CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်ဟာ မန်စီးတီး အသင်း ကွင်းလယ်လူ ရိုဒရီထက် Ballon d'Or ဆုရရှိဖို့ ထိုက်တန်တယ်လို့ Globe Soccer Award ဆုပေးပွဲမှာ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုက “ကျနော့် အမြင်အရဆိုရင် ဗီနီစီးယက်စ်က ရွှေဘောလုံးရရှိဖို့ ထိုက်တန်ပါတယ်။ ဒါက မျှတမှု မရှိဘူးလို့လည်း ထင်ပါတယ်။ ဒါကို လူတိုင်းရှေ့မှာ ကျနော်ပြောနေတာပါ။ သူတို့ကတော့ ရိုဒရီကိုပေးခဲ့ပြီး ရိုဒရီကလည်း ရရှိဖို့ ထိုက်တန်တဲ့သူပါ။ ဒါပေမယ့် သူတို့ဟာ ဗီနီစီးယက်စ်ကို Ballon d'Or ပေးသင့်တာပါ။ ဘာကြောင့်လဲဆိုရင် သူဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဗီနီစီးယက်စ်ဟာ Ballon d'Or ဆုကို မရခဲ့ပေမယ့် မကြာသေးခင်က ချီးမြှင့်ခဲ့တဲ့ FIFA The Best ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို ရရှိခဲ့သလို Globe Soccer Award ဆုပေးပွဲမှာလည်း အကောင်းဆုံး အမျိုးသားကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ Ballon d'Or ဆုကို ၅ ကြိမ် ရရှိခဲ့ပေမယ့် ဒီနှစ်အတွက် ချီးမြှင့်ခဲ့တဲ့ ဆုပေးပွဲမှာ ဆန်ခါတင် စာရင်းထဲ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
ရော်နယ်ဒိုဟာ Globe Soccer Award ဆုပေးပွဲမှာ ၂၀၂၄ ခုနှစ်ရဲ့ အကောင်းဆုံး အရှေ့အလယ်ပိုင်း ကစားသမား ဆုကို ရရှိခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီဆုပေးပွဲမှာ အသင်းဟောင်း ယူနိုက်တက်အသင်း ဖြစ်ပျက်နေတဲ့ ပြဿနာတွေက အမြဲတမ်း နည်းပြကြောင့် မဟုတ်ဘဲ ဒီထက် အများကြီး ပိုတယ်လို့လည်း ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နည်းပြတွေ ပြောင်းလဲနေပေမယ့် လက်ရှိအချိန်ထိ ရလဒ်တွေက ဆိုးရွားနေတာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၁၉ ပွဲ ပါဝင်ကစားတာမှာ ၁၆ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
Source: ESPN