- By CNI
- Category: စီးပွားရေး
- Hits: 466
CNI International News
ဘန်ကောက် ၊ နိုဝင်ဘာ ၇
မြန်မာ၊ လာအို ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများအတွက် ဗီဇာ လျှောက်ထားခနှင့် သက်တမ်းတိုးခ ဈေးနှုန်းများကို နိုဝင်ဘာ ၁၁ ရက်မှစပြီး ဘတ် ၅၀၀ အထိ လျှော့ချပေးသွားမည်ဟု ထိုင်း အလုပ်သမားရေးရာဌာန၏ ယာယီညွှန်ကြားရေးမှူးချုပ် ဆွမ်ချိုင် မိုရက်ကော့စရီဝမ် (Somchai Morakotsriwan) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ရွှေ့ပြောင်းလုပ်သားများအတွက် ဗီဇာခ အပြောင်းအလဲကို အောက်တိုဘာ ၂၇ ရက် နေ့စွဲဖြင့် ထိုင်းနန်းတော်က တော်ဝင်အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုအမိန့်ပြန်တမ်းသည် နိုဝင်ဘာ ၁၁ ရက်မှစပြီး နောက်ထပ် ၄ နှစ် အထိ အကျုံးဝင် သက်ရောက်မည်ဖြစ်ကြောင်း မစ္စတာ ဆွမ်ချိုင်းက ပြောကြားခဲ့သည်။
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
မြန်မာ၊ လာအို ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် အလုပ်သမားရေး ပူးပေါင်းဆောင်ရွက်သည့် နားလည်မှု စာချွန်လွှာအရ ထိုင်းအလုပ်သမားရေးရာဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရာကန် (Phiphat Ratchakitprakan) က အဆိုပြုတင်သွင်းခဲ့သည့် ထိုအစီအစဉ်ကို အောက်တိုဘာ ၃ ရက်က အစိုးရအဖွဲ့၏ ကြေညာချက် ထုတ်ပြန်အပြီး တွင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
နိုဝင်ဘာ ၁၁ ရက်ကစပြီး ဗီဇာတင်သွင်းမှုများကို ဘတ် ၂၀၀၀ မှ ဘတ် ၅၀၀ အထိလျှော့ချပေး သွားမည်ဖြစ်ပြီး ၂ နှစ်အထိ အကျုံးဝင်မည်ဖြစ်သည်။ ဗီဇာသက်တမ်းတိုးခကို ဘတ် ၁၉၀၀ မှ ဘတ် ၅၀၀ အထိ လျှော့ချပြီး ၂ နှစ် သက်တမ်းပေးမည်ဖြစ်သည်။
ထိုကဲ့သို့ ဗီဇာ လျှောက်ထားခနှင့် သက်တမ်းတိုးခများကို လျှော့ချခြင်းသည် အလုပ်သမားများ၏ အသုံးစရိတ်ကို လျှော့ချပေးလိုသည့် ရည်ရွယ်ချက်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ စီးပွားရေးကို ပြန်လည်ထူထောင်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ဆွမ်ချိုင်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 433
CNI International News
ဂျကာတာ၊ နိုဝင်ဘာ ၂
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် ရေနံဈေးနှုန်းများ မြင့်တက်မှု၊ ကုန်ကျစားရိတ် မြင့်တက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားများ တည်ငြိမ်မှုမရှိသည့် အခြေအနေသည် အောက်တိုဘာလအတွင်း အာရှနိုင်ငံများ၏ ကုန်ထုတ်လုပ်ရေး လှုပ်ရှားမှုများကို နှေးကွေးစေခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အာရှဒေသတွင်းရှိ နိုင်ငံအများစုသည် ငွေကြေးဖောင်းပွမှု၊ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ မှာယူမှု လျော့ကျ ခြင်း အစရှိသည့် ဖိအားများကို ရင်ဆိုင်နေရသည်ဟု S&P Global နှင့် au Jibun ဘဏ်တို့က နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုန်ထုပ်လုပ်မှုဆိုင်ရာ အဝယ်တော် မန်နေဂျာများ၏ ညွှန်းကိန်းများ (PMIs) တွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံတွင် ပုဂ္ဂလိက စက်မှုလုပ်ငန်း လှုပ်ရှားမှု စံနှုန်းမှာ မကြုံစဖူး လျော့ကျခဲ့သည်။ ထိုအခြေအနေသည် ကမ္ဘာ့ဒုတိယမြောက် စီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံ၏ ကျိုးပျက်လွယ်သည့် စီးပွားရေး အခြေအနေကို မီးမောင်းထိုး ပြသရာရောက်ခဲ့သည်။
ဟားမာ့စ် - အစ္စရေး ဒုံးကျည်များဖြင့် အပြန်အလှန်ပစ်ခတ်နေကြစဉ်
ယခုထွက်ရှိလာသည့် အချက်အလက်များသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်ပျက် ဖွယ် လက္ခဏာတစ်ရပ်ဖြစ်ပြီး အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် စီးပွားရေးနာလန်ပြန်ထူမှု အခြေအနေကို ခြိမ်းခြောက်ခဲ့သလို ဒေသတွင်း ပိုမိုကြီးမားကျယ်ပြန့်သည့် ပဋိပက္ခတစ်ခု ဖြစ်လာမည့် အရေးအတွက် စိုးရိမ်စိတ် များလည်း မြင့်တက်လာခဲ့သည်။
ကမ္ဘာ့ ကုန်ပစ္စည်းအများစုကို ထုတ်လုပ်သည့် အာရှတိုက်သည် ယခုနှစ်အတွင်း ကုန်ထုတ်လုပ်မှုကို အရှိန်မြှင့်တင် ရန် ရုန်းကန်နေရသည်။
ထို့ပြင် အမေရိကန်နှင့် ဥရောပ အပါအဝင် အဓိက နိုင်ငံတကာ ဈေးကွက်များထံမှ ဝယ်လိုအား ကျဆင်းမှု အခြေအနေကိုလည်း အာရှနိုင်ငံများ ရင်ဆိုင်နေရသည်။
PMI အချက်အလက်များတွင် အောက်တိုဘာလအတွင်း ဂျပန်နှင့် တောင်ကိုရီးယားတို့၏ စီးပွားရေး ကျုံ့ဝင်မှု အမှတ်သည် ၄၈ ဒသမ ၇ နှင့် ၄၉ ဒသမ ၈ မှတ်အဖြစ် အသီးသီး သတ်မှတ်ဖော်ပြထားပြီး စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက အပြောင်းအလဲ အနည်းငယ်သာ ရှိခဲ့သည်။
ကားထုတ်တဲ့စက်ရုံကိုတွေ့ရစဉ်
PMI အချက်အလက်များတွင် အမှတ် ၅၀ နှင့်အထက်သည် စီးပွားရေး လှုပ်ရှားမှု မြင့်တက်သည့် အခြေအနေကို ညွှန်ပြခြင်းဖြစ်ပြီး အမှတ် ၅၀ အောက်သည် စီးပွားရေးကျုံ့ဝင်မှုကို ညွှန်ပြခြင်းဖြစ်သည်။
"မြင့််တက်နေတဲ့ ငွေကြေးဖောင်းပွနှုန်းဟာ ကုန်ကြမ်းပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို မြင့်တက်စေခဲ့ပါတယ်။ အထူး သဖြင့် ရေနံနဲ့ ဆက်နွှယ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းမြင့်တက် လာခဲ့ပါတယ်" ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် အူစမာ ဘာတီ (Usamah Bhatti) က ပြောကြားခဲ့သည်။
ဒေသတွင်း စီးပွားရေး မောင်းနှင်အား တစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံသည်လည်း ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက် နေသော အခြေအနေကို အနည်းနှင့်အများဆိုသလို ခံစားခဲ့ရသည်။
အောက်တိုဘာလအတွင်း အိန္ဒိယ၏ PMI အညွှန်းကိန်းသည် ၅၅ ဒသမ ၅ အောက်သို့ လျော့ကျခဲ့သည်။
ဗီယက်နမ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ PMI များသည် ဆိုးရွားခဲ့ပြီး မလေးရှားနိုင်ငံ၏ PMI သည် အပြောင်းအလဲ မရှိပေ။
အင်ဒိုနီးရှား တစ်နိုင်ငံတည်းသာ အောက်တိုဘာလအတွင်း PMI အညွှန်းကိန်း မြင့်တက်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 493
CNI International News
ကရာမာတော့စ်၊ အောက်တိုဘာ ၂၇
ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေချိန်တွင် ယူကရိန်း၏ ရှေ့တန်းစစ်မြေပြင်အနီးရှိ ကရာမာတော့စ် (Kramatorsk) မြို့တွင် စီးပွားရေးလုပ်ငန်းရှင်များသည် လုပ်ငန်းလည်ပတ်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု အေပီမှ ဖော်ပြခဲ့ သည်။
ထိုမြို့ရှိ အဆောက်အအုံများသည် ရုရှား၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးနေပြီး ဇွန်လအတွင်းကလည်း ယူကရိန်းအရှေ့ပိုင်းရှိ ပီဇာဆိုင်တစ်ဆိုင်ကို ရုရှား၏ ပဲ့ထိန်းဒုံးကျည်တစ်စင်း ထိမှန်မှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ သည်။
သေဆုံးသူများထဲတွင် စာပေဆုရှင် ယူကရိန်းစာရေးဆရာ တစ်ဦးနှင့် ဆယ်ကျော်သက် အချို့ ပါဝင်ခဲ့သလို သေဆုံးသူများထဲမှ ၇ ဦးသည် ဆိုင်ဝန်ထမ်းများ ဖြစ်သည်။
လက်ရှိတွင် ထိုပီဇာဆိုင်၏ ဝင်ပေါက်နေရာ၌ သေဆုံးသူများအတွက် ရည်စူးသည့် ပန်းများနှင့် ဝမ်းနည်းအောင့်မေ့ ဖွယ် စာသားများကို ရေးသားထားသည်။
ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲလို့ ပီဇာဆိုင်မှာ သေဆုံးခဲ့သူများကို အောက်မေ့ဖွယ် ဂုဏ်ပြုထားစဉ်
"စီးပွားရေးသမားတစ်ဦး အနေနဲ့ဆိုရင် ဆိုင်ခန်းထိခိုက် ပျက်စီးသွားတဲ့အတွက် ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ဒီထက်ပိုဆိုးတာက အစားပြန်မရနိုင်တော့တဲ့ လူ့အသက်တွေပါ ဆုံးရှုံးသွားခဲ့တာ ပိုပြီး ဝမ်းနည်းရပါတယ်" ဟု RIA Pizza ဆိုင်ပိုင်ရှင် ဒီမီထရို အာနက်တန်ကို (Dmytro Ihnatenko) က ပြောကြားခဲ့သည်။
ထိုပီဇာဆိုင်ကို ဒုံးကျည်ထိမှန်ခဲ့သည့် ဖြစ်စဉ်သည် ဒွန်းနက်စ် (Donetsk) ၏ ရှေ့တန်းစစ်မြေပြင်အနီးရှိ ကရာမာတော့စ်မြို့တွင် စီးပွားရေးလုပ်ငန်းများအတွက် အန္တရာယ်ရှိနေသည့် အခြေအနေကို ပြသရာ ရောက်ခဲ့ သည်။
သို့သော်လည်း စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့၏ လုပ်ငန်းများကို မပိတ်ဘဲ ဆက်လက် လည်ပတ် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။
ပီဇာဆိုင် ဒုံးကျည်မှန်လို့ ပျက်စီးထားစဉ်
လက်ရှိတွင် ကရာမာတော့စ်မြို့အတွင်း စားသောက်ဆိုင် ၅၀ နှင့် ဈေးဆိုင် ၂၂၈ ဆိုင် ဖွင့်လှစ်ထားဆဲ ဖြစ်သည်ဟု မြို့ကောင်စီအဖွဲ့က ခန့်မှန်းခဲ့သည်။
ထိုအရေအတွက်သည် ပြီးခဲ့သည့်နှစ်ကထက် ဆိုင်ခန်းအရေအတွက် သုံးဆ ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။
"အန္တရာယ်များတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းတွေဟာ ကျနော်တို့ရဲ့ ဘဝဖြစ်တာ ကြောင့် အရဲစွန့်ပြီး ဆက်လက် လုပ်ကိုင်နေတာပါ"ဟု ကရာမာတော့စ်မြို့ရှိ White Burger ဘာဂါဆိုင် အုပ်ချုပ်ရေးမှူး အိုလန်နာ ဇီယာဘင်နာ (Olena Ziabina) က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: စီးပွားရေး
- Hits: 342
CNI International News
ရောမ၊ အောက်တိုဘာ ၂၃
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် တစ်နှစ်ပြည့် နှစ်ပတ်လည်တွင် အီတလီနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းခြင်း၊ ကြွေးမြီမြင့်တက် ခြင်း အစရှိသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အီတလီ၏ သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ် အမျိုးသမီး ဦးဆောင်သည့် အစိုးရအဖွဲ့ဖြစ်သည့် မယ်လိုနီ၏ ညွန့်ပေါင်းအစိုးရသည် ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် အာဏာရလာခဲ့သည်။
ထို့ပြင် အီတလီတွင် ဒုတိယကမ္ဘာစစ်က အာဏာရှင် ဘီနင်တို မူဆိုလီနီ (Benito Mussolini) ၏ အစိုးရအဖွဲ့ နောက်ပိုင်း မယ်လိုနီ၏ အစိုးရအဖွဲ့သည် လက်ယာစွန်း အရောက်ဆုံး အစိုးရအဖွဲ့အဖြစ် ရှုမြင်ခံခဲ့ရသည်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ ဘိုင်ဒန်ကို တွေ့ရစဉ်
အဘယ်ကြောင့်ဆိုသော် မယ်လိုနီ၏ Brothers of Italy ပါတီသည် ဖက်ဆစ်ခေတ်လွန် Italian Social Movement (MSI) ကို အခြေခံပြီး ဖွဲ့စည်းခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် မယ်လိုနီ၏ အစိုးရအဖွဲ့သည် အစွန်းရောက်မှု ရှိနိုင်သည်ဆိုသည့် ပြည်ပနိုင်ငံများ၏ စိုးရိမ်မှုများကို လျော့ပါး သက်သာစေရန် ကြိုးပမ်းနေရပြီး အနောက်နိုင်ငံလိုလားပြီး ဥရောပသမဂ္ဂနှင့် ဆက်ဆံရေး ကောင်းမွန် စေရန် လုပ်ဆောင်လျက်ရှိသည်။
"ကျမတို့ဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိအောင် မနားမနေ လုပ်ဆောင်နေပြီး မတူကွဲပြားတဲ့ အီတလီနိုင်ငံကို ထူထောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်" ဟု မယ်လိုနီက ယခုသီတင်းပတ်အတွင်း မိန့်ခွန်း ပြောကြားခဲ့သည်။
ဂျော်ဂျီယာ မယ်လိုနီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကိုတွေ့ရစဉ်
သို့သော် COVID-19 ကပ်ရောဂါမှ နာလန်ပြန်ထူရန် ကြိုးပမ်းနေသည့် အီတလီ၏ စီးပွားရေး အခြေအနေသည် နှေးကွေးနေပြီး ယခုနှစ် ဒုတိယ သုံးလပတ်ကာလတွင် ပြည်တွင်း ဂျီဒီပီသည် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျုံ့သွားခဲ့ သည်။
ထို့ပြင် အီတလီ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ဥရောပဇုန်အတွင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းသွားဖွယ် ရှိသည်ဟုလည်း စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
"အီတလီအစိုးရအတွက် စီးပွားရေးပြဿနာဟာ အခက်ခဲဆုံး ဖြစ်လာပါလိမ့်မယ်။ အစိုးရဟာ ဒီပြဿနာကို ဖြေရှင်းဖို့ ထိရောက်တဲ့ အစီအစဉ် မရှိသေးပါဘူး" ဟု ရောမမြို့ရှိ LUISS တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ တစ်ဦး ဖြစ်သူ ဗလန်တီနာ မယ်လီစီယန်နီ (Valentina Meliciani) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 413
CNI International News
ဘေဂျင်း၊ အောက်တိုဘာ ၂၀
တရုတ်၏ Belt and Road Initiative (BRI) စီမံကိန်းအောက်တွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို မြှင့်တင်မည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဘေဂျင်းမြို့တော်တွင် ပြုလုပ်သည့် Belt and Road စီးပွားရေးဖိုရမ်ကို တက်ရောက်နေသော ဆရီသာက ထိုင်းနိုင်ငံ၏ မြေပြင်ဆက်သွယ်ရေး စီမံကိန်းကို လျစ်လျူမရှုရန်လည်း တရုတ်ရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်း ခဲ့သည်။
ထိုင်းဘဏ္ဍာရေးဝန်ကြီး ရာထူးကိုလည်း ရယူထားသည့် မစ္စတာ ဆရီသာသည် တတိယအကြိမ်မြောက် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေး Belt and Road ဖိုရမ်တွင် "သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် အစိမ်းရောင် ပိုးလမ်းမ စီမံကိန်း" (Green Silk Road for Harmony with Nature) ဟု အမည်တပ်ထားသည့် ထိပ်သီးအဆင့် ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်အမျိုးသား ကွန်ဗန်းရှင်း စင်တာ (China National Convention Center) တွင် အောက်တိုဘာ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ထိုဆွေးနွေးပွဲ၌ ဆရီသာက အရေးကြီးသည့် အချက်များကို အလေးထား ပြောဆိုခဲ့သည်။
ထိုင်း-တရုတ် ဆက်ဆံရေးကို သရုပ်ပြသစဉ်
ဆရီသာ အဆိုပြုခဲ့သည့် ထိုင်း၏ ဦးစားပေး လုပ်ဆောင်ရမည့် အချက်များတွင် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် အခြေခံ အဆောက်အအုံကဏ္ဍ အပါအဝင် စီးပွားရေးလှုပ်ရှားမှု အားလုံးမှတစ်ဆင့် ကုန်ထုတ်လုပ်ရေးနှင့် စားသုံးမှု နှုန်းကို တိုးမြှင့်ရန် ပါဝင်သည်။
နည်းပညာသစ်များ၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးတို့သည် တန်ဖိုးမဖြတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင် ကာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးတို့သည်လည်း ထိုင်းနိုင်ငံ၏ ဦးစားပေး ကိစ္စရပ်များထဲတွင် ပါဝင် သည်ဟု ဆရီသာက ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟနစ်ကို ထိန်သိမ်းရေးတို့၏ အရေးကြီးပုံကိုလည်း အသိအမှတ်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်က ဆက်လက် ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံအနေနှင့် သဘာဝအတိုင်း စိမ်းလန်းစိုပြေသည့် သစ်ပင်သစ်တောများ ရှိသည့်နေရာကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် ၅၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း၊ ပင်လယ်ရေကြောင်းနှင့် ကမ်းရိုးတန်း ဇီဝမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းမှုကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဆရီသာက ကတိပြုခဲ့သည်။
ထိုင်းနိုင်ငံသည် များပြားလှသည့် စီမံကိန်းများအတွက် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံအထိ လျာထားချက်ကို တိုးမြှင့် ခဲ့ပြီး မကြာမီတွင် နောက်ထပ် ဈေးကွက်များကိုလည်း မြှင့်တင်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 439
CNI International News
ပေကျင်း၊ အောက်တိုဘာ ၁၉
ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အား လာမည့်နှစ်တွင် ထိုင်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် ပူတင်သည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး ပြတ်တောက်ခဲ့ကာ မဟာမိတ်နိုင်ငံ အနည်းငယ်နှင့်သာ ဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။
ယူကရိန်းမှ ထောင်နှင့်ချီသည့် ကလေးများကို နယ်နှင်ခဲ့သည်ဆိုသည့် စွဲချက်များကြောင့် ပူတင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) က ဖမ်းဝရမ်း ထုတ်ခဲ့သည်။
ထိုင်းနိုင်ငံရှိ ဖူးခက်ကျွန်းကို တွေ့ရစဉ်
ICC Rome Statute အဖွဲ့ဝင် မဟုတ်သည့် ထိုင်းနိုင်ငံသည် ရုရှားနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။
ဆရီသာနှင့် ပူတင်တို့သည် အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းက ဘေဂျင်းတွင် ပြုလုပ်သည့် တရုတ်၏ Belt and Road ဖိုရမ်၌ တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဆက်ဆံရေးများကို မြှင့်တင်ရန် ဆွေးနွေးခဲ့သည်။
"ကျနော် သူ့(ပူတင်)ကို နောက်နှစ်ထဲမှာ ထိုင်းကို လာလည်ဖို့ ဖိတ်ကြားထားပါတယ်။ သမ္မတပူတင်ဟာ ဖူးခက် (Phuket) ကို နှစ်သက်ပြီး မကြာခဏ လာရောက်လေ့ရှိတာ ကျနော် သိပါတယ်" ဟု ဆရီသာက ထိုင်း၏ အပန်းဖြေ ကျွန်းဖြစ်သည့် ဖူးခက်ကို ရည်ညွှန်းပြောကြားခဲ့သည်။
ထိုင်းအစိုးရက ထုတ်ပြန်ချက်တွင် ပူတင်သည် ဆရီသာ၏ ဖိတ်ကြားချက်ကို လက်ခံခဲ့သော်လည်း ထိုင်းသို့ မည်သည့် အချိန်တွင် လာရောက်မည်ကို ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ဖော်ပြခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တွေ့ရစဉ်
၎င်းတို့နှစ်ဦး၏ အစည်းအဝေးအတွင်း ပူတင်က တည်ငြိမ်မှုမရှိသည့် နိုင်ငံတကာ အခြေအနေများကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကျဆင်းမှုကို ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်ဟု ရုရှား၏ တာ့စ် သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။
ထိုင်းသည် မကြာသေးမီက ရုရှားနိုင်ငံသားများအတွက် ဗီဇာ အစီအစဉ်များကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။
ရုရှားနိုင်ငံသားများကို ထိုင်းတွင် နေထိုင်ခွင့်ကာလအား ယခင်က ရက်ပေါင်း ၃၀ သတ်မှတ်ပေးခဲ့ရာမှ ယခုအခါ တွင် ၃ လအထိ တိုးမြှင့်ပေးခဲ့သည်။
ယခုနှစ်အတွင်း ရုရှားနိုင်ငံသား တစ်သန်းကျော်သည် ခရီးသွားလုပ်ငန်းကို မှီခိုသည့် ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ကြသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 508
CNI International News
နယူးဒေလီ၊ အောက်တိုဘာ ၁၈
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် နိုင်ငံ၏ ပင်လယ်ရေကြောင်း ကဏ္ဍအတွက် နှစ်ရှည် အစီအစဉ် တစ်ခု၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ရူပီး ၂၃၀ ဘီလျံ (ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ)ချီ တန်ဖိုးရှိသည့် ပင်လယ်ရေ ကြောင်း စီမံကိန်းများအတွက် အုတ်မြစ်ချ အခမ်းအနားကို အောက်တိုဘာ ၁၇ ရက်က ပြုလုပ်ခဲ့သည်ဟု အာတီ သတင်းဌာနမှ ဖော်ပြခဲ့သည်။
Covid-19 ကပ်ရောဂါနှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုဆိုင်ရာ မူဝါဒများကြောင့် ထောက်ပံ့ရေး ကွင်းဆက်များ ထိခိုက်ခဲ့ပြီးနောက် အိန္ဒိယသည် ယုံကြည်အားထားရပြီး ရေရှည်တည်တံ့သည့်် ထောက်ပံ့ရေး ကွင်းဆက်တစ်ခုကို ထူထောင်ရန် ရည်ရွယ်လျက်ရှိသည်။
မွမ်ဘိုင်း (Mumbai) မြို့တွင် သုံးရက်ကြာပြုလုပ်သည့် Maritime India Summit 2023 ညီလာခံဖွင့်ပွဲ၌ မိုဒီက ရင်းနှီးမြှုပ်နှံသူများကို အိန္ဒိယသို့ လာရောက်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
Maritime India Summit 2023 ညီလာခံ ကျင်းပနေစဉ်
"ကမ္ဘာ့အခင်းအကျင်းသစ်ဟာ ပေါ်ထွက်လာပြီဖြစ်ပြီး ကမ္ဘာတစ်ခုလုံးဟာလည်း ရည်မှန်းချက် အသစ်တွေနဲ့အတူ အိန္ဒိယနဲ့ လက်တွဲလုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့အင်အားအကြီးဆုံး ထိပ်သီးစီးပွားရေးနိုင်ငံ သုံးနိုင်ငံထဲမှာ ပါဝင်ဖို့ နီးစပ်လာပါပြီ"ဟု မိုဒီက ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယ၏ ပင်လယ်ရေကြောင်းဆိုင်ရာ စွမ်းဆောင်ရည်များသည် ယခင်ကတည်းက ကမ္ဘာအတွက် အထောက်အကူ ဖြစ်စေခဲ့ပြီး အိန္ဒိယအစိုးရသည် ပင်လယ်ရေကြောင်းကဏ္ဍကို ပိုမိုခိုင်မာစေရန် ကိုးနှစ်ကျော်ကြာ အားထုတ်ကြိုးပမ်းခဲ့သည်ဟုလည်း မိုဒီက ပြောသည်။
ထိုအားထုတ် ကြိုးပမ်းမှုများအနက် အကြီးစားသင်္ဘောများ ပိုမိုဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းအကြီးစားများ တည်ဆောက်မှုကို နှစ်ဆမြှင့်တင်ရန်၊ ဆိပ်ကမ်းနှင့် ဆက်သွယ်ထားသည့် ကားလမ်းကြောင်းများကို ပိုမို ဖောက်လုပ်ရန်နှင့် ကမ်းရိုးတန်းရှိ အခြေခံ အဆောက်အအုံများကို ပိုမိုတိုးချဲ့ရန် အစီအစဉ်များ ပါဝင်သည်ဟု အိန္ဒိယဝန်ကြီးချုပ်က ပြောသည်။
မိုဒီကို တွေ့ရစဉ်
ထို့ပြင် ယခုနှစ် စက်တင်ဘာလက နယူးဒေလီမြို့တော်တွင် ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ-၂၀ (G-20) ခေါင်းဆောင်များ အစည်းအဝေး၌ အိန္ဒိယက အဆိုပြုခဲ့သော အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပ စီးပွားရေးစင်္ကြန့် (India-Middle East-Europe Economic Corridor- IMEC) အစီအစဉ်၏ သဘောထားကိုလည်း မိုဒီက အလေး ထား ပြောခဲ့သည်။
မိုဒီသည် အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်(Gujarat) ပြည်နယ်ရှိ ဒင်းဒါယဲလ် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (Deendayal Port Authority) ၏ Tuna Tekra ရေနက်ဆိပ်ကမ်းတွင် ပြုလုပ်သည့် အုတ်မြစ်ချ အခမ်းအနားကို ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယ၏ ဒေါ်လာဘီလျံချီ တန်ကြေးရှိသည့်် ပင်လယ်ရေကြောင်းဆိုင်ရာ စီမံကိန်းများအနက် ဂူဂျာရတ်ပြည်နယ် တွင် ရူပီး ၄၅ ဘီလျံ (ဒေါ်လာ သန်း ၅၄၀) တန်ကြေးရှိသော ဆိပ်ကမ်းတစ်ခုကို တည်ဆောက်မည် ဖြစ်သည်။
Source: အာတီ
- By CNI
- Category: စီးပွားရေး
- Hits: 493
CNI International News
ဆိုးလ်၊ အောက်တိုဘာ ၁၇
တောင်ကိုရီးယား၏ SI Innotec ရေကြောင်း နည်းပညာကုမ္ပဏီကို ကုန်သွယ်ရေး ဥပဒေများ ချိုးဖောက်မှုဖြင့် တရားစွဲ ဆိုခဲ့ပြီးနောက် တောင်ကိုရီးယားအာဏာပိုင်များသည် တရုတ်၏ စီးပွားရေး လက်တုန့်ပြန်မည့် အန္တရာယ် ကို စိုးရိမ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အဆိုပါ ကုမ္ပဏီသည် တရုတ်က အာရုံစိုက်နေသော ထိုင်ဝမ်နှင့် ပြီးခဲ့သည့်နှစ်က ထိုင်ဝမ်၏ ရေငုပ်သင်္ဘော စီမံကိန်းနှင့်် ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်က တရားသူကြီး တစ်ဦးထံတွင် ကျိန်ဆိုခဲ့သည့် တောင်ကိုရီးယား၏ ကျမ်းကျိန် လွှာ တစ်စောင်ထဲတွင် SI Innotec ကုမ္ပဏီ၏ အမှုဆောင်ညွှန်ကြားရေးမှူး ပါ့ခ် မယ်လ်ဆစ် (Park Mal-sik) ကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။
ထို့ပြင် ၂၀၁၆ ခုနှစ်က အမေရိကန်၏ THAAD ဒုံးခွင်းဒုံးစနစ်ကို တပ်ဆင်ရန် ဆုံးဖြတ်ခဲ့သည့် တောင်ကိုရီးယား အပေါ် တရုတ်က စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် အခြေအနေမျိုး နောက်ထပ်တစ်ကြိမ် ဖြစ်လာမည့် အန္တရာယ်အား တောင်ကိုရီးယားအစိုးရက စိုးရိမ်နေကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တရုတ်ကိုတွေ့ရစဉ်
ထို့နောက် တရုတ်သည် တောင်ကိုရီးယားအပေါ် ပိတ်ဆို့မှုများကို ၂၀၁၇ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းရန် သဘော တူညီခဲ့သည်။
ထိုကျမ်းကျိန်လွှာထဲတွင် ထိုင်ဝမ်အတွက် ရေငုပ်သင်္ဘော ထုတ်လုပ်ရေး ကုန်ပစ္စည်းများကို ထောက်ပံ့ပေးမည့် SI Innotec ကုမ္ပဏီ၏ သဘောတူညီချက်ကို ဝေဖန်ခဲ့ပြီး ထိုလုပ်ဆောင်မှုသည် တောင်ကိုရီးယား၏ လုံခြုံရေးအပေါ် တိုက်ရိုက် သက်ရောက်မှုရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် THAAD ဒုံးကျည်စနစ် ဖြန့်ကြက်ချထားခဲ့သည့် အချိန်က တရုတ်၏ စီးပွားရေး ပိတ်ဆို့မှုမျိုး နောက် တစ်ကြိမ် ဖြစ်ပွားမည့် အရေးကို စိုးရိမ်ကြောင်း တောင်ကိုရီးယား၏ လက်နက် ရောင်းဝယ်ရေး စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်ခဲ့သည့် တောင်ကိုရီးယားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
SI Innotec ရေကြောင်း နည်းပညာကုမ္ပဏီကို တွေ့ရစဉ်
တောင်ကိုရီးယား တရားသူကြီး တစ်ဦးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပါ့ခ်ကို သက်သေ အထောက်အထားများ ဖျက်ဆီးမှု၊ နိုင်ငံအတွက် အန္တရာယ်ဖြစ်စေမှု အကြောင်းပြချက်များဖြင့် ဖမ်းဆီးရန် အမိန့်ချမှတ်ခဲ့သည်။
တောင်ကိုရီးယားနှင့် အခြားနိုင်ငံ ခြောက်နိုင်ငံမှ ကာကွယ်ရေး ကန်ထရိုက်တာများနှင့် ကျွမ်းကျင်သူများသည် ထိုင်ဝမ်၏ ရေငုပ်သင်္ဘော စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ၂၀၂၁ ခုနှစ်တွင် ရိုက်တာ သတင်း ဌာနက ဖော်ပြခဲ့ပြီးနောက် တရုတ်က တောင်ကိုရီးယားကို ဒေါသတကြီး တုန့်ပြန်ခဲ့သည်။
ထို့နောက် SI Innotec ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် တောင်ကိုရီးယားတွင် ဒဏ်ငွေချမှတ်ခံခဲ့ရပြီး ပါ့ခ်သည် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။
ပါ့ခ်ကမူ သူသည် အမှားအယွင်း လုပ်ခဲ့ခြင်း မရှိကြောင်းနှင့် ပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့ကာ ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 532
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၁၁
အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးမြို့ရှိ ဘဏ္ဍာရေး အချက်အချာဖြစ်သည့် ဝေါလ် စထရိ (Wall Street) လမ်းပေါ်ရှိ လုပ်ငန်းများသည် ဘဏ်တိုးနှုန်းများ မြင့်မားမှုနှင့်ပတ်သက်ပြီး အားပေးအားမြှောက်ပြုသည့် သတင်းများကြောင့် အောက်တိုဘာ ၁၀ ရက်မတိုင်မီ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် မြင့်တက်မှု အရှိန်အတိုင်း လိုက်ပါဆောင်ရွက်နေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ကြိုရောင်း၊ ကြိုဝယ် ကုန်စည် အစုရှယ်ယာသည် S&P 500 နှင့် Dow Jones Industrial Average စတော့အိတ် ချိန်း ညွှန်းကိန်းများတွင် ဈေးကွက်တန်ဖိုး အစွန်းထွက် ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြခဲ့ သည်။
အမေရိကန်နိုင်ငံသားများကိုတွေ့ရစဉ်
အမေရိကန်ဗဟိုဘဏ် (Federal Reserve) အရာရှိများကမူ မကြာမီ ပြုလုပ်မည့် မူဝါဒပိုင်းဆိုင်ရာ အစည်းအဝေး မတိုင်မီအထိ အတိုးနှုန်းများသည် တသမတ်တည်း ဆက်လက် တည်ရှိဖွယ်ရှိသည်ဟု ပြောကြားခဲ့ပြီးနောက် S&P 500 ၏ ညွှန်းကိန်းသည် အရှုံးမှ အနိုင်သို့ ရောက်ရှိစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရေရည်အတွက် ရင်းနှီးမြှုပ်နှံသူများကို ပြန်လည်ပေးဆပ်ရမည့် ငွေကြေးပမာဏ မြင့်တက်မှုသည် ငွေကြေးဖောင်းပွမှုကို တည်ငြိမ်စေရန် အထောက်အကူ ဖြစ်စေသောကြောင့် ဖြစ်သည်။
စတော့ဈေးကွက်ကိုတွေ့ရစဉ်
ဘဏ်အတိုးနှုန်းများ မြင့်မားခြင်း၊ ယူကရိန်းစစ်ပွဲနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ အကွဲအပြဲများနှင့် ရင်ဆိုင်နေရသဖြင့် ကမ္ဘာ့စီးပွားရေး၏ အရှိန်အဟုန်သည် ယုတ်လျော့လာကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF) က အောက်တိုဘာ ၁၀ ရက်တွင် သတိပေးခဲ့သည်။
သို့သော် ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျော့ကျမှုနှုန်းသည် ၃ ရာခိုင်နှုန်း ရှိနိုင်သည်ဟု ယခုနှစ် အစောပိုင်းက ခန့်မှန်းခဲ့သော်လည်း လက်ရှိတွင် ၂ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိနိုင်သည်ဟု IMF က လျှော့ချခန့်မှန်းခဲ့သည်။
ထို့ပြင် လာမည့်နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်သတ်မှတ်ချက်အရ ဇူလိုင်လက ခန့်မှန်းခဲ့သည့် အဆင့်ထက် ၃ ရာခိုင်နှုန်း လျော့ကျနိုင်ဖွယ်ရှိသည်ဟု IMF က ထုတ်ပြန်ခဲ့သည်။
Source: အေပီ
- By CNI
- Category: စီးပွားရေး
- Hits: 792
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၁၀
ဂါဇာကမ်းမြောင်ဒေသမှ ဟားမာ့စ် (Hamas) လက်နက်ကိုင်အဖွဲ့၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကြောင့် အစ္စရေးအစိုးရက စစ်ကြေညာခဲ့ပြီးနောက် အောက်တိုဘာ ၉ ရက်တွင် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ရှယ်ယာဈေးနှုန်းများ ကျဆင်းသွားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်၏ ကြိုရောင်း၊ ကြိုဝယ် ကုန်စည်အစုရှယ်ယာ (futures) များ ကျဆင်းခဲ့သည်။
အမေရိကန်၏ ကိုလံဘတ်စ်နေ့ (Columbus Day) အားလပ်ရက်ဖြစ်သည့် အောက်တိုဘာ ၉ ရက်တွင် ငွေတိုက် စာချုပ် ဈေးကွက်ကို ပိတ်ထားသော်လည်း New York စတော့အိတ်ချိန်းနှင့် Nasdaq စတော့အိတ်ချိန်းကို ဆက်ဖွင့်ထားမည် ဖြစ်သည်။
ရေနံဈေးနှုန်းများသည် တစ်စည်ကို ၃ ဒေါ်လာကျော်အထိ မြင့်တက်ခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ ဖြစ်ပွားချိန်တွင် ရေနံဈေးနှုန်းများ မြင့်တက်လေ့ရှိပြီး ထောက်ပံ့ရေး ကွင်းဆက် ပြတ်တောက်မည့် အန္တရာယ်နှင့် ရင်ဆိုင်ရလေ့ ရှိသည်။
Nasdaq စတော့အိတ်ချိန်းကို တွေ့ရစဉ်
"ဒေသတွင်း ရေနံထောက်ပံ့မှုတွေ အလျဉ်ပြတ်သွားတာ ဒါမှမဟုတ် ရေနံဈေးတွေ မြင့်တက်တာဟာ စွမ်းအင် ဈေးကွက်တွေ၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်တွေနဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေကို ပိုမို ရှုပ်ထွေး စေနိုင်ပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်အကြံပေးကုမ္ပဏီ SPI Asset Management မှ ကျွမ်းကျင်သူ စတီဖင် အင်းနက်စ် (Stephen Innes) က ပြောကြားခဲ့သည်။
လက်ရှိ ဖြစ်ပွားနေသည့် အစ္စရေး-ဟားမာ့စ် ပဋိပက္ခသည် ရေနံထုတ်လုပ်မှု ပမာဏကို သိသာထင်ရှားစွာ သက်ရောက်မှု မရှိသေးသော်လည်း အရှေ့အလယ်ပိုင်းဒေသတွင် ပထဝီနိုင်ငံရေး တင်းမာမှုအား ပိုမို မြင့်တက် စေခဲ့သည်ဟု အင်းနက်စ်က ပြောသည်။
ရေနံဈေးများသည် ပြီးခဲ့သည့်လက တစ်စည်လျင် ဒေါ်လာ ၉၀ ခန့်မှ အနည်းငယ် ကျဆင်းခဲ့ကာ ပြီးခဲ့သည့် သီတင်းပတ်က သိသာစွာ ကျဆင်းခဲ့သည်။
အောက်တိုဘာ ၈ ရက်က ရေနံစိမ်း ဈေးနှုန်း စံသတ်မှတ်ချက်အရ New York Mercantile Exchange တွင် အီလက်ထရောနစ် ကုန်သွယ်မှုတန်ဖိုးသည် ၃ ဒသမ ၁၂ ဒေါ်လာ မြင့်တက်ခဲ့ပြီး ရေနံတစ်စည်လျှင် ၈၅ ဒသမ ၉၁ ဒေါ်လာ ရှိခဲ့သည်။
အမေရိကန် ပြည်ထောင်စုကိုတွေ့ရစဉ်
နိုင်ငံတကာ ကုန်သွယ်မှု တန်ဖိုးအရ ရေနံတစ်စည်လျှင် ၃ ဒသမ ၁၀ ဒေါ်လာ မြင့်တက်ခဲ့ပြီး ၈၇ ဒသမ ၆၈ ဒေါ်လာ ရှိခဲ့သည်။
ထို့အတူ အောက်တိုဘာ ၈ ရက်တွင် နိုင်ငံတကာ ရွှေဈေးနှုန်းသည်လည်း ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရွှေ တစ်အောင်စလျှင် ၁၈၆၄ ဒသမ ၃၀ ဒေါ်လာ အထိ ရှိခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုအပြီး အောက်တိုဘာ ၈ ရက်တွင် အစ္စရေး၏ အဓိက စတော့ရှယ်ယာ ဈေးကွက် သည် ၆ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အာရှတွင် ရှန်ဟိုင်းစတော့ ဈေးကွက်သည် ၀ ဒသမ ၄ ရာခိုင်နှုန်း၊ ဟောင်ကောင်ရှိ Hang Seng Index တွင် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
Source: အေပီ