CNI International News

မွမ်ဘိုင်း၊ ဇူလိုင် ၁၅

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) သည် ဇူလိုင် ၁၃ ရက်က မွမ်ဘိုင်း (Mumbai) မြို့သို့ ရောက်ရှိလာခဲ့ပြီး ကုဋေ ၂၉,၄၀၀ တန်ဖိုးရှိ ပရောဂျက်များကို အုတ်မြစ်ချ အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း News 18 သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

“ဒီနေ့ မွမ်ဘိုင်းမှာ အခုလို ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်တွေ စတင်လုပ်ဆောင်တာဟာ စီးပွားရေးချိတ်ဆက် ဆောင်ရွက်မှုတွေကို မြင့်တက်စေနိုင်ပြီး မွမ်ဘိုင်းရဲ့ အခြေခံ အဆောက်အအုံတွေကို သိသာစွာ အဆင့်မြင့်တက် စေကာ ပြည်သူတွေအတွက် ကြီးမားစွာ အကျိုးရှိစေပါလိမ့်မယ်” ဟု မိုဒီက X လူမှုမီဒီယာတွင် ရေးသားဖော်ပြ ခဲ့သည်။

မိုဒီသည် မွမ်ဘိုင်းတွင် အရေးကြီးသည့် ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းများကို ဖွင့်ပွဲ အခန်းအနားများ ကျင်းပသွားမည်ဖြစ်ကြောင်း မွမ်ဘိုင်းမြို့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မိုဒီ၏ ခရီးစဉ်သည် အိန္ဒိယလွှတ်တော် ရွေးကောက်ပွဲတွင် ၎င်း၏ အမျိုးသား ဒီမိုကရေစီ မဟာမိတ် (NDA) အဖွဲ့ အနိုင်ရရှိခဲ့ပြီး ဇွန်လ ၉ ရက်က ဝန်ကြီးချုပ်အဖြစ် တတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိမ်ဆိုခဲ့ပြီးနောက်ပိုင်း ပထမဆုံး မွမ်ဘိုင်းခရီးစဉ် ဖြစ်လာခဲ့သည်။

မွမ်ဘိုင်းမြို့ကိုတွေ့ရစဉ်

ထို့ပြင် မိုဒီသည် မွမ်ဘိုင်းမြို့ရှိ NESCO Exhibition စင်တာကို သွားရောက်ပြီး ရူပီး ကုဋေ ၂၉၄၀၀ တန်ဖိုးရှိ လမ်းများ၊ တံတားများနှင့် ဆိပ်ကမ်းများနှင့် ဆက်နွှယ်သည့် စီမံကိန်းများအတွက် အုတ်မြစ်ချ အခမ်းအနားများ ပြုလုပ်မည်ဖြစ်သည်။

ထို့ပြင် မိုဒီသည် ကုဋေ ၆၃၀၀ ကျော် တန်ကြေးရှိ ဂိုရီဂွန် မူလန်း ချိတ်ဆက်လမ်းမ (GMLR) စီမံကိန်းတွင် မြေအောက်လိုဏ်ခေါင်းဖောက်လုပ်ရေး စီမံကိန်းအတွက်လည်း အုပ်မြစ်ချ အခမ်းအနား ပြုလုပ်မည်ဖြစ်သည်။

ထိုစီမံကိန်းအရ လက်ရှိ ခရီးသွားလာမှုတွင် ကြာမြင့်သည့် အချိန် ၇၅ မိနစ်ကို ၂၅ မိနစ်အထိ လျှော့ချပေးလိမ့်မည် ဖြစ်ကြောင်း၊ ထိုစီမံကိန်းနှင့် မွမ်ဘိုင်း၏ ဘရီဟန်မွမ်ဘိုင်း စည်ပင်သာယာ ကော်ပိုရေးရှင်း (BMC) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မိုဒီသည် ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက်ပိုင်း ပြည်တွင်း/ပြည်ပ၌ ၎င်း၏ ပုံရိပ်ကို ပိုမိုခိုင်မာအောင်  လုပ်ဆောင်လျက်ရှိပြီး မကြာသေးမီ လများအတွင်း နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအများအပြားကို ကြေညာခဲ့သည်။

Source: News 18