
- By CNI
- Category: အားကစား
- Hits: 413
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆
အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီအသင်းတိုက်စစ်မှူး မက်ဆီဟာ Time မဂ္ဂဇင်းရဲ့ ၂၀၂၃ ခုနှစ် အကောင်းဆုံး အားကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ Time မဂ္ဂဇင်းရဲ့ အကောင်းဆုံးအားကစားသမားအဖြစ် သတ်မှတ်ခံရတဲ့ ပထမဆုံးဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာ ပြီးနောက် ဇူလိုင်လက အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၁၄ ပွဲပါဝင်ကစားကာ ၁၁ ဂိုးသွင်းယူ ထားတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အင်တာမိုင်ယာမီအသင်းကို အသင်းသမိုင်း တစ်လျှောက် ပထမဆုံးဆုဖလားဖြစ်တဲ့ လိဂ်ဖလားရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာပါ။
Time မဂ္ဂဇင်းက မက်ဆီဟာ အမေရိကန်ကို ဘောလုံးနိုင်ငံအဖြစ် ပြောင်းလဲပေးခဲ့တယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီကြောင့် ပွဲကိုတက်ရောက်တဲ့သူတွေများပြားလာတာ၊ လက်မှတ်ဈေးနှုန်းတွေ၊ အမှတ်တရပစ္စည်းရောင်းချမှုတွေနဲ့ မေဂျာလိဂ်ပွဲတွေကို ကြည့်ရှုတဲ့သူတွေ များပြားလာခဲ့တယ်လို့ Time မဂ္ဂဇင်းက ဖော်ပြခဲ့တာပါ။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်လာဖို့ စီစဉ်ခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။
အဲဒါကြောင့် ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ်ဟာ မက်ဆီရဲ့ ရွေးချယ်စရာလိဂ်တွေဖြစ်လာခဲ့တာဖြစ်ပြီး မက်ဆီ ကတော့ အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။ မကြာသေးခင်က ဘောလွန်းဒီအောဆုကို ၈ ကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ မက်ဆီဟာ ၂၀၂၄ ခုနှစ် မေဂျာလိဂ်ရာသီသစ်မစတင်ခင်မှာ အနားယူမှုတွေ ပြုလုပ် နေတာဖြစ်ပါတယ်။ မက်ဆီကတော့ ရာသီသစ်မှာ အင်တာမိုင်ယာမီအသင်းနဲ့အတူ ရယူနိုင်တဲ့ ဆုဖလားအားလုံး ကို ရယူဖို့ ပစ်မှတ်ထားတယ်လို့ ပြောထားတာပါ။
အင်တာမိုင်ယာမီအသင်းဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် ဇန်နဝါရီ ၁၉ ရက်မှာ အယ်လ်ဆာဗေးဒိုး လက်ရွေးစင် အသင်းနဲ့ ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြုထားပြီး ဒီပွဲမှာ မက်ဆီအပါအဝင် အဓိက ကစားသမားတွေ အားလုံး ပါဝင်ဖို့ ရှိနေတာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 665
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅
ဆန်ချိုဟာ သူ့ရဲ့အနာဂတ်ကို မဆုံးဖြတ်ခင်မှာ ယူနိုက်တက်အသင်းထံ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ် ရောက်ရှိလာပြီး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စောင့်ဆိုင်းနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
တောင်ပံကစားသမား ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် သြဂုတ်လကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရရှိတော့ပါဘူး။
ဆန်ချိုဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်အတွက် ယူနိုက်တက်အသင်း လူစာရင်းမှာ ချန်လှပ်ခံရပြီးနောက် နည်းပြ အဲရစ်တန်ဟတ်ကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်ကစားသမားဟာ ဒီပို့စ်ကို ဖယ်ရှားခဲ့ပြီးပြီ ဖြစ်ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကို တောင်းပန်ဖို့ ငြင်းဆန် ခဲ့တာကြောင့် တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်နေရပါတယ်။
ဆန်ချိုကိုတွေ့ရစဉ်
ဒတ်ချ်လူမျိုးနည်းပြကတော့ ဆန်ချိုအနေနဲ့ သူ့ကို တောင်းပန်မှု ပြုလုပ်ခြင်းမရှိရင် လူစာရင်းထဲ ပြန်လည် ထည့်သွင်းသွားမှာ မဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။
အဲ့ဒါကြောင့် ဆန်ချိုဟာ လာမယ့် ဇန်နဝါရီလမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်ထားပေမယ့် ရက်ကလစ်ဖ် ရောက်ရှိလာမှာက သူ့ရဲ့ အတွေးအခေါ်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။
ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းဝယ်ယူမှုကို လာမယ့်အပတ်မှာ အပြီးသတ် နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ရက်ကလစ်ဖ်ဟာ ရှယ်ယာဝယ်ယူမှု ပြီးမြောက်တာနဲ့ ယူနိုက်တက်အသင်းရဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ လည်ပတ်မှု တွေကို ကိုင်တွယ်တော့မှာပါ။
၂၀၂၁ ခုနှစ်က ဒေါ့မွန်အသင်းကနေ ပေါင် ၇၃ သန်းနဲ့ ဝယ်ယူခဲ့တဲ့ ဆန်ချိုကို အခုလာမယ့် အပြောင်းအရွှေ့မှာ ရောင်းချမယ်ဆိုရင် ယူနိုက်တက်အသင်းဟာ ပေါင်သန်း ၄၀ ဝန်းကျင်သာ ရရှိတော့မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာကို ပေးချေနိုင်တဲ့ အသင်းအရေအတွက်ဟာ အနည်း ငယ်သာရှိပါတယ်။
ရက်ကလစ်ဖ်ကတော့ အဲရစ်တန်ဟတ်နဲ့ ဆန်ချိုတို့အကြားက ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ် ချင်နေတာကြောင့် ဆန်ချိုဟာ သူ့အနာဂတ်ကို မဆုံးဖြတ်ခင် ရက်ကလစ်ဖ်နဲ့ စကားပြောဖို့ စောင့်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
ဆန်ချိုကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းနဲ့ ဒေ့ါမွန်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 361
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅
အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာ စင်္ကာပူဘောလုံးအဖွဲ့ချုပ်နဲ့အတူ ၂၀၂၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပချင်နေတယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။
ဂျိုကိုဝီဒိုဒိုက “ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ စိတ်ဝင်စားကြောင်း ကြေညာချက်ကို အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်(PSSI)နဲ့ စင်္ကာပူဘောလုံးအဖွဲ့ချုပ်(FAS)တို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အင်ဒိုနီးရှားနဲ့ စင်္ကာပူတို့ဟာ ကောင်းမွန်တဲ့ အိမ်ရှင်တွေ ဖြစ်နိုင်တယ်ဆိုတာ ယုံကြည်တယ်”လို့ ဂျကာတာရှိ သတင်းထောက် တွေကို ပြောခဲ့ပါတယ်။
စင်္ကာပူဘောလုံးအဖွဲ့ချုပ်ကလည်း ၂၀၂၅ ခုနှစ်ထဲမှာ ကျင်းပမယ့် ဖီဖာ ယူ-၂၀ နဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို အင်ဒိုနီးရှားနဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ ဖီဖာထံ တင်ပြထားတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ယူ-၁၇ ချန်ပီယံ ဂျာမနီအသင်းကို တွေ့ရစဉ်
အင်ဒိုနီးရှားဟာ ၂၀၂၃ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ပေမယ့် အစ္စရေးအသင်း ပါဝင်မှုကို ကန့်ကွက်မှုကြောင့် ဖီဖာက အိမ်ရှင်အဖြစ် ပြုလုပ်ခွင့်ကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ အင်ဒိုနီးရှားနိုင်ငံက အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဂျာမနီအသင်းက ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
အိမ်ရှင် အင်ဒိုနီးရှားအသင်းဟာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 543
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅
အာဆင်နယ်အသင်းနည်းပြ အာတီတာက ပွဲထွက်ခွင့်နေရာဆုံးရှုံးနေတဲ့ အင်္ဂလန်ဂိုးသမား ရမ်စဒေးလ် ကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောလိုက်ပါတယ်။
အာတီတာက “အာရွန်ကို ကျနော်တို့နဲ့အတူ ဆက်ပြီးရှိစေချင်ပါတယ်။ အလွန်ကောင်းမွန်တဲ့ ဂိုးသမား ၂ ဦး ရှိတဲ့အတွက် ကျနော်ပျော်ရွှင်ပါတယ်။ ကျနော်သူတို့ကို ပိုပြီးကောင်းစေချင်တာကြောင့် ကျနော်တို့မှာ ရှိပြီးသားအရာတွေကို ထပ်ထည့်ချင်ပါတယ်။ ဒါက ကျနော်တို့ ရည်ရွယ်ထားတဲ့အရာပါ” လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီက ဘရန်ဖိုဒ့်အသင်းကနေ ဂိုးသမား ဒေးဗစ်ရာယာအငှားနဲ့ ရောက်ရှိလာပြီးကတည်းက ရမ်စဒေးလ်ဟာ အာဆင်နယ်အသင်းရဲ့ နံပတ်တစ်နေရာကို ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၄ ပွဲပါဝင်ကစားထားတဲ့ ရမ်စဒေးလ်ဟာ စက်တင်ဘာလ အစောပိုင်းကတည်းက အာဆင်နယ် အသင်းအတွက် ၃ ပွဲသာပါဝင်ကစားခွင့်ရခဲ့တာပါ။ လက်ရှိအချိန်မှာ နယူးကာဆယ်အသင်းဟာ ရမ်စဒေးလ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။
နယူးကာဆယ်အသင်းရဲ့ နံပတ်တစ်ဂိုးသမား နစ်ပုပ်ဟာ ပခုံးဒဏ်ရာကြောင့် အနည်းဆုံး ၄ လ ဝန်းကျင် အနားယူ ရဖွယ်ရှိနေလို့ အာဆင်နယ်အသင်းဂိုးသမား ရမ်စဒေးလ်ဟာ သူတို့ရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေခဲ့တာပါ။ ရမ်စဒေးလ်ဟာ အာဆင်နယ်အသင်းမှာ ပုံမှန်ကစားခွင့်ဆက်ပြီးဆုံးရှုံးနေမယ်ဆိုရင် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခွင့်ရဖို့ အခက်ကြုံတွေ့နိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် ရမ်စဒေးလ်ဟာ လာမယ့်ဇန်နဝါရီမှာ အာဆင်နယ်အသင်းကနေ အပြီးသတ်မဟုတ်ရင်တောင် အငှားနဲ့ ထွက်ခွာဖို့ ရှိနေတာပါ။
ရမ်စဒေးလ်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ၃၈ ပွဲစလုံးပါဝင်ခွင့်ရခဲ့ပြီး ချန်ပီယံဆုအတွက် မန်စီးတီးအသင်းကိုစိန်ခေါ်နိုင်အောင် လက်စွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က ရှက်ဖီးယူနိုက်တက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ရမ်စဒေးလ်ဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၈၆ ပွဲပါဝင်ကစားထားတာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 417
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅
အီတလီနိုင်ငံ၊ တူရင်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွက် Golden Boy ဆုပေးပွဲမှာ အင်္ဂလန်နဲ့ ရီးရယ်လ်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ်က ဒီဆုကို လက်ခံရရှိခဲ့ပါတယ်။
ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ ပြက္ခဒိန်နှစ်အတွင်းမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာ ကြောင့် အကောင်းဆုံး လူငယ်ကစားသမားဆုဖြစ်တဲ့ Golden Boy ဆုကို ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ပေါင် ၁၁၅ သန်းနဲ့ ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်း အတွက် ပြိုင်ပွဲစုံ ၁၅ ဂိုး သွင်းယူထားပြီး စီရော်နယ်ဒိုရဲ့ စံချိန်ကို ချိုးဖျက်ထားတာ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ လက်ရှိပြသနေတဲ့ ခြေစွမ်းတွေကြောင့် အနာဂတ်မှာ ဘောလွန်း ဒီအောဆု ရနိုင်မယ့်သူအဖြစ် သတ်မှတ်ခြင်း ခံနေရပါတယ်။
ဘယ်လင်ဂမ်က “ကျနော်ဒီလိုနေရာ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ကျနော့်ရဲ့ နိုင်ငံနဲ့ အသင်းကို ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းသွားမှာဖြစ်ပြီး ဒီလို စာရင်းမှာ ပါဝင်ခွင့်ရတာဟာ ဂုဏ်ယူစရာပါ။ ဝိန်းရွန်နီကတော့ ကျနော့်ရဲ့ အကြီးမားဆုံး လွှမ်းမိုးတဲ့သူ ဖြစ်နိုင် တယ်လို့ ထင်ပါတယ်။ Golden Boy ဆုကို ရယူနိုင်တဲ့အတွက် ကျနော် အလွန်ပျော်ရွှင်ပါတယ်”လို့ ဆုယူအပြီးမှာ ပြောခဲ့ပါတယ်။
ဟာလန်းကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းကို ဆုဖလား ၃ လုံး ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းက Golden Player Man ဆုကို ရရှိခဲ့ပါတယ်။
ဟာလန်းဟာ မန်စီးတီးအသင်းရဲ့ ပွဲဦးထွက်ရာသီမှာ ၅၃ ပွဲကစားကာ ၅၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းစံချိန် အများအပြားကို တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်း တိုက်စစ်မှူးဟာ ဒီဆုပေးပွဲကို မတက်ရောက်ခဲ့ပေမယ့် ဆုလက်ခံရရှိခဲ့တာကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့ပါတယ်။
Golden Player Women ဆုကိုတော့ စပိန်နဲ့ ဘာစီလိုနာအသင်း ကွင်းလယ်လူ ဘွန်မာတီက ရရှိခဲ့တာဖြစ်ပါ တယ်။
ဘွန်မာတီဟာ စပိန်အသင်းနဲ့ အမျိုးသမီး ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် ပြည်တွင်းဖလားတွေကို ရယူနိုင်ခဲ့တာပါ။
ဘွန်မာတီဟာ ပြီးခဲ့တဲ့ ဘောလွန်းဒီအော ဆုပေးပွဲမှာလည်း အမျိုးသမီးဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Golden Girl ဆုကိုတော့ ကိုလံဘီယာနဲ့ ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြနေတဲ့ လင်ဒါကိုင်စီဒိုက ရရှိသွား ခဲ့ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 353
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄
ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဂရီမီယိုအသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးပြီးနောက် မိသားစုနဲ့အတူ ကွင်းလုံးပြည့်အားပေးတဲ့ အသင်းပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။
ဂရီမီယိုအသင်းက ဗက်စ်ကိုဒဂါးမားအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဆွာရက်ဇ်ဟာ အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ပွဲအပြီးမှာ ပရိသတ်တွေက ဆွာရက်ဇ်ကို ဂုဏ်ပြုခဲ့ကြပြီး မိသားစုကလည်း သူနဲ့အတူ ကွင်းထဲမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဂရီမီယိုအသင်းဟာ ဆွာရက်ဇ်ကို နှုတ်ဆက် ကြောင်း သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့တာပါ။
ဆွာရက်ဇ်ဟာ ဂရီမီယိုအသင်းအတွက် ၅၃ ပွဲပါဝင်ကစားခဲ့ပြီး ၂၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဂရီမီယို အသင်းကနေ ထွက်ခွာပြီးနောက် ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီ၊ဘတ်စ်ကွက်နဲ့ အယ်လ်ဘာတို့ရှိတဲ့ အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။ ဆွာရက်ဇ်ကတော့ လက်ရှိ အချိန်မှာ အနားယူဖို့ လိုအပ်တယ်လို့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ ပြောခဲ့ပါတယ်။
ဆွာရက်ဇ်က “ကျနော်ဟာ နာကျင်မှုတွေကို ခံစားနေရပြီး ကျနော့်ခန္ဓာကိုယ်က ကျနော့်အတွက် စကားပြောနေပါတယ်။ အခုပျော်ပျော်ရွှင်ရွှင်နေချင်ပြီး ကျနော့်အနာဂတ်ကို ကျနော်ဆုံးဖြတ်မှာပါ။ ကျနော် အနားယူဖို့ လိုအပ်ပါတယ်။ ကျနော့်အနာဂတ်က ဘယ်မှာရှိနေမလဲဆိုတာတော့ ကံတရားက သိပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ဆွာရက်ဇ်ဟာ ဂရီမီယိုအသင်းနဲ့အတူ ဆုဖလား ၂ လုံးရယူနိုင်ခဲ့ပြီး ဘရာဇီးလ်စီးရီးအေဖလား ရယူနိုင်ဖို့ မျှော်လင့် ချက်လည်း ရှိနေတာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 593
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄
စပါးအသင်းနဲ့ သရေကျပြီး အမှတ်တွေဆက်တိုက်လျော့နေတဲ့ မန်စီးတီးအသင်းအနေနဲ့ ဒီရာသီ EPL ဖလားကို ရယူနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေကြောင်း ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရွိုင်ကိန်းက ပြောလိုက်ပါတယ်။
ရွိုင်ကိန်းက “မန်စီးတီးကို ဆန့်ကျင်ပြီး လောင်းမှာမဟုတ်ဘူးဆိုတာသေချာပေမယ့် မန်စီးတီးအသင်း ဒီဆုဖလားရယူဖို့နဲ့ ပတ်သက်ပြီး ကျနော်သံသယတွေဝင်လာခဲ့ပါပြီ။ အမှတ်ပေးဖလားကို ၄ နှစ်ဆက်တိုက် မရယူနိုင်တဲ့ အကြောင်းအရင်းတွေရှိပါတယ်။ ဒီလိုအဆင့်မှာ ဆာလောင်မှုနဲ့ စိတ်ဆန္ဒတွေကို ထိန်းထားဖို့ မလွယ်ကူသလို အဓိက ကစားသမားတွေဒဏ်ရာကြောင့် အနားယူရတာတွေရှိပါတယ်။ ဒါပေမယ့် ကျနော်ဟာ အာဆင်နယ်နဲ့ လီဗာပူးလ်ကို ကြည့်နေပါတယ်။ အာဆင်နယ်ဆိုရင် လူစာရင်းအင်အားတောင့်တင်းနေသလို မနှစ်ကအတွေ့အကြုံတွေလည်းရှိပါတယ်” လို့ Sky Sports မှာ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲဆက်တိုက်သရေကျပြီး ရမှတ် ၆ မှတ်အထိ ဆုံးရှုံးခဲ့တာ ကြောင့် အဆင့် ၃ နေရာအထိ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ နိုင်ပွဲဆက်ပြီး အဆင့် ၁ နေရာမှာဦးဆောင်နေကာ လီဗာပူးလ်အသင်းကလည်း ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် မန်စီးတီး အသင်းရဲ့ အဆင့် ၂ နေရာကို ရယူနိုင်ခဲ့တာပါ။ အဲဒါကြောင့် ရွိုင်ကိန်းက မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ဖို့အတွက် စိတ်ဆန္ဒနဲ့ ဆာလောင်မှုကင်းမဲ့နေမှာကို စိုးရိမ်မှုရှိနေပါတယ်။
လီဗာပူးလ်အသင်းကစားသမားဟောင်း ကာရေဂါက ရွိုင်ကိန်းပြောဆိုမှုကို သဘောတူခဲ့ပြီး အာဆင်နယ် အသင်းဟာ ပိုမိုအားကောင်းလာခဲ့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်သူ ဖြစ်လာမယ်လို့ ပြောခဲ့တာပါ။ မန်စီးတီးအသင်းဟာ အဓိက ကွင်းလယ်လူ ဒီဘရိုင်းကို ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားပေးထားရကာ အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်အဖြစ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းကတော့ ၂၀၂၄ ခုနှစ်အစပိုင်းမှာ မန်စီးတီးအသင်းအတွက် ပြန်လည် ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ မကြာသေးခင်က ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ပြောထားပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 765
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄
ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လှပတဲ့သွင်းဂိုးတွေ သွင်းယူခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ သွင်းဂိုးတွေက စပါယ်ရှယ်တွေပဲလို့ နည်းပြကလော့ပ်က ချီးကျူးလိုက်ပါတယ်။
ကလော့ပ်က “ကျနော်ဒီလိုမျိုး ဂိုးတွေကို ပွဲအချို့မှာ မြင်တွေ့ဖူးပေမယ့် ပွဲတစ်ပွဲတည်းမှာ ဒီလိုမျိုးလှပတဲ့ သွင်းဂိုး တွေ အများကြီး သွင်းယူတာကိုတော့ မမြင်တွေ့ဖူးပါဘူး။ အာနိုးလ်ရဲ့ ပြစ်ဒဏ်ဘောက မယုံနိုင်စရာကောင်းပြီး မက်အယ်လစ္စတာရဲ့ ကန်သွင်းမှုကလည်း တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ အန်ဒိုရဲ့ ဂိုးကတော့ တကယ်ကို အရေးပါခဲ့ပါတယ်။ အာနိုးလ်ရဲ့ အနိုင်ဂိုးကိုတော့ ကျနော်မမြင်တွေ့လိုက်ရပေမယ့် သွင်းဂိုးအားလုံးကတော့ စပါယ်ရှယ်ဂိုးတွေပါပဲ”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ပွဲချိန် ၈၆ မိနစ်အထိ ဖူလ်ဟမ်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့် နေခဲ့ပေမယ့် နောက်ကျ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကြောင့် ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ အန်ဖီးလ်ကွင်းမှာ ရလဒ်ကောင်း ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်း နည်းပြ ကလော့ပ်ကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၂ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားက လီဗာပူးလ်အသင်းရဲ့ သွင်းဂိုးတွေဟာ အလွန်ကောင်းမွန်ပေမယ့် သူတို့ရှုံးနိမ့်ဖို့ မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။
မာကိုဆေးလ်ဗားက “ကျနော်တို့ဟာ ဒီရလဒ်ထက် ပိုပြီးထိုက်တန်ပါတယ်။ ကျနော်တို့ဟာ လီဗာပူးလ်အသင်းလို အသင်းကို ချေပဂိုးတွေသွင်းပြီး ဦးဆောင်ဂိုးလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါက မလွယ်ကူပေမယ့် ကျနော်တို့ လုပ်နိုင် ခဲ့ပါတယ်။ သူတို့ရဲ့သွင်းဂိုးတွေက ကမ္ဘာ့အဆင့် သွင်းဂိုးတွေဖြစ်ပြီး ဒီလို အခြေအနေမျိုးမှာ တစ်ခုခုလုပ်ဖို့က မလွယ်ကူပါဘူး”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဖူလ်ဟမ်အသင်းကတော့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 490
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄
မန်စီးတီးအသင်းဟာ စပါးအသင်းနဲ့ သရေကျပြီးနောက် ပရီးမီးယားလိဂ်မှာ ၃ ပွဲ ဆက်တိုက်နိုင်ပွဲ ပျောက်ဆုံးနေ ပေမယ့် စိုးရိမ်မှုမရှိဘူးလို့ နည်းပြ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ဒီစွမ်းဆောင်ရည်က ကျနော်တို့ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ ပုံစံနဲ့ တော်တော် ဆင်တူပါ တယ်။ လူတွေကတော့ ခင်ဗျားတို့ ပေးလိုက်ရတဲ့ ဂိုးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာလို့ ပြောနေကြမှာပါ။ ကျနော် တို့ ကောင်းမွန်စွာကစားနေတဲ့ ဒီလိုအခြေအနေတွေမျိုးမှာ ကောင်းမွန်တဲ့ ရလဒ် မထွက်ပေါ်လာတာက ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ဟာ အပြန်အလှန်ဂိုးတွေ သွင်းယူပြီး တစ်ဖက် ၃ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီး ဆုံးသွားခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ နာကျင်အချိန်ပိုမှာ စပါးအသင်း ကစားသမား တွေဟာ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အပေါ် ကွင်းလယ်ဒိုင်လူကြီးက ဆက်ကစားဖို့ ခွင့်ပြုခဲ့ပေမယ့် ဂရီလစ်ရှ်ဂိုးရနိုင်မယ့် အခွင့်အရေးရချိန်မှ ပွဲကို ရပ်တန့်လိုက်ပါတယ်။
အဲ့ဒါကြောင့် နည်းပြ ဂွာဒီယိုလာနဲ့ ကစားသမားတွေဟာ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို အလွန် စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးကစားသမားတွေကိုတွေ့ရစဉ်
ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ သူ့အသင်း နိုင်ပွဲမရခဲ့တဲ့အပေါ် ကွင်းလယ်ဒိုင်လူကြီးကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်လည်း အမှားလုပ်မိသလို၊ ကစားသမားတွေလည်း အမှားလုပ်မိပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးရဲ့ ဒီဆုံးဖြတ်ချက်ကိုတော့ ကျနော်အံ့သြမိပါတယ်။ ကျနော်သူတို့ကို မဝေဖန်ချင်ပါဘူး။ ဟာလန်း ကတော့ အနည်းငယ် စိတ်ပျက်နေပါတယ်။ ဒိုင်လူကြီးတောင် ဒီပွဲမှာ မန်စီးတီးအသင်းအတွက် ကစားခဲ့မယ်ဆိုရင် ဒီဖြစ်ရပ်အတွက် သူလည်း စိတ်ပျက်မယ်ဆိုတာသေချာပါတယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲရလဒ်ကြောင့် ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။ မန်စီးတီးအသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 438
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃
မကြာသေးခင်ကမှ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ရည်မှန်းထားတယ်လို့ ပြောခဲ့တဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ် ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာသွားနိုင်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က အတည်ပြုလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ဒွန်နီဟာ ပွဲကစားချင်နေပါတယ်။ သူ့ရဲ့ရာသီအစဟာ နှေးကွေးခဲ့ပေမယ့် အခုအချိန်မှာ သူဟာ လေ့ကျင့်ရေးမှာ အလွန်ကောင်းမွန်စွာ လုပ်ဆောင်နေပါတယ်။ သူဟာ ပွဲတွေရဲ့ လူစာရင်းမှာ ပါဝင်ပြီး အခွင့်အရေးတော့ ရနေပေမယ့် သူ့ရဲ့ ကစားသမားဘဝနဲ့ အရာအားလုံးအတွက် ပွဲတွေကစားပေးရမယ်ဆိုတာ ကျနော်မြင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
၂၀၂၀ က အေဂျက်စ်ကနေ ရောက်ရှိလာခဲ့တဲ့ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေ ရပြီး အဲဗာတန်အသင်းကို အငှားသွားရောက် ကစားတာနဲ့ ဒဏ်ရာတွေကြောင့် ရုန်းကန်နေခဲ့ရပါတယ်။
ဗန်ဒီဘိခ်နဲ့ အဲရစ်တန်ဟတ်တို့ဟာ အေဂျက်စ်အသင်းမှာ လက်တွဲခဲ့ဖူးတာကြောင့် ဒတ်ချ်လူမျိုးနည်းပြ ရောက်ရှိ လာချိန်မှာ ဗန်ဒီဘိခ်အတွက် အခွင့်အရေး ရနိုင်တယ်လို့ ထင်မြင်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ဗန်ဒီဘိခ်ဟာ အဲရစ်တန်ဟတ် လက်ထက်မှာလည်း ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။
ဗန်ဒီဘိခ်ဟာ ဒီရာသီမှာဆိုရင် ယူနိုက်တက်အသင်းအတွက် လူစားဝင် ကစားသမားအဖြစ် ၂ ပွဲသာ ပါဝင်ကစားရ သေးတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီဖြစ်တာပါ။
အဲရစ်တန်ဟတ် ကိုယ်တိုင်ကလည်း ဒါဟာ ဗန်ဒီဘိခ်ရဲ့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြု ထားပါတယ်။
ဗန်ဒီဘိခ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတဲ့အတွက် နောင်တမရပေမယ့် နှစ်သစ်မှာ စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောထားတာပါ။
ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၆၂ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ၂ ဂိုး သွင်းယူထားတာ ဖြစ်ပါ တယ်။
ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ အသင်းဟောင်း အေဂျတ်စ် အပါအဝင် အသင်းအချို့က စိတ်ဝင်စားနေတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အပြီးသတ် ဒါမှမဟုတ် အငှားနဲ့ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ရှိနေတာ ဖြစ်ပါတယ်။
Source: Daily Mail