- By CNI
- Category: စီးပွားရေး
- Hits: 1810
CNI International News
နယူးဒေလီ၊ ဇူလိုင် ၂၂
အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့သော်လည်း လူငယ်များအကြား အစိုးရ အလုပ်အကိုင်များကို ရရှိရန် အခက်တွေ့နေရဆဲဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များအရ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အကြား ဖက်ဒရယ်ဝန်ထမ်း ရာထူးနေရာများ အတွက် လျှောက်ထားသူ သန်း ၂၂၀ အထိရှိခဲ့သော်လည်း လူပေါင်း ၇၂၂,၀၀၀ သာ ရွေးချယ်ခန့်အပ်ခံခဲ့ရကြောင်း ဖော်ပြထားသည်။
အရွေးမခံရသူ အများစုသည် နောက်ထပ် အစိုးရဝန်ထမ်း နေရာများအတွက် ထပ်မံ လျှောက်ထားခဲ့ကြသော်လည်း ယနေ့အချိန်အထိ သန်းနှင့်ချီသည့် အိန္ဒိယလူငယ်များသည် နှစ်စဉ် အစိုးရအလုပ်အကိုင်များကို ရရှိရန် ရုန်းကန်နေ ရဆဲဖြစ်သည်ဟု အသက် ၃၀ အရွယ် ဆူနေးလ် ကူမာ (Sunil Kumar) အမည်ရှိ အမျိုးသားက ပြောသည်။

အိန္ဒိယအမျိုးသမီးများကိုတွေ့ရစဉ်
ကူမာသည် ပြီးခဲ့သည့် ၉ နှစ်အတွင်း အစိုးရ အလုပ်အကိုင်များကို ရရှိရန် လျှောက်ထားခဲ့ပြီး ပြည်သူ့ဝန်ထမ်း ရာထူးနေရာများအတွက် စာမေးပွဲများ ဝင်ရောက်ဖြေဆိုခဲ့သော်လည်း ယနေ့အချိန်အထိ ရွေးချယ်မခံရသေး ကြောင်း ပြောကြားခဲ့သည်။
သူသည် ဖက်ဒရယ် ဗျူရိုကရက် ရာထူးနေရာနှင့် ပြည်နယ်ဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှု ရာထူးနေရာများ အပါအဝင် အစိုးရအလုပ်အကိုင်များကို ရရှိရန် ၁၃ ကြိမ် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိခဲ့ပေ။
အစိုးရအလုပ်အကိုင်အတွက် အသက် သတ်မှတ်ချက်ဖြစ်သည့် ၃၂ နှစ် မကျော်ခင် အစိုးရဝန်ထမ်း နေရာတစ်ခုကို ရရှိရန် ဆက်လက် ကြိုးပမ်းသွားမည်ဟုလည်း ကူမာက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်မှာ အလုပ်အကိုင်ခွဲတမ်းအပေါ် ဆန္ဒပြနေကြစဉ်
"အစိုးရအလုပ်အကိုင်တွေရဖို့ အရင်ကထက်ပိုပြီး ကြိုးစားရပါမယ်။ လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ အစိုးရ အလုပ်အကိုင် တစ်ခုခု ရခဲ့မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်က ကြိုးပမ်းခဲ့တာတွေလည်း တန်တယ်လို့ ပြောရမှာပါ" ဟု ကူမာက ပြောသည်။
"တကယ်လို့ အိန္ဒိယမိသားစုတွေထဲမှာ မိသားစုဝင်တစ်ဦးက အစိုးရအလုပ်အကိုင်ကို ရရှိမယ်ဆိုရင် သူတို့ မိသားစုအတွက် အခြေခိုင်ပြီလို့ ယူဆထားကြပါတယ်" ဟု အစိုးရအလုပ်အကိုင်များ ရရှိရေးအတွက် လေ့ကျင့် သင်ကြားသည့် ဌာနကိုဖွင့်ထားသော ဇာဖာ ဘာကက်ရှ် (Zafar Baksh) က ပြောကြားခဲ့သည်။
အိန္ဒိယ၏ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း လူငယ်များအကြား အလုပ်လက်မဲ့နှုန်း မြင့်တက်နေကာ အစိုးရ၏ အလုပ်အကိုင် ခွဲတမ်းချသည့်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားနေသဖြင့် အိန္ဒိယအာဏာပိုင် များအနေဖြင့် ထိုဖြစ်စဉ်ကို သင်ခန်းစာ ယူသင့်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 1783
CNI International News
ဒါကာ၊ ဇူလိုင် ၂၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရအလုပ်အကိုင်များကို ခွဲတမ်းချပေးသည့်စနစ်ကို ဆန့်ကျင်သည့် ကျောင်းသားများ၏ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်တွင် ဆန္ဒပြသူများက နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနနှင့် အစိုးရ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု France 24 သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန် ဖြစ်ပွားမှုများကြောင့် ဇူလိုင် ၁၈ ရက် တစ်ရက်တည်း မှာပင် လူ ၃၂ ဦးထက်မနည်း သေဆုံးကာ သီတင်းတစ်ပတ်အတွင်း သေဆုံးသူ စုစုပေါင်း ၃၉ ဦးအထိ ရှိလာခဲ့ သည်။
သေဆုံးသူ စုစုပေါင်း၏ သုံးပုံ နှစ်ပုံခန့်သည် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုများကြောင့် ဖြစ်သည်ဟု ဆေးရုံဝန်ထမ်းများ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။
တုတ်များ၊ ကျောက်ခဲများ ကိုင်ဆောင်ထားသည့် ထောင်နှင့်ချီသည့် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန် များ ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်းရာချီ ဒဏ်ရာရခဲ့သည်။
ထို့နောက် ခိုက်ရန်ဖြစ်ပွားမှုများ ဆက်ရှိနေသဖြင့် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သည်ဟု တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

ဆန္ဒပြသူများနဲ့ လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
ဆန္ဒပြမှုများနှင့် လုံခြုံရေး အခြေအနေကြောင့် အာဏာပိုင်များက နိုင်ငံအတွင်း မိုဘိုင်းဖုန်း အင်တာနက်လိုင်းများ အား ဖြတ်တောက်ထားပြီး တက္ကသိုလ်များအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ကြောင်း ကြေညာထားသည်။
ဆန္ဒပြသူများသည် ရဲကင်းများနှင့် အစိုးရရုံးများကို မီးရှို့ခြင်း၊ လက်သရမ်း ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့သဖြင့် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဖျက်ဆီးခံခဲ့ရသည့် အဆောက်အအုံများအနက် ဒါကာမြို့တော်ရှိ ဘင်္ဂလားဒေ့ရှ် ရုပ်သံလွှင့်ဌာနချုပ်လည်း ပါဝင်ခဲ့ သည်။ ထို့နောက် ရာနှင့်ချီသည့် ကျောင်းသားများသည် ထိုဌာနချုပ်အတွင်းသို့ ဝင်ရောက်ပြီး အဆောက်အအုံကို မီးရှို့ခဲ့ကြသည်။
ဇူလိုင် ၁၈ ရက် တစ်ရက်တည်းမှာပင် ဆန္ဒပြမှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀၄ ဦးနှင့် ဂျာနယ်လစ် ၃၀ ဦး အပါအဝင် လူ ၇၀၀ ကျော် ဒဏ်ရာရခဲ့သလို ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင်လည်း ဒါကာမြို့တော်၌ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ အကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။
၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်လက်အောက်မှ လွတ်လပ်ရေး ရယူသည့် စစ်ပွဲအတွင်း သေဆုံးခဲ့သော လွတ်လပ်ရေး သမားများ၏ မိသားစုများအတွက် အလုပ်အကိုင် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းနှင့် အစိုးရအလုပ်အကိုင်များ ခွဲတမ်း ချသည့် စနစ်ကို ဘင်္ဂလားဒေ့ရှ်က ကျင့်သုံးထားသည်။
အဆိုပါ စနစ်ကို ဖျက်သိမ်းရန် ကျောင်းသားများက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
Source: France 24
- By CNI
- Category: စီးပွားရေး
- Hits: 4700
CNI International News
နယူးဒေလီ၊ ဇူလိုင် ၁၉
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) သည် လာမည့် သီတင်းပတ်တွင် ဖက်ဒရယ် အသုံးစရိတ်ကို ကြေညာသွားမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကို မြှင့်တင်ရန် အာရုံစိုက် လုပ်ဆောင်သွားလိမ့်မည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစားအစာစျေးနှုန်းများ မြင့်တက်နေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလည်း တစ်ဖက်စောင်းနင်း ဖြစ်နေချိန်တွင် မိုဒီသည် မဲဆန္ဒရှင်ပြည်သူများနှင့် ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရန် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေများကို မြင့်တက်စေရန် ကြိုးပမ်းလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဇွန်လက ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မိုဒီ၏ ပါတီသည် မျှော်မှန်းထားသလောက် မဲရလဒ်မရခဲ့ဘဲ အလုပ်အကိုင် ပြဿနာများနှင့် ကုန်စျေးနှုန်း မြင့်တက်မှုများက မိုဒီ၏ ဟိန္ဒူအမျိုးသားရေး BJP ပါတီအပေါ် လောင်းရိပ်အဖြစ် ကျရောက်ခဲ့သည်။
ထိုရွေးကောက်ပွဲအပြီးတွင် မိုဒီသည် အာဏာဆက်လက်ရရှိရန် အန်ဒရာပရာဒေ့ရှ် (Andhra Pradesh) နှင့် ဘီဟာ (Bihar) တို့ကို ထိန်းချုပ်ထားသည့် Telugu Desam ပါတီ၊ Janata Dal ပါတီတို့နှင့် မဟာမိတ်ဖွဲ့ခဲ့ရသည်။
မိုဒီ၏ တတိယသက်တမ်းတွင် ပထမဆုံး အစိုးရဘတ်ဂျက်ကို ဇူလိုင် ၂၃ ရက်၌ ကြေညာသွားမည်ဖြစ်ပြီး စီးပွားရေးမူဝါဒများတွင် ပြောင်းလဲမှုများကို ပထမဆုံးအကြိမ် မြင်တွေ့ရမည်ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေး ဝန်ကြီး နီယာမာလာ စီသာရာမန် (Nirmala Sitharaman) က ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုတွေ့ရစဉ်
ဧပြီ ၁ ရက်က စတင်ကြေညာခဲ့သည့် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် ယာယီဘတ်ဂျက်နေရာတွင် အသစ် ကြေညာမည့် ဘတ်ဂျက်ဖြင့် အစားထိုးသွားမည်ဟု ဆိုသည်။
“ဘတ်ဂျက်ဟာ စီးပွားရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီအောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဆိုလိုတာကတော့ ဗဟိုဘဏ်ရဲ့ အစုပေါ် အမြတ်နဲ့ အခွန်ကောက်ခံမှုတွေကနေ ဘတ်ဂျက်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု Barclays ၏ ဒေသတွင်း စီးပွားရေးပညာရှင် မစ္စ ရှာရီဗာ ဆိုဟာနီ (Shreva Sodhani) က ပြောကြားခဲ့သည်။
ဗဟိုဘဏ်မှ ဒေါ်လာ ၂၅ ဘီလျံ ပိုငွေများကို လွှဲပြောင်းမှုဖြင့် အိန္ဒိယအစိုးရသည် အသုံးစရိတ် လိုငွေပြမှုမရှိဘဲ အဆင်ပြေ ချောမွေ့စွာ သုံးစွဲနိုင်မည်ဖြစ်ကာ ဘဏ္ဍာရေးလိုငွေပြမှုကို ဂျီဒီပီ၏ ၅ ဒသမ ၁ ရာခိုင်နှုန်းတွင် ထိန်းထားနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် ၃ နှစ်အတွင်း အိန္ဒိယအစိုးရသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင်များ ဖန်တီးရန် အတွက် ရေရည် အခြေခံ အဆောက်အအုံ စီမံကိန်းများအပေါ် ငွေကြေးသုံးစွဲမှုများကို ၂ ဆနီးပါး တိုးမြှင့်သုံးစွဲ ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 1723
CNI International News
ဘန်ကောက်၊ ဇူလိုင် ၁၆
ထိုင်းလူမျိုးများကို တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ပေးမည့် အစိုးရ၏ အစီအစဉ်တွင် သတ်မှတ်ချက်နှင့် ပြည့်မီသူများအနေဖြင့် သြဂုတ်လ ၁ ရက်မှစပြီး ထိုအစီအစဉ်၌ စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ပြောကြားခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ် မူဝါဒကော်မတီသည် ထောက်ပံ့ငွေများကို လက်ခံမည့်သူများ အတွက် စာရင်းပေးသွင်းမှုဆိုင်ရာ ပြင်ဆင်မှုများ၊ ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် အေဂျင်စီများကို တာဝန်ပေးမှုများ၊ စည်းကမ်းချိုးဖောက်မှုများကို ဖြေရှင်းရန် အစီအစဉ်များ ရေးဆွဲမှုများအား ပြုလုပ်
နေသည်ဟု ဆရီသာက ၎င်း၏ Facebook တွင် ရေးသားဖော်ပြခဲ့သည်။
ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်သည် အစိုးရ၏ အစီအစဉ်ဖြစ်ပြီး ငွေကြေးအများအပြား၊ လူပုဂ္ဂိုလ် များနှင့် စီးပွားရေးလုပ်ငန်းများ ပါဝင်နေသည်။

ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှုအစီအစဉ်ကိုတွေ့ရစဉ်
ထို့ကြောင့် ငွေကြေးလက်ခံသူများ အကျိုးရှိစေရေးအတွက် ဘေးကင်းလုံခြုံမှုနှင့် တရားဥပဒေအတိုင်း စနစ်တကျ ဆောင်ရွက်ရန် အရေးကြီးကြောင်း ဆရီသာက ပြောသည်။
ဒုတိယဘဏ္ဍာရေးဝန်ကြီး ဂျူလာပန် အမ်မွန်ဗီဗက် (Julapun Amornvivat) က ထိုအစီအစဉ်တွင် ထောက်ပံ့ငွေ ရရှိနိုင်မည့် ထိုင်းလူမျိုး အရေအတွက်သည် သန်း ၅၀ ခန့်ရှိသော်လည်း ထောက်ပံ့ငွေ စုစုပေါင်းကို ဘတ် ၅၀၀ ဘီလျံမှ ဘတ် ၄၅၀ ဘီလျံအထိ လျှော့ချသတ်မှတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ယခင်က အစိုးရ၏ အခြားထောက်ပံ့ငွေ အစီအစဉ်များမှ အကျိုးအမြတ်ရရှိရန် သတ်မှတ်ချက်နှင့် ပြည့်စုံသူ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကသာ စာရင်းသွင်းခဲ့ကြသဖြင့် ယခုအကြိမ်တွင်လည်း ထောက်ပံ့ငွေကို အနည်းငယ် လျှော့ချခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဂျူလာပန်က ပြောကြားခဲ့သည်။
အစိုးရသည် ထိုထောက်ပံ့ငွေ အစီအစဉ်အတွက် စိုက်ပျိုးမွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေး ပူးပေါင်းဆောင်ရွက်မှု ဘဏ်ထံမှ ဘတ် ၁၇၂ ဒသမ ၃ ဘီလျံ ချေးယူမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်ဟု ဆိုသည်။

၀န်ကြီးချုပ် ဆရီသာကိုတွေ့ရစဉ်
ထို့နောက် ဗဟိုရန်ပုံငွေမှ အပိုဆောင်းခံစားခွင့် ဘတ်ဂျက်အဖြစ် ဘတ် ၁၂၂ ဘီလျံကို ရယူရန်နှင့် နောက်ထပ် ဘတ် ၄၃ သန်းကို ၂၀၂၄ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် လက်ကျန်ငွေများထဲမှ ရယူရန် ဆုံးဖြတ်ခဲ့သည်။
ထိုင်းလူမျိုးများ အနေဖြင့် ထိုထောက်ပံ့ငွေများကို အသုံးပြုပြီး ဝယ်ယူခွင့်ရှိမည့် ပစ္စည်းများနှင့် ဝယ်ယူခွင့် မရှိသည့်ပစ္စည်းများ အပါအဝင် အခြားထုတ်ကုန် အမျိုးအစားများကို ခွဲခြားသတ်မှတ်ရန် ကုန်သွယ်ရေး ဝန်ကြီးဌာနကို တာဝန်ပေးခဲ့သည်ဟု ဂျူလာပန်က ပြောသည်။
ထိုထောက်ပံ့ငွေများဖြင့် ဝယ်ယူခွင့်မရှိသည့် ပစ္စည်းများထဲတွင် လက်နက် (သေနတ်)များ ပါဝင်လိမ့်မည်ဟု ဒုတိယဘဏ္ဍာရေးဝန်ကြီးက အရိပ်အမြွက် ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: စီးပွားရေး
- Hits: 4835
CNI International News
မွမ်ဘိုင်း၊ ဇူလိုင် ၁၅
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) သည် ဇူလိုင် ၁၃ ရက်က မွမ်ဘိုင်း (Mumbai) မြို့သို့ ရောက်ရှိလာခဲ့ပြီး ကုဋေ ၂၉,၄၀၀ တန်ဖိုးရှိ ပရောဂျက်များကို အုတ်မြစ်ချ အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း News 18 သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
“ဒီနေ့ မွမ်ဘိုင်းမှာ အခုလို ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်တွေ စတင်လုပ်ဆောင်တာဟာ စီးပွားရေးချိတ်ဆက် ဆောင်ရွက်မှုတွေကို မြင့်တက်စေနိုင်ပြီး မွမ်ဘိုင်းရဲ့ အခြေခံ အဆောက်အအုံတွေကို သိသာစွာ အဆင့်မြင့်တက် စေကာ ပြည်သူတွေအတွက် ကြီးမားစွာ အကျိုးရှိစေပါလိမ့်မယ်” ဟု မိုဒီက X လူမှုမီဒီယာတွင် ရေးသားဖော်ပြ ခဲ့သည်။
မိုဒီသည် မွမ်ဘိုင်းတွင် အရေးကြီးသည့် ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းများကို ဖွင့်ပွဲ အခန်းအနားများ ကျင်းပသွားမည်ဖြစ်ကြောင်း မွမ်ဘိုင်းမြို့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မိုဒီ၏ ခရီးစဉ်သည် အိန္ဒိယလွှတ်တော် ရွေးကောက်ပွဲတွင် ၎င်း၏ အမျိုးသား ဒီမိုကရေစီ မဟာမိတ် (NDA) အဖွဲ့ အနိုင်ရရှိခဲ့ပြီး ဇွန်လ ၉ ရက်က ဝန်ကြီးချုပ်အဖြစ် တတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိမ်ဆိုခဲ့ပြီးနောက်ပိုင်း ပထမဆုံး မွမ်ဘိုင်းခရီးစဉ် ဖြစ်လာခဲ့သည်။

မွမ်ဘိုင်းမြို့ကိုတွေ့ရစဉ်
ထို့ပြင် မိုဒီသည် မွမ်ဘိုင်းမြို့ရှိ NESCO Exhibition စင်တာကို သွားရောက်ပြီး ရူပီး ကုဋေ ၂၉၄၀၀ တန်ဖိုးရှိ လမ်းများ၊ တံတားများနှင့် ဆိပ်ကမ်းများနှင့် ဆက်နွှယ်သည့် စီမံကိန်းများအတွက် အုတ်မြစ်ချ အခမ်းအနားများ ပြုလုပ်မည်ဖြစ်သည်။
ထို့ပြင် မိုဒီသည် ကုဋေ ၆၃၀၀ ကျော် တန်ကြေးရှိ ဂိုရီဂွန် မူလန်း ချိတ်ဆက်လမ်းမ (GMLR) စီမံကိန်းတွင် မြေအောက်လိုဏ်ခေါင်းဖောက်လုပ်ရေး စီမံကိန်းအတွက်လည်း အုပ်မြစ်ချ အခမ်းအနား ပြုလုပ်မည်ဖြစ်သည်။
ထိုစီမံကိန်းအရ လက်ရှိ ခရီးသွားလာမှုတွင် ကြာမြင့်သည့် အချိန် ၇၅ မိနစ်ကို ၂၅ မိနစ်အထိ လျှော့ချပေးလိမ့်မည် ဖြစ်ကြောင်း၊ ထိုစီမံကိန်းနှင့် မွမ်ဘိုင်း၏ ဘရီဟန်မွမ်ဘိုင်း စည်ပင်သာယာ ကော်ပိုရေးရှင်း (BMC) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မိုဒီသည် ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက်ပိုင်း ပြည်တွင်း/ပြည်ပ၌ ၎င်း၏ ပုံရိပ်ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လျက်ရှိပြီး မကြာသေးမီ လများအတွင်း နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအများအပြားကို ကြေညာခဲ့သည်။
Source: News 18
- By CNI
- Category: စီးပွားရေး
- Hits: 1979
CNI International News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉
ကမ္ဘာလုံးဆိုင်ရာ ပင်လယ်စာတင်ပို့မှု ဈေးကွက်တွင် အိန္ဒိယသည် အလွန်များပြားသည့် ပင်လယ်စာများကို တင်ပို့နိုင်ခဲ့ပြီး ပင်လယ်စာတင်ပို့မှုကဏ္ဍ၌ ခိုင်မာအားကောင်းသည့် နိုင်ငံဖြစ်လာခဲ့သည်ဟု ဗီယက်နမ် တိုင်းမ်စ်မှ ဖော်ပြခဲ့သည်။
၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရေခဲရိုက် ပုစွန်တုပ်များသည် လူကြိုက်အများဆုံး ပို့ကုန်ဖြစ်ခဲ့ပြီး အိန္ဒိယ၏ ပင်လယ်စာ တင်ပို့မှု စုစုပေါင်း၏ ၆၆ ရာခိုင်နှုန်းရှိခဲ့သည်။ အမေရိကန်၊ ဥရောပနှင့် တရုတ်နိုင်ငံများ၏ ခိုင်မာသည့် ဝယ်လိုအား များကြောင့် ပင်လယ်စာတင်ပို့များ ဆက်လက်မြင့်တက်နေသည်။
ရေခဲရိုက် ပုစွန်များအပြင် အိန္ဒိယသည် ရေခဲရိုက် ငါးများ၊ ရေခဲရိုက် ရေဘဝဲများ၊ စည်သွတ်ဘူး ထုတ်ကုန်များနှင့် ရေခဲရိုက် ကျောက်ပုစွန်များ အပါအဝင် အခြားများပြားသည့် ပင်လယ်စာ ထုတ်ကုန်များကို တင်ပို့ခဲ့သည်။
ရေခဲရိုက်ငါးများသည် ပင်လယ်စာ အမျိုးအစား စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းရှိခဲ့ကာ ပို့ကုန်ကဏ္ဍ စုစုပေါင်း၏ ၈ ရာခိုင်နှုန်းရှိခဲ့သဖြင့် ပို့ကုန်ပမာဏတွင် ၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပင်လယ်စာများကိုတွေ့ရစဉ်
ထိုကဲ့သို့ မတူကွဲပြားသည့် ပင်လယ်စာ ပို့ကုန်များ တင်ပို့မှုသည် နိုင်ငံတကာဈေးကွက်၏ မတူကွဲပြားသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းကို မြင့်တက်စေခဲ့ပြီး ထုတ်ကုန်တစ်မျိုးတည်းကိုသာ မှီခိုခြင်းကြောင့် ပေါ်ပေါက်လာနိုင်သော အန္တရာယ်များကို လျော့ကျစေခဲ့သည်။
အိန္ဒိယသည် ပြောင်းလဲနေသည့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် လိုအပ်ချက်များကို ရင်ဆိုင်ရာတွင် မတူကွဲပြားသည့် ပို့ကုန်များဖြင့် ၎င်း၏ ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းရှိမှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
အိန္ဒိယ၏ ပင်လယ်စာများသည် ကမ္ဘာလုံးဆိုင်ရာ ညွှန်ကြားချက်များ၊ တင်းကျပ်သည့် အရည်အသွေးပိုင်းဆိုင်ရာ လုပ်ထုံလုပ်နည်းများနှင့် ကိုက်ညီမှုရှိနေသော အကောင်းဆုံး အရည်အသွေးရှိမှုကြောင့် နိုင်ငံတကာ၏ အသိအမှတ် ပြုခံထားရသည်။

ငါးများကိုတွေ့ရစဉ်
ထို့ပြင် ငါးဖမ်းလုပ်ငန်း အစီအစဉ်များကို ပြောင်းလဲမှုများနှင့်အတူ အိန္ဒိယသည် ပင်လယ်စာများကိုအား တင်ပို့ နေချိန်တွင် တစ်ဖက်တွင်လည်း ရေနေသတ္တဝါများ၏ ထိန်းသိမ်းစောင့်ရှောက်သည့် အစီအစဉ်များကြောင့် ၎င်း၏ ဂုဏ်သတင်းကို မြင့်တက်စေခဲ့သည်။
ထို့ကြောင့် အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အရှေ့တောင်အာရှနှင့် ဂျပန်နိုင်ငံများသည် အိန္ဒိယပင်လယ်စာများ အတွက် အဓိကတင်ပို့ရသည့် ဈေးကွက်များ ဖြစ်လာခဲ့ပြီး နိုင်ငံတကာဈေးကွက်များတွင် အောင်မြင်မှုရရှိခဲ့သည်။
Source: ဗီယက်နမ် တိုင်းမ်စ်
- By CNI
- Category: စီးပွားရေး
- Hits: 971
CNI International News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉
ထိုင်းစီးပွားရေး မူဝါဒများသည် ပြင်လွယ်ပြောင်းလွယ် ဖြစ်ရမည့်အပြင် အပြောင်းအလဲများနှင့် လိုက်လျောညီထွေ ရှိရမည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီ ဘာဟင်ဒရာ နျူကာရာ (Parnpree Bhahindra-nukara) က ပြောကြားခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
အဆိုပါ စကားကို ဇူလိုင် ၄ ရက်က ၂၇ ကြိမ်မြောက် အမျိုးသား သတင်းကောင်စီ နှစ်ပတ်လည်တွင် "ထိုင်းစီးပွား ရေး၏ ဦးတည်ချက်" ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ၌ ပန်ပရီက ထည့်ပြောသွားခြင်း ဖြစ်သည်။
ထို့နောက် ထိုင်းအစိုးရအနေဖြင့် စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်များ၊ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ အပါအဝင် စိန်ခေါ်မှုများနှင့်ကိုက်ညီသည့် ဦးတည်ချက်များကို ချိန်ညှိဆောင်ရွက်ရန် မူဝါဒများနှင့် အစီအစဉ် များကို ချမှတ်သင့်ကြောင်း ၎င်းက ပြောသည်။

ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီ ဘာဟင်ဒရာ နျူကာရာကို တွေ့ရစဉ်
၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေး ပျက်ကပ်နှင့် ၂၀၂၀ ပြည့်နှစ် COVID-19 ကပ်ရောဂါတို့၏ သက်ရောက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် ကျိုးပျက်လွယ်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ပန်ပရီက ပြောသည်။
၂၀၂၀ ပြည့်နှစ်အပြီးတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် အပြည့်အဝ ပြန်လည် နာလန်မထူနိုင်ခဲ့ဘဲ လက်ရှိဖြစ်ပွားနေသည့် ယူကရိန်း-ရုရှား စစ်ပွဲနှင့် အစ္စရေး-ပါလက်စတိုင်း စစ်ပွဲတို့ကြောင့် အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ပန်ပရီက ပြောသည်။
ထို့ပြင် နည်းပညာဆိုင်ရာ အနှောင့်အယှက်များ၊ ကမ္ဘာကြီးပူနွေးလာမှု၊ ပထဝီနိုင်ငံရေး တင်းမာမှုများသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အပေါ် သက်ရောက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းများသည် ၎င်းတို့၏ မဟာဗျူဟာများကို ထိန်းညှိဆောင်ရွက်ရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုင်းအမျိုးသမီးကိုတွေ့ရစဉ်
ထိုင်းနိုင်ငံ၏ ဂျီဒီပီ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ပို့ကုန်ကဏ္ဍအား မှီခိုအားထားနေရပြီး ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) မှလည်း ဝင်ငွေများ ရရှိခဲ့သည်။
မည်သို့ပင်ဆိုစေ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အပြောင်းအလဲများသည် ထိုင်းစီးပွားရေးအတွက် အဓိက မောင်းနှင် အားများဖြစ်သည့် ပို့ကုန်ကဏ္ဍနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် စိန်ခေါ်မှုများ ဖြစ်လာစေခဲ့ကာ ကုန်ထုတ် လုပ်ရေး စက်ရုံများသည် ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာသွားကြသည်ဟု ပန်ပရီက ပြောသည်။
ထိုင်း၏ ပြည်တွင်းစီးပွားရေးသည် မြင့်တက်လာသည့် ပြည်သူ့ကြွေးမြီနှင့် ရင်ဆိုင်နေရပြီး လက်ရှိတွင် ၆၀ ဒသမ ၀၅ ရာခိုင်နှုန်းရှိခဲ့ကာ အစိုးရ၏ အသုံးစရိတ်များကို အကန့်အသတ် ဖြစ်စေခဲ့သည်။
ထိုအချိန်အတောအတွင်း အိမ်ထောင်စုကြွေးမြီသည် ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် ဂျီဒီပီ၏ ၉၁ ဒသမ ၄ ရာခိုင်နှုန်း အထိ မြင့်တက်လာဖွယ်ရှိသဖြင့် ပြည်တွင်း ဝယ်လိုအားများအပေါ် သက်ရောက်မှု ရှိလာနိုင်သည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: စီးပွားရေး
- Hits: 3873
CNI International News
နယူးဒေလီ ၊ ဇူလိုင် ၆
အိန္ဒိယနိုင်ငံတွင် ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလားပင်လယ်အော် အစီအစဉ် ( BIMSTEC) အစည်းအဝေးကို ဇူလိုင် ၁၁ ရက်၌ ကျင်းပသွားမည်ဟု Wion သတင်းတွင် ဖော်ပြထားသည်။
ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလားပင်လယ်အော်အစီအစဉ် ( BIMSTEC) အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ အစရှိသည့် အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံ ပါရှိသည်။
ထိုအဖွဲ့တွင် အခြေခံအားဖြင့် ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသော နိုင်ငံများက အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်ကြပြီး ဒေသတွင်းရှိ ကဏ္ဍအများအပြား၌ အတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း စက်တင်ဘာ၌ ပြုလုပ်မည့် ထိပ်သီးအစည်းအဝေး မတိုင်မီ နယူးဒေလီမှာ BIMSTEC အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲကို ပြုလုပ်ခြင်းဖြစ်သည်။
ထိုင်းတွင် ပြုလုပ်မည့် အစည်းအဝေးကို အိန္ဒိယဝန်ကြီးချုပ် မိုဒီ(Narendra Modi) တက်ရောက်ဖွယ်ရှိသည်။

BIMSTEC အဖွဲ့၀င် နိုင်ငံများရဲ့ အလံများကိုတွေ့ရစဉ်
BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုဖွင့်ပွဲကို လွန်ခဲ့သည့်နှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ပြုလုပ်ခဲ့သည်။
BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုကို အိန္ဒိယတွင် လက်ခံပြုလုပ်ခြင်းသည် အိန္ဒိယအစိုးရက အိမ်နီးချင်းဦးစားပေး မူဝါဒအပေါ် ဆက်လက်အာရုံစိုက်နေကြောင်း ဖော်ပြခြင်းဖြစ်သည်။
လွန်ခဲ့သည့်လက နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မော်ဒိုက်၊ မော်ရေးရှက်စ်နှင့် ဆေးရှဲနိုင်ငံတို့မှ ခေါင်းဆောင် များသည် ဝန်ကြီးချုပ်မိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်း အနားကို တက်ရောက်ခဲ့ကြသည်။
အဆိုပါအဖွဲ့ကို ၁၉၉၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် လက်ရှိအဖွဲ့ပုံစံအဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အစောပိုင်းက BIMSTEC ပဋိညာဉ်စာတမ်းသည် အုပ်စုဖွဲ့ခြင်းကို ဥပဒေကြောင်းအရ ကျောထောက်နောက်ခံအဖြစ် အသက်ဝင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများက ကြိုဆိုခဲ့ကြသည်။
Source: Wion
- By CNI
- Category: စီးပွားရေး
- Hits: 1013
CNI International News
တိုကျို၊ ဇူလိုင် ၅
ဂျပန်၏ လူဦးရေ လျော့ကျနေချိန်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးအတွက်သာ အစိုးရက လုပ်ဆောင်နေမည်ဆိုပါက ၂၀၄၀ ပြည့်နှစ်မှာ ပြည်ပလုပ်သား ၁ သန်းခန့် ပြတ်လပ်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဂျပန်အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့က ခန့်မှန်းခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
လက်ရှိနှုန်းထားအရ ၂၀၄၀ ပြည့်နှစ်တွင် ဂျပန်၌ ပြည်ပလုပ်သား ၅ ဒသမ ၉၁ သန်းခန့် အလုပ်လုပ်ကိုင်လိမ့်မည် ဖြစ်သည်။
ထိုပမာဏသည် နှစ်စဉ် ဖွံ့ဖြိုးတိုးတက်မှု ၁ ဒသမ ၂၄ ရာခိုင်နှုန်းရှိစေရန် ပစ်မှတ်ထားခဲ့သည့် သတ်မှတ်ချက်ကို ပြည့်မီစေရန် နောက်ထပ် လုပ်သားအင်အား ၁ သန်းနီးပါ လိုအပ်မည်ဖြစ်သည်ဟု ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ သုတေသနအဖွဲ့ခွဲက ပြောကြားခဲ့သည်။
ပြည်ပလုပ်သား စျေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟချက်သည် ၂၀၁၂ ခုနှစ်က JICA က ခန့်မှန်းခဲ့ သည့် ပမာဏထက် နှစ်ဆကျော် မြင့်တက်ခဲ့သည်။
ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ဂျပန်သို့ လာရောက်သည့် ပြည်ပလုပ်သား အရေအတွက်သည် ခန့်မှန်းထားသည့်နှုန်းထက် နှေးကွေးခဲ့သည်ဟုလည်း ထောက်ပြထားသည်။
ဂျပန်တွင် အသက်အရွယ် ကြီးရင့်သူ အရေအတွက် ပိုမိုများပြားလာပြီး ကလေးမွေးဖွားနှုန်း ကျဆင်းနေမှုတို့ ကြောင့် ပြည်တွင်း လုပ်သားအင်အား ပြတ်လပ်မှုကို ဖြည့်တင်းနိုင်ရန် ပြည်ပလုပ်သားများသည် ဂျပန်၏ စီးပွားရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

ဂျပန်မှာ အလုပ်လုပ်နေသူ ၂ ဦးကိုတွေ့ရစဉ်
ပြီးခဲ့သည့် ၁၅ နှစ်အတွင်း ဂျပန်တွင် ပြည်ပလုပ်သား အရေအတွက်သည် ၂ ဒသမ ၀၅ သန်းအထိ ရှိခဲ့သည်။ ထိုပမာဏသည် ဂျပန်၏ လုပ်သားအင်အား စုစုပေါင်း၏ ၃ ရာခိုင်နှုန်းဖြစ်သည်။
ဂျပန်အစိုးရသည် ကာယလုပ်သားကဏ္ဍနှင့် ကျွမ်းကျင်လုပ်သားများအတွက် ဗီဇာပါမစ်များ တိုးမြှင့်ပေးခဲ့ပြီး ရွှေ့ပြောင်းလုပ်သားများကို လက်ခံမှုနှင့်ပတ်သက်ပြီး ပြည်သူ့သဘောထားများကို လိုက်လျောပေးခဲ့သည်။
သို့သော် ဂျပန်နိုင်ငံသုံး ယန်းငွေတန်ဖိုး အားနည်နေမှု၊ လုပ်ခလစာ နည်းပါးမှုနှင့် လူ့အခွင့်အရေး ပြဿနာများ အပါအဝင် ဂျပန်သည် အခက်အခဲများနှင့် ရုန်းကန်ခဲ့ရသည်။
ထို့အပြင် ဂျပန်သည် ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်လုပ်သားများကို အခြားနိုင်ငံများနှင့် အပြိုင်ခေါ်ယူနိုင်ရန်အတွက် အစိုးရသည် ထိရောက်ကောင်းမွန်သည့် အစီအစဉ်များကို ပိုမိုလုပ်ဆောင်ရမည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 1919
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၅
တရုတ်၏ ရည်မှန်းချက်ကြီးမားသည့် ပတ်လမ်းရပ်ဝန်း စီမံကိန်း (BRI)သည် အာဖရိကတွင် မတိုးသာမဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု Mount Kenya Times မှ ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ်က ဘော်စတွန် တက္ကသိုလ် (Boston University) ၏ လေ့လာချက်တစ်ရပ်တွင် တရုတ်ထံမှ အာဖရိက နိုင်ငံများ ရယူနေသည့် ချေးငွေများသည် နှစ်ပေါင်း ၂၀ အတွင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းသွားကြောင်း တွေ့ရှိခဲ့ရသည်။
အာဖရိက ဆာဟာရတိုက်ငယ်ဆိုင်ရာ BRI ရင်းနှီးမြှုပ်နှံမှုများသည်လည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ၅၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံမှ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၇ ဒသမ ၅ ဘီလျံသို့ ကျဆင်းသွားခဲ့သည်။
ထိုဒေသတွင် တရုတ်နှင့် ဆက်နွှယ်သည့် ဆောက်လုပ်ရေး လှုပ်ရှားမှုများ၌ ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၂၁ ခုနှစ်က ဒေါ်လာ ၈ ဒသမ ၁ ဘီလျံရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်က ဒေါ်လာ ၄ ဒသမ ၅ ဘီလျံသို့ ကျဆင်းသွားခဲ့သည်။
Observer Research Foundation ၏ လေ့လာချက်တွင် အာဖရိက၌ BRI ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၆ ခုနှစ်က အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။
ထိုနောက်ပိုင်းတွင် အာဖရိက၌ တရုတ်၏ ချေးငွေပမာဏ တဖြည်းဖြည်း လျော့ကျလာခဲ့သည်ဟု ဖော်ပြခဲ့သည်။

တရုတ်ရဲ့ BRI စီမံကိန်းကို ပြသထားစဉ်
COVID -19 ကပ်ရောဂါ မဖြစ်မီ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် ကြားကာလနှင့် ကပ်ရောဂါဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် မှ ၂၀၂၂ ခုနှစ်ကြား အာဖရိကနိုင်ငံများအကြား တရုတ်ထံမှ ရယူသော ချေးငွေပမာဏသည် ၃၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
ထိုကဲ့သို့ ချေးငွေပမာဏ ကျဆင်းမှုကို ကပ်ရောဂါအလွန် ခုနှစ်များတွင်လည်း နာလန်ပြန်ထူလာနိုင်ခဲ့ခြင်းမရှိပေ။
လေ့လာချက်များအရ အာဖရိကတွင် တရုတ်၏ ချေးငွေများ လျော့ကျသွားစေခဲ့သည့် အကြောင်းရင်း ၂ ချက်ရှိ သည်။
ပထမတစ်ချက်မှာ တရုတ်သည် ပြည်တွင်းစီးပွားရေး ပြဿနာများနှင့် ရင်ဆိုင် နေရခြင်းကြောင့်ဖြစ်ပြီး ဒုတိယ အချက်မှာ အာဖရိကနိုင်ငံများက တရုတ်ထံမှ ချေးငွေများရယူရန် တွန့်ဆုတ် လာကြခြင်းတို့ကြောင့် ဖြစ်သည်။
ထို့ပြင် အာဖရိကတိုက်တွင် အမေရိကန်နှင့် အိန္ဒိယကဲ့သို့ စီးပွားရေး အင်အားကြီးနိုင်ငံများ ဝင်ရောက်လှုပ်ရှား လာခြင်းကလည်း တရုတ်၏ BRI စီမံကိန်းကို ထိခိုက်စေခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Mount Kenya Times
