- By CNI
- Category: စီးပွားရေး
- Hits: 3284
CNI International News
ဟနွိုင်း၊ ဇွန်လ ၇
ဗီယက်နမ်နိုင်ငံ၏ အိမ်ခြံမြေစီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်သည့် ထရွန်မိုင်လန် (Truong My Lan) သည် ဗီယက်နမ်၏ အကြီးဆုံး ငွေကြေးလိမ်လည်မှု အရှုပ်တော်ပုံတစ်ခုဖြစ်သည့် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံတန်ကြေးရှိ ငွေကြေးများကို ပြည်တွင်းနှင့် ပြည်ပသို့ တရားမဝင် လွှဲပြောင်းမှုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အဆိုပါ ငွေကြေးလွှဲပြောင်းမှုများနှင့် ငွေမည်းခဝါချမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုသည် အပြီးသတ်သွားပြီဖြစ် ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၆ ရက် ညပိုင်းတွင် ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
လန်သည် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကို ပြည်ပသို့ တရားမဝင် လွှဲပြောင်းခဲ့ပြီး ဒေါ်လာ ၃ ဘီလျံကို နိုင်ငံအတွင်း တရားမဝင် လွှဲပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သော်လည်း မည်သည့်နိုင်ငံများသို့ လွှဲပြောင်းခဲ့သည်ဆိုခြင်းနှင့် မည်သူများက လက်ခံခဲ့သည်ဆိုခြင်းကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ဗီယက်နမ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ဧပြီလ အတွင်းကလည်း တရားရုံးတစ်ရုံးက လန်ကို ဆိုင်ဂုံပူးတွဲစတော့စီးပွားရေးဘဏ်(SCB) မှ ဒေါ်လာ ၁၂ ဘီလျံ ကျော် လျှို့ဝှက်ထုတ်ယူမှုတွင် ပါဝင်မှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။
ဘဏ်များတွင် ရှယ်ယာပမာဏပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး စည်းကမ်းများ တင်းကျပ်ထားသည့်တိုင် ထိုအမှု၌ လန်သည် ဒါဇင်နှင့်ချီသည့် ကြားခံကိုယ်စားလှယ်များကို အသုံးချပြီး ထိန်းချုပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
ဇွန်လ ၆ ရက်က အမှုနှင့်ပတ်သက်ပြီး SCB နှင့် လန်၏ တရားရေး ကိုယ်စားလှယ်များက မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
လန်သည် SCB နှင့် တရားမဝင် အာမခံစာချုပ်များမှ ရရှိသည့် ငွေများ အပါအဝင် ဒေါ်လာ ၂၃ ဒသမ ၆ ဘီလျံကို ငွေမည်းခဝါချမှုနှင့်လည်း စွပ်စွဲခံထားရသည်ဟု Thanh Nien သတင်းစာက ဖော်ပြခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 1494
CNI International News
ရှန်ဟိုင်း၊ ဇွန်လ ၆
တရုတ်နိုင်ငံ၊ ဟီနန် (Henan) ပြည်နယ်ရှိ ကျေးလက်ဒေသ ဘဏ်အချို့တွင် ငွေကြေးလိမ်လည်မှု အရှုပ်တော်ပုံ အတွင်း ငွေကြေးများ ဆုံးရှုံးခဲ့ရသူများသည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုသို့ ဖမ်းဆီးခံရသူများအနက် အူယန်ယွမ် (Ou Yangyun) အမည်ရှိ အမျိုးသားတစ်ဦးလည်း ပါဝင်ခဲ့သည်။
သူသည် ဖေဖော်ဝါရီလက ကျန်းကျိုး (Zhengzhou) မြို့ရှိ ဘဏ်တစ်ခုတွင် ဖွင့်ထားသည့် ၎င်း၏ ဘဏ်အကောင့် ထဲမှ ဒေါ်လာ သောင်းနှင့်ချီသော အပ်ငွေများကို ပြန်ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်ဟု ၎င်း၏ မိသားစုက ပြောသည်။
အသက် ၃၉ နှစ်အရွယ် အသေးစားစီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် အူသည် တရုတ်၏ အကြီးဆုံး ဘဏ်လုပ်ငန်း အရှုပ်တော်ပုံတွင် နစ်နာခဲ့ရသော ဒါဇင်နှင့်ချီသော လူများထဲ၌ တစ်ဦးအပါအဝင် ဖြစ်သည်။
၎င်းတို့သည် ဟီနန်ပြည်နယ်၏ ကျန်းကျိုးမြို့တော် ရထားဘူတာရုံ အပြင်ဘက်တွင် စုရုံးဆန္ဒပြခဲ့ကြသည်။
“ဟီနန်ဘဏ်တွေ ကျုပ်တို့ရဲ့ စုငွေတွေကို ပြန်ထုတ်ပေးပါ” ဟု ၎င်းတို့အဖွဲ့က အော်ဟစ်တောင်းဆိုနေသည့် ဗွီဒီယိုမှတ်တမ်းကို ရိုက်တာသတင်းဌာနက ရရှိခဲ့သည်။
ထို့နောက် ဆန္ဒပြသူများကို အမည်မသိ အမျိုးသားအချို့က လာရောက်တွေ့ဆုံခဲ့ပြီး ဘတ်စ်ကားပေါ်သို့ တက်ခိုင်း ကာ ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု ထိုဖြစ်စဉ်နှင့် တိုက်ရိုက် ပတ်သက်မှုရှိသည့် အမည်မဖော်လိုသူ ၂ ဦးက ပြော ကြားခဲ့သည်။
တရုတ်ဘဏ်ရှေ့ ဆန္ဒပြနေကြစဉ်
ရဲစခန်းသို့ ပို့ဆောင်ခံရသူများအနက် အများစုသည် ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်ခဲ့သော်လည်း အူနှင့် အခြားသူနှစ်ဦးသည် ကျန်းကျိုးရဲစခန်းတွင် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်ဟု အမည်မဖော်လိုသူ ၂ ဦးက ပြော သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျန်းကျိုး စည်ပင်သာယာ ပြည်သူ့လုံခြုံရေးဗျူရို၊ ဟီနန်ပြည်နယ် ပြည်သူ့လုံခြုံရေး ဌာနနှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့က ဖမ်းဆီးခံထားရသူများ၏ အခြေအနေနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုန့်ပြန်ခဲ့ခြင်းမရှိပေ။
အဆိုပါ အရှုပ်တော်ပုံသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က စတင်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၀၀,၀၀၀ ခန့်သည် ဟီနန် ပြည်နယ်ရှိ ဘဏ် ၄ ခုတွင် စုဆောင်းထားသည့် ၎င်းတို့၏ စုငွေ ဒေါ်လာ ၄ ဒသမ ၂ ဘီလျံခန့် ဆုံးရှုံးခဲ့ရသဖြင့် ကျေးလက်ဒေသ ဘဏ်များ၏ တည်ငြိမ်မှုနှင့်ပတ်သက်ပြီး လေ့လာစောင့်ကြည်သူများအကြား စိုးရိမ်စိတ်များ မြင့်တက်စေခဲ့သည်။
ဟီနန်ကျေးလက်ဒေသ ဘဏ် ၄ ခုကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုန့်ပြန့်ခြင်း မရှိပေ။
ထိုအရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် ဘဏ်များက ၎င်းတို့ထံတွင် ငွေကြေးအပ်နှံသူများကို ပုံမှန်လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိပါက အသေးစိတ် အချက်အလက်များ တင်သွင်းရန် အွန်လိုင်းမှ အကြုံပြုချက် ထုတ်ပြန်ခဲ့သည်။
တရုတ်၏ ဘဏ်လုပ်ငန်းဆိုင်ရာ အာဏာပိုင်အဖွဲ့ဖြစ်သည့် အမျိုးသားဘဏ္ဍာရေး စည်းကမ်းထိန်းသိမ်းမှု အုပ်ချုပ် ရေးအဖွဲ့ကလည်း ထိုအရှုပ်တော်ပုံ အကြောင်းနှင့်ပတ်သက်သည့် ရိုက်တာသတင်းဌာန၏ မေးခွန်းများကို ဖြေကြားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှု အခြေအနေများကိုလည်း ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ

- By CNI
- Category: စီးပွားရေး
- Hits: 1430
CNI International News
ဘန်ကောက်၊ ဇွန်လ ၅
ထိုင်းအစိုးရအဖွဲ့သည် ခရီးသွားနည်းပါးသည့် ရာသီတွင် ပြည်တွင်းခရီးသွားကဏ္ဍကို မြှင့်တင်ရန်အတွက် အခွန် အစီအစဉ်များကို ဇွန်လ ၄ ရက်က အတည်ပြုခဲ့သည်ဟု လက်ထောက်ဘဏ္ဍာရေးဝန်ကြီး ပေါင်ပွမ် ရိုဂျနာဆကူလ် (PaoPoom Rojanasakul) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မေလမှ နိုဝင်ဘာလအထိ အကျုံးဝင်သက်ရောက်မည့် ထိုအစီအစဉ်များထဲတွင် ကွန်ဗင်းရှင်းများနှင့် နှီးနှောဖလှယ် ပွဲများပြုလုပ်သည့် ကုမ္ပဏီများအား ဝင်ငွေခွန်များ လျှော့ချမှုလည်း ပါဝင်သည်ဟု ပေါင်ပွမ်က ပြောသည်။
အခြားအစီအစဉ်များမှာ အလတ်စားမြို့များနှင့် အသေးစား မြို့ငယ်များသို့ ပြည်တွင်းခရီးသွားကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ထားပြီး နေအိမ်များတွင် တည်းခိုနေထိုင်သူများ၊ ဟိုတယ် မဟုတ်သည့် နေရာထိုင်ခင်းများတွင် ငှားရမ်း နေထိုင်သူများအတွက် ဝန်ငွေခွန်ကောက်ခံမှု လျှော့ချမည့် အစီအစဉ်များလည်း ပါဝင်သည်။
ထိုင်းနိုင်ငံအတွင်းကို တွေ့ရစဉ်
ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ကမူ ထိုအစီအစဉ်များကြောင့် အစိုးရသည် ဝင်ငွေ ဘတ် ၁ ဒသမ ၅ ဘီလျံခန့် ကုန်ကျရမည်ဖြစ်သော်လည်း ပြန်ရမည့်အမြတ်မှာ ပိုမိုများပြားလိမ့်မည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီး ဆမ်ဆက်ခ် ပွန်ပါနစ်ချ် (Sermsak Pongpanich) က ထိုင်းသည် အခြေခံ အဆောက်အအုံနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး အစိုးရအဖွဲ့သည့် ခရီးသွားကဏ္ဍကို မြင့်တင်မည်ဟု ကတိပြုထားသည့်တိုင် ခရီးသွားများ၏ လိုအပ် ချက်များကို ဖြည့်ဆည်း မပေးနိုင်သေးကြောင်း ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 1963
CNI International News
ဘေကျင်း၊ ဇွန်လ ၅
ဥရောပသမဂ္ဂ (EU)သည် တရုတ်ကုမ္ပဏီများကို ဖိနှိပ်ရန် လုပ်ဆောင်နေကြောင်း တရုတ်က စွပ်စွဲခဲ့ပြီး မိမိတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန် အရေးယူလုပ်ဆောင်သွားမည်ဟု တရုတ်က ပြောကြားခဲ့ကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။
EU သည် တရုတ်လုပ် လျှပ်စစ်ကားများအပေါ် အခွန်ကောက်ခံမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် တရုတ်၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
တရုတ်အနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် သဘောထား ကွဲလွဲမှုများကို ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာရန် ဆန္ဒရှိကြောင်းနှင့် တင်းမာမှုများ ထိန်းမနိုင် သိမ်းမရဖြစ်စေမည့် အခြေအနေအား ရှောင်လွှဲလိုကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်တောင် (Wang Wentao) က စပိန်နိုင်ငံ၌ တရုတ်စီးပွားရေး ကုမ္ပဏီများနှင့် ပြုလုပ် သည့် အစည်းအဝေးမှာ ပြောကြားခဲ့သည်။
ပြင်သစ်၊ ဂျာမနီနှင့် EU ခေါင်းဆောင်များကလည်း ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားမည် အရေးကို ရှောင်လွှဲလိုသည့် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်ဟု ဝမ်က ပြောကြားခဲ့သည်။
တရုတ် ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်တောင်ကို တွေ့ရစဉ်
"EU အနေနဲ့ တရုတ်ကုမ္ပဏီတွေကို ဆက်ပြီးဖိနှိပ်နေဦးမယ်ဆိုရင် တရုတ်ကလည်း တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင်မှုရှိတဲ့ အကျိုးစီးပွားတွေကို မြဲမြံစွာကာကွယ်ဖို့ လိုအပ်တဲ့ အစီအစဉ်တွေ အားလုံးကို လုပ်ဆောင် သွားမှာပါ" ဟု ဝမ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
EU သည် တရုတ်အစိုးရ၏ ထောက်ပံ့မှုများဖြင့် တရုတ်ကုန်စည်များ ဥရောပဈေးကွက်အတွင်း စုပြုံဝင်ရောက် လာမည့်အရေးကို တားဆီးရန်အတွက် တရုတ်၏ပို့ကုန်များအပေါ် တားမြစ်ကန့်သတ်မှုများ လုပ်ဆောင်ခဲ့သည်။
EU အနေနှင့် တရုတ်လျှပ်စစ်ကားများအပေါ် စည်းကြပ်ခွန်များ ကောက်ခံမည်ဆိုပါက တရုတ်၏ လျှပ်စစ်ကားများ တင်ပို့ရောင်းချသည့် ကုမ္ပဏီများကို အကြောင်းကြားရမည်ဖြစ်ပြီး အခွန်တိုးမြှင့် ကောက်ခံမှုများသည် ဇွန်လ အစောပိုင်းတွင် စတင်ဖွယ်ရှိကာ ဇူလိုင်လထဲ၌ စတင်အကျုံးဝင် သက်ရောက်ဖွယ်ရှိသည်။
တရုတ်နိုင်ငံကလည်း ဥရောပ၏ ဘရန်ဒီအရက်များ ဈေးကွက်ထဲ စုပြုံဝင်ရောက်လာမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဥရောပလုပ်ကားများနှင့် ဝက်သားတင်ပို့မှုများကို တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခြင်းဖြင့် တုန့်ပြန်သွားမည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
EU အနေဖြင့် ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်ပေးထားသည့် ဝါဒကို စွန့်လွှတ်ရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ကြိုးပမ်းသင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
Source: Bloomberg

- By CNI
- Category: စီးပွားရေး
- Hits: 1860
CNI International News
နယူးဒေလီ၊ ဇွန်လ ၄
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi)က မကြာသေးမီက ပြီးဆုံးသွားသည့် ရွေးကောက်ပွဲတွင် တတိယသက်တမ်းကို အနိုင်ရခဲ့မည်ဆိုလျှင် လွယ်ကူချောမွေ့မှုရှိသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် စီစဉ်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုပြုပြင်ပြောင်းလဲမှု အစီအစဉ်များတွင် လုပ်သားအင်အားများကို ငှားရမ်းမှု၊ အလုပ်ထုတ်ပယ်မှုများ၌ ပိုမိုလွယ်ကူ အဆင်ပြေစေမည့် စည်းမျဉ်းစည်းကမ်းများလည်း ပါဝင်သည်ဟု အိန္ဒိယအစိုးရအရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယကို ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု ရပ်ဝန်းအဖြစ် ပြုပြင်ပြောင်းလဲမည့် ရွေးကောက်ပွဲ ကတိကဝတ်များ ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် မိုဒီသည် ပြည်တွင်းထုတ်လုပ်ရေး ကဏ္ဍအတွက် အစိုးရ၏ ထောက်ပံ့မှုများကို ကမ်းလှမ်းရန် ဆန္ဒရှိခဲ့သည်ဟု အမည်မဖော်လိုသော အိန္ဒိယအစိုးရအရာရှိနှစ်ဦးက ပြောသည်။
ထို့ပြင် မိုဒီသည် ပြည်တွင်းလုပ် ကုန်ပစ္စည်းများအတွက် လိုအပ်သည့် သွင်းကုန်များအပေါ် အခွန်ကောက်ခံမှုကို လည်း လျှော့ချရန် စီစဉ်ထားသဖြင့် အိန္ဒိယ၏ ကုန်ထုတ်လုပ်ရေး ကုန်ကျစရိတ်များအား လျော့ကျစေလိမ့်မည်ဟု အဆိုပါအရာရှိများက ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းသည့် မေးခွန်းများကို မိုဒီ၏ ဝန်ကြီးချုပ်ရုံး၊ အလုပ်သမားရေးရာဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ဖြေကြားခဲ့ခြင်းမရှိပေ။
အလုပ်ရုံတစ်ခုကို တွေ့ရစဉ်
မကြာသေမီးက ပြုလုပ်ခဲ့သည့် လူထုသဘောဆန္ဒ ကောက်ယူမှု စစ်တမ်းများတွင် မိုဒီ၏ ဟိန္ဒူအမျိုးသားရေး BJP ပါတီသည် ဇွန်လ ၄ ရက်တွင် ရလဒ်များ ကြေညာမည့် ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရလိမ့်မည်ဟု ဖော်ပြထားသည်။
မိုဒီ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံလှုပ်ရှားခဲ့ပြီး တရုတ် နှင့်ယှဉ်ပြိုင်ကာ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီများကို အိန္ဒိယဈေးကွက်အတွင်းသို့ ဆွဲခေါ်ရန် ကြိုးပမ်းခဲ့သည်။
အိန္ဒိယသည် ကမ္ဘာ့အလျင်မြန်ဆုံး တိုးတက်လာသည့် စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်သော်လည်း နည်းပညာ ကဏ္ဍသည် ဖွံ့ဖြိုးစ အခြေအနေဖြစ်ပြီး လူတိုင်းအတွက် လုံလောက်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး မပေးနိုင်သေးကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အိန္ဒိယရုံးခွဲ အကြီးအကဲဟောင်း ဂျို့ရှ် ဖဲလ်မန်း (Josh Felman) က ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရသည် ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယ၏ ကုန်ထုတ်လုပ်မှု ပမာဏကို ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု စုစုပေါင်း၏ ၅ ရာခိုင်နှုန်း၊ ၂၀၄၇ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် စီစဉ်ထားကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: စီးပွားရေး
- Hits: 1093
CNI International News
အစ္စလာမ်မာဘက်၊ ဇွန်လ ၃
ပါကစ္စတန်နိုင်ငံသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကြွေးမြီအကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ချမ်းသာကြွယ်ဝသူများ၊ နာမည်ကြီးပုဂ္ဂိုလ်များနှင့် စစ်ဗိုလ်ချုပ်ကြီးများ ပိုင်ဆိုင်သည့် တရားမဝင်ငွေကြေးများ သို့မဟုတ် ငွေမည်းများသည် ဒူဘိုင်း၊ ဆွစ်ဇာလန်၊ လန်ဒန်နှင့် အခြားကမ္ဘာလုံးဆိုင်ရာ မြို့ကြီးများရှိ လျှို့ဝှက် ဘဏ်များနှင့် ပိုင်ဆိုင်မှုများထဲတွင် စီးဆင်းလျက်ရှိသည်ဟု Islam Khabar သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ပါကစ္စတန်၏ အငြိမ်းစား စစ်ဗိုလ်ချုပ်များပင်လျင် ငွေမည်း ပမာဏအများအပြားကို ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
ဆင်းရဲမွဲတေမှုနှင့် လုံးလည်ချာလည်လိုက်နေသည့် ပါကစ္စတန်တွင် နှစ်စဉ် ဒေါ်လာ ၁၅ ဘီလျံခန့်သည် အခွန် ရှောင်တိမ်းရန်အတွက် နိုင်ငံပြင်ပသို့ သွယ်ဝိုက်ပြီး ထုတ်ယူလျက်ရှိသည်။
ထိုငွေပမာဏသည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက် စည်းမျဉ်းအောက်တွင် ရှိနေသည့် လူဦးရေ၏ ၃ ပုံ ၁ ပုံနှင့် အာဟာရချို့တဲ့နေသော သန်းနှင့်ချီသည့် မိခင်များနှင့် ကလေးများအတွက် အသက်ရှင်သန်နိုင်ရေးအတွက် လုံလောက်သည့် ငွေပမာဏဖြစ်သည်။
ပါကစ္စတန်ငွေကြေးကို တွေ့ရစဉ်
နောက်ဆုံး ပေါက်ကြားလာသည့် ဒူဘိုင်း အိမ်ခြံမြေ သဘောတူညီချက်များအရ ပါကစ္စတန်၏ အုပ်ချုပ်ရေး အလွှာ သည် နိုင်ငံအတွက် ဂရုမစိုက်ဘဲ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် ချမ်းသာကြွယ်ဝရေးကိုသာ အဓိကထားပြီး ကမ္ဘာ တစ်ဝန်းရှိ ဘဏ်များ၌ ငွေစုခြင်း၊ အိမ်ခြံမြေကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့်အချက်ကို ပေါ်လွင် စေခဲ့သည်။
ဒူဘိုင်းမြို့ တစ်မြို့တည်းမှာတင် ပါကစ္စတန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များ၊ ဗျူရိုကရက်များနှင့် စစ်ဗိုလ်ချုပ် များ ပိုင်ဆိုင်သည့် ပိုင်ဆိုင်မှုတန်ဖိုးသည် ဒေါ်လာ ၁၁ ဘီလျံရှိနေသည်ဟု ဆိုသည်။
ထိုပမာဏသည် ပါကစ္စတန် အထက်တန်းလွှာများ ပိုင်ဆိုင်ထားသည့် ငွေမည်းပမာဏ စုစုပေါင်း၏ အနည်းငယ်မျှ သော ငွေပမာဏဖြစ်ပြီး တစ်ကမ္ဘာလုံးနှင့်ချီပြီး တွက်ကြည့်ရမည်ဆိုပါက အလွန်များပြား နေလိမ့်မည်ဟု ကျွမ်းကျင်သူများ သုံးသပ်ခဲ့သည်။
ပါကစ္စတန်ငွေကြေးကို တွေ့ရစဉ်
ပါကစ္စတန်၏ တရားရုံးချုပ်သည် ကြီးမားသည့် အကျင့်ပျက်ခြစားမှု ပြဿနာနှင့် အဂတိ လိုက်စားမှု လှုပ်ရှားမှုများ အကြား မညီမျှချက်များကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။
တရားရုံးချုပ်သည် ထိုငွေမည်းများကို ထုတ်ဖော်နိုင်ရန်နှင့် အပြစ်ရှိသူများကို အရေးယူနိုင်ရန် ကြိုးပမ်းခဲ့သည့်တိုင် ပါကစ္စတန်အစိုးရ အဆက်ဆက်တွင် ငွေမည်းများဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများသည် လွတ်ငြိမ်း ချမ်းသာမှုများ၊ အကာအကွယ်ပေးမှုများဖြင့် အရေးယူမခံခဲ့ရပေ။
၂၀၁၀ ပြည့်နှစ်က ပြုလုပ်ခဲ့သည့် လေ့လာချက်တစ်ခုတွင် ပါကစ္စတန်စီးပွားရေး၏ ၃၅ ရာခိုင်နှုန်းသည် တရားမဝင် ငွေမည်းများဖြင့် လည်ပတ်နေပြီး နောက်ထပ် ငွေမည်းများကို လျင်မြန်စွာ တိုးပွားစေခဲ့ကြောင်း ဖော်ပြခဲ့သည်။
Source: Islam Khabar

- By CNI
- Category: စီးပွားရေး
- Hits: 974
CNI International News
နယူးဒေလီ၊ ဇွန်လ ၁
အိန္ဒိယတွင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြီးမားကျယ်ပြန့်လာမှု၏ အဓိက မောင်းနှင်အားဖြစ်ခဲ့ပြီး ဂျီဒီပီကို မြင့်တက်စေကာ လူငယ်များအကြား အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်စေခဲ့သည်ဟု News Bomb သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ကုန်ထုတ်လုပ်မှုကဏ္ဍသည် အိန္ဒိယဂျီဒီပီ၏ ၁၆ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းကြားရှိခဲ့ကာ မော်တော်ကားများ၊ လျှပ်စစ်ပစ္စည်းများ၊ အစားအစာထုတ်လုပ်မှုများ၊ အထည်အလိပ်များ၊ ကာကွယ်ရေးနှင့် ဆေးဝါးကဏ္ဍများကဲ့သို့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနှင့် နည်းပညာ စွန့်ဦးတီထွင်မှုများကြောင့် အိန္ဒိယ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် ပိုမို အရှိန်အဟုန်ကောင်းလာခဲ့သည်။
ထိုကဏ္ဍများသည် မကြာသေးမီ နှစ်များအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၏ ထုတ်လုပ်နိုင်စွမ်းနှင့် ထိရောက်မှုတို့ကို မြင့်တက်စေခဲ့ပြီး အိန္ဒိယကို ကမ္ဘာလုံးဆိုင်ရာ စျေးကွက်နေရာတစ်ခုတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နေရာသို့ ရောက်ရှိစေခဲ့သည်။
အိန္ဒိယစက်ရုံတစ်ခုကိုတွေ့ရစဉ်
အန္ဒိယ၏ ကုန်ထုတ်လုပ်မှု လှုပ်ရှားမှုများသည် ၂၀၂၁-၂၀၂၄ ခုနှစ်အတွင်း ဆက်တိုက် အရှိန်ဟုန်ကောင်းခဲ့ပြီး ဝယ်ယူသူ မန်နေဂျာများညွှန်းကိန်း (PMI)တွင် ၂၀၂၁ ခုနှစ်က ၅၄ ဒသမ ၅ မှတ်မှ ၂၀၂၃ ခုနှစ်တွင် ၅၆ ဒသမ ၈ မှတ်အထိ နှစ်အလိုက် တိုးတက်လာခဲ့သည်။
ကုန်ထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် အန္ဒိယသည် ၂၀၂၁ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးကုန်ထုတ်လုပ်သည့် ၁၀ နိုင်ငံစာရင်း၌ အဆင့် ၆ နေရာတွင်ရှိခဲ့ပြီး ၂၀၂၂၊ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ မတ်လအထိ အဆင့် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့သည်။
၂၀၂၂ ခုနှစ်က အန္ဒိယ၏ ပျမ်းမျှ PMI သည် ၅၅ ဒသမ ၃ မှတ်ရှိခဲ့ပြီး ကမ္ဘာ့ထိပ်သီး ကုန်ထုတ်လုပ်သည့် ၁၀ နိုင်ငံ စာရင်းတွင် အမြင့်ဆုံးဖြစ်ကာ ဒုတိယနေရာတွင် အမေရိကန်က ၅၃ ဒသမ ၄ မှတ်နှင့် တတိယနေရာတွင် ဂျပန်တို့ က ၅၂ ဒသမ ၁ မှတ် ရှိခဲ့သည်။
၂၀၂၃ ခုနှစ်တွင် အိန္ဒိယ၏ PMI သည် ၅၆ ဒသမ ၈ ၊ ဒုတိယနေရာတွင် မက္ကဆီကိုက ၅၁ ဒသမ ၂ နှင့် တရုတ်က ၄၉ ဒသမ ၉ အဖြစ် အစဉ်လိုက် ရပ်တည်ခဲ့သည်။
ပို့ကုန်များကိုတွေ့ရစဉ်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအကြားတွင်လည်း အန္ဒိယနိုင်ငံ၏ PMI သည် ၅၇ ဒသမ ၅ ၊ ဒုတိယနေရာတွင် အမေရိကန်က ၅၁ ဒသမ ၅ ၊ တတိယနေရာတွင် မက္ကဆီကိုက ၅၁ ဒသမ ၆ နှင့် စတုတ္ထနေရာတွင် တောင်ကိုရီးယားက ၅၀ ဒသမ ၆ တို့ဖြင့် အစဉ်လိုက် ရပ်တည်ခဲ့သည်။
အိန္ဒိယသည် ကုန်ထုတ်လုပ်မှု၏ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ထုတ်ကုန်များကို ကမ္ဘာလုံးဆိုင်ရာ စျေးကွက်သို့ တင်ပို့ရောင်းချမှုကို မြှင့်တင်ရန်အတွက် ခိုင်မာသည့် မူဝါဒများ ချမှတ်လုပ်ဆောင်ခဲ့သည်။
ရင်းနှီးမြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှု၊ အခြေခံ အဆောက်အအုံနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍတို့ကို အဆင်ပြေ ချောမွေ့ စေရန်အတွက် ၂၀၁၄ ခုနှစ် စတင်လုပ်ဆောင်ခဲ့သည့် Make in India အစီအစဉ်သည် အကျိုးအမြတ်များ ဖြစ်ထွန်း သည့် ရလဒ်များ ထွက်ပေါ်ခဲ့သည်ကို အထက်ဖော်ပြပါ ကိန်းဂဏန်းများက သက်သေခံလျက်ရှိသည်။
Source: News Bomb

- By CNI
- Category: စီးပွားရေး
- Hits: 1197
CNI International News
ဘေကျင်း၊ ဇွန်လ ၁
တရုတ်၏ စူပါမားကတ်ကဏ္ဍ ပြိုလဲမှုသည် တရုတ်စီးပွားရေး၏ ဆိုးရွားသည့် အခြေအနေကို ထင်ဟပ်စေပြီး တစ်ချိန်က ဖောက်သည်များနှင့် စည်ကားနေသည့် စူပါမားကတ်များသည် ယခုတွင် ဝယ်သူများ ခြောက်ကပ် နေသည်ဟု Daily Asian Age သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဝယ်သူများနည်းပါးလာပြီး ကုန်စည်ရွေ့လျားမှု နှေးကွေးနေခြင်းသည် တရုတ်၏ စီးပွားရေး အခက်အခဲကို ပုံဖော် ပြသရာရောက်နေပြီး စားသုံးသူဝယ်လိုအား လျော့ကျနေပြီး ဘဏ္ဍာရေးဖိအားများ မြင့်တက်လာသည့်ကြားတွင် စီးပွားရေးလုပ်ငန်းများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ထိုအကျပ်အတည်းသည် စူပါမားကတ်များ ဆက်လက် ရပ်တည်နိုင်စွမ်းကို ခြိမ်းခြောက်နေရုံသာမက နောက်ထပ် ဂယက်ရိုက်ခတ်မှုများကို ဖြစ်လာစေနိုင်သည့် စီးပွားရေးပြဿနာများအား ပိုမိုနက်ရှိုင်းစေလိမ့်မည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
စူပါမားကတ်မှာ ဈေး၀ယ်နေကြစဉ်
ချောင်ကင်း (Chongqing) မြို့ရှိ စူပါမားကတ်များအတွက် ကုန်စည်များ တင်သွင်းမှုတွင် တာဝန်ယူရသည့် အရေးမြှင့်တင်ရေး ဝန်ထမ်းတစ်ဦးဖြစ်သူ မစ္စစ် ဝမ် (Wang) က ယခုနှစ်အတွင်း ကုန်စည်များ ဖြန့်ချိမှုမှာ စျေးကွက်အတွင်း ပြဿနာရှိနေကြောင်း ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အတွင်း ဒေသခံမီဒီယာများက ဖော်ပြသည့် သတင်းများတွင် အဆိုပါ အရောင်းဝန်ထမ်း အမျိုးသမီး၏ ပြောကြားချက်များကို ကိုးကားပြီး ကုန်စည်များနှင့် စူပါမားကတ်များသည် ပုံမှန်ရောင်းချနိုင်ခြင်း မရှိကြောင်း ဖော်ပြခဲ့သည်။
ယခုနှစ် စူပါမားကတ်များရှိ စီးပွားရေး လုပ်ငန်းများသည် နှေးကွေးနေပြီး ကုန်စည်များသည် အဆင်ပြေ ချောမွေ့မှု မရှိဘဲ စီးဆင်းနေကာ လမ်းများပေါ်တွင် ရောင်းချသည့် စျေးဆိုင်များလည်း ဝယ်သူများ လျော့နည်းနေသည်ဟု ဆိုသည်။
တရုတ်ရဲ့စီးပွားရေးကို ညွန်းပြထားစဉ်
ဒေသခံစျေးဆိုင်ပိုင်ရှင်များကလည်း စတိုးဆိုင်အများစု၏ အမြတ်များသည် ဆက်လက် ကျဆင်းနေပြီး ကုန်စည် များကို ရောင်းချရသည့်တိုင် ရောင်းရငွေနှင့် ဆိုင်ခန်းငှားခ၊ ဝန်ထမ်းလစာပေးရသည့် ကုန်ကျစရိတ်များနှင့် မကာမိကြောင်း ပြောကြားခဲ့ကြသည်။
ထို့ကြောင့် တစ်ဆင့် ပြန်လည်ရောင်းချသည့် စတိုးဆိုင်ပိုင်ရှင်များသည် ကုန်စည်ဖြန့်ဖြူးသူများနှင့် သဘောတူညီ ချက်များရယူပြီး စတိုးဆိုင်များတွင်တင်သော ကုန်စည်များ ရောင်းမထွက်ပါက ထိုကုန်စည်များကို ဖြန့်ဖြူးသူက ပြန်လည်ဝယ်ယူပါမည်ဆိုသော ကတိဖြင့် စာချုပ်များ ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် ကုန်စည်များသည် ဝယ်သူများထံ မရောက်ဘဲ ဖြန့်ဖြူးသူထံ ပြန်လည်ရောက်ရှိသွားသဖြင့် ကုန်စည် စီးဆင်းမှုတွင် အခက်အခဲများနှင့်ကြုံတွေ့ရကာ ဖြန့်ဖြူးသူများသည် ကြီးမားသည့် ဖိအားများအောက်သို့ ရောက်ရှိ နေသည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
Source: Daily Asian Age

- By CNI
- Category: စီးပွားရေး
- Hits: 1740
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၃၁
ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်အား ရာထူးမှ ဖယ်ရှားရေး အထက်လွှတ်တော်အမတ် ၄၀ က လက်မှတ်ရေး ထိုး တောင်းဆိုထားကြ၍ ဝန်ကြီးချုပ် ရာထူးမှဖယ်ရှားခံရပါက ရွှေ့ပြောင်းလုပ်သားများအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
၂၀၀၈ ခုနှစ်က ဘတ်ငွေ ၂ သန်းထည့်ပြီး လာဒ်ထိုးခဲ့မှုအတွက် ထောင် ၆ လကျဖူးသည့် ရှေ့နေအား ဝန်ကြီးချုပ် ရုံးတွင် ဝန်ကြီးရာထူးအဖြစ် ဧပြီလက ခန့်အပ်ခဲ့ခြင်းသည် ကျင့်ဝတ်နှင့်မညီဟုဆိုကာ ဝန်ကြီးချုပ် ဆရီသာကို ရာထူးမှ ဖယ်ရှားရေး တောင်းဆိုချက်အား ထိုင်းဖွဲ့စည်းပုံတရားရုံးက ကြားနာရန်လက်ခံလိုက်ခြင်း ဖြစ်သည်။
အစိုးရအဖွဲ့တွင် ရာထူး၊ လူပုဂ္ဂိုလ် အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပွားပါက အနည်းနှင့်အများ ရွှေ့ပြောင်း လုပ်သားများအပေါ် ရိုက်ခတ်မှု ဖြစ်နိုင်ကြောင်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရတစ်ရပ်အပြောင်းအလဲ ဖြစ်ပြီဆိုရင် မူဝါဒ အပြောင်းအလဲတွေဖြစ်မယ်။ မူဝါဒအပြောင်းအလဲတွေ ဖြစ်ရင် တော့ ဒီဟာက သက်ဆိုင်ရာ ဌာနဆိုင်ရာ၊ ဝန်ကြီးဌာနဆိုင်ရာတွေရဲ့ ဥစ္စာပေါ့နော်။ ဝန်ကြီးဌာနမှာ အလုပ်သမား ရေး ဝန်ကြီးဌာနပါတယ်ဆိုရင် ဝန်ကြီးဌာနအောက်မှာ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့ဌာန တွေရှိတယ်။ အလုပ်သမား ရွှေ့ပြောင်းအလုပ်သမား အလုပ်အကိုင် စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေတွေ ဘာတွေ ပြင်ဆင်တာတွေ ဖြစ်လာနိုင်တာပေါ့။ အဲဒါဆိုရင် လက်ရှိထပ် ဆိုးတာ၊ ကောင်းတာတို့ နောက်အသစ် ခန့်အပ်တဲ့ အဖွဲ့ရဲ့ လုပ်တဲ့အပေါ် မူတည်တာပေါ့။ ဝန်ကြီးချုပ်အနေနဲ့က နိုင်ငံခြားရေးပေါ်လစီရော၊ ရွှေ့ပြောင်းအလုပ်သမား အရေးဆိုင်ရာ၊ အနိမ့်ဆုံးလုပ်အားခကိစ္စတွေ အဲဒါတွေကို သူကပြောနေတာတော့ တွေ့တယ်။ အဲဒီလို ပြောပြော ပြီးတော့ လုပ်နေတဲ့ အနေအထားမှာ ခုနကလို ပြဿနာက အနည်းနဲ့အများ အပြောင်းအလဲဖြစ်ရင် ရိုက်ခတ်မှု ကတော့ ဖြစ်မှာပဲ” ဟု ပြောသည်။
ဆရီသာနဲ့ ထိုင်းတရားရုံး အမှတ်အသားကိုတွေ့ရစဉ်
ဝန်ကြီးချုပ်ရုံး ဝန်ကြီးရာထူး တာဝန်ယူသူများအနေဖြင့် ဂုဏ်သိက္ခာနှင့် ညီညွတ်သူဖြစ်ရန် လိုအပ်ပြီး ကျင့်ဝတ် မညီညွတ်ပါက တာဝန်မပေးသင့်ဆိုသည့် ဖွဲ့စည်းပုံပါ အချက်များကို မလိုက်နာဘဲ ခန့်အပ်ခဲ့သည်ဟု ဖွဲ့စည်းပုံ တရားရုံးက ဆုံးဖြတ်ပြီး ကျင့်ဝတ်ချိုးဖောက်မှု ရှိ/မရှိ ဝန်ကြီးချုပ်ကို ကြားနာစစ်ဆေးသွားမှာ ဖြစ်သည်။
ဝန်ကြီးချုပ် ဆရီသာ လက်ထက်တွင် မူဝါဒအပြောင်းအလဲများထဲတွင် ရွှေ့ပြောင်းလုပ်သားများနှင့် ဆိုင်သည့် အနိမ့်ဆုံး လုပ်ခလစာ တိုးမြှင့်ပေးရေး၊ လူမှုဖူလုံရေးနှင့် ပတ်သက်သည့် ကိစ္စများအပြင် အခြားသော ကိစ္စရပ်များ ကို ဆောင်ရွက်လျက်ရှိသည်။
ဆရီသာ လက်ထက်၌ တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းများအပေါ် ဖမ်းဆီးမှုများသည် ယခင် ဝန်ကြီးချုပ်ဟောင်း လက်ထက်နှင့်ယှဉ်ပါက အင်မတန်နည်းပါးပြီး နိုင်ငံရေးအရ အချို့သော တရားမဝင်များ ကိုသာ ဖမ်းဆီးနေခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သားများအပေါ် လုပ်ကိုင်ခွင့် မပေးထားသည့် အလုပ်များအား ယခင်က ထက် နားလည်မှုအရ ပိုမိုလုပ်ကိုင်လာနိုင်ကြကြောင်း မဲဆောက်တွင် နေထိုင်အလုပ်လုပ်ကိုင်နေသူ ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
၎င်းက “ကျနော်ရဲ့အမြင်မှာတော့ ကျနော်တွေ့ရတာတော့ အဖမ်းအဆီးက တော်တော်လေးနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံသားတွေ အခုထိုင်းနိုင်ငံမှာဆိုရင် တော်တော်လေး ကိုယ်ပိုင်စီးပွားရေး လုပ်နေ ကြတာတွေရှိတယ်။ ရှင်းရှင်းပြောရရင် တခြားမတွေးနဲ့ ဒီမြန်မာနိုင်ငံသားတွေ ထိုင်းဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေလေ တခြားဆိုရင် ဈေးဆိုင်ပေါ့။ ဈေးရောင်းတဲ့ဟာတွေဆို တော်တော်လေး များတာတွေ့ရတယ်။ ထိုင်းနိုင်ငံ၊ မဟာချိုင်မှာဆို တော်တော်များတာ တွေ့ရတယ်။ ဟိုတုန်းကနဲ့တွက်မယ်ဆို အဖမ်းအဆီး တော်တော် များတယ်။ ဒီဝန်ကြီး လက်ထက်မှာတော့ အဖမ်းအဆီး တော်တော်လေး နည်းနေသေးတယ်။ ပြီးတော့ နားလည်မှု လည်း ပေးထားတာပေါ့နော်။ အဖမ်းအဆီးကတော့ နည်းတယ်။ ဝန်ကြီးဟောင်း လက်ထက်တုန်းကကြ အဖမ်း အဆီး များတယ်။ ပြီးတော့ အရေးယူတာလည်း ကြမ်းတမ်းတယ်” ဟု ပြောသည်။
ထိုင်းဝန်ကြီးချုပ် ဆရီသာသည် ၂၀၂၃ ခုနှစ်၊ မေလက ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး ၃ လခန့် အကြာတွင် ဝန်ကြီးချုပ်အဖြစ် အစိုးရအဖွဲ့သစ်အတွက် ရွေးချယ်ခံခဲ့ရခြင်းဖြစ်၍ ၎င်း၏ သက်တမ်းသည် ၁ နှစ် ဝန်းကျင်ခန့်သာ ရှိသေးသည်။
သို့သော် ရာထူးမှ ဖယ်ရှားရေးအတွက် ကြားနာရာတွင် ခုခံချေပလွှာကို ၁၅ ရက်အတွင်း တင်ရမှာဖြစ်ပြီး အပြစ်ရှိ ကြောင်း ခုံရုံးက ဆုံးဖြတ်လျှင် ရာထူးကနေ ဆင်းပေးရမည်ဖြစ်ကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြထား သည်။

- By CNI
- Category: စီးပွားရေး
- Hits: 1448
CNI International News
ဘေကျင်း၊ မေလ ၃၁
တရုတ်နိုင်ငံ၏ ဘဏ်များသည် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း ဘဏ်အပ်နှံငွေ ဆုံးရှုံးမှု ကြီးကြီးမားမားရှိခဲ့ပြီး စုစုပေါင်း ယွမ် ၃ ဒသမ ၉၂ ထရီလျံ (ဒေါ်လာ ၅၄၂ ဘီလျံ) ဆုံးရှုံးခဲ့သည်ဟု Truthmv သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဘဏ်တွင် ငွေအပ်နှံမည့်သူများအား နောက်ထပ် အတိုးနှုန်းများ ကမ်းလှမ်းသည့် ကာလကြာရှည် ကျင့်သုံးခဲ့သော အလေ့အထကို လျှော့ချရန် ရည်ရွယ်ထားသည့် လမ်းညွှန်ချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ဘဏ်များ၌ ငွေကြေး အပ်နှံမှုများ လျော့ကျခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်သူ့ဗဟိုဘဏ် (PBOC) က ၂၀၂၄ ခုနှစ်၏ ပထမ ၄ လတာ ကာလအတွင်း ယွမ်ငွေကြေး အပ်နှံမှု အသစ်များသည် ၅၁ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး တန်ဖိုးအားဖြင့် ယွမ် ၇ ဒသမ ၃၂ ထရီလျံ ရှိခဲ့သည်ဟု ဖော်ပြခဲ့ သည်။
ထိုပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူက ယွမ် ၁၄ ဒသမ ၉၃ ထရီလျံနှင့် နှိုင်းယှဉ်ပါက သိသာစွာ လျော့ကျခဲ့ ခြင်းဖြစ်သည်။
အလားတူပင် ယွမ်ချေးငွေများလည်း သိသာစွာ လျော့ကျခဲ့ပြီး ပြီးခဲ့သည့်နှစ် ပထမ ၄ လတာကာလတွင် ချေးငွေ ယွမ် ၁၁ ဒသမ ၃၂ ထရီလျံရှိခဲ့ရာမှ ယခုနှစ် ပထမ ၄ လတာ ကာလအတွင်း ယွမ် ၁၀ ဒသမ ၁၉ ထရီလျံအထိ ကျဆင်းခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်သူများကိုတွေ့ရစဉ်
ထိုကဲ့သို့ ဘဏ်လုပ်ငန်းတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်တိုင် ထိုအခြေအနေသည် လူမှုမီဒီယာများ၌ တွင်တွင်ကျယ်ကျယ် ဖော်ပြခံခဲ့ရခြင်းမရှိပေ။
WeChat လူမှုမီဒီယာတွင် တရုတ်၏ ငွေကြေးကုမ္ပဏီများ၏ နောက်ဆုံး သုတေသန ထုတ်ပြန်ချက် ၇ ခုမှာလည်း ထွက်ပေါ်လာခဲ့ခြင်း မရှိကြောင်း Bloomberg သတင်းဌာနမှ ဖော်ပြခဲ့သည်။
လက်ရှိ ဘဏ္ဍာရေး အခင်းအကျင်းတွင် အကျဘက်သို့ ရောက်ရှိနေခြင်းသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည့် နိုင်ငံပိုင်ဘဏ်များနှင့် ဒေသန္တရအာဏာပြိုင်များအကြား ဝန်ပိနေသည့် ချေးငွေပြဿနာအပေါ် နောက်ထပ်စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။
တရုတ်၏ ကုန်ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ကုန်စည်စီးဆင်းမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်သည့် စီးပွားရေး နယ်ပယ်တွေ ငွေကြေးထောက်ပံ့မှုသည် ယွမ် ၁၂ ဒသမ ၇၃ ထရီလျံတွင်ရှိနေပြီး ယင်းပမာဏသည် ပြီးခဲ့သည့် နှစ်နှင့် နှိုင်းယှဉ်ပါ ယွမ် ၃ ဒသမ ၀၄ ထရီလျံ ကျဆင်းခဲ့သည်။
ထို့ပြင် ယွမ်ငွေကြေး တန်ဖိုးမှာလည်း မေလ ၂၇ ရက်တွင် သီတင်းနှစ်ပတ်အတွင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်း ခဲ့ပြီး တစ်ဒေါ်လာလျှင် ၇ ဒသမ ၂၃၄၇ ယွမ်အထိ ရှိခဲ့သည်။
Source: Truthmv