- By CNI
- Category: စီးပွားရေး
- Hits: 1682
CNI International News
ဘန်ကောက်၊ မေလ ၁၃
ထိုင်းပြည်သူအများစုက နိုင်ငံတစ်ဝန်း နေ့စား အနိမ်ဆုံး လုပ်ခလစာ မြှင့်တင်ပေးမည့် အစိုးရ၏ အစီအစဉ်ကို ထောက်ခံခဲ့ကြသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သို့သော်လည်း ထိုအစီအစဉ်သည် မျှော်မှန်းထားသကဲ့သို့ ဖြစ်လာနိုင်ခြေ ရှိ/မရှိကိုတော့ ထိုင်းပြည်သူများက သံသယရှိနေကြသည်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှု အင်စတီကျု (Nida) သည် မေလ ၃ ရက်မှ ၇ ရက်အတွင်း အသက် ၁၈ နှစ်အရွယ် လူပေါင်း ၁၃၁၀ ဦးကို စစ်တမ်းကောက်ယူခဲ့ရာတွင် ပါဝင်ဖြေဆိုသူ ၈၂ ဒသမ ၈၉ ရာခိုင်နှုန်းက နေ့အလိုက် အနိမ့်ဆုံး လုပ်ခလစာကို မြှင့်တင်ပေးစေလိုကြောင်း ဖြေကြားခဲ့သည်။
ထိုစစ်တမ်းအရ ၄၄ ဒသမ ၅၀ ရာခိုင်နှုန်းက အောက်တိုဘာ ၁ ရက်မှစပြီး နိုင်ငံတစ်ဝန်း တစ်ဆင့်ချင်းစီ ပြုလုပ် သွားမည့် အစီအစဉ်တွင် တစ်ရက်လုပ်ခ အနိမ်ဆုံးလစာကို ဘတ် ၄၀၀ အထိ တိုးမြှင့်စေရန် ဆန္ဒရှိနေသည်။

ထိုင်းအစိုးရအဖွဲ့ကို တွေ့ရစဉ်
ထို့နောက် ၂၅ ဒသမ ၃၄ ရာခိုင်နှုန်းကမူ ထိုအစီအစဉ်ကို အောက်တိုဘာ ၁ ရက်အထိ မစောင့်ဘဲ ချက်ချင်း အကောင်အထည်ဖော်ရန် ဆန္ဒရှိနေသည်။
ထို့အပြင် ၁၃ ဒသမ ၀၅ ရာခိုင်နှုန်းကမူ ထိုအစီအစဉ်ကို ထိုင်းနိုင်ငံတစ်ဝန်းတွင် အောက်တိုဘာ ၁ ရက်မှစတင်ပြီး အကောင်အထည်ဖော်ပေးရန် အလိုရှိနေသည်။
အလားတူ ၁၆ ဒသမ ၄၁ ရာခိုင်နှုန်းကမူ တစ်ရက်လုပ်ခကို ဘတ် ၄၀၀ အထိ တိုးမြှင့်မည့် အအစီအစဉ်ကို သဘော မတူကြောင်း ဖြေကြားခဲ့ပြီး ကျန် ၀ ဒသမ ၇၀ ရာခိုင်နှုန်းကမူ ထိုအစီအစဉ်ကို မသိကြောင်း သို့မဟုတ် စိတ်မဝင် စားကြောင်း ဖြေကြားခဲ့သည်။
ထို့ပြင် စစ်တမ်းတွင် ပါဝင်သည့် ၆၄ ဒသမ ၃၅ ရာခိုင်နှုန်းက အောက်တိုဘာ ၁ ရက်မှစပြီး တစ်ရက်လုပ်ခ ဘတ် ၄၀၀ တိုးမြှင့်မည့် အစိုးရ၏ အစီအစဉ်ကို အမျိုးသား လုပ်ခလစာကော်မတီက ထောက်ခံရန် ရှိ/မရှိကို သံသယ ရှိနေကာ ၃၁ ဒသမ ၀၇ ရာခိုင်နှုန်းကမူ ကော်မတီအနေဖြင့် ထိုအစီအစဉ်ကို ထောက်ခံပေးလိမ့်မည်ဟု ယုံကြည် ကြောင်း ဖြေကြားခဲ့သည်။

ထိုင်းရှိ ဆောက်လုပ်ရေးလုပ်သားများကို တွေ့ရစဉ်
ထိုသို့ အနိမ့်ဆုံး လုပ်ခလစာငွေ မြှင့်တင်မှုသည် စားဝတ်နေရေးအတွက် လုံလောက်မှု ရှိ/မရှိ မေးမြန်းခံရချိန်တွင် ၆၀ ဒသမ ၈၄ ရာခိုင်နှုန်းက လုံလောက်မှုမရှိကြောင်း ဖြေကြားခဲ့ပြီး ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းက လုံလောက်မှု ရှိကြောင်း ဖြေကြားခဲ့သည်။
တစ်ရက်လုပ်ခ အနိမ့်ဆုံးလစာငွေ ဘတ် ၄၀၀ တိုးမြှင့်မှုကို ပြီးခဲ့သည့် လလယ်ပိုင်းက ပြည်နယ် ၁၀ ခု၏ အချို့ နေရာဒေသများတွင် စတင် အကောင်အထည်ဖော်ခဲ့သည်။
ထိုအစီအစဉ်ကို အောက်တိုဘာ ၁ ရက်မှ စပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချဲ့ထွင်သွားမည်ဟု ထိုင်းအစိုးရက ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း ထိုင်းကုန်သည်ကြီးများအသင်းကမူ ထိုအစီအစဉ်ကို ကန့်ကွက်ခဲ့ သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 837
CNI International News
ဟောင်ကောင်၊ မေလ ၁၀
တရုတ်၏ စီးပွားရေး နာလန်ထူမှုသည် တည်ငြိမ်မှုမရှိသည့်တိုင် ဝယ်လိုအားများ မြင့်တက်လာခဲ့သဖြင့် ယခုနှစ် ဧပြီလအတွင်း တရုတ်၏ ပို့ကုန်နှင့် သွင်းကုန်ကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိခဲ့ကြောင်း မေလ ၉ ရက်က တရုတ်အကောက်ခွန် အချက်အလက်များ ထုတ်ပြန်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
မတ်လအတွင်းက တရုတ်၏ ပို့ကုန်ကဏ္ဍသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ကျဆင်းမှု အဖြစ် ၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက် ယခုနှစ် ဧပြီလ၏ ပို့ကုန်ကဏ္ဍသည် ယခင်နှစ် ဧပြီလနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
သွင်းကုန်ကဏ္ဍတွင် မတ်လက ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ဧပြီလတွင် ၈ ဒသမ ၄ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့သည်ဟု အချက်အလက်များတွင် ဖော်ပြခဲ့သည်။

တရုတ်ပို့ကုန်ကိုတွေ့ရစဉ်
တရုတ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်သည့် ၎င်း၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ယုံကြည်မှုကို မြှင့်တင်ရန် ပြီးခဲ့သည့်လများအတွင်း စီးပွားရေး အထောက်အကူပြု အစီအစဉ်များပါရှိသည့် မူဝါဒများကို အကောင်အထည်ဖော်ခဲ့သည်။
မတ်လအတွင်းက တရုတ်၏ ကုန်သွယ်ရေး ပိုလျံမှုသည် ဒေါ်လာ ၅၈ ဒသမ ၅၅ ဘီလျံရှိခဲ့ရာမှ ဧပြီလတွင် ဒေါ်လာ ၇၂ ဒသမ ၃၅ ဘီလျံအထိ မြင့်တက်လာခဲ့သော်လည်း ထိုအလားအလာသည် ကျယ်ပြန့်သည့် ကမ္ဘာလုံးဆိုင်ရာ အနေအထားတွင် အလုံးစုံ အပြုသဘောဆောင်သည့် အခြေအနေ မဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။
"ခေတ်ရှေ့ပြေးတဲ့ စီးပွားရေး အင်အားကြီးနိုင်ငံတွေမှာ စားသုံးသူ အသုံးစရိတ်တွေ လျော့နည်းလာပြီး ပို့ကုန် ဈေးနှုန်းတွေ လျော့နည်မှုကတဆင့် အရှိန်အဟုန်တွေ လျော့နည်းလာနိုင်တာကြောင့် လာမယ့်လတွေမှာတော့ ပို့ကုန်ပမာဏတွေဟာ ပြန်လည်လျော့နည်းသွားပါလိမ့်မယ်" ဟု Capita Economics ကုမ္ပဏီမှ ကျီချွန် ဟောင် (Zichun Huang) က ပြောကြားခဲ့သည်။

တရုတ်ပို့ကုန်ကိုတွေ့ရစဉ်
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၁၀ နိုင်ငံသည် တရုတ်၏ ပို့ကုန်များစီးဆင်းသည့် အကြီးမားဆုံး နေရာအဖြစ် ဆက်လက် တည်ရှိနေပြီး ယခုနှစ် ပထမလေးလတာ ကာလအတွင်း ပို့ကုန် စုစုပေါင်း၏ ၁၆ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့သည်။
ဧပြီလအတွင်း အမေရိကန်သို့ တင်ပို့သည့် တရုတ်၏ ပို့ကုန်ပမာဏသည် ပြီးခဲ့သည့်နှစ် ဧပြီလနှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၆ ရာခိုင်နှုန်း လျော့ကျခဲ့ပြီ ဥရောပသမဂ္ဂသို့ တင်ပို့သည့် တရုတ်၏ ပို့ကုန်ပမာဏသည်လည်း ပြီးခဲ့သည့် နှစ်ကထက် ၃ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
တရုတ်သည် ယခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ၅ ရာခိုင်နှုန်းခန့် ရှိလာစေရန် ရည်မှန်းထားကြောင်း စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: စီးပွားရေး
- Hits: 764
CNI International News
တိုကျို၊ မေလ ၁၀
ဂျပန်သည် ဆူးတောင့်ပါ ဝေလငါးများကို စီးပွားဖြစ် ဖမ်းဆီးခွင့်ပြုသည့် ဝေလငါးမျိုးစိတ်များ စာရင်းတွင် ထည့်သွင်းမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာ ဟာယာရှီ (Yoshimasa Hayashi)က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဂျပန်သည် ရေနေ နို့တိုက်သတ္တဝါများကို စီးပွားဖြစ် ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန် ထားသည့် နိုင်ငံတကာဝေလငါးကော်မရှင် (IWC) မှ နုတ်ထွက်ခဲ့ပြီးနောက် ငါးနှစ်အကြာတွင် ဆူးတောင့်ပါ ဝေလငါးများကို ဖမ်းဆီးခွင့်ပြုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဂျပန်သည် ၂၀၁၉ ခုနှစ်က ၎င်း၏ ရေပိုင်နက်များနှင့် အထူးစီးပွားရေးဇုန်များအတွင်း စီးပွားဖြစ် ဝေလငါး ဖမ်းဆီးမှုကို ပြန်လည်စတင်ခဲ့သည်။
ယခုသီတင်းပတ်တွင်လည်း ဂျပန်ငါးလုပ်ငန်းအေဂျင်စီက အဏ္ဏဝါ အရင်းအမြစ်များ ထိန်းချုပ်ရေး မူဝါဒများကို ပြင်ဆင်စိစစ်သည့် အဆိုပြုလွှာ မူကြမ်းအတွက် ပြည်သူလူထု၏ မှတ်ချက်များကို တောင်းခံခဲ့ပြီး ထိုမူကြမ်းတွင် ဆူးတောင့်ပါ ဝေလငါးများကို ဖမ်းဆီးခွင့်ပြုမည်ဟု ဖော်ပြထားသည်။
ဂျပန်အစိုးရသည် ဝေလငါးဖမ်းဆီးမှုကို ဆက်လက် မြှင့်တင်သွားမည်ဖြစ်ပြီး လိုအပ်သည့် သံတမန်ရေး အစီအစဉ်များကို လုပ်ဆောင်သွားမည်ဟု ဟာယာရှီက ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာ ဟာယာရှီကို တွေ့ရစဉ်
"ဝေလငါးတွေဟာ အရေးကြီးတဲ့ အစားအစာ အရင်းအမြစ်တွေဖြစ်ပြီး သိပ္ပံနည်းကျ အထောက်အထားတွေအပေါ် အခြေခံပြီး အကျိုးရှိရှိ အသုံးချသင့်ပါတယ်။ ဂျပန်ရဲ့ အစားအစာ ယဉ်ကျေးမှုကို အစဉ်အလာအရ ဆက်ခံဖို့ အရေးကြီးပါတယ်" ဟု အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟာယာရှီက ပြောကြားခဲ့သည်။
ဂျပန်တွင် ဝေလငါးစားသုံးမှုသည် ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလများက အမြင့်ဆုံး ဖြစ်ခဲ့သော်လည်း အခြား အသားငါးများကဲ့သို့ လွယ်လွယ် မရနိုင်သဖြင့် ကျယ်ကျယ်ပြန့်ပြန့် စားသုံးခဲ့ခြင်းမရှိပေ။
IWC သည် ဆူးတောင့်ပါ ဝေလငါးများ ဖမ်းဆီးမှုကို တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်တွင် ဂျပန်သည် ဝေလငါး ဖမ်းဆီးမှုဆိုင်ရာ သိပ္ပံနည်းကျ သုတေသနကို ပြုလုပ်ခဲ့သည့်အတွက် သဘာဝတ်ပတ်ဝန်းကျင်အဖွဲ့များ ၏ ဝေဖန်မှုကို ခံခဲ့ရသည်။
ဂျပန်သည် ၂၀၁၈ ခုနှစ်က IWC မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ချိန်တွင် ဂျပန်နိုင်ငံအား စိတ်ပျက်ကြောင်း ဖော်ပြခဲ့သည့် နိုင်ငံများထဲ၌ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 798
CNI International News
ကိယက်ဗ်၊ မေလ ၁၀
ရုရှား-ယူကရိန်းစစ်ပွဲသည် ယူကရိန်း၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး ရုရှား၏ ကျူးကျော်မှု စတင်သည့် အချိန်မှစပြီး ၂၀၂၃ ခုနှစ်ကုန်ပိုင်းအတွင်း ယူကရိန်းအရှေ့ပိုင်းတွင် ကုန်ပစ္စည်းရောင်းအားသည် ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် ထိုကာလအတွင်း ယူကရိန်းနိုင်ငံတောင်ပိုင်းတွင် ရောင်းအားများ ၆၃ ရာခိုင်နှုန်း ကျဆင်းခဲ့သလို နိုင်ငံ အနောက်ပိုင်းတွင်မူ ကုမ္ပဏီများ၏ ရောင်းအားများသည် ၃၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် အချက်အလက်များ၌ ဖော်ပြထားသည်။
မတူကွဲပြားသည့် ကဏ္ဍများအပေါ် စစ်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်ပြီး တရားဝင် အချက်အလက် များတွင် ဟာကွက်များရှိနေသလို စစ်မြေပြင်၌ သိသာထင်ရှားသည့် အပြောင်းအလဲများ ရှိလာခဲ့မည်ဆိုပါက လက်ရှိ အခြေအနေသည်လည်း ပြောင်းလဲလာလိမ့်မည်ဟု ဖော်ပြထားသည်။
ယူကရိန်း၏ စွမ်းအင် အခြေခံ အဆောက်အအုံများအပေါ် ရုရှား၏ တိုက်ခိုက်မှုများသည် စီးပွားရေး လုပ်ငန်းများနှင့် ကုမ္ပဏီအများစုအတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

ယူကရိန်းနိုင်ငံအတွင်းကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်အတွင်း ယူကရိန်း၏ စီးပွားရေးသည် ၃ ပုံ ၁ ပုံ ပြိုလဲခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ယူကရိန်း၏ စီးပွားရေးသည် ၅ ဒသမ ၃ ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာကာ ယခုနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၄ ဒသမ ၆ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု အစိုးရက ခန့်မှန်းထားသည်။
တစ်ချိန်က ယူကရိန်း၏ အဓိက ပို့ကုန်ဖြစ်ခဲ့သည့် သံမဏိလုပ်ငန်းကဏ္ဍသည် ၂၀၂၂ ခုနှစ်အတွင်း ၈၀ ရာခိုင်နှုန်း ကျုံ့ဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၈ ရာခိုင်နှုန်းသာ ပြန်လည်မြင့်တက်ခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်းမှာတော့ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လက်လီရောင်းချမှု ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှုအရှိန် မြန်ဆန်ခဲ့ကြောင်း ယူကရိန်းစီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့ပြင် ကာကွယ်ရေးကဏ္ဍ အပါအဝင် အချို့ကဏ္ဍများတွင် တိုးတက်မှု အနည်းငယ်ရှိနေချိန်၌ နိုင်ငံအနောက်ပိုင်း မှာ အလုပ်နေရာ လစ်လပ်သည့်နှုန်းသည် အလျင်မြန်ဆုံး မြင့်တက်လာခဲ့သည်။
ထို့နောက် ဧပြီလတွင် စီးပွားရေး လုပ်ငန်းများ၌ ဝန်ထမ်းများရှားပါးပြီး အလုပ်နေရာ လစ်လပ်မှုများ စံချိန်တင် ခဲ့သည်ဟု ယူကရိန်းအစိုးရ၏ အလုပ်အကိုင် ဝက်ဘ်ဆိုက်ဖြစ်သည့် Work.ua ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

စီးပွားရေးအညွန်းကိန်းတွက်သူကိုတွေ့ရစဉ်
မကြာသေးမီက ယူကရိန်း၏ ထိပ်သီးစီးပွားရေး အုပ်စုများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည့် ဥရောပစီးပွားရေး အသင်း၏ စစ်တမ်းကောက်ယူမှု၌ ကုမ္ပဏီစုစုပေါင်း၏ ၇၄ ရာခိုင်နှုန်းသည် ဝန်ထမ်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင် နေရကြောင်း ဖော်ပြထားသည်။
အဘယ်ကြောင့်ဆိုသော် ယူကရိန်းနိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သူ သန်းနှင့်ချီ ရှိခဲ့ခြင်းနှင့် သောင်းနှင့်ချီ သည့် အမျိုးသားသည် စစ်မှုထမ်းဆောင် နေရခြင်းတို့ကြောင့် စီးပွားရေးကဏ္ဍတွင် ဝန်ထမ်းများ လျော့နည်းလာ ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ၊ ဥရောပကော်မရှင်နှင့် ယူကရိန်းအစိုးရတို့၏ ထုတ်ပြန်ချက်တွင် ယူကရိန်း၏ စီးပွားရေးကို ပြန်လည်ထူထောင်ရေးအတွက် ကုန်ကျစရိတ်သည် ဒေါ်လာ ၄၈၆ ဘီလျံအထိ ရှိနိုင်ကြောင်း ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 1372
CNI International News
ပေကျင်း၊ မေလ ၉
တရုတ်နိုင်ငံတွင် သက်ကြီးပိုင်းလူဦးရေ လျင်မြန်စွာ မြင့်တက်လာသဖြင့် သန်းနှင့်ချီသည့် ရွှေ့ပြောင်းလုပ်သားများ သည် အလုပ်မှ အနားမယူနိုင်သေးဘဲ လုပ်သားအင်အား မလုံလောက်မှုကို ရင်ဆိုင်နေရသည်ဟု ရိုက်တာမှ ဖော်ပြ ခဲ့သည်။
တရုတ်၏ နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ၂၀၂၂ ခုနှစ်အတွင်း လုပ်သားအင်အား ၇၃၄ သန်း၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သော အလုပ်သမား ၉၄ သန်းသည် အသက် ၆၀ ကျော် အရွယ်များဖြစ်ပြီးသည်။
ထိုကိန်းဂဏန်းများအရ သက်ကြီးပိုင်း လုပ်သားအင်အား အရေအတွက်သည် ၈ ဒသမ ၈ ရာခိုင်နှုန်းမှ ထပ်မံ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ထိုအရေအတွက်သည် ဂျပန်၊ တောင်ကိုရီးယားတို့နှင့် နှိုင်းယှဉ်ပါက သက်ကြီးပိုင်းလုပ်သား အရေအတွက် လျော့နည်းနေဆဲဖြစ်သော်လည်း လာမည့် ဆယ်စုနှစ်အတွင်း အသက် ၆၀ ကျော် တရုတ်လုပ်သား အရေအတွက် သည် သန်း ၃၀၀ အထိ မြင့်တက်မည့် အလားအလာရှိနေသည်။

တရုတ် ကလေးငယ်နဲ့ တရုတ်အမျိုးသား-အမျိုးသမီးတို့ကို တွေ့ရစဉ်
အဆိုပါ သက်ကြီးပိုင်း လုပ်သားအင်အားစု၏ သုံးပုံတစ်ပုံသည် ကျေးလက်ဒေသများမှ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ပြီး ထိုလုပ်သားအုပ်စုသည် စီးပွားရေးကို မြှင့်တင်ရာတွင် ပရောဖက်ရှင်နယ်ဆန်သည့် ကျွမ်းကျင်မှုပိုင်းမှာ အားနည်းနေဆဲဖြစ်သည်ကို တွေ့ရသည်။
အဓိက အကြောင်းချင်းရာ တစ်ခုမှာ တရုတ်သည် ထိုလုပ်သား အင်အားများအတွက် ခိုင်မာသည့် လုံခြုံရေး ကွန်ရက် ထူထောင်ခဲ့ခြင်းမရှိဘဲ မူဝါဒ ချမှတ်ရေးဆွဲသူများက နိုင်ငံ့စီးပွားရေးသည် ဝင်ငွေ အလယ်အလတ် တန်းစား လူဦးရေများအကြား ပိတ်မိနေမည့်အရေးကို စိုးရိမ်နေသည်။
ထို့ကြောင့် ကျေးလက်ဒေသမှ မြို့ကြီးများပေါ်သို့ တက်ပြီး အလုပ်လုပ်သည့် သက်ကြီးပိုင်း ရွှေ့ပြောင်းလုပ်သား အင်အားစုကို အာရုံမစိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အစိုးရ၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုအခြေအနေကို ဖြေရှင်းရန် တရုတ်သည် စီးပွားရေး အရင်းအမြစ်များနှင့် ငွေကြေး စီးဆင်းမှုများကို ကုန်ထုတ် လုပ်ရေး လုပ်သားအင်အားစုအသစ်ထံ တိုက်ရိုက် စီးဆင်းစေချင်းဖြင့် သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ နောက်ဆုံး မူဝါဒဖြစ်သည့် ဆန်းသစ်တီထွင်မှုနှင့် ခေတ်မီ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို တွန်းအားပေး လုပ်ဆောင်ခဲ့သည်။

တရုတ်အမျိုးသားတစ်ဦးကိုတွေ့ရစဉ်
အမေရိကန်နှင့် ဥရောပ အရာရှိများကမူ ထိုမူဝါဒသည် တရုတ်၏ ကုန်ထုတ်လုပ်သူများနှင့် စျေးကွက်ယှဉ်ပြိုင်ရာ တွင် အနောက်နိုင်င်ငံများမှ ကုမ္ပဏီများအတွက် မျှတမှုမရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်သည် ထိုမူဝါဒဖြင့် ကုန်သွယ်ရေး တင်းမာမှုများ ဖြစ်စေရန် ဆွပေးနေကြောင်း အမေရိကန်နှင့် ဥရောပ အရာရှိများက သတိပေးခဲ့သည်။
တရုတ်ကမူ ထိုခန့်မှန်းချက်များကို ငြင်းဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် ချမ်းသာကြွယ်ဝရေးကို ရှေးရှုပြီး စားသုံးသူကဏ္ဍ ထက် ထုတ်လုပ်သူကဏ္ဍကို အဆင့်မြှင့်တင်ရန် အာရုံစိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 2124
CNI International News
ဟနွိုင်း၊ မေလ ၈
ဗီယက်နမ် လယ်သမားများသည် ကော်ဖီထက် ဒူရင်းသီးကို ပြောင်းလဲစိုက်ပျိုးနေသဖြင့် နိုင်ငံတကာ ကော်ဖီ ဈေးနှုန်းများသည် မြင့်တက်နေကြောင်း Nikkei Asia မှဖော်ပြခဲ့သည်။
လက်ရှိမှာတော့ အာရှတွင် ကော်ဖီဝယ်လိုအား မြင့်တက်မှုနှင့် တရုတ်၌ ဒူရင်းသီးကို လူကြိုက်များလာနေသည်။
"ကော်ဖီစေ့တွေနဲ့ ကော်ဖီမျိုးစေ့တွေဟာ အရမ်းဈေးကြီးလာတာကြောင့် လုပ်ရကိုင်ရတာ ခက်ခဲပါတယ်" ဟု ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်း (Hanoi) မြို့တော်ရှိ Cafe Giang ကော်ဖီဆိုင်၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြား ခဲ့သည်။
ဗီယက်နမ်တွင် ဒူရင်းစိုက်ပျိုးသည့် လယ်သမားများ ပိုမိုများပြား လာခဲ့သဖြင့် ယခုနှစ်တွင် ဗီယက်နမ်၏ ကော်ဖီ ထုတ်လုပ်မှုနှုန်းသည် ၄ နှစ်အတွင်း အနည်းဆုံးနှုန်းအထိ လျော့ကျသွားခဲ့သည်။

ဗီယက်နမ်က ဒူရင်းသီးပင်ကိုတွေ့ရစဉ်
ပြီးခဲ့သည့်နှစ်က ဗီယက်နမ်တွင် ကော်ဖီ ထုတ်လုပ်မှုတန်ချိန် ၁ ဒသမ ၆၇ သန်း ရှိခဲ့ပြီး ယခုနှစ် ကော်ဖီထုတ်လုပ် မှုသည် ၇ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ကော်ဖီတင်ပို့ ရောင်းချသူများနှင့် ကုန်သည်များက Bloomberg သတင်းဌာနမှ ပြုလုပ်သည့် စစ်တမ်းတွင် ပြောကြားခဲ့သည်။
ထို့ပြင် ဗီယက်နမ်၏ စင်ထရယ် ဟိုက်လန်းစ် (Central Highlands) ဒေသတွင် ဒူရင်းစိုက်ခင်းများ ကျယ်ပြန့်စွာ နေရာယူလာသည်နှင့်အမျှ ကော်ဖီစိုက်ပျိုးသည့် စိုက်ခင်းနေရာများမှာ သေးငယ်လာခဲ့ကြောင်း Simexco DakLak ပို့ကုန်၊ သွင်းကုန်ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာ လီဒွတ်ဟွိုင် (Le Duc Huy) က ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲကြောင့် မြေသြဇာဝယ်ယူရသည့် ကုန်ကျစရိတ်များ မြင့်တက်နေသဖြင့် ဗီယက်နမ် လယ်သမားများ သည် အကျိုးအမြတ် ပိုမိုရရှိနိုင်သည့် ဒူရင်း၊ ထောပတ်သီးနှင့် ငရုပ်ကောင်းပင်များကို ပိုမိုစိုက်ပျိုးလာကြသည်။
ဗီယက်နမ်နိုင်ငံသည် ယူကရိန်း၊ ရုရှားနှင့် ဘယ်လာရုဇ် နိုင်ငံများထံမှ မြေသြဇာများကို ဝယ်ယူနေသဖြင့် ရုရှား-ယူကရိန်း စစ်ပွဲ ဖြစ်ပွားလာချိန်တွင် မြေသြဇာဈေးနှုန်းများ မြင့်တက်ခဲ့ကာ လယ်သမားများသည် အကျိုးအမြတ် ကို တွက်ချက်ပြီး သီးနှံစိုက်ပျိုးမှုပုံစံအား ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ကော်ဖီစေ့ကို နေလှန်းနေစဉ်
ယခုနှစ် အစောပိုင်းကလည်းက ကော်ဖီဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ကော်ဖီတစ်ကီလိုလျှင် ဗီယက်နမ် နိုင်ငံသုံးငွေ ဒေါင် ၇၀,၀၀၀ မှ ဒေါင် ၁၁၄,၀၀၀ အထိ မြင့်တက်ခဲ့သည်။
ဧပြီလအတွင်းတွင်လည်း ကော်ဖီဈေးနှုန်းများ ထပ်မံမြင့်တက်ခဲ့ပြီး ကော်ဖီတစ်ကီလိုလျှင် ဒေါင် ၂၀၄,၇၅၀ အထိ မြင့်တက်ခဲ့သည်။
ဗီယက်နမ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ဖီစေ့ ထုတ်လုပ်သည့် နိုင်ငံဖြစ်ခဲ့သော်လည်း လယ်သမားများက ဒူရင်းကို ပိုမိုစိုက်ပျိုးလာခဲ့ပြီး တရုတ်နိုင်ငံသို့ ဒူရင်းသီးများ တင်ပို့ရောင်းချခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း ဗီယက်နမ်မှ တရုတ်သို့ ဒူရင်းသီး တင်ပို့မှုသည် ဒေါ်လာ ၂ ဘီလျံကျော်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်က ထက် ဒူရင်းသီး တင်ပို့မှု ၅ ဆ ပိုမိုများပြားခဲ့ကာ ယခုနှစ်တွင်လည်း ဒူရင်းသီးတင်ပို့မှု ပိုမိုများပြားနိုင်ခြေရှိသည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 863
CNI International News
အိုဆာကာ၊ မေလ ၃
ဂျပန်နိုင်ငံ၏ လယ်ယာလုပ်ငန်းသုံး ပစ္စည်းများထုတ်လုပ်သည့် Kubota သည် Suzuki Motor ကုမ္ပဏီ၏ ပုံစံ အတိုင်း အိန္ဒိယနိုင်ငံတွင် ကုန်ထုတ်လုပ်ရေး ရပ်ဝန်းတစ်ခု တည်ထောင်ကာ ကမ္ဘာလုံးဆိုင်ရာ စျေးကွက်ကို ချဲ့ထွင်ရန် စီစဉ်နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
“ဒေသခံဝန်ထမ်းတွေဟာ သူတို့နည်းသူတို့ဟန်အတိုင်း တိုးတက်ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်နေပါပြီ”ဟု Kubota ကုမ္ပဏီ၏ အိန္ဒိယကုမ္ပဏီခွဲဖြစ်သည့် Escorts Kubota ကုမ္ပဏီ၏ ကုန်ထုတ်လုပ်ရေးဌာနအကြီးအကဲ ကတ်ဆူနိုရီ အာဆာနို (Katsunori Asano) က ပြောကြားခဲ့သည်။
အာဆာနိုသည် အိန္ဒိယ၏ ဟာယာနာ (Haryana) ပြည်နယ်တွင် ကုန်ထုတ်လုပ်ရေးစက်ရုံတစ်ခု တည်ဆောက်ရန် ပြီးခဲ့သည့်နှစ် ဧပြီလက ထိုပြည်နယ်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဆာနိုသည် ၂၀၂၂ ခုနှစ်၊ မေလက Escorts Kubota ကုမ္ပဏီသို့ ပထမအကြိမ် ရောက်ရှိခဲ့ချိန်က စက်ရုံ တည်ဆောက်ရေးအတွက် စင်္ကြန့်များနှင့် ခြံဝင်းများ တည်ဆောက်မှုသည် တစ်ပိုင်းတစ်စ ပြီးစီးနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုဆောက်လုပ်ရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့စေရန် ကုန်ထုတ်လုပ်ရေးလုပ်ငန်းစဉ်၏ တစ်ဆင့်ချင်းစီကို အရည်အသွေးအမြင့်ဆုံး ထိန်းချုပ်မှုရှိသည့် ထုတ်လုပ်ရေး နည်းလမ်းဖြင့် ချဉ်းကပ် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း အာဆာနိုက ပြောကြားခဲ့သည်။

ဂျပန်ကုမ္ပဏီ Kubota ထုတ် လယ်ထွန်စက်ကိုတွေ့ရစဉ်
ထိုအပြောင်းအလဲများကြောင့် ကုန်ထုတ်လုပ်ရေး အစီအစဉ်တွင် ဆက်တိုက်ထွက်ရှိလာခဲ့သည့် ထုတ်ကုန်များ၏ ၇၀ ရာခိုင်နှုန်းကျော်သည် နောက်ထပ်ပြုပြင်စရာမလိုဘဲ စျေးကွက်တင်ရောင်းချနိုင်ခဲ့သည်ဟု ဆိုသည်။
Escort Kubota ကုမ္ပဏီမတိုင်မီက Escorts ကုမ္ပဏီသည် ၁၉၄၄ ခုနှစ်က တည်ထောင်ခဲ့သည့် အိန္ဒိယ စက်ယန္တရား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် ဂျပန်၏ Yamaha Motor ဖြင့် ပူးပေါင်းပြီး မော်တောဆိုင်ကယ်များ ထုတ်လုပ်ခဲ့သည်။
၁၉၉၀ ပြည့်နှစ် ကာလများက Escorts ကုမ္ပဏီသည လုပ်ငန်းပိုင်းတွင် ငွေကြေး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး လယ်ထွန်စက်များကိုသာ အဓိကထားထုတ်လုပ်ကာ လုပ်ငန်းလည်ပတ်မှုကို ပြန်လည်တည်ဆောက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် Kubota ကုမ္ပဏီက Escorts ကုမ္ပဏီ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်း (ငွေကြေးအားဖြင့် ဒေါ်လာ ၁၀၆ သန်း) ကို ဝယ်ယူခဲ့ပြီးနောက် ၂ နှစ်အအကြာတွင် ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်လာခဲ့ကာ Escorts Kubota ဟူသည့် အမည်ဖြင့် ပြောင်းလဲထူထောင်ခဲ့ခြင်းဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 2356
CNI International News
ဘန်ကောက်၊ မေလ ၂
ထိုင်းနိုင်ငံတွင် ဧပြီ ၂၈ ရက်က ထုတ်ပြန်ခဲ့သည့် တော်ဝင်အမိန့် ပြန်တမ်းတွင် အသစ်ခန့်အပ်ခဲ့သည့် ဝန်ကြီးများ ၏ စာရင်းကို ဖော်ပြခဲ့မှုနှင့်အတူ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုနှင့် ပတ်သက်သည့် ထင်ကြေးပေးမှုများ အဆုံးသတ်သွားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို လူအများက မသိကြသေးချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟီဒါ နျူကရာ (Parnpree Bahiddha-Nukara) သည် ဒုတိယဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရမှုနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့မှုသည် ထိုင်းအစိုးရအဖွဲ့ကို လှုပ်ခတ်သွားစေခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဆရီသာသာဗီဆင်သည် နိုင်ငံခြားရေးဝန်ကြီးတာဝန်ပါ ထမ်းဆောင်ခဲ့ရပြီးနောက် ဘဏ္ဍာရေးဝန်ကြီးတာဝန်ကနေ နုတ်ထွက်ခဲ့ပြီး အသက် ၇၅ နှစ်အရွယ် ပီချုင်း ချွန်ဟာယာဂျီရာ (Pichai Chunhavajira) ကို အစားထိုး ခန့်အပ်ခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီကို တွေ့ရစဉ်
အတိတ်ကာလက စီးပွားရေး လုပ်ငန်း အများအပြားကို ဦးဆောင်ခဲ့သည့် အတွေ့အကြုံ ရင့်ကျက်သည့် ပီချိုင်းကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်မှုသည် ထိုင်းနိုင်ငံ၏ စီးပွားရေးအတွက် အပြုသဘောဆောင်သည့် တိုးတက်မှု ကို ရရှိစေလိမ့်မည်ဖြစ်ကြောင်း စီးပွားရေးပါမောက္ခတစ်ဦးဖြစ်သူ ပရာအီပိုလ် ကွမ်ဆွပ် (Praipol Koomsup) က ပြောကြားခဲ့သည်။
“ပီချိုင်းဟာ ဆရီသာထက်ပိုပြီး ဘဏ္ဍာရေးဝန်ကြီးတစ်ဦးရဲ့ အလုပ်တာဝန်တွေကို အချိန်ပြည့် တာဝန် ထမ်းဆောင် နိုင်ပါလိမ့်မယ်။ အရင်ကတော့ ဆရီသာဟာ ဘဏ္ဍာရေးဝန်ကြီးတာဝန်ရော ဝန်ကြီးချုပ် တာဝန်ရော ထမ်းဆောင်ခဲ့ရတာပါ”ဟု ပရာအီပိုလ်က ပြောကြားခဲ့သည်။
ပြည်သူ့ ကြွေးမြီများ မြင့်တက်နေပြီး အစိုးရအဖွဲ့ဝင်ငွေများ ကျဆင်းနေမှုသည် ဘဏ္ဍာရေးဝန်ကြီးအသစ် ဖြစ်သည့် ပီချိုင်း ရင်ဆိုင်ရမည့် အဓိက စိန်ခေါ်မှုများဖြစ်သည်ဟု သမ္မာဆက် (Thammasat) တက္ကသိုလ်၏ စီးပွားရေး မဟာဌာနမှူးဟောင်း ပါမောက္ခ ဆာကွန် ဝရွန်ယုဝတ္တန (Sakon Varunhyuwatana) က သုံးသပ် ပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးခန့်အပ်ခံရသူ ပီချုင်း ချွန်ဟာယာဂျီရာကို တွေ့ရစဉ်
စားသုံးခွန်နှင့် ဝင်ငွေခွန်များ ကောက်ခံမှုဖြင့် ဝင်ငွေရှာခြင်းထက် ချမ်းသာကြွယ်ဝသူများထံမှ အခွန်များ ပိုမို ကောက်ခံနိုင်ရန် မြေခွန်နှင့် အဆောက်အဦခွန်များကို ပြန်လည်စိစစ် သုံးသပ်ရန်လည်း ပရာအီပိုလ်နှင့် ဆာကွန်တို့က တိုက်တွန်းခဲ့သည်။
“ထိုင်းနိုင်ငံဟာ အသက်အရွယ် ကြီးရင့်သူများတဲ့ လူ့အသိုင်းအဝိုင်းဖြစ်လာပြီး စားသုံးမှုနှုန်းက နှေးကွေးလာပါလိမ့် မယ်။ အဲဒါကြောင့် အခွန်ကောက်ခံမှုကို လျော့ကျစေနိုင်ပါလိမ့်မယ်” ဟု ဆာကွန်က ပြောကြားခဲ့သည်။
ထို့ပြင် ပို့ကုန်ကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့ကို မြှင့်တင်ရေးတွင်လည်း နိုဘဏ္ဍာရေးဝန်ကြီးသစ် ပီချိုင်း အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပရာအီပိုလ်က ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: စီးပွားရေး
- Hits: 1622
CNI International News
နယူးဒေလီ၊ ဧပြီ ၂၉
အိန္ဒိယသည် တင်းမာမှုများ မြင့်တက်နေသည့် အရှေ့အလယ်ပိုင်းဒေသနှင့် ဆက်ဆံရေးများ တိုးချဲ့ရန် ကြိုးပမ်း နေချိန်တွင် အိန္ဒိယနှင့် အိုမန်သည် လာမည့်လပိုင်းအတွင်း ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုသွားမည်ဟု အိန္ဒိယအစိုးရ၏ အမည်မဖော်လိုသည့် အရာရှိနှစ်ဦးက ပြောကြားခဲ့ကြောင်း Economic Times မှ ဖော်ပြခဲ့သည်။
“အဲဒီသဘောတူစာချုပ်ဟာ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ရှိလာစေမှာဖြစ်ပြီး တည်ငြိမ်မှုမရှိတဲ့ အရှေ့ အလယ်ပိုင်းဒေသက ကုန်သွယ်ရေးလမ်းကြောင်းတွေကို ဝင်ရောက်နိုင်ဖို့ အိန္ဒိယကို အထောက်အကူ ဖြစ်စေပါ လိမ့်မယ်” ဟု ထိုအရာရှိများက ပြောကြားခဲ့သည်။
အိုမန်သည် ကမ္ဘာလုံးဆိုင်ရာ ရေနံကုန်ကူးမှု အဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ၏ ဝင်ပေါက်တစ်ခု ဖြစ်နေသည်။
ထို့ကြောင့် အိန္ဒိယနှင့် အိုမန်အကြား နှစ်စဉ်ကုန်သွယ်မှုတန်ဖိုးသည် ၁၃ ဘီလျံပင် မပြည့်သော်လည်း အိုမန်နှင့် ဆက်ဆံရေး မြှင့်တင်မှုသည် အိန္ဒိယအတွက် အလွန်အရေးကြီးသည့် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း ဖြစ်သည်။

ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုမှုသရုပ်ပြထားစဉ်
ဂါဇာတွင် ဖြစ်ပွားနေသည့် အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် အီရန်နိုင်ငံအထိ ပျံ့နှံ့ခဲ့ပြီး ယီမင်၏ အီရန် ကျောထောက် နောက်ခံပြု ဟူရ်သီ (Houthi) စစ်သွေးကြွများသည် ဂါဇာရှိ ပါလက်စတိုင်းတို့နှင့် စည်းလုံးညီညွတ်ကြောင်း ပြသ သည့်အနေဖြင့် ပင်လယ်နီတွင် သင်္ဘောများကို ဒရုန်းများ ဒုံးကျည်များဖြင့် တိုက်ခိုက်လျက်ရှိသည်။
ထိုကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုရန် အိန္ဒိယတွင် လက်ရှိ ကျင်းပနေသည့် အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရမည့် အစိုးရ၏ အတည်ပြုချက်ကို လိုအပ်မည်ဖြစ်သည်။
ဇွန်လ ၄ ရက်တွင် မဲရလဒ်များကို ကြေညာမည့် ထိုရွေးကောက်ပွဲ၌ လက်ရှိ ဝန်ကြီးချုပ် မိုဒီ (Narendra Modi) ကပင် ထပ်မံ အနိုင်ရလိမ့်မည်ဟု ယူဆခံထားရသည်။
အိန္ဒိယ၏ ကုန်သွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ၊ အိန္ဒိယရှိ အိုမန် သံရုံးနှင့် အိုမန်နိုင်ငံခြားရေးဝန်ကြီးဌာန တို့ကမူ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုန့်ပြန်ခြင်း မရှိပေ။
ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) နှင့် သဘောတူညီမှု ရရှိရေးလုပ်ငန်းစဉ်သည် တိုးတက်မှု အနည်းငယ်သာ ရရှိနေချိန်တွင် အန္ဒိယသည် အိုမန်၊ ယူအေအီး ကဲ့သို့ GCC အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အိန္ဒိယအမျိုးသားတစ်ဦး အာလူးအိတ်ထမ်းနေစဉ်
GCC သည် ပါကစ္စတန်၊ တရုတ်တို့နှင့် ကုန်သွယ်ရေး သဘောတူစာချုပ်များ ချုပ်ဆိုရန် ညှိနှိုင်းနေသဖြင့် အိုမန်နှင့် အိန္ဒိယအကြား စာချုပ်ချုပ်ဆိုမှုသည် ယှဉ်ပြိုင်မှုကို ပိုမိုမြင့်တက်စေလိမ့်မည်ဟု အိန္ဒိယအရာရှိများက ပြောကြား ခဲ့သည်။
အိုမန်သည် စိုက်ပျိုးရေး ထုတ်ကုန်များ၊ ကျောက်မျက်ရတနာများ၊ သားရေများ၊ ကားများ၊ ဆေးဝါးပစ္စည်းများနှင့် အထည်အလိပ်များ အပါအဝင် နှစ်စဉ် ဒေါ်လာ ၃ ဘီလျံတန်ဖိုးရှိသည့် အိန္ဒိယ၏ ပို့ကုန်များအပေါ် အခွန်ကောက်ခံ မှုများကို ပယ်ဖျက်ရန် သဘောတူခဲ့သည်။
ထို့နောက် အိန္ဒိယကလည်း အိုမန်နိုင်ငံမှ ရေနံဓာတုပစ္စည်းများ၊ အလူမီနီယံများနှင့် ကြေးနီ ပို့ကုန်များအပေါ် အခွန်များလျှော့ချရန် သဘောတူခဲ့သည်ဟု အိန္ဒိယအရာရှိများက ပြောကြားခဲ့သည်။
Source: Economic Times
- By CNI
- Category: စီးပွားရေး
- Hits: 2041
CNI International News
နယူးယောက်၊ ဧပြီ ၂၆
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် ကောင်းမွန်ပြည့်စုံသည့် ဘဏ္ဍာရေး စီမံကိန်းများဖြင့် လူပေါင်း သန်း ၄၀၀ ကို ဆင်းရဲတွင်းထဲမှ ဆွဲထုတ်ပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်ဟု JP Morgan Chase စီအီးအို ဂျေမီ ဒိုင်မွန် (Jamie Dimon) က ပြောကြားခဲ့ကြောင်း The Hindu သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မစ္စတာ ဒိုင်မွန်သည် ဧပြီ ၂၃ ရက်က နယူးယောက်မြို့ရှိ စီးပွားရေးကလပ်တွင် ပြုလုပ်သည့် ပွဲအခမ်းအနား တစ်ခုတွင် ထိုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒိုင်မွန်က ဝန်ကြီးချုပ်မိုဒီ အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်များကိုလည်း ချီးကျူးခဲ့သည်။
“မိုဒီဟာ အိန္ဒိယမှာ မယုံကြည်နိုင်လောက်တဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ သူက လူသန်း ၄၀၀ လောက်ကို ဆင်းရဲ တွင်းထဲက ကယ်ထုတ်နိုင်ခဲ့ပါတယ်” ဟု မစ္စတာ ဒိုင်မွန်က ဆိုသည်။
“သူတို့တွေဟာ မယုံကြည်နိုင်လောက်တဲ့ ပညာရေးစနစ်နဲ့ အခြေခံ အဆောက်အအုံတွေ ရရှိခဲ့ပါတယ်။ အဲဒါတွေ ကပဲ တစ်နိုင်ငံလုံးကို ဆွဲတင်သွားတာပါ။ အဲဒါတွေဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူတစ်ဦးကြောင့် ဖြစ်ပါတယ်။ သူဟာ ဗျူရိုကရေစီစနစ်ရဲ့ တချို့တစ်ဝက်ကို ဖြိုချနေသူဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် အတိတ်ကာလက မိုဒီ လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း ၎င်းက ချီးကျူးခဲ့သည်။

JP Morgan CEO ကို တွေ့ရစဉ်
“သူတို့တွေဟာ ဒီလိုမယုံကြည်နိုင်လောက်တဲ့ တိုးတက်မှုတွေ လုပ်ဆောင်ခဲ့တာကို ပြည်သူတိုင်းက စိတ်ရော ကိုယ်ပါ အသိအမှတ် ပြုခဲ့ပါတယ်။ သူတို့ဟာ လူပေါင်းသန်း ၇၀၀ အတွက် ဘဏ်အကောင့်တွေ ဖွင့်ပေးခဲ့ပါတယ်။ အမေရိကန်မှာလည်း မိုဒီလိုလူမျိုးတွေ ပိုပြီး လိုအပ်ပါတယ်”ဟု ဒိုင်မွန်က ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယ၏ တိုက်ရိုက်မဟုတ်သည့် အခွန်အုပ်ချုပ်မှု အစီအစဉ်ကိုလည်း ဒိုင်မွန် (၆၈ နှစ်)က ချီးကျူးခဲ့သည်။
ထိုအစီအစဉ်သည် အခွန်စနစ်များတွင် အကျင့်ပျက်ခြစားမှုများကို ပပျောက်စေနိုင်ပြီး အခြားနိုင်ငံများကလည်း အလားတူ လိုက်နာကျင့်သုံးခဲ့ကြောင်း ဒိုင်မွန်က ပြောသည်။
“စနစ်ဟောင်းတွေကို ဖြိုချဖို့ သင့်အနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်ရမှာပါ။ သူဟာ ဗျူရိုကရေစီစနစ်ရဲ့ အချို့အရာတွေကို ဖြိုချနေပါတယ်။ သူတို့ဆီမှာ ဥရောပနဲ့ မတူတဲ့ အချက်တွေရှိတယ်။ သူတို့ရဲ့ အခွန်စနစ်တွေက ကွဲပြားခြားနား နေတယ်။ အခြေအနေ အရပ်ရပ်ကို ပြုပြင်ပြောင်းလဲချင်သူတွေ အနေနဲ့ မိုဒီနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ကို သင်ခန်းစာ ယူရမှာ ဖြစ်ပါတယ်”ဟု ဒိုင်မွန်က ပြောကြားခဲ့သည်။
Source: The Hindu
