတ်စ်နည်းပြ ဖာနန်ဒိုဒီနဇ်ဟာ အန်ဆယ်လော့တီ အသင်းကို မကိုင်တွယ်ခင် ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ရမှာပါ။
အန်ဆယ်လော့တီနဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့် ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်လို့ အီတလီလူမျိုးနည်းပြဟာ စာချုပ်ကုန်ဆုံးချိန်မှာ ဘရာဇီးလ်နည်းပြသစ်အဖြစ် ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းသားတွေကို တွေ့ရစဉ်
အက်ဒ်နယ်လ်ဒိုရိုဒရီဂွတ်ဇ်က “ဒီနဇ်ရဲ့ ပွဲအစီအစဉ်တွေဟာ ကိုပါအမေရိကဖလားမှာ တာဝန်ယူမယ့် အန်ဆယ်လော့တီနဲ့ နီးပါးတူညီမှု ရှိပါတယ်။ သူ့ကို နိုင်ငံအသင်းရဲ့ ယာယီနည်းပြလို့ ကျနော်တို့ ခေါ်မှာ မဟုတ်ပါဘူး။ သူက အန်ဆယ်လော့တီအတွက် ဘရာဇီးလ်ကိုလာပြီး အပြောင်းအလဲတွေ လုပ်ပေးမယ့်သူ”လို့ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ အန်ဆယ်လော့တီနဲ့ ပတ်သက်တဲ့ ကြေညာချက်ကို ထုတ်ပြန်ထားခြင်း မရှိသလို ရီးရယ်လ် အသင်း ဘက်ကလည်း ဘာမှပြောဆိုထားခြင်း မရှိပါဘူး။
အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ နိုင်ငံလက်ရွေးစင်အသင်းကို ကိုင်တွယ်ထားဖူးခြင်း မရှိပေမယ့် ဥရောပထိပ်တန်း ၅ လိဂ်မှာ အမှတ်ပေးဖလား အားလုံးကို ရယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ချန်ပီယံဆု ၄ ကြိမ် ရယူထားတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ စက်တင်ဘာလထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပြီး ဘိုလီဗီးယား၊ ပီရူးတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 379
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅
လီဗာပူးလ်အသင်းကနေ ထွက်ခွာခဲ့တဲ့ တိုက်စစ်မှူး ဖာမီနိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းထံ ၃ နှစ်စာချုပ်ချုပ်ကာ ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဖာမီနိုဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ဥရောပကလပ်အသင်းတွေနဲ့ ဘရာဇီးလ်ကလပ်အသင်း တွေရဲ့ ချိတ်ဆက်မှုခံခဲ့ရပေမယ့် ဆော်ဒီကလပ် အယ်လ်အာလီအသင်းထံ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
အယ်လ်အာလီအသင်းဟာ မကြာသေးခင်ကမှ ချယ်လ်ဆီးအသင်းဂိုးသမား မန်ဒီကို ခေါ်ယူထားတာကြောင့် ဖာမီနိုဟာ မန်ဒီနဲ့အတူ တစ်သင်းထဲမှာ အတူတွဲပြီး ကစားရတော့မှာ ဖြစ်ပါတယ်။
ဖာမီနိုက “ကျနော်ဟာ အသင်းကြီးတွေမှာ အမြဲတမ်းကစားခဲ့ပြီး အခုအချိန်မှာတော့ ကျနော် အယ်လ်အာလီ အသင်းမှာ ရှိနေပြီ”လို့ အသင်းရဲ့တွစ်တာမှာတင်ထားတဲ့ ဗွီဒီယီုမှာ ပြောခဲ့တာပါ။
ဖာမီနိုဟာ လီဗာပူးလ်အသင်းကို ၂၀၁၅ ခုနှစ်က ဟော်ဖန်ဟိမ်းအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်း အတွက် ၃၆၂ ပွဲပါဝင်ကစားကာ ၁၁၁ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဘရာဇီးလ်တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းနဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊FA ဖလား၊ကာရာဘောင်းဖလား၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလား တို့ကို ရယူခဲ့ပြီး မေလအကုန်ပိုင်းမှာ အသင်းကို နှုတ်ဆက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဖာမီနိုကို ခေါ်ယူခဲ့တဲ့ အယ်လ်အာလီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီလိဂ်ဒုတိယတန်းမှာ ချန်ပီယံဖြစ်ခဲ့လို့ လာမယ့်ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ငွေကြေးအများအပြားသုံးစွဲပြီး ကစားသမား သစ်တွေ ဖြည့်တင်းနေတာပါ။ လက်ရှိအချိန်မှာ အယ်လ်အာလီအသင်းအပါအဝင် ဆော်ဒီပရိုလိဂ်အသင်းတွေဟာ ဥရောပရှိ နာမည်ကြီးကစားသမားအများအပြားကို နိုင်ငံအတွင်း ခေါ်ယူနေပြီး သူတို့လိဂ်ကို ကမ္ဘာ့ထိပ်တန်းလိဂ် အထိ ရောက်ဖို့ ရည်မှန်းနေတာဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ဖာမီနိုအပါအဝင် ဘန်ဇီမာ၊ ကန်တီ၊ ကူလီဘာလီ၊ ရူဘင်နာ ဗတ်စ်၊ ဘရိုဇိုဗစ်နဲ့ နာမည်ကြီးကစားသမားအများအပြားကို ခေါ်ယူထားတာ ဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 483
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅
မေဆန်မောင့်က ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့တာက သူ့ရဲ့ကစားသမားဘဝအတွက် မှန်ကန်တဲ့ ခြေလှမ်း ဖြစ်တယ်လို့ ချယ်လ်ဆီးအသင်း ပရိသတ်တွေကို ပြောလိုက်ပါတယ်။
မေဆန်မောင့်က “ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ကျနော်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ စာရေးတာထက် ခင်ဗျားတို့နဲ့ ပိုပြီးထိုက်တန်တယ်လို့ ကျနော်ခံစားရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၁၈ နှစ်တာကာလအတွင်းမှာ ခင်ဗျားတို့ရဲ့ အားပေးမှုတွေအားလုံးအတွက် ကျနော်ဘယ်လောက်အထိ ကျေးဇူးတင်လဲဆိုတာကို တိုက်ရိုက်ပြောပြချင်တာပါ။ ကျနော့်ရဲ့ ဆုံးဖြတ်ချက်အတွက် ခင်ဗျားတို့ထဲ အချို့က မပျော်ရွှင်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကျနော့် ကစားသမားဘဝအတွက် ဒါက မှန်ကန်တဲ့အရာပါ”လို့ ပြောခဲ့တာပါ။
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ မေဆန်မောင့်ဟာ ယူနိုက်တက်အသင်းထံ ပေါင် ၅၅ သန်း၊ထပ်တိုးပေးချေမှု ပေါင် ၅ သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မေဆန်မောင့်ဟာ ချယ်လ်ဆီးအသင်းကို အသက် ၆ နှစ်အရွယ်ထဲက ရောက်ရှိလာခဲ့တာဖြစ်လို့ လန်ဒန်အသင်းပရိသတ်အချို့က သူ့ရဲ့အပြောင်းအရွှေ့ကို မနှစ်သက်ကြဘူးလို့ သိရတာပါ။
မေဆန်မောင့်ဟာ ချယ်လ်ဆီးအကယ်ဒမီ၊ အသင်းဝန်ထမ်းတွေ၊ အသင်းဖော်တွေ၊နည်းပြတွေဖြစ်တဲ့ လမ်းပတ်၊တူချယ်လ်နဲ့ ဂရေဟမ်ပေါ်တာတို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ မေဆန်မောင့်ရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုမရခင်မှာ ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက်အသင်းရဲ့ ပထမဆုံး ကမ်းလှမ်းမှု ၃ ကြိမ်ကို ပယ်ချခဲ့တာပါ။
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ လာမယ့်ရာသီအသင်းလူစာရင်းအင်အားကို တောင့်တင်း အောင်လုပ်ဖို့အတွက် ကစားသမားသစ်တွေ ဖြည့်တင်းဖို့ လုပ်ဆောင်နေပြီး မေဆန်မောင့်က အခုနွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာကလပ်ထံ ရောက်ရှိလာတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
မေဆန်မောင့်ဟာ ၂၀၁၉ ခုနှစ်က ချယ်လ်ဆီးအသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ၁၉၅ ပွဲပါဝင်ကစားကာ ၃၃ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက ဒဏ်ရာကြောင့် အသင်းရဲ့ နောက်ဆုံးပွဲစဉ်တွေမှာ မပါဝင်နိုင်ခဲ့ပါဘူး။ အင်္ဂလန်ကစားသမားဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ဥရောပစူပါဖလား၊ဖီဖာကလပ်ကမ္ဘာ့ဖလား တို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
မေဆန်မောင့်ဟာ ကူလီဘာလီ၊ကန်တီ၊ဟာဗတ်ဇ်၊ကိုဗာဆစ်၊မန်ဒီနဲ့ လော့ဖ်တပ်ချိစ်တို့ပြီးနောက် အခု နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ နောက်ဆုံးထွက်ခွာတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 398
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄
အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားရအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြဟောင်း မန်နော့တီက ဒီမာရီယာကို ချီးကျူးမှုပြုလုပ်ခဲ့ပြီး တောင်ပံကစားသမားဟာ အသင်းခေါင်းဆောင် မက်ဆီလို အသိအမှတ်ပြုခံရဖို့ ထိုက်တန် တယ်လို့ ပြောခဲ့ပါတယ်။
မန်နော့တီက “ဒီမာရီယာဟာ ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးသမားတွေလိုပဲ အသိအမှတ်ပြုခံရဖို့ ထိုက်တန်တဲ့ ကစားသမားပါ။ ကျနော်ကတော့ သူ့ကို ကမ်းပတ်စ်၊ မာရာဒိုနာ၊ မက်ဆီတို့လို အဆင့်မှာပဲ ထားပါတယ်။ ကျနော်အတွက်တော့ သူဟာသွားခဲ့တဲ့ နေရာတိုင်းမှာ အာဂျင်တီးနားဘောလုံးလောကကို တခြားဘယ်သူနဲ့ မတူအောင် ကိုယ်စားပြုတဲ့ ကစားသမားပါ။ ဘောလုံးအကြောင်းနားလည်တဲ့သူတွေက ဒီမာရီယာကို အလွန် လေးစားကြပြီး သိတဲ့သူတွေဆိုရင် အလွန်ချစ်ကြပါတယ်။ ကျနော့်အတွက်တော့ သူဟာ စံနမူနာယူစရာပါပဲ”လို့ ပြောခဲ့တာပါ။
ဒီမာရီယာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အာဂျင်တီးနားအသင်း ဆုဖလား ၃ လုံးရယူနိုင်ခဲ့တာမှာ အဓိကအခန်း ကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမာရီယာဟာ ဘရာဇီးလ်အသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအတွက် တစ်လုံးထဲသော အနိုင်ဂိုးသွင်းယူပေးခဲ့သလို အီတလီအသင်းနဲ့ Finalissima ပွဲမှာလည်း ဂိုးသွင်းယူပေးခဲ့တာပါ။
ဒါ့အပြင် ဒီမာရီယာဟာ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာလည်း အာဂျင်တီးနားအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမာရီယာဟာ အရေးပါတဲ့ပွဲတွေမှာ အာဂျင်တီးနားအတွက် အဖိုးတန်ဂိုးတွေသွင်းယူပေးခဲ့လို့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပေမယ့် ၁၉၇၈ ခုနှစ်ပြိုင်ပွဲမှာ နိုင်ငံအသင်းကို ပထမဆုံးကမ္ဘာ့ဖလားရယူပေးနိုင်ခဲ့တဲ့ နည်းပြဟောင်း မန်နော့တီက ရီးရယ်လ်ကစားသမားဟောင်းဟာ နာမည်ကျော်တွေနဲ့ တူညီတဲ့ အသိအမှတ်ပြုမှုကို ခံရသင့် တယ်လို့ ပြောခဲ့တာပါ။
ဒီမာရီယာဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၂၀၀၈ ခုနှစ်မှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ၁၃၂ ပွဲ ပါဝင်ကစားထားကာ ၂၉ ဂိုးသွင်းယူထားပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 506
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄
နေမာဟာ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ လိုင်စင်မရှိဘဲ ရီယိုဒီဂျနေးရိုးမြို့ပြင်ရှိ သူ့ရဲ့ နေအိမ်မှာ ရေကန် ဆောက်ခဲ့တဲ့အတွက် ဘရာဇီးလ် အစိုးရရှေ့နေတစ်ဦးက ဒဏ်ကြေးငွေ ဒေါ်လာ ၃.၃ သန်း ချမှတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၃ ရက်က ပြောပါတယ်။
မန်ဂါရာတီဘာရှိ မြို့တော်ကောင်စီက ကစားသမားရဲ့ နေအိမ်မှာ ရေကန်ပုံစံ တည်ဆောက်မှုဟာ သဘာဝ ပတ်ဝန်းကျင်ကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အရေးယူမှု ပြုလုပ်ခဲ့တာပါ။
နေမာဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိဘဲ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက် ခြင်း၊ ခွင့်ပြုချက်မရှိဘဲ မြစ်ရေကို လွှဲပြီး ရယူခြင်း၊ ခွင့်ပြုချက်မရှိဘဲ မြေယာတွေကို ဖယ်ရှားတာနဲ့ အသီးအရွက် တွေကို ရှင်းလင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြီး ဒဏ်ကြေးငွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
နေမာရဲ့ အိမ်မှာ ဆောက်နေတဲ့ ရေကန်ကြီးကိုတွေ့ရစဉ်
ပီအက်စ်ဂျီနဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ဒီချမှတ်ထားတဲ့ ဒဏ်ကြေးငွေအတွက် အယူခံဝင်ဖို့ ရက် ၂၀ သာ အချိန်ရပြီး ကနဦးပေးချေဖို့ သတ်မှတ်ထားတဲ့ ပမာဏက ဒေါ်လာ ၁ သန်းနီးပါး ဖြစ်ပါတယ်။
ဇွန်လ ၂၂ ရက်က ဆိုရှယ်မီဒီယာပေါ်မှာ တိုင်ကြားမှုတွေ ပြုလုပ်ပြီးနောက် ဇိမ်ခံအိမ်ကြီးထဲမှာ အလုပ်သမား တွေက ရေကန်နဲ့ ကမ်းခြေပုံစံကို တည်ဆောက်နေပြီး သဘာဝပတ်ဝန်းကျင် ချိုးဖောက်မှု အများအပြားကို အာဏာပိုင်တွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အာဏာပိုင်တွေက ဒီလိုလုပ်ဆောင်မှုကို ပိတ်ပင်ခဲ့ပြီး ဆက်ပြီးမလုပ်ဖို့ ပြောခဲ့ပေမယ့် နေမာဟာ ဒီနေရာမှာ ပါတီပွဲလုပ်ပြီး ရေကန်ထဲမှာ ရေချိုးခဲ့တယ်လို့ ဘရာဇီးလ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
နေမာဘက်ကတော့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘာမှပြောဆိုထားခြင်းတော့ မရှိပါဘူး။ နေမာဟာ ဒီအိမ်ကြီး ကို ၂၀၁၆ က ဝယ်ယူခဲ့ပြီး စတုရန်းမီတာ ၁၀,၀၀၀ ကျယ်ဝန်းတဲ့ အဲဒီအိမ်မှာ ရဟတ်ယာဉ်၊ ရေပူစမ်းနဲ့ အားကစား ခန်းမတို့ ပါဝင်တယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ နေမာဟာ မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့ပြီး အခု နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 416
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄
ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းကို ခေါ်ယူဖို့အတွက် စပါးအသင်းထံ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ဒီတစ်ပတ်ထဲမှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
စပါးအသင်းဟာ သူတို့တိုက်စစ်မှူးအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပထမဆုံးအကြိမ် ကမ်းလှမ်းမှုကို ပယ်ချ ထားခဲ့ပြီး ဟာရီကိန်းကို ရောင်းချမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုဟာ ပေါင်သန်း ၆၀ ဖြစ်ပြီး အပိုဆုကြေးတွေပါ ထည့်တွက် ရင် ပေါင်သန်း ၇၀ သာရှိပါတယ်။
ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့အတွက် ဒုတိယအကြိမ်အဖြစ် ပေါင် သန်း ၈၀၊ အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းမယ်ဆိုရင် စပါးအသင်း အကြီးအကဲ လီဗိုင်းနဲ့ စကားပြောနိုင်မယ်လို့ ဂျာမန်ကလပ်က ယုံကြည်နေပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းဥက္ကဋ္ဌ အူလီဟိုးနတ်စ်က အသက် ၂၉ နှစ်အရွယ်ရှိ ဟာရီကိန်းရဲ့ ပြောင်းရွှေ့ကြေးဟာ ဈေးကြီးလွန်းတယ်လို့ ယူဆနေပေမယ့် ကလပ်အသင်းဘက်က အခုအပြောင်းအရွှေ့မှာ ဦးစားပေး ပစ်မှတ်အဖြစ် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
ဟာရီကိန်းကို တွေ့ရစဉ်
ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ မိုက်ကယ်က “ ဟာရီကိန်းဟာ ဘတ်ပီ၊ ဟာလန်းတို့နဲ့အတူ ကမ္ဘာ့ အကောင်းဆုံး ထိပ်တန်းတိုက်စစ်မှူး ၃ ဦးထဲမှာ ပါဝင်ပါတယ်။ သူသာ ဘိုင်ယန်မြူးနစ်ကို ရောက်လာခဲ့ရင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေးတွေ အများကြီး ပေးပါလိမ့်မယ်။ အဲဒါကြောင့်လည်း အသင်းက သူ့ အတွက် တိုက်ပွဲဝင်တာပါ။ ဘိုင်ယန်အသင်းဟာ ထိပ်တန်း ကစားသမားတွေအတွက် အသင်းတိုင်းနဲ့ မယှဉ်ပြိုင်နိုင် ပေမယ့် သူတို့ကို ခေါ်ယူနိုင်ဖို့အတွက် ဆွဲဆောင်မှုတွေ ပြုလုပ်နိုင်ပါသေးတယ်”လို့ ပြောခဲ့ပါတယ်။
ဘွန်ဒစ်လီဂါ လက်ရှိ ချန်ပီယံအသင်းဟာ စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။
ဟာရီကိန်းနဲ့ စပါးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် လန်ဒန် ကလပ်ကတော့ စံချိန်တင် ဂိုးသွင်းရှင်ကို အသင်းမှာ ဆက်ထိန်းသိမ်းပြီး စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်ချင် နေပါတယ်။
ဟာရီကိန်းကို ခေါ်ယူဖို့ ယူနိုက်တက်၊ ရီးရယ်လ်နဲ့ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် အသင်းကသာ ခေါ်ယူနိုင်ဖို့ အဓိကထားပြီး လုပ်ဆောင်နေပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 562
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄
နည်းပြသစ် ပိုချက်တီနိုက ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကနေ ၁၅ နှစ်တာကာလအတွင်းမှာ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံးအသင်းဖြစ်ကြောင်း ပြောခဲ့ပြီး အသင်းကို အရင်အောင်မြင်မှုတွေအတိုင်းရအောင် ပြန်လည် တည်ဆောက်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။
ပိုချက်တီနိုက “ချယ်လ်ဆီးအသင်းအကြောင်း ကျနော် ကောင်းကောင်းသိပြီး သူတို့ဟာ ကမ္ဘာ့အကြီးကျယ်ဆုံး တွေထဲက တစ်သင်းပါ။ ဒါကြောင့် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ချက်က ကျနော့်အတွက် လွယ်ကူ ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်၊ ၁၂ နှစ်နဲ့ ၁၅ နှစ်အတွင်းမှာ ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်ရဲ့ အကြီးအကျယ်ဆုံး အသင်းပါ။ ပရီးမီးယားလိဂ်အကြောင်းသိသလို ချယ်လ်ဆီးအသင်းရဲ့ ယဉ်ကျေးမှုက ဘာကိုဆိုလိုလဲဆိုတာ သိပါတယ်။
အနိုင်ရတဲ့လမ်းကြောင်းပေါ်ကို ရောက်အောင် ထပ်ပြီးကြိုးစားမှာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ပရိသတ်တွေ စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် နောက်ထပ်အောင်မြင်မှုတွေ ထပ်ပြီးယူဆောင်လာပေးချင်တယ်” လို့ ပြောခဲ့တာပါ။
ပိုချက်တီနိုဟာ ဇူလိုင်လ ၃ ရက်က ကော့ဘ်ဟမ်းလေ့ကျင့်ရေးစင်တာကို ရောက်ရှိလာပြီး ချယ်လ်ဆီးအသင်း နည်းပြသစ်အဖြစ် စတင်တာဝန်ယူပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်တွေဆိုးရွားခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်ခဲ့သလို ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ၂၀၀၄ ကတည်းက ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၂၁ လုံး ရယူထားတာပါ။
ချယ်လ်ဆီးအသင်းဟာ အခု နွေရာသီအပြောင်းအရွှေ့မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ကန်တီ၊ကူလီဘာလီနဲ့ မန်ဒီတို့ဟာ ဆော်ဒီကို ပြောင်းရွှေ့ခဲ့ကြပြီး ဟာဗတ်ဇ်က အာဆင်နယ်၊ ကိုဗာဆစ်က မန်စီးတီး၊ မေဆန်မောင့်က ယူနိုက်တက်၊ လောဖ့်တပ်ချိစ်က အေစီမီလန်အသင်းတွေထံ ပြောင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ကစားသမားတွေလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာပါ။ ချယ်လ်ဆီးအသင်းဟာ အခု အပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှုအဖြစ် အန်ကန်ကူနဲ့ ဂျက်ဆန်တို့ကိုသာ ခေါ်ယူထားတာ ဖြစ်ပါတယ်။
ပိုချက်တီနိုက “ကလပ်နဲ့ပရိသတ်တွေကို ကူညီဖို့ ကျနော်ဒီကို ရောက်ရှိလာခဲ့တာပါ။ ဘောလုံးမှာ အရေးကြီးဆုံး အရာက သူတို့ကို ပျော်ရွှင်ဖို့နဲ့ ကျနော်တို့အတွက် ဂုဏ်ယူဖို့ပါ။ ဒါကို ကစားသမားတွေ သိထားဖို့ လိုအပ်ပါတယ်။
ဘောလုံးသမိုင်းမှာ အမြဲတမ်းအတက်အကျရှိပေမယ့် ချယ်လ်ဆီးက ဒီလိုမျိုးမဖြစ်နိုင်တဲ့ အသင်းပါ။ အသင်းရဲ့ သမိုင်းကြောင်းက ထိပ်ဆုံးမှာရှိနေတဲ့အတွက် ကလပ်အသင်းဟာ ထိပ်ဆုံးမှာရှိနေရမယ့် လိုအပ်ချက်တွေကို ယူဆောင်လာရမယ်ဆိုတာ အသေအချာပါပဲ” လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ မကြာခင်ရက်ပိုင်းမှာ ရာသီသစ်အတွက် လေ့ကျင့်မှုအစီအစဉ်တွေကို စတင်တော့မှာဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်မှာ ခြေစမ်းပွဲအဖြစ် ရက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 299
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃
မာနေးဟာ ဆောက်သမ်တန်အသင်းမှာ ခြေစွမ်းပြသချိန်က သူ့ကိုခေါ်ယူဖို့ မန်စီးတီးအသင်းကို အကြံပေးခဲ့ ပေမယ့် ကလပ်အသင်းက လျစ်လျူရှုခဲ့တယ်လို့ ကစားသမားဟောင်း ယာယာတိုရေးက ဖွင့်ဟခဲ့ပါတယ်။
ယာယာတိုရေးက “ကျနော် အမြဲတမ်း မာနေးနဲ့အတူ ကစားချင်ခဲ့တာပါ။ ကျနော် မန်စီးတီးအသင်းမှာ ကစားနေ ချိန် မာနေးကလည်း ဆောက်သမ်တန်အသင်းမှာ ကစားနေတာပါ။ ကျနော်သူ့ကို အလွန်သဘောကျလို့ ခေါ်ယူ ပေးဖို့အတွက် အသင်းအကြီးအကဲတွေကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အဲဒီနောက်မှာ ကလော့ပ်က သူ့ကို ခေါ်ယူခဲ့ပြီး သူလီဗာပူးလ်မှာ လုပ်ခဲ့တာတွေက အလွန်ကောင်းခဲ့ပါတယ်။ သူက ကျနော် နှစ်သက်တဲ့ ကစားသမားမျိုးပါ”လို့ ပြောပါတယ်။
မာနေးဟာ ဆောက်သမ်တန်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် လီဗာပူးလ်အသင်းက ၂၀၁၆ ခုနှစ်မှာ အခြား အသင်းတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
မာနေးဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလား အပြင် တခြားသော ဆုဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။ ဆီနီဂေါလက်ရွေးစင်ဟာ လီဗာပူးလ်အသင်းအတွက် ၂၆၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၂၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
မာနေးနဲ့ ယာယာတိုရေးကိုတွေ့ရစဉ်
မာနေးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။
ယာယာတိုရေးက မာနေးရဲ့ ဘောလုံးကွင်းအပြင်ဘက်မှာ လုပ်ဆောင်ခဲ့တဲ့ အရာတွေဟာ စံနမူနာယူစရာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
မာနေးဟာ ၂၀၂၀ ခုနှစ်၊ မတ်လက နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကော်မတီကို ပေါင် ၄၁,၀၀၀ လှူဒါန်း ခဲ့သလို ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာလည်း ပါဝင်ခဲ့တာပါ။
ယာယာတိုရေးကတော့ မန်စီးတီးအသင်းမှာ ၈ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့ကာ လက်ရှိ အချိန်မှာတော့ စပါးလူငယ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 320
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃
ပြီးခဲ့တဲ့ရာသီက ပဲလေ့စ်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဗီအဲရာကို ပြင်သစ်ကလပ် စထရာဘိုးအသင်းက နည်းပြသစ်အဖြစ် ၃ နှစ် စာချုပ်ချုပ်ဆိုကာ ခန့်အပ်လိုက်ပါတယ်။
ချယ်လ်ဆီး အသင်းပိုင်ရှင်တွေဟာ စထရာဘိုးအသင်းရဲ့ အစုရှယ်ယာ အများအပြားကို ဝယ်ယူဖို့အတွက် မကြာသေးခင်က သဘောတူညီမှု ရရှိပြီးနောက် နည်းပြသစ်အဖြစ် ဗီအဲရာကို ခန့်အပ်ခဲ့တာပါ။
စထရာဘိုးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ တန်းဆင်းဇုန်အထက် ၅ မှတ်အကွာ အဆင့် ၁၅ နေရာမှာ ရပ်တည်ပြီး ရာသီအဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗီအဲရာက “ကလပ်ရဲ့ သမိုင်းကြောင်းနဲ့ အထောက်အထားတွေ၊ စိတ်အားထက်သန်မှုတွေ၊ ဘောလုံးနဲ့ ဝါသနာပါရာ နေရာဖြစ်တဲ့ ဒီဒေသအတွက် ဒါတွေက အလွန်အရေးကြီးပါတယ်။ မကြာသေးခင်က ကလပ်အသင်းဟာ ဥက္ကဋ္ဌ ဖြစ်သူ ကယ်လာရဲ့ လမ်းညွှန်မှုအောက်မှာ ပြန်လည် တည်ဆောက်ရေးတွေ လုပ်ခဲ့ပြီး ဒါက အထင်ကြီးစရာ ဥပမာ ပါပဲ။ သူနဲ့ အလုပ်တွဲလုပ်ရာမှာက တကယ့်ကို ကောင်းမွန်ပါတယ်။ အခုအချိန်မှာတော့ ကျနော်တို့ဟာ လည်ပတ်မှု အသစ်နဲ့ ပြန်လည်စတင်မှာဖြစ်ပြီး နည်းပြတစ်ဦး အနေနဲ့ ဒါကို တည်ဆောက်ဖို့ အလွန်စိတ်လှုပ်ရှားပါတယ်”လို့ ပြောပါတယ်။
ဗီအဲရာကိုတွေ့ရစဉ်
ပြင်သစ်လူမျိုးနည်းပြ ဗီအဲရာဟာ ပြီးခဲ့တဲ့ရာသီက စထရာဘိုးအသင်းကို တန်းဆင်းဇုန်က လွတ်မြောက်အောင် ကိုင်တွယ်နိုင်ခဲ့တဲ့ အန်တိုနက်တီရဲ့ နေရာမှာ အစားထိုးဝင်ရောက်ပြီး ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ အသက် ၆၁ နှစ် အရွယ်ရှိ အန်တိုနက်တီဟာ မကြာသေးခင်က ရင်းနှီးမြှုပ်နှံမှုအပြီးမှာ အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲဖို့ သဘောတူညီခဲ့တာပါ။
မန်စီးတီးအသင်းမှာ ကစားသမားဘဝ အဆုံးသတ်ခဲ့တဲ့ ဗီအဲရာဟာ ၂၀၁၃ ခုနှစ်မှာ မန်ချက်စတာကလပ်ရဲ့ လူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းကို ကိုင်တွယ်ခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာ မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးအသင်းကို ကိုင်တွယ်ခဲ့ပါတယ်။
ဗီအဲရာဟာ ၂၀၁၈ ခုနှစ်မှာတော့ ပြင်သစ်ကလပ် နိုက်စ်အသင်းကို ကိုင်တွယ်ခဲ့ပြီး ဒုတိယရာသီမှာ ထုတ်ပယ်ခံခဲ့ ရပါတယ်။ အဲဒီနောက်မှာတော့ ပဲလေ့စ်အသင်းကို ၂၀၂၁ ခုနှစ်မှာ ကိုင်တွယ်ကာ ပြီးခဲ့တဲ့ရာသီမှာ ထုတ်ပယ်ခံခဲ့ ရတာ ဖြစ်ပါတယ်။
Source: BBC