- By CNI
- Category: စီးပွားရေး
- Hits: 1736
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆
မလေးရှားနိုင်ငံသည် ယခင်ကကဲ့သို့ အလုပ်အကိုင် ကောင်းပြီး ပိုက်ဆံရှာရန် ကောင်းမွန်သော နိုင်ငံတစ်ခု မဟုတ် သည့်အပြင် မြန်မာနိုင်ငံမှ အလုပ်သမားများအား တရားဝင် ခေါ်ယူမှု မရှိသည့်အတွက် လက်ရှိတွင် လာရောက် အလုပ် မလုပ်ကိုင်သင့်သေးကြောင်း မလေးရှားရှိ မြန်မာ အဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများအား တရားဝင် ခေါ်စာများဖြင့် ခေါ်ယူနေသော်လည်း မြန်မာများ မပါဝင်သည့်အတွက် လာရောက် မလုပ်ကိုင်သင့်သေးကြောင်း မလေးရှား၌ မြန်မာများအား ကူညီဆောင်ရွက် ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားရှိ စက်ရုံတစ်ရုံကိုတွေ့ရစဉ်
၎င်းက “အခုအချိန်မှာတော့ ကျနော်ကတော့ မလာသင့်တော့ဘူးလို့ ထင်တယ်။ မလေးရှားကလည်း အရင်ကလိုမျိုး ကောင်းတော့တာ မဟုတ်ပါဘူး။ လောလောဆယ် အခြေအနေမှာ သူလည်း အခြေအနေ ကောင်းနေတာ မဟုတ်ဘူး။ ဟိုအရင်ကလိုမျိုး လျှမ်းလျှမ်းတောက် ပိုက်ဆံရှာလို့ ကောင်းတဲ့ နိုင်ငံလည်း မဟုတ်တော့ပါဘူး။ ကောင်းတဲ့နိုင်ငံ မဟုတ်ဘူးဆိုတာ အခုအချိန်မှာ နိုင်ငံခြားသား အလုပ်သမားတွေကလည်း အရမ်းပေါများနေပြီ။ အလုပ်သမား လိုအပ်ချက်တွေ ရှိနေတာတောင်မှ ကျနော်တို့ မြန်မာနိုင်ငံသားတွေကို တရားဝင် ခေါ်စာ ချပေးတာမျိုး မရှိဘူး။ ဒီစက်ရုံ တစ်ရုံက မြန်မာနိုင်ငံသား အလုပ်သမားတွေကို ကြိုက်မှသာလျှင် အယောက် ၅၀၊ အယောက် ၁၀၀ အဲဒီလို အနည်းအကျဉ်း ခေါ်တာမျိုးတွေပဲ ရှိတယ်လေ။ အဲဒါကြောင့်မို့လို့ အလုပ် မလေးရှားကို ဦးတည်ပြီး လာမယ်ဆိုရင်တော့ လောလောဆယ် အခြေအနေကတော့ အခက်အခဲတွေ အများကြီး ရှိမယ်။ လောလောဆယ် အခြေအနေကတော့ မလေးရှားထက် ကောင်းမယ့်နိုင်ငံ ရှိမယ်ဆိုရင် မလေးရှားကို မလာသင့် သေးဘူးလို့ ကျနော် ထင်တယ်။ ဒီထဲမှာ တရားဝင် calling နဲ့ လာတဲ့ လူတွေအတွက်ကတော့ ပြဿနာ မရှိပါဘူး။ ဟိုအရင်ကလို လခ မကောင်းခဲ့ရင်တောင်မှ basic လေးနဲ့ မှိန်းနေလို့ ရသေးတာပေါ့နော်” ဟု ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားများ အနေဖြင့်လည်း အလုပ်အကိုင် အဆင်မပြေခြင်းများ ရှိနေကြကြောင်းလည်း သိရသည်။
မလေးရှားနိုင်ငံသို့ တရားဝင် လာရောက် လုပ်ကိုင်ခြင်းသည် မည်သည့် ပြဿနာမျှ မရှိသော်လည်း တရားမဝင် လာရောက်ပါက ၎င်းနိုင်ငံထဲတွင် အသိမိတ်ဆွေများ ရှိမှသာ အဆင်ပြေမည်ဖြစ်ကြောင်း မလေးရှားရှိ မြန်မာ အဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာအလုပ်သမားများ မလေးရှားမှာ ဖမ်းဆီးခံရစဉ်
မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက မတားလိုသော်လည်း သေချာစွာ စုံစမ်း လေ့လာပြီး မှသာ သွားရောက် အလုပ်လုပ်ကိုင်စေလိုကြောင်း မလေးရှားမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီမှု အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ဟိုဘက်မှာ ကိုယ့်ရဲ့ လူခံလေးပေါ့နော်။ တယောက်ယောက်ပေါ့။ သူငယ်ချင်းသော်လည်းကောင်း တစ်ဦး ဦးရှိလို့ ကိုယ်သွားတယ်ဆိုရင်တော့ ရာနှုန်းပြည့် မဟုတ်ပေမယ့် ၆၀ ရာခိုင်နှုန်းလောက်ကတော့ အဆင်ပြေတာ ပေါ့ တစ်ဖက်လူရဲ့ ကူညီပံ့ပိုးမှုနဲ့။ လုံးဝ ဘာမှ မရှိပဲနဲ့ သွားတဲ့လူဆိုရင်တော့ နည်းနည်းတော့ အခက်အခဲတော့ ရှိတာပေါ့ အလုပ်သွားလုပ်ဖို့အတွက် ဆိုရင်တော့။ အဓိကက ဘာသာစကားရှိမယ်။ သူ့ရဲ့ နယ်မြေ မကျွမ်းကျင်မှု တွေ ရှိမှာပေါ့။ အဲဒီတော့ ဟိုဘက်မှာ လူခံရှိပြီးသွားတာကတော့ ပိုအဆင်ပြေတာပေါ့။ လူခံမရှိပဲ သွားတဲ့လူတွေ အတွက် ကြတော့လည်း သူ့ဘက်က ဘာကျွမ်းကျင်မှုရှိလဲ။ ဘာသာစကား ကျွမ်းကျင်လား။ ဘာသာစကား ကျွမ်းကျင်မှု ရှိတယ်ဆိုရင်တော့ အဆင်ပြေတယ်။ ဘာသာစကားလည်း မကျွမ်းကျင်ဘူး ဟိုဘက်မှာ လူခံလည်း မရှိဘူး။ ဒီအတိုင်းချည်းပဲ ကိုယ်က သွားပြီးတော့ စမ်းသပ်တဲ့အနေနဲ့ သွားမယ်ဆိုရင်တော့ အဲဒါကတော့ အဆင် မပြေ နိုင်ဘူး” ဟု ပြောသည်။
မလေးရှိ အထည်ချုပ်စက်ရုံကိုတွေ့ရစဉ်
လက်ရှိတွင် မလေးရှားနိုင်ငံ၌ အဖမ်းအဆီးများမှာ ရပ်တန့်သွားခြင်း မရှိသေးကြောင်း၊ တရားမဝင် အထောက် အထားမဲ့ မြန်မာများ နေ့စဉ် ဖမ်းဆီးခံရနေရသည်ကို တွေ့ရှိရကြောင်း မလေးရှားရှိ မြန်မာ အဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် လက်ရှိ မြန်မာနိုင်ငံသားများ အနေဖြင့် ကိုဗစ်မတိုင်ခင်က ခေါ်စာကျထားပြီးသား အလုပ်သမားများသာ တရားဝင် သွားရောက်နေရခြင်းဖြစ်ပြီး အများစုသည် တရားမဝင် လမ်းကြောင်းများမှ တဆင့် မလေးရှား နိုင်ငံထဲ သို့ ခိုးဝင်ကာ အလုပ်လုပ်ကိုင်ရန်နှင့် ဒုက္ခသည်အဖြစ် ခံယူရန် သွားရောက်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် မလေးရှားသို့ လာရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက ပြဿနာမရှိသည့် တရားဝင် ခေါ်စာများဖြင့်သာ လာရောက် အလုပ်လုပ်ကိုင်ကြရန်နှင့် လာရောက် အလုပ်လုပ်ကိုင်မည် ဆိုပါကလည်း တရားဝင် မြန်မာအလုပ် သမားများ ခေါ်ယူသည့် အခါမှသာ လာရောက်သင့်ကြောင်း မလေးရှားရှိ မြန်မာ အဖွဲ့အစည်းများက အကြံပြုသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1557
CNI International News
ဆိုးလ်၊ဒီဇင်ဘာ၂၃
မြောက်ကိုရီးယား ဟက်ကာများသည် ပြီးခဲ့သည့် ငါးနှစ်အတွင်း ဝမ် ၁ ဒသမ ၅ ထရီလီယမ် (ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ) ခန့်မှန်းခြေ တန်ကြေးရှိသော crypto ငွေကြေးနှင့် တခြားသော အွန်လိုင်းပိုင်ဆိုင်မှုများကို ခိုးယူခဲ့သည် ဟု တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ကြာသပတေးနေ့(ဒီဇင်ဘာ ၂၂ ရက်)တွင် ပြောခဲ့သည်ဟု အေပီက ရေးသားဖော်ပြခဲ့သည်။
အဆိုပါ မြောက်ကိုရီးယား ဟက်ကာများသည် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအနက် တစ်ဝက်ကျော်ကို ယခုနှစ် တစ်နှစ်ထဲအတွင်း ခိုးယူခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ ယိုင်နဲ့နေသော စီးပွားရေး အခြေအနေကို ထောက်ပံ့ရန် ဆိုးဆိုးရွားရွား လိုအပ်နေသော နိုင်ငံခြားငွေကြေးအား ကာမိစေရန်နှင့် နျူကလီးယား ပရိုဂရမ်များအတွက် ရံပုံငွေရရှိရန် crypto hacking နှင့်တခြားသော တရားမဝင် ဆိုက်ဘာလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်ဟု ကျွမ်းကျင်သူများနှင့် အာဏာပိုင်များက ပြောသည်။
မြောက်ကိုရီးယားခေါင်းဆောင်ကိုတွေ့ရစဉ် (AP)
ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆိုမှုနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေများကြောင့် ယခုကဲ့သို့ လိုအပ်နေခြင်း လည်း ဖြစ်သည်။ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများကြောင့် ကုသသမဂ္ဂက ၎င်းတို့ကို ၂၀၁၇ ခုနှစ်တွင် ပိတ်ဆို့ အရေးယူမှုများ စတင်ခဲ့သည်။
ထိုအချိန်မှစ၍ ဆိုက်ဘာလုပ်ငန်းများကို အာရုံစိုက် ဆောင်ရွက်ခဲ့ခြင်းကြောင့် မြောက်ကိုရီးယား၏ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများအားပေး ခိုးယူနိုင်မှုသည် ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ဖြစ်ခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ၏ ပင်မထောက်လှမ်းရေးအေဂျင်စီ(NIS)က ပြောသည်။
မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ၏ ၂၀၁၆-၂၀၁၇ အရေးယူ ပိတ်ဆို့မှုများတွင် ကျောက်မီးသွေး၊ ချည်မျှင်နှင့် ပင်လယ်စာ စသော ပို့ကုန်ပစ္စည်းများ ပါဝင်နေပြီး အဖွဲ့ဝင် နိုင်ငံများကိုလည်း မြောက်ကိုရီးယား လုပ်သားများကို လက်မခံရန် တားမြစ်ခဲ့သည်။
ထို့အပြင် ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ကမ္ဘာပေါ်တွင် အတင်းကြပ်ဆုံး စည်းမျဉ်းများ ချမှတ်ခဲ့ခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး အခြေအနေမှာ ပိုပြီး ဆိုးရွားခဲ့ရသည်။
မြောက်ကိုရီးယား ဟက်ကားနည်းပညာ သင်တန်းခန်းကိုတွေ့ရစဉ် (GETTY IMAGES)
အစိုးရပိုင်းမှ ပါဝင် ပတ်သက်နေသော မြောက်ကိုရီးယား ဟက်ကာများသည် ၂၀၁၇ ခုနှစ်မှ စတင်ကာ ကမ္ဘာ တစ်ဝန်းရှိ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုပေါင်း ဝမ် ၁ ဒသမ ၅ ထရီလီ ယံ (ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ) ကို ခိုးယူခဲ့ပြီး ၂၀၂၂ တစ်နှစ်အတွင်း ခိုးယူမှု စုစုပေါင်းမှာ ဝမ် ၈၀၀ ဘီလီယံ (ဒေါ်လာ ၆၂၆ သန်း) ရှိကြေင်း NIS က ပြောသည်။
၎င်းတို့မှ ဝမ်ဘီလီယံ ၁၀၀ (ဒေါ်လာ ၇၈ သန်း) မှာ တောင်ကိုရီးယားနိုင်ငံမှ ဖြစ်သည်။
မြောက်ကိုရီးယား ဟက်ကာများသည် တောင်ကိုရီးယား နည်းပညာများအပြင် နိုင်ငံ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး ဆိုင်ရာ လျှို့ဝှက်ချက်များကို ခိုးယူရန် ဆိုက်ဘာတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင် လာလိမ့်မည်ဟု NIS က ခန့်မှန်း ထားသည်။
နိုင်ငံ၏ စီးပွားရေး ချွတ်ချုံကျနေသော်လည်း မြောက်ကိုရီးယား အစိုးရသည် ယခုနှစ်အတွင်း စံချိန်တင် ဒုံးကျည် စမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ ယင်းမှာ ၎င်းတို့၏ လက်နက်တိုက်ကို အဆင့်မြှင့်တင်ရန် အပြင် ပြိုင်ဘက်များ နှင့် ဆွေးနွေး ညှိနှိုင်းရာတွင် ပိုမိုအသာစီး ရရှိရေး ကြိုးပမ်းခြင်းဟု ကျွမ်းကျင်သူများက ကောက်ချက်ချသည်။
Source: AP
- By CNI
- Category: စီးပွားရေး
- Hits: 1052
CNI International News
တိုကျို၊ ဒီဇင်ဘာ ၆
BYD ကုမ္ပဏီထုတ် ဘက်ထရီလျှပ်စစ်ကားများကို ဂျပန်နိုင်ငံတွင် လာမည့်နှစ်အစပိုင်းမှ စတင်ရောင်းချသွား မည်ဟု အဆိုပါကုမ္ပဏီ၏ဂျပန်ဌာနခွဲက ထုတ်ပြန်ကြေညာခဲ့ကြောင်း Reuters သတင်းတွင် ရေးသားဖော်ပြသည်။
၎င်းက ပင်မဈေးကွက်တလွှား ထုတ်ကုန်များကို ရောင်းချထုတ်လုပ်နိုင်ရေးအတွက် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား ထုတ်လုပ်သည့်ကုမ္ပဏီဘက်မှ ခြေလှမ်းတိုးမြှင့်ဆောင်ရွက်လာခြင်းလည်းဖြစ်သည်။
တရုတ်နိုင်ငံမှ BYD ကုမ္ပဏီက ATTO 3 ဟုခေါ်သော လျှပ်စစ်ပြိုင်ကားများကို ဇန်နဝါရီ ၃၁ ရက်နေ့မှ စတင်ကာ ဂျပန်နိုင်ငံတွင်ရောင်းချသွားမည်ဟု ပြောသည်။ အဆိုပါကားသည် ၄၈၅ ကီလိုမီတာ (၃၀၁ မိုင်)အထိ မောင်းနှင် နိုင်ကာ ယန်း ၄ ဒသမ ၄ သန်း (ဒေါ်လာ ၃၂၇၃၅) ကုန်ကျမည်လည်းဖြစ်သည်။ နစ်ဆန်း (Nissan) ကုမ္ပဏီ၏ Leaf မော်ဒယ်ကားများနှင့် နှိုင်းယှဉ်လျှင် နစ်ဆန်းလျှပ်စစ်ကားများက ၃၂၂ ကီလိုမီတာ (မိုင် ၂၀၀) သာ မောင်းနှင်နိုင် သော်လည်း ကုန်ကျစရိတ်မှာ ယန်း ၃ ဒသမ ၇ သန်း (၂၇၄၉၆ ဒေါ်လာ)သာ ကျသင့်သည်။ BYD ၏ ဂျပန်ဌာနခွဲ သည် ၂၀၂၃ နှစ်ကုန်၌ နောက်ထပ် မော်ဒယ်နှစ်မျိုးကို မိတ်ဆက်ရန်စီစဉ်ထားပြီး ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ဂျပန်နိုင်ငံ၌ ကိုယ်စားလှယ် ၁၀၀ ကျော်ထားရှိရန် ရည်ရွယ်ထားသည်ဟု ကုမ္ပဏီဘက်က ပြောသည်။
Nissan ကုမ္ပဏီ၏ Leaf မော်ဒယ်ကား(ဓါတ်ပုံ-reuters)
လက်ရှိအခြေအနေများအရ ဂျပန်နိုင်ငံတွင် ဘက်ထရီလျှပ်စစ်ကားများထက် ဓာတ်ဆီ-လျှပ်စစ် နှစ်မျိုး သုံးထားသည့် ကားမော်ဒယ်များက ပို၍ရေပန်းစားသည်။ သို့သော် ဂျပန်နိုင်ငံမှမဟုတ်သည့် BYD နှင့် Volkswagen တို့လို ကုမ္ပဏီများ ဈေးကွက်ထဲသို့ဝင်ရောက်လာမှုကြောင့် ဘက်ထရီကားများ၏ ဈေးကွက်ဝေစုမှာ ပို၍ ကြီးမားလာဖို့ရှိနေသည်။ ဇန်နဝါရီလနှောင်းပိုင်းမှစတင်ကာ ဂျပန်မြို့ကြီး ၂၂ မြို့တွင် ယာယီလက်လီ ရောင်းချသူများထားရှိရန်စီစဉ်ထားပြီး ကုမ္ပဏီသည် ဂျပန်စီရင်စု ၄၇ ခုအထိ လွှမ်းချုံထားလိုကြောင်းလည်း BYD ၏ ဂျပန်နိုင်ငံဆိုင်ရာ အမှုဆောင်ချုပ် အတ်ဆုကီ တိုဖူကူဂျီ (Atsuki Tofukuji) က ပြောသည်။
ဂျပန်နိုင်ငံမှ ကားကုမ္ပဏီများသည် လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများတွင် ကောင်းမွန်စွာဆောင်ရွက် နိုင်ခြင်းမရှိသေးဟု တက်ကြွလှုပ်ရှားသူများက ဝေဖန်ထားသည်။ တိုယိုတာကားကုမ္ပဏီသည် bZ4X ဟုခေါ်သော ၎င်းတို့၏ လျှပ်စစ်ကားများကို မေလတွင် စတင်ရောင်းချခဲ့သော်လည်း ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် နှစ်လအကြာတွင်ပြန်လည်သိမ်းယူခဲ့သည်။
Source:Aljazeera
- By CNI
- Category: စီးပွားရေး
- Hits: 705
CNI International News
မော်စကို၊ နိုဝင်ဘာ ၃၀
ရုရှားနှင့်တရုတ်တို့သည် ၎င်းတို့ဘဏ္ဍာရေးစနစ် အသီးသီးအတွက် SWIFT သုံးစွဲခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် အပြန်အလှန် ကုမ္ပဏီ account များ ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
ရုရှားမှ တရုတ်သို့ ဓာတ်ငွေ့ပို့လွှတ်ရောင်းချရေး စာချုပ်များအရ ငွေပေးချေမှုများ၌ မိမိတို့နှစ်နိုင်ငံ၏ ရူဘယ်နှင့် ယွမ် ငွေကြေးများဖြင့် ပေးချေရန် ပြောင်းလဲစီစဉ်နေပြီဟု နိုဗက်က ဆက်လက် ပြောကြားခဲ့သည်။
ထို့အပြင် ရေနံ၊ ရေနံထွက်ပစ္စည်းများနှင့် ကျောက်မီးသွေးတို့ကိုလည်း မိမိတို့ငွေကြေးကိုယ်စီဖြင့် လွှဲပြောင်းပေး ချေနေပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဒီလိုလုပ်ဆောင်မှုက အန္တရာယ်တွေကို ကာကွယ်နိုင်ပြီး ရူဘယ်နဲ့ယွမ်ကို ကမ္ဘာ့အရန်ငွေကြေးအဖြစ် အခြေအနေ အသွင်ကူးပြောင်းမှု မြှင့်တင်ပေးနိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရုရှားဗဟိုဘဏ်နဲ့ တရုတ်ဘဏ် လုပ်ငန်းတွေမှာ ရုရှားအတွက် account ဖွင့်နိုင်ဖို့ အလားအလာတွေ မြှင့်တင်လုပ်ဆောင်နေပါတယ်။ တရုတ်ပြည်တွင်း ကုမ္ပဏီ တွေ၊ ရုရှားရှိ တရုတ်ကုမ္ပဏီတွေနဲ့ SWIFT မသုံးဘဲ ငွေပေးချေနိုင်အောင် ဖန်တီးတာလည်း ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးချုပ်နိုဗက်က ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှားကို SWIFT ကနေ ထုတ်ဖို့ တောင်းဆိုနေကြစဉ် (GETTY IMAGES)
ရုရှားနှင့်တရုတ်တို့သည် စွမ်းအင်ကဏ္ဍအတွက် စက်ကိရိယာများ ပူးပေါင်းထုတ်လုပ်နိုင်အောင် စီစဉ်နေကြောင်း ၎င်း၏အဆိုအရ သိရသည်။
“ဒီကနေ့ တရုတ်ဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကဏ္ဍအတွက် စက်ပစ္စည်းကိရိယာ တန်ဆာပလာတွေ အဓိက ထုတ်လုပ်တဲ့ နိုင်ငံဖြစ်နေပါပြီ။ ရုရှားက စီမံကိန်း လုပ်ငန်းတွေအတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့သုံး စက်ကိရိယာ တွေကို ကျနော်တို့နှစ်နိုင်ငံ အနီးကပ် ပူးပေါင်းလုပ်ကိုင်နေပြီလို့ အသိပေးလိုပါတယ်” ဟု ၎င်းက အလေးပေး ပြောကြားခဲ့သည်။
SWIFT (Society for Worldwide Interbank Financial Telecommunication) သည် နိုင်ငံတကာသုံး အီလက်ထရောနစ် စနစ်ဖြင့် ငွေပေးချေမှုဖြစ်ပြီး ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် အနောက်အုပ်စုက အဆိုပါ စနစ်ထဲမှ ရုရှားဘဏ်များကို ဖယ်ရှားခဲ့သည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: စီးပွားရေး
- Hits: 771
CNI International News
ကိယက်ဗ်၊ နိုဝင်ဘာ ၁၈
ယူကရိန်း၌ အကျင့်ပျက်ခြစားမှုဆိုင်ရာ အဂတိလိုက်စားမှုများ အမြစ်ပြတ် ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရုရှား လွှမ်းမိုးခံရခြင်းမှ လွတ်ကင်းပြီး (သို့မဟုတ်) ချေမှုန်းပြီးနောက် ယင်းသို့ ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက နိုဝင်ဘာ ၁၇ ရက်တွင် Bloomberg စီးပွားရေးဖိုရမ်သစ် ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ကမ္ဘာ့တလွှားရှိ ပရိသတ်များကို ပြောကြားခဲ့သည်။
ရုရှားစစ်တပ်၏ ထိုးစစ် စတင်ပြီးနောက် လအတန်ကြာ၌ အကျင့်ပျက် အစိုးရအရာရှိအားလုံး ယူကရိန်းပြည်တွင်း မှ ထွက်ပြေးသွားခဲ့ကြောင်း၊ နောက်နောင်တွင်လည်း ယူကရိန်း၌ အကျင့်ပျက်ခြစားမှု ကျူးလွန်သူ မည်သူကိုမှ ခွင့်လွှတ် သည်းခံနေမည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အစိုးရယန္တရားထဲတွင် အီလက်ထရောနစ်စနစ် သုံးစွဲနေခြင်းကြောင့် လက်ရှိ ပြည်တွင်း၌ ကျန်ရစ်သော အစိုးရ အရာရှိများသည် စီးပွားရေးဖြင့် မက်လုံးပေး၍ ဝင်ရောက်စွက်ဖက်ရန် သွေးဆောင်စည်းရုံး ခံရမည် မဟုတ် ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ယူကရိန်းတွင် ရုရှား၏လွှမ်းမိုးမှု မရှိစေရကြောင်း ဇာလန်းစကီးက ကတိပြုခဲ့သည်။
“ကျနော့်အစိုးရထဲမှာ ရှေ့နောက် စာရင်းမကိုက်ညီတဲ့ အကျိုးစီးပွားမှန်သမျှ လျစ်လျူရှုခဲ့နိုင်တယ် (ဒါမှမဟုတ်) သူတို့ (ရုရှား) လွှမ်းမိုးလာတာတွေကို တိုက်ထုတ်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ယူကရိန်းအလံကို ကိုင်ဆောင်ထားသော စစ်သားများကိုတွေ့ရစဉ်
နိုင်ငံရေးပါတီများ၊ မီဒီယာများ အပါအဝင် ယခင်ခေတ်က ဗစ်တာယာနုကိုဗစ်ချ်၏ ပါတီအစိတ်အပိုင်းများ လှုပ်ရှား မှုကို ဇာလန်းစကီး အစိုးရက တားမြစ်ပိတ်ပင်ထားခဲ့သည်။
ယူကရိန်းတွင် ရင်းနှီးမြှုပ်နှံမှု အာမခံခြင်းနှင့်ပတ်သက်၍ ရှေ့ဆောင်လမ်းပြ အစီအစဉ်အတွက် ဇာလန်းစကီးသည် ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီး ၎င်း၏ပြည်တွင်း၌ အကျင့်ပျက်ခြစားမှုဆိုင်ရာ စိုးရိမ်ပူပန်များ လျော့ပါး သက်သာစေရန် ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။
အထူးသဖြင့် သတ္တုတူးဖော်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေး လွတ်လပ်စွာ လုပ်ကိုင်နိုင်ခြင်းနှင့် ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာစေခဲ့ကြောင်း ဇာလန်းစကီးက ချီးကျူး ထောပနာ ပြုခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ရုရှား၏ထိုးစစ် မတင်မီ ယူကရိန်းသည် ကမ္ဘာ့အဂတိလိုက်စားမှု အရှိဆုံးနိုင်ငံများ စာရင်း တွင် ထိပ်ဆုံး (သို့မဟုတ်) ထိပ်ဆုံးနီးပါး ရှိခဲ့ကြောင်း ဂါးဒီးယန်း သတင်းစာကဲ့သို့ အနောက်အုပ်စု မီဒီယာများက အဆင့် သတ်မှတ်ထားခဲ့သည်။
ယမန်နှစ်ကလည်း ယူကရိန်းပြည်တွင်း အကျင့်ပျက်ခြစားမှု ညွှန်းကိန်းသည် ဥရောပတွင် ဒုတိယ အများဆုံး ဖြစ်ကြောင်း Transparency International အဖွဲ့က အဆင့်သတ်မှတ်ခဲ့သည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: စီးပွားရေး
- Hits: 642
CNI International News
နူဆာဒူအာ(အင်ဒို)၊ နိုဝင်ဘာ ၁၄
ဆယ်ဂဏန်းမျှရှိသည့် ကမ္ဘာ့ခေါင်းဆောင်များနှင့် အခြားဂုဏ်သရေရှိ ပုဂ္ဂိုလ်များသည် G-20 ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ဘာလီကျွန်းသို့ တဖွဲဖွဲ ရောက်ရှိလာကြရာ အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍ ပြန်လည်နိုးထလာမှုကို ထင်ဟပ်ပြသနေခဲ့ကြောင်း အေပီက ရေးသားဖော်ပြသည်။
မွတ်ဆလင်ဘာသာဝင်အများစုနှင့် ဟိန္ဒူဘာသာဝင် ၄ သန်းကျော် မှီတင်းနေထိုင်ရာ ကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ခရီးသွားလုပ်ငန်းသည် အဓိကဝင်ငွေရင်းမြစ်ဖြစ်သဖြင့် နတ်ဘုရားများပေးသည့်ကျွန်းများဟုပင် တင်စားခေါ်ဝေါ်ကြသည်။
ကပ်ရောဂါဖြစ်ပွားခဲ့မှုတွင် အင်ဒိုနီးရှား၏အခြားနေရာများထက် ဘာလီကျွန်းပေါ် ပိုမိုဆိုးရွားခဲ့သည်။
ကပ်ရောဂါမတိုင်မီက နှစ်စဉ် နိုင်ငံခြားသား ၆ ဒသမ ၁ သန်းကျော် ဘာလီကျွန်းသို့ အပန်းဖြေခရီး လာရောက်လေ့ရှိသော်လည်း Covid-19 က ခရီးသွားလုပ်ငန်း၏မြင်ကွင်းကို မှေးမှိန်သွားစေခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် အင်ဒိုနီးရှားတွင် ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့ပြီး စားသောက်ဆိုင်များနှင့် အပန်းဖြေ စခန်းများ ပိတ်ထားခဲ့ရာ ကျွန်းပေါ်ရှိ အလုပ်သမားအများအပြားမှာ ဇာတိရပ်ရွာများသို့ ပြန်ခဲ့ရသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုင်ငံခြားခရီးသွားများ အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူနေကြစဉ်(ဓါတ်ပုံ-အေပီ)
အင်ဒိုနီးရှားသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၌ ၁ သန်းအထိ ကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အတန်ငယ် ပြန်လည်တိုးလာခဲ့ကြောင်း အစိုးရစာရင်းဇယားများအရ သိရသည်။
ခရီးသွားလုပ်ငန်းဖြင့် အသက်မွေးသူ ၉၂,၀၀၀(ကိုးသောင်းနှစ်ထောင်)ကျော်သည် ကပ်ရောဂါကာလအတွင်း အလုပ်လက်မဲ့ဖြစ်ခဲ့ကြပြီး ဘာလီကျွန်းပေါ်ရှိ ဟိုတယ်များ၌ ပျမ်းမျှတည်းခိုမှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားခဲ့သည်။
သို့ဖြင့် ကျွန်း၏စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်တွင် ၉ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၂၀၂၁ ခုနှစ်၌ ၂ ဒသမ ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့သည်။
“ကိုရိုနာဗိုင်းရပ်စ်သည် ဒေသခံလူထု၏စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း၊ ဘာလီကျွန်းပေါ်တွင် စီးပွားရေးဆုတ်ယုတ်မှု အဆိုးရွားဆုံးဖြစ်ခဲ့ရကြောင်း” ဘာလီကျွန်းတည်ရှိရာ ပြည်နယ်၏ ဒေသန္တရ အုပ်ချုပ်ရေးမှူး ဒီဝါမာဒီအင်ဒရာ (Dewa Made Indra) က ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: စီးပွားရေး
- Hits: 948
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၀
ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်း၊ ရုရှားနှင့်တရုတ်တို့၏ ဆက်ဆံရေး၊ ကုန်သွယ်ရေးမူဝါဒများနှင့် ပတ်သက် ၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်း တစ်ပုဒ်တွင် တွေ့ရသည်။
ဝါရှင်တန်နှင့် ဘေဂျင်းတို့အကြား တင်းမာမှုများ တိုးပွားနေချိန်၌ ထိုကဲ့သို့ ဘိုင်ဒန်၏ ပြောကြားချက် ပေါ်ထွက် လာခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် လာမည့် သီတင်းပတ်၌ ကျင်းပမည့် စက်မှုထိပ်သီး (G-20) အစည်းအဝေး ပြင်ပ၌ ဘိုင်ဒန်နှင့်ရှီကျင့်ဖျင်တို့ သီးခြား တွေ့ဆုံနိုင်စေရန် တရုတ်အစိုးရ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက် နေကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။
သို့သော် နှစ်ဘက် တွေ့ဆုံကြမည့် အစီအစဉ်ကိုတော့ အတည်ပြုခြင်း မရှိသေးပေ။
မကြာသေးမီ လများအတွင်း အမေရိကန်-တရုတ် ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာသဖြင့် ရှီကျင့်ဖျင်နှင့် ဆွေးနွေးရန် များစွာလိုအပ်နေပြီဟု အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲတွင် ဘိုင်ဒန်က သတင်းထောက်များကို အသိပေးခဲ့သည်။
ဘိုင်ဒန်ကို တွေ့ရစဉ် (AP)
“ကျနော်နဲ့သူနဲ့ စကားပြောဖြစ်တဲ့အခါမှာ အနီရောင်မျဉ်း တစ်ကြောင်းစီဟာ ဘာတွေလဲဆိုတာ ဖော်ထုတ်သွားမှာ ပါ။ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ အမျိုးသားအကျိုးစီးပွားအတွက် သူ ယုံကြည်ထားတာကို ကျနော်နားလည်ဖို့၊ တစ်ခါ အမေရိကန်ရဲ့ အရေးပါတဲ့ အကျိုးစီးပွားက ဘာလဲဆိုတာ ကျနော်သိထားတာ သူ့ကို မျှဝေဖို့ပါ။ အချင်းချင်း အငြင်းအခုံ လုပ်စရာ ရှိ/မရှိ ဆုံးဖြတ်သွားမှာပါ” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
ရှီ၏ အစိုးရသည် ထိုင်ဝမ်အပေါ် ဘိုင်ဒန်အစိုးရ၏ သဘောထားကို ရှုတ်ချခဲ့ပြီး ဘေဂျင်းသည် နောက်ဆုံးတွင် ထိုင်ဝမ်ကျွန်းကို ကွန်မြူနစ်အုပ်စိုးသည့် ပြည်ပကြီးနှင့် ပေါင်းစည်းရန် ဖြစ်သည်။ ဘိုင်ဒန်အစိုးရသည် တရုတ်၏ နယ်မြေပိုင်ဆိုင်မှုကို ထိခိုက်စေသည်ဟု ရှီ၏အစိုးရက ဝေဖန်အပြစ်တင်ခဲ့သည်။
အမေရိကန်ကို ကျော်တက်ဖို့ ကြိုးစားရင်း ကမ္ဘာ့နံပါတ် ၁ စီးပွားရေးနိုင်ငံအဖြစ် ဘေဂျင်း၏ ကြီးထွားလာနေသော ဩဇာလွှမ်းမိုးမှုကို ဝါရှင်တန်က အဟန့်အတား ပြုလုပ်နေကြောင်း တရုတ်သမ္မတ ရှီက ထောက်ပြခဲ့သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ထိုင်ဝမ်သို့ ပြီးခဲ့သည့် ဩဂုတ်လတွင် ရောက်ရှိလာပြီးနောက် အမေရိကန်နှင့် တရုတ် ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့သည်။
အမေရိကန်၏ ထိုင်ဝမ်အပေါ် မူဝါဒနှင့်ပတ်သက်၍ အခြေခံကျကျ လိုက်လျောပေးရန် ဆန္ဒမရှိကြောင်း ဘိုင်ဒန်က အခိုင်အမာ ပြောကြားခဲ့သည်။
၎င်းသည် တရုတ်တစ်ပြည်ထောင်တည်း မူဝါဒနှင့် ဘေဂျင်းအစိုးရကို အသိအမှတ် ပြုသော်လည်း တိုင်ပေ အစိုးရ နှင့် အလွတ်သဘော ဆက်ဆံရေး၊ ကာကွယ်ရေးဆိုင်ရာ ထိတွေ့ချိတ်ဆက်မှုများကိုတော့ ခွင့်ပြုထားသည်။
Source: AP
- By CNI
- Category: စီးပွားရေး
- Hits: 635
CNI International News
မော်စကို၊ နိုဝင်ဘာ ၈
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့သည် ၎င်းနှင့်ရာထူးအဆင့်တူသော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန်ဂျိုင်ရှန်ကာနှင့် နိုဝင်ဘာ ၈ ရက်တွင် တွေ့ဆုံ၍ ငွေကြေးနှင့် ကုန်သွယ်ရေး စီမံကိန်းများအရေး ဆွေးနွေးရန် စီစဉ်ထားကြောင်း မော်စကို အခြေစိုက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
ရုရှားနှင့် အိန္ဒိယတို့၏ ထိပ်တန်း သံတမန်များသည် ပုံမှန်အားဖြင့် အဆက်အသွယ်ရှိကြသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ရုရှားသို့ သွားရောက် လည်ပတ်ခဲ့သလို လာဗရော့ ကလည်း ပြီးခဲ့သည့် ဧပြီလတွင် နယူးဒေလီသို့ ရောက်ရှိခဲ့သည်။
အဆိုပါ ခရီးစဉ်များအပြင် နှစ်နိုင်ငံဝန်ကြီးများသည် နိုင်ငံတကာ အစည်းအဝေးများ ကျင်းပသည့် နေရာများတွင် တွေ့ဆုံနိုင်သည့် အခွင့်အလမ်းအားလုံးကို အသုံးချလျက်ရှိကြရာ ပြီးခဲ့သည့် စက်တင်ဘာလ နှောင်းပိုင်း ၇၇ ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင်လည်း သီးခြားတွေ့ဆုံခဲ့ကြသည်။
ဂျိုင်ရှန်ကာသည် ရုရှားဒုတိယဝန်ကြီးချုပ် ဒင်းနစ်မန်တူရော့ဗ်နှင့်လည်း တွေ့ဆုံရန် မျှော်လင့်ထားသည်။
အိန္ဒိယ၊ ရုရှား၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးများကိုတွေ့ရစဉ် (GETTY IMAGES)
ထို့နောက် အိန္ဒိယ-ရုရှား နှစ်နိုင်ငံအစိုးရ ကော်မရှင်များ၏ အစည်းအဝေးသို့ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် တက်ရောက်ဆွေးနွေးခဲ့သည်။
“ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ အဆင့်မြင့် သံတမန်အဆက်အသွယ် စဉ်ဆက်မပြတ် လုပ်သွားဖို့အတွက် ဖြစ်ပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အရီဒမ်ဘက်ချီက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး (SCO) အဖွဲ့နှင့် G-20 အုပ်စုအစည်းအဝေးများ အပြင် ရုရှား-အိန္ဒိယ-တရုတ် (RIC) သုံးပွင့်ဆိုင် ဆွေးနွေးမှုများလည်း ယခုနှစ်အတွင်း ရှိခဲ့သည်။
ယခု ဝန်ကြီးနှစ်ဦး တွေ့ဆုံရာတွင် ရုရှား-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးပေးပြီး နိုင်ငံတကာအရေး ကိစ္စများကိုလည်း ထည့်သွင်း ဆွေးနွေးကြမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆွေးနွေးမှုများအနက် အိန္ဒိယက SCO အဖွဲ့၏ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် အစီအစဉ်၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် အာရှ-ပစိတ်ဖိတ်ဒေသ လုံခြုံရေးတည်ဆောက်မှု၊ အီရန်၏ နျူကလီးယားအရေးနှင့် ဆီးရီးယား အခြေအနေ ဖြစ်ပေါ်တိုးတက်မှုများ အပါအဝင် ဒေသတွင်း ပြဿနာများစွာကို အမြင်ချင်း ဖလှယ်ကြရန် ရှိသည်။
ယူကရိန်း စစ်ရေးပဋိပက္ခနှင့် နယူးဒေလီ၏ ရပ်တည်ချက်ကို ဂျိုင်ရှန်ကာက ချပြသွားမည်ဖြစ်ပြီး သံခင်းတမန်ခင်း ပြန်လည်စတင်ကြဖို့ တိုက်တွန်းသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆက်လက် ပြောကြားခဲ့သည်။
နယူးဒေလီ၏ ထိုသို့ရပ်တည်ချက်ကို အသိအမှတ်ပြု လေးစားပါကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး ဖြစ်သည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: စီးပွားရေး
- Hits: 899
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁
ထိုင်းခရီးသွားလုပ်ငန်း လုပ်ကိုင်သူများသည် လူစည်းကားသော ပွဲတော်များနှင့် ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ပူပန် မှုများကို ထုတ်ဖော် ပြောကြားခဲ့ကြကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှီ အီထယ်ဝမ်ခရိုင်၌ ကြေကွဲ စရာ အဖြစ်ဆိုးနောက်ပိုင်း ဖြစ်နိုင်ခြေရှိသော မတော်တဆမှုများကို ကြိုတင်ပြင်ဆင်ထားကြရန် ထိုင်းအာဏာ ပိုင်များကို ၎င်းတို့က တိုက်တွန်းခဲ့ကြကြောင်း ဘန်ကောက်ပို့စ် သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
ထိုင်းခရီးသွား လုပ်ငန်းကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဆူသီပေါင်ဖူဖီပေါက်က “ဆိုးလ်ဖြစ်ရပ်ကြောင့် ထိုင်းနိုင်ငံတွင် ခရီးသွား ဧည့်သည်များ၏ ယုံကြည်စိတ်ချမှုကို ထိခိုက်စေမည် မဟုတ်ကြောင်း မိမိယူဆသည်” ဟု ပြောကြား ခဲ့သည်။
ယခု Loy Krathong နှင့် လာမည့်နှစ် ဆောင်ခရမ်(ထိုင်းသင်္ကြန်) ပွဲတော်ကဲ့သို့ အထူးလူစည်ကားသည့် နေ့များ၌ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် မတည်မငြိမ် ဖြစ်နိုင်ခြေများကို ထိန်းချုပ်တားဆီးနိုင်မည်ဟု ၎င်းယုံကြည် ကြောင်း မစ္စတာဆူသီပေါင်က ဆက်လက်ပြောကြားခဲ့သည်။
Loy Krathong ပွဲတော်အတွင်း အစိုးရ၊ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးပိုင်း၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် သဘာဝဘေး ကာကွယ်ရေးနှင့် လျော့ပါးသက်သာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အထူး သဖြင့် ကျောက်ဖရားမြစ်ကြောင်း တလျှောက် နေရာအသီးသီး၌ အသင့်အနေအထားဖြင့် ဆောင်ရွက်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားက Halloween ပွဲတော်မှာ သေဆုံးသွားသူများကိုတွေ့ရစဉ်
“ပုဂ္ဂလိကကဏ္ဍ (ဒါမှမဟုတ်) စေတနာ့ဝန်ထမ်းတွေ တင်မကဘဲ အဲဒီတာဝန်တွေကို အစိုးရကပါ အဓိက တာဝန်ယူသင့်တယ်” ဟု ဆူသီပေါင်က တိုက်တွန်းခဲ့သည်။
ဘန်ကောက်မြို့တော်မှ ပွဲတော်သို့ ပါဝင်ဆင်နွှဲကြသူပေါင်း ၁၀၀,၀၀၀ ခန့်ရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ ပုဂ္ဂလိကပိုင်းနှင့် စေတနာ့ဝန်ထမ်းများတင် မဟုတ်ဘဲ အဓိကတာဝန်ယူခြင်းမှာ အစိုးရပဲ ဖြစ်သင့်ကြောင်း ၎င်းက ကောက်ချက်ချခဲ့သည်။
ထိုင်းနိုင်ငံတွင် ၂၀၀၉ ခုနှစ်ကလည်း ဆန်တီကာနိုက်ကလပ် မီးလောင်မှုနှင့် ပြီးခဲ့သည့် ၃ လ၌ Mountain B နိုက်ကလပ် မီးလောင်မှုကဲ့သို့ လူပြွတ်သိပ်၍ ထွက်ပေါက်ရှာမရသော နေရာမျိုးတွင် ဖြစ်ပွားလေ့ရှိသော မတော်တဆမှုများ၌ အသေအပျောက် များပြားခြင်း ကြုံခဲ့ရကြောင်း ၎င်းက သတိပေးခဲ့သည်။
Source: Bangkok Post
- By CNI
- Category: စီးပွားရေး
- Hits: 1014
CNI International News
နယူးဒေလီ၊ အောက်တိုဘာ ၂၁
လူပေါင်း ၁ သန်းကို အစိုးရအလုပ်အကိုင်များ ရရှိစေရန် ယခုသီတင်းပတ်အကုန်ပိုင်း၌ ဦးစားပေးလုပ်ဆောင် သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီ ရုံးက အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အလုပ်လက်မဲ့များပြားနေမှုအပေါ် ဝေဖန်ခံနေရခြင်းကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် အလုပ်အကိုင်ပေါင်း ၇၅,၀၀၀(ခုနှစ်သောင်း ငါးထောင်)ကို စတင်ပေးအပ်ခဲ့သည်။
လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသည့် အိန္ဒိယနိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်းသည် လအတန်ကြာအောင် ၇ ရာခိုင်နှုန်းခန့်အထိ ရှိနေသဖြင့် လာမည့်လတွင် စတင်မည့် ပြည်နယ်အသီးသီး ရွေးကောက်ပွဲများကျင်းပရာတွင် အတိုက်အခံနိုင်ငံရေးသမားအတွက် ဝေဖန်ထောက်ပြစရာဖြစ်နေခဲ့သည်။
အလုပ်အကိုင်သစ်ပေါင်း ၇၅,၀၀၀ သည် ဖက်ဒရယ်အစိုးရ၏ ဝန်ကြီးဌာန ၃၈ ခု (သို့မဟုတ်) ဌာနဆိုင်ရာ ၃၈ ခုတွင် သက်ကြီးပိုင်းများအထိ အကျုံးဝင်မည်ဖြစ်ကြောင်း မိုဒီ၏ရုံးက ဆက်လက်ပြောကြားခဲ့သည်။
“ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်အတိုင်း ဝန်ကြီးဌာနတွေနဲ့ ဌာနဆိုင်ရာအားလုံးမှာ အရေးယူခံရလို့ လက်ရှိလစ်လပ် နေရာတွေကို ဖြည့်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းရုံးက ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ ဘူတာရုံတစ်ခုမြင်ကွင်း(ဓါတ်ပုံ-ရိုက်တာ)
အစိုးရဌာနများတွင် လစ်လပ်နေရာ တစ်သန်းခန့် ရှိ/မရှိ (သို့မဟုတ်) အချို့အလုပ်အကိုင်များ မည်သို့ဖန်တီးပေး မည်ကိုတော့ လတ်တလော မသိရသေးပေ။
ရည်ရွယ်ချက်မှာ လာမည့်နှစ် စက်တင်ဘာလအရောက်တွင် အစိုးရရာထူးတာဝန်များကို ဖြည့်စွက်ရန်ဖြစ်ကြောင်း မိုဒီက ပြီးခဲ့သည့် ဇွန်လတွင် တွီတာလူမှုကွန်ရက်မှ ပြောကြားခဲ့ဖူးသည်။
Covid-19 ပထမ တစ်နှစ်အတွင်း ၂၀၂၀ ပြည့်နှစ်၌ အိန္ဒိယ၏အလုပ်လက်မဲ့နှုန်းသည် ၂၃ ဒသမ ၅ ရာခိုင်နှုန်းအထိ အမြင့်ဆုံးအမှတ်သို့ ရောက်ရှိခဲ့သော်လည်း ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ပြန်လည်ဖြေလျှော့ပေး၍ ပြန်လည်ကျဆင်းခဲ့သည်။
သို့သော် မွန်ဘိုင်းမြို့အခြေစိုက် အိန္ဒိယစီးပွားရေးစောင့်ကြည့်လေ့လာရေးဌာနမှ အချက်အလက်များအရ အိန္ဒိယ အလုပ်လက်မဲ့နှုန်းမှာ ကမ္ဘာလုံးဆိုင်ရာပျမ်းမျှအဆင့်ထက် ပိုမိုမြင့်မားခဲ့သော်လည်း ယခုအခါ ၇ ရာခိုင်နှုန်း ဝန်း ကျင်သာ ရှိတော့ကြောင်း သိရသည်။
အလုပ်အကိုင်သန်းနှင့်ချီ၍ ဖန်တီးပေးမည်ဟု ကတိပြုခဲ့သော မိုဒီသည် ၂၀၁၄ ခုနှစ်တွင် အာဏာရလာခဲ့ပြီးနောက် အိန္ဒိယစီးပွားရေးမှာ တစ်နှစ်လျှင် လူပေါင်း ၁၂ သန်းခန့်အထိ လုပ်သားအင်အား အရှိန်အဟုန်ဖြင့် တိုးလာနေ သည်။
Source: Reuters