- By CNI
- Category: စီးပွားရေး
- Hits: 1998
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၃၀
ဂျပန်ကားကုမ္ပဏီ ၆ ခုက လာမည့်နှစ်အတွင်း မော်တော်ယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏ ကားထုတ်လုပ်ရေး စက်ရုံများကို ဆက်လက် လည်ပတ်သွားမည်ဖြစ်ကြောင်း ထိုင်း စက်မှုဝန်ကြီးဌာနကို ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုပမာဏ ဘတ် ၁၂၀ ဘီလျံနှင့်အတူ ဂျပန်ကားကုမ္ပဏီများနှင့် ဆွေးနွေးမှုများသည် တိုးတက်မှုရှိခဲ့ ကြောင်း ထိုင်းစက်မှုဝန်ကြီး အကာနတ် ပရွန်ဖန် (Akanat Promphan) က နိုဝင်ဘာ ၂၉ ရက်တွင် အတည်ပြုခဲ့ သည်။
အကာနတ်က သူသည် သမားရိုးကျကားများနှင့် လျှပ်စစ်ကားများအတွက် ထုတ်လုပ်မှုများကို ထောက်ပံ့ပေးရန် အတွက် အခွန်လျှော့ချမှု အစီအစဉ်များနှင့် အခြားအကျိုးရှိစေမည့် အစီအစဉ်များကို ကမ်းလှမ်းသွားမည်ဟု ကတိပြုခဲ့သည်။

ဂျပန်ကားကုမ္ပဏီ တာဝန်ရှိသူများနဲ့ ထိုင်းအစိုးရအဖွဲ့ကိုတွေ့ရစဉ်
ထို့ပြင် စက်မှုဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်လုပ်သား ၄၄၅,၀၀၀ ခန့်၏ စားဝတ်နေရေးကို ကာကွယ်ရန်နှင့် ထောက်ပံ့သူများအတွက် ပြည်တွင်း အရင်းအမြစ်များ အသုံးပြုမှုကို မြှင့်တင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
လာမည့်နှစ်အတွက် စျေးကွက် နာလန်ထူမှုတွင် ယုံကြည်ချက်ရှိကြောင်း ဖော်ပြသည့် အနေဖြင့် အကာနတ်က "စက်မှုဝန်ကြီးဌာနဟာ လက်ရှိ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကြားထဲက ထိုင်းမော်တော်ယာဉ်ကဏ္ဍမှာ ယုံကြည် မှုကို ပြန်လည်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဂျပန်ကားကုမ္ပဏီတွေရဲ့ စက်ရုံတွေကို နေရာ ပြန်လည်ချထားရေးတွေလည်း ပါဝင်ပါတယ်" ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ယခုနှစ်ပထမ ၁၀ လတာ ကာလအတွင်း ကားအစီးရေ ၁ ဒသမ ၂၄ သန်းကို ထုတ်လုပ်ခဲ့ပြီး ထိုပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူက ထုတ်လုပ်ခဲ့သည့် ကားအစီးရေ ပမာဏနှင့် နှိုင်းယှဉ်ပါက ၁၉ ဒသမ ၂၅ ရာခိုင်နှုန်း လျော့ကျခဲ့
ကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 2448
CNI International News
မက္ကဆီကို စီးတီး၊ နိုဝင်ဘာ ၂၉
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အနေဖြင့် မက္ကဆီကို နယ်စပ်မှ တင်သွင်းသည့် ကုန်စည်များကို အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဆိုပါက အမေရိကန်၏ အလုပ်အကိုင် ၄ သိန်းခန့် ဆုံးရှုံးနိုင်သည်ဟု မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်း (Claudia Sheinbaum) က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန် စားသုံးသူများအတွက် ကုန်စျေးနှုန်းများ မြင့်တက်လိမ့်မည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။
"အမေရိကန်က အခွန်တွေ တိုးကောက်မယ်ဆိုရင် မက္ကဆီကိုကလည်း အခွန်တိုးကောက်မှာပါ" ဟု ရှိန်းဘမ်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မက္ကဆီကိုသမ္မတ ကလော်ဒီယာရှိန်းဘမ်းကို တွေ့ရစဉ်
ရှိန်းဘမ်း၏ မှတ်ချက်စကားများအရ မက္ကဆီကိုသည် ၎င်း၏ ထိပ်သီးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် ကုန်သွယ်ရေးတွင် အပြန်အလှန်တုန့်ပြန်ရန် ပြင်ဆင်ထားသည့် အရိပ်လက္ခဏာများကို တွေ့ရသည်။
မက္ကဆီကို စီးပွားရေးဝန်ကြီး မာဆယ်လို အက်ဘရက် (Marcelo Ebrard) ကလည်း သွင်းကုန်များအပေါ် အခွန် များ အပြန်အလှန် တိုးမြှင့်ကောက်ခံပြီး ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခြင်းထက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
"ဒါက ကိုယ့်ကိုယ်ကို ထိခိုက်နစ်နာစေတဲ့ လုပ်ဆောင်မှုဖြစ်ပါတယ်" ဟု အက်ဘရက်က ထရမ့်၏ အခွန် တိုးကောက်မည့် အစီအစဉ်ကို ရည်ညွှန်းပြောကြားခဲ့သည်။

မက္ကဆီကို စီးပွားရေးဝန်ကြီး မာဆယ်လို အက်ဘရက်ကို တွေ့ရစဉ်
ထရမ့်၏ အစီအစဉ်သည် မက္ကဆီကို၊ ကနေဒါနှင့် အမေရိကန်အကြား ချုပ်ဆိုထားသည့် USMCA ကုန်သွယ်ရေး စာချုပ်ကို ချိုးဖောက်ရာ ရောက်နိုင်သည်ဟုလည်း ၎င်းက ပြောသည်။
အခွန်များ တိုးမြှင့်ကောက်ခံမည်ဆိုပါက အမေရိကန်တွင် အလုပ်အကိုင်များစွာ ဆုံးရှုံးနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျမည်ဖြစ်ကြောင်း၊ မက္ကဆီကိုတွင်ရှိသည့် အမေရိကန်ကုမ္ပဏီများသည် အခွန်ကို ၂ ဆပေးဆောင်ရမည် ဖြစ်သဖြင့် လုပ်ငန်းများကို ထိခိုက်စေလိမ့်မည်ဟု အက်ဘရက်က သတိပေးခဲ့သည်။
ထရမ့် အဆိုပြုထားသည့် အခွန်တိုးကောက်မည့် အစီအစဉ်သည် မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍကိုလည်း ထိခိုက်လိမ့်မည်ဖြစ်ပြီး Ford၊ General Motors နှင့် Stellantis ကုမ္ပဏီများ အပါအဝင် မော်တော်ယာဉ်များကို နယ်စပ်ဖြတ်ကျော်တင်ပို့သည့် ကုမ္ပဏီများလည်း ပါဝင်ကြောင်း ၎င်းက ပြောသည်။
အမေရိကန်တွင် ရောင်းချနေသည့် ပစ်ကပ် ထရပ်ကား စုစုပေါင်း၏ ၈၈ ရာခိုင်နှုန်းကို မက္ကဆီကိုတွင် ထုတ်လုပ် ခြင်းဖြစ်ပြီး ထိုကားများ၏ စျေးနှုန်းများလည်း မြင့်တက်လာလိမ့်မည်ဟု အက်ဘရက်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: စီးပွားရေး
- Hits: 2563
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၂၉
ထိုင်းနိုင်ငံ၏ လေကြောင်းလိုင်း ၆ လိုင်းက နှစ်သစ်ကူး လျှော့စျေးအဖြစ် ပြည်တွင်း လေကြောင်းခရီးစဉ်များ အတွက် လေယာဉ်လက်မှတ်ခများကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၂၆ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ လျှော့စျေးပေးမည့် ခရီးစဉ်များသည် ဘန်ကောက်မှ ချင်းမိုင်(Chiang Mai) ၊ ချင်းရိုင် (Chiang Rai)၊ ဟတ်ယိုင် (Hat Yai)၊ ခွန်ခန် (Khon Kaen)၊ ခရာဘီ (Krabi)၊ ဖူးခက် (Phuket)၊ ဆမူအီ (Samui)၊ အူဘွန် ရတ်ချာသာနီ (Ubon Ratchathani) နှင့် အူဒွန်သာနီ (Udon Thani) ခရီးစဉ်များ ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး သူရိယ ဂျန်ရန်ရီယန်ကစ် (Suriya Jungrungreangkit) က ပြောကြား ခဲ့သည်။

Bangkok Airways လေကြောင်းလိုင်းကို တွေ့ရစဉ်
လျှော့စျေးပေးမည့် လေကြောင်းလိုင်းများမှာ Bangkok Airways၊ Nok Air၊ Thai AirAsia၊ Thai Airways International၊ Thai Lion Air နှင့် Thai Vietjet Air လေကြောင်းလိုင်းများဖြစ်သည်။
၃၀ ရာခိုင်နှုန်း လျှော့စျေးပေးမှုသည် နှစ်သစ်ကူး ခရီးသွားကာလ အတွင်းဖြစ်ပြီး ခရီးသွားများအနေဖြင့် လက်မှတ် များကို ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အတွင်း ကြိုတင် ဘိုကင်တင်၍ ဝယ်ယူရမည်ဟု မစ္စတာ သူရိယက ပြောကြားခဲ့ သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 2053
CNI International News
ဘေကျင်း၊ နိုဝင်ဘာ ၂၇
တရုတ်သည် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းဖြစ်သည့် ပတ်လမ်းနှင့်ရပ်ဝန်းစီမံကိန်း (BRI)ကို ပြန်လည်အသက်သွင်း ရန်အပြင် စီးပွားရေးလုံခြုံမှုကို ရှေ့တိုးလုပ်ဆောင်နေကြောင်း Nikkei Asia မှဖော်ပြခဲ့သည်။
တရုတ်၏ ရည်မှန်းချက်ကြီးမားသည့် BRI စီမံကိန်းအပေါ် ကမ္ဘာလုံးဆိုင်ရာ အချေအတင် ငြင်းခုံမှုများ ထွက်ခဲ့ သလို BRI အောင်မြင်မှု အလားအလာပေါ် သဘောထားများ ကွဲလွဲခဲ့ကြသည်။
BRI သည် အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် သိသာထင်ရှားစွာ အကျိုးရှိစေသကဲ့သို့ တစ်ဖက်တွင်လည်း ဘဏ္ဍာရေးနှင့် နိုင်ငံရေးအန္တရာယ်များရှိနေကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
အထူးစိုးရိမ်ရသည့် အကြောင်းအရာမှာ ကြွေးမြီထောင်ချောက်ထဲ ရောက်ရှိသွားမည့် အန္တရာယ်ဖြစ်ပြီး BRI သည် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ကြွေးမြီဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မည်ဟု ဝေဖန်ရေးသမားများက ပြောသည်။

တရုတ်ရဲ့ BRI စီမံကိန်းကို တွေ့ရစဉ်
ဥပမာအားဖြင့် သီရိလင်္ကာသည် တရုတ်အား ချေးငွေများ ပြန်လည် မပေးဆပ်နိုင်သဖြင့် သီရိလင်္ကာ၏ ဟမ်ဘန်တို တာ ဆိပ်ကမ်း (Hambantota Port) အား တရုတ်ကုမ္ပဏီတစ်ခုကို ၉၉ နှစ်ကြာ ငှားရမ်းလုပ်ကိုင်ခွင့် ပေးခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင် တရုတ်၏ ဘဏ္ဍာရေး ရုန်းကန်မှု အခြေအနေဖြစ်ပြီး တရုတ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း၊ အိမ်ခြံမြေ အကျပ်အတည်းနှင့် ပြည်တွင်း ကြွေးမြီပြဿနာတို့ကြောင့် BRI စီမံကိန်းများအပေါ် တရုတ်၏ ငွေကြေး ထောက်ပံ့နိုင်စွမ်းကို အကန့်အသတ်နှင့်သာ ရှိစေခဲ့သည်။
မကြာသေးမီက အီတလီသည် BRI မှ နုတ်ထွက်သွားမှုနှင့်အတူ BRI တွင် ပါဝင်မှုကြောင့် ရရှိသည့် စီးပွားရေး အကျိုးအမြတ်များအပေါ် မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။
အီတလီသည် ၂၀၁၉ ခုနှစ်က BRI တွင် ပါဝင်သည့် တစ်ဦးတည်းသော စက်မှုထိပ်သီးနိုင်ငံ ၂၀(G -20) အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပြန်လည် နုတ်ထွက်သွားခဲ့သည်။
ထို့ကြောင့် တရုတ်သည် BRI ၏ အလားအလာကို တည်ငြိမ်စေရန်အတွက် ပြည်တွင်းစီးပွားရေး လုံခြုံမှုကို အာရုံစိုက် ဆောင်ရွက်ကာ BRI ကို တည်မြဲစေရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 918
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၂၁
ထိုင်းနိုင်ငံပိုင် မီးရထားကုမ္ပဏီဖြစ်သည့် (SRT) သည် ဝင်ငွေမြင့်တက်စေရန်နှင့် ခရီးသွား အတွေ့အကြုံကို မြှင့်တင်ရန်အတွက် ရထားပေါ်တွင် အရက်ရောင်းချရန်နှင့် အရက်သောက်ခွင့်ပြုရန် အဆိုပြုချက်အား တင်သွင်းခဲ့ ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
လက်ရှိတွင် SRT ၏ အဆိုပြုချက်ကို အဖျော်ယမကာ ထိန်းချုပ်ရေးကော်မတီက စိစစ်သုံးသပ်နေသည်။
အစိုးရ၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အားထုတ်ကြိုးပမ်းမှုများနှင့်အတူ ရထားများပေါ်တွင် အရက်ရောင်းချခွင့် ပြုပါက နိုင်ငံ့မီးရထားလုပ်ငန်း၏ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးများကို လျှော့ချရာ၌ အထောက်အကူ ဖြစ်စေလိမ့်မည် ဟု SRT က တိုက်တွန်းခဲ့သည်။
ရထားများပေါ်တွင် အဖျော်ယမကာများ သုံးဆောင်ခွင့် ရှိမည်ဆိုပါက ခရီးသည်များကို ပိုမိုဆွဲဆောင်နိုင်မည် ဖြစ်ပြီး ဝင်ငွေများ ထပ်မံမြင့်တက်လိမ့်မည်ဖြစ်ကြောင်း SRT က ပြောသည်။
သို့သော်လည်း ပြည်သူ့ကျန်းမာရေး ထောက်ခံအားပေးသူများနှင့် လုံခြုံရေး ကျွမ်းကျင်သူများကမူ ထိုအဆိုပြုချက် ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

အဖျော်ယမကာကို တွေ့ရစဉ်
ရထားများပေါ်တွင် အရက်သောက်ခွင့် ပြုမည်ဆိုပါက အရက် အလွန်အကျွံမူးသည့် ပြဿနာ၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပြုမှုနှင့် မတော်တဆမှုများ ပိုမိုမြင့်တက်စေနိုင်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။
အဖျော်ယမကာ ထိန်းချုပ်ရေးကော်မတီကမူ ထိုအဆိုပြုချက်၏ အားနည်းချက်၊ အားသာချက်များကို သေသေ ချာချာ စဉ်းစားသုံးသပ်ပြီးမှသာ ဆုံးဖြတ်ချက် ချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဟိုတယ်များတွင်လည်း အရက်ရောင်းချမှုနှင့်ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက် အသစ်များကို အဖျော်ယမကာ ထိန်းချုပ်ရေးကော်မတီက အတည်ပြုခဲ့သည်။
လမ်းညွှန်ချက် အသစ်များအရ ဟိုတယ်များတွင် ၂၄ နာရီပတ်လုံး အရက်ရောင်းချခွင့် ရှိလာခဲ့သော်လည်း တည်းခို သူများအနေဖြင့် မိမိတို့ တည်းခိုနေထိုင်သည့် အခန်းများထဲတွင်သာ အရက်သောက်သုံးခွင့်ရှိကြောင်း သိရသည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 1506
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁၉
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ထိုင်း-အိန္ဒိယ စီးပွားရေးကောင်စီ၏ ဥက္ကဋ္ဌ ပရင်မ် ဂျစ်ချာရွန်ဖွန် (Prim Jitcharoongphorn) က ရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်းခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံ၏ စီးပွားရေး တန်ဖိုးသည် ဒေါ်လာ ၃ ဒသမ ၉ ထရီလျံရှိပြီး ၂၀၂၄ ခုနှစ်တွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်း မျှော်မှန်းထားကာ အလုပ်လုပ်ကိုင်နိုင်သည့် လူဦးရေ အများကြီးရှိနေခြင်းက အားသာချက်ဖြစ်သည်ဟု မစ္စစ်ပရင်မ်က ပြောကြားခဲ့သည်။
အိန္ဒိယသည် ကုန်စည်များကို ဝယ်လိုအား မြင့်မားသည့်နိုင်ငံဖြစ်သော်လည်း ကုန်စည်တင်ပို့မည့်သူများအနေဖြင့် အိန္ဒိယတွင် အကောင်းစားပစ္စည်းစျေးကွက်နှင့်အညံ့စားပစ္စည်းစျေးကွက် ၂ မျိုးစလုံးရှိသည်ကို နားလည်ထားရမည်ဟု ပရင်မ်က ပြောသည်။
အိန္ဒိယ၏ အကောင်းစားပစ္စည်း စျေးကွက်တွင် လူပေါင်း သန်း ၃၀၀ မှ ၄၀၀ အကြားရှိပြီး လက်ဝတ်ရတနာများ၊ စိန်ထည်များနှင့် နာမည်ကြီး ကုန်ပစ္စည်း အမှတ်တံဆိပ်များကဲ့သို့ တန်ဖိုးကြီး ထုတ်ကုန်များကို ဝယ်ယူလျက် ရှိသည်။

ထိုင်း-အိန္ဒိယ စီးပွားရေးကောင်စီဥက္ကဋ္ဌ ပရင်မ် ဂျစ်ချာရွန်ဖွန်ကို တွေ့ရစဉ်
အိန္ဒိယသည် ထိုင်း၏ ကုန်သွယ်ဖက် နိုင်ငံဖြစ်သလို စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုကဏ္ဍများတွင် စျေးကွက် ပြိုင်ဆိုင်သည့် နိုင်ငံလည်းဖြစ်သည်။
အိန္ဒိယအရှေ့မြောက်ပိုင်းဒေသကို ညီအစ်မ ၇ ဖော်ပြည်နယ်များ (Seven Sister States) ဟုလည်း ခေါ်ဆိုလေ့ရှိ သည်။ ထိုဒေသသည် အိန္ဒိယအစိုးရ၏ ဦးစားပေး လုပ်ငန်းစဉ်များရှိကာ မဟာဗျူဟာကျသည့် ဒေသဖြစ်သည်။
မည်သို့ပင်ဆိုစေ အိန္ဒိယတွင် မတူကွဲပြားသည့် ယဉ်ကျေးမှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများ သို့မဟုတ် ကုန်သွယ်မှု များကို သေသေချာချာ စဉ်းစားဆင်ခြင်ပြီးမှ လုပ်ဆောင်ရန် လိုအပ်သည်ဟု ပရင်မ်က ပြောသည်။
ရင်းနှီးမြှုပ်နှံမှုများကို ထောက်ခံရန် အိန္ဒိယအစိုးရ၏ မူဝါဒများကြောင့် ထိုင်း၏ CPF၊ Summit Auto Parts၊ Italthai၊ SCG၊ နှင့် Srithai Superware ကုမ္ပဏီများသည် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ထိုင်းကုန်သွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများကလည်း ထိုင်းအနေဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးအတွက် သီးသန့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 2173
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁၉
အမေရိကန်၊ တရုတ်၊ အိန္ဒိယတို့ကြား ကုန်သွယ်ရေးမညီမျှမှုက ထိုင်းအတွက် အခွင့်အလမ်းဖြစ်နေသည်ဟု The Nation မှ ဖော်ပြခဲ့သည်။
အမေရိကန်တွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် လာမည့်နှစ် ဇန်နဝါရီလ၌ စတင် ရုံးထိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်တင်ဖွယ်ရှိသဖြင့် ထိုင်းသည် အိန္ဒိယနှင့်ကုန်သွယ်ရေး ကို တိုးမြှင့်ဖွယ်ရှိကြောင်း Intelligent Research Consultant ကုမ္ပဏီ၏ အကြံပေးပုဂ္ဂိုလ် အတ် ပီဆယ်ဗာနစ်ချ် (Att Pisalvanich) က ပြောကြားခဲ့သည်။
အန္ဒိယသည် ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်တွင် စိတ်ဝင်စားဖွယ်ကောင်းသည့် အခန်းကဏ္ဍတွင် ရှိနေသဖြင့် ကုန်သွယ်ရေးစစ်ပွဲများနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများ ဖြစ်ပွားချိန်၌ အိန္ဒိယ၏ ရပ်တည်ချက်သည် အရေးကြီး သည်ဟု ၎င်းကပြောသည်။

Intelligent Research Consultant ကုမ္ပဏီ၏ အကြံပေးပုဂ္ဂိုလ် အတ်ပီဆယ်ဗာနစ်ချ်ကို တွေ့ရစဉ်
၂၀၂၃ ခုနှစ်က လူဦးရေ ၁ ဒသမ ၄၂ ဘီလျံဖြင့် လူဦးရေ ၁ ဒသမ ၄၁ ဘီလျံရှိသည့် တရုတ်ကို ကျော်ဖြတ်ကာ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာခဲ့သော အိန္ဒိယသည် လူဦးရေ ပိုများလာသဖြင့် တရုတ်နှင့်နှိုင်းယှဉ်ပါက ပိုမိုကြီးမားသည့် စားသုံးသူဈေးကွက်တစ်ခု ဖြစ်လာခဲ့သည်။
အိန္ဒိယ၏ နိုင်ငံတကာကုန်သွယ်မှုသည် အဓိကဈေးကွက်များပါဝင်ပြီး အိန္ဒိယ-တရုတ် ကုန်သွယ်မှု တန်ဖိုးသည် ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၅၀ ဘီလျံသာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ဘီလျံ ၁၁၀ အထိ မြင့်တက်လာခဲ့သည် ဟု အတ်က ပြောသည်။
အိန္ဒိယမှ တရုတ်သို့ တင်ပို့သည့် ပို့ကုန်ကဏ္ဍသည်လည်း အနည်းငယ် မြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ်က ဒေါ်လာ ၁၆ ဘီလျံရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁၈ ဘီလျံရှိခဲ့သည်။
ထိုင်း-အိန္ဒိယ ကုန်သွယ်မှုတွင် ၂၀၂၃ ခုနှစ်က ထိုင်းမှ အိန္ဒိယသို့ ဒေါ်လာ ၁၁ ဒသမ ၁၄ ဘီလျံတန်ဖိုး တင်ပို့ခဲ့သည်။

ထိုင်းနဲ့အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
ထိုပမာဏသည် ထိုင်းပို့ကုန်ကဏ္ဍ စုစုပေါင်း၏ ၄ ရာခိုင်နှုန်းဖြစ်ကာ အိန္ဒိယမှ တင်သွင်းသည့် သွင်းကုန် တန်ဖိုးမှာ ဒေါ်လာ ၇ ဒသမ ၈၆ ဘီလျံရှိခဲ့သည်။
အဓိကပို့ကုန်များထဲတွင် ကျောက်မျက် ရတနာများ၊ ဓာတုပစ္စည်းများ၊ ကော်စေ့၊ စက်ယန္တရားနှင့် လေအေး ပေးစက်များ ပါဝင်ခဲ့သည်။
သို့သော် ထိုင်းအတွက် အိန္ဒိယ၏ ကျယ်ပြန့်သည့် ဈေးကွက်ကို တင်ပို့ရာတွင် စိန်ခေါ်မှု အချို့ရှိနေကြောင်း အတ်က ပြောသည်။
အထူးသဖြင့် အိန္ဒိယသည် လယ်သမားအင်အား များပြားသဖြင့် စိုက်ပျိုးရေး ထွက်ကုန်များ၊ ရေနံနှင့် ရာဘာတို့ တင်ပို့ရာတွင် ခက်ခဲခဲ့သည်။
အလားတူ အင်ဒိုနီးရှားနှင့် မလေးရှားတို့၏ ဈေးကွက် ပြိုင်ဆိုင်မှုများကြောင့် ဆီအုန်းတင်သွင်းရန် ရုန်းကန်နေရ ကာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကလည်း ပို့ကုန်ကဏ္ဍအတွက် အတားအဆီးတစ်ခု ဖြစ်နေသည်ဟု အတ်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 1381
CNI International News
နယူးဒေလီ၊ နိုဝင်ဘာ ၁၄
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar) သည် ရုရှား၏ ဒုတိယဝန်ကြီးချုပ် ဒန်းနစ် မန်တူရော့ဗ် (Denis Manturov) နှင့် နိုဝင်ဘာ ၁၂ ရက်က နယူးဒေလီ (New Delhi) မြို့တော်တွင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း India Express မှ ဖော်ပြခဲ့သည်။
၂၅ ကြိမ်မြောက် အစိုးရအချင်းချင်း ဆက်ဆံရေးကော်မရှင် အစည်းအဝေးတွင် ၎င်းတို့ ၂ ဦးသည် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အိန္ဒိယနှင့် ရုရှားအကြား ကုန်သွယ်မှုသည် ပြီးခဲ့သည့် ၅ နှစ်အတွင်း ၅ ဆ ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ကုန်သွယ်ရေးသည်လည်း ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
လက်ရှိတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၆၀ ဘီလျံရှိနေပြီး ၂၀၃၀ ပြည့်နှစ်တွင် ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၁၀၀ ဘီလျံအထိ ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

ရုရှားနဲ့အိန္ဒိယ ဆွေးနွေးပွဲကိုတွေ့ရစဉ်
ကုန်သွယ်ရေး ဟန်ချက်ညီမှုသည်လည်း ပိုမိုမြင့်တက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။
မန်တူရော့ဗ်ကလည်း ယူရေးရှား စီးပွားရေး သမဂ္ဂ (EAEU) နှင့် အိန္ဒိယအကြား လွတ်လပ်သည့် ကုန်သွယ်ရေး သဘောတူညီချက် (FTA) ကို အပြီးသတ်ချုပ်ဆိုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယနှင့် ရုရှား ဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရေးကိုလည်း ဆွေးနွေးခဲ့သည်။
လက်ရှိတွင် နှစ်နိုင်ငံစလုံး၌ အိန္ဒိယငွေကြေးနှင့် ရုရှားငွေကြေး ဖလှယ်မှုသည် ၉၀ ရာခိုင်နှုန်း ရှိသည်။
"သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ပူးပေါင်းကြိုးပမ်း အားထုတ်မှုတွေဟာလည်း တန်းတူညီမျှ အရေးအကြီးပါတယ်။ ကျနော်တို့ဟာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းတွေ ချဲ့ထွင်ပြေးဆွဲဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ကျနော် တို့ဟာ လေကြောင်းလိုင်းတွေ မကြာခဏ တိုးမြှင့်ပြေးဆွဲဖို့ ၊ လမ်းကြောင်း ကွန်ရက်တစ်ခု ဖော်ဆောင်ဖို့နဲ့ အိန္ဒိယ လေကြောင်းလိုင်း ခရီးစဉ်တွေ ပြန်စတင်ဖို့ မျှော်မှန်းထားပါတယ်"ဟု မန်တူရော့ဗ်က ပြောကြားခဲ့သည်။
Source: India Express
- By CNI
- Category: စီးပွားရေး
- Hits: 2778
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၈
အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ရွေးကောက်ခံခဲ့ရသည့် ဒေါ်နယ်ထရမ့် (Donald Trump) သည် အာရှစီးပွားရေး လုပ်ငန်းများအပေါ် အခွန်များ တိုးမြှင့်ကောက်ခံဖွယ်ရှိနေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထရမ့်သည် မဲဆွယ်စည်းရုံးရေးကာလက အမေရိကန်သို့ တင်သွင်းသည့် တရုတ်၏ သွင်းကုန်များအပေါ် အခွန် ၆၀ ရာခိုင်နှုန်းနှင့်အထက် ကောက်ခံမည်ဖြစ်ပြီး အခြားနိုင်ငံများအားလုံးမှ တင်သွင်းသည့် သွင်းကုန်များအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် အမေရိကန်၏ အခွန်တိုးမြှင့်မည့် အခြေအနေအတွက် တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ အပါအဝင် အာရှနိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မဲဆွယ်စည်းရုံးရေးကာလက ထရမ့်သည် သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံသည့် အခွန်ဟူသည့် စကားလုံး သည် အဘိဓာန်ထဲတွင် အလှပဆုံး စကားလုံးဖြစ်ပြီး ချစ်ခြင်းမေတ္တာနှင့် လေးစားမှုဆိုသည့် စကားလုံးများထက် သာလွန်ကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ အခွန်များ တိုးမြှင့်ကောက်ခံမှုကြောင်း တရုတ်ကုမ္ပဏီများသည် ဗီယက်နမ်နှင့် မက္ကဆီကိုကဲ့သို့ တတိယ နိုင်ငံများမှ ထောက်ပံ့ရေး ကွင်းဆက်များမှတစ်ဆင့် အမေရိကန်သို့ သွင်းကုန်တင်ပို့ရမည့် အခြေအနေသို့ ရောက်ရှိ စေခဲ့သည်။

တရုတ်အလံကို တွန်းထုတ်နေတဲ့ ထရမ့်ကို တွေ့ရစဉ်
ထို့ပြင် နိုင်ငံပေါင်းစုံ ပါဝင်သည့် စီးပွားရေး လုပ်ငန်းများသည် ပထဝီနိုင်ငံရေး အခြေအနေ တင်းမာမှုနှင့် ပတ်သက် ပြီး တရုတ်၏ ထောက်ပံ့ရေး ကွင်းဆက်အပေါ် မှီခိုမှုကို လျှော့ချဖွယ်ရှိနေသည်။
ထရမ့်၏ အခွန်တိုးမြှင့်မည့် ခြိမ်းခြောက်မှုကြောင့် စီးပွားရေး လုပ်ငန်းရှင်များအကြား စိုးရိမ်မှုများကို မြင့်တက်လာ စေခဲ့ပြီး ထိုစိုးရိမ်မှုများ ပိုမိုအရှိန်အဟုန် ကောင်းလာလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် အာရှနိုင်ငံ အများစုတွင် အလုပ်လက်မဲ့နှုန်း မြင့်တက်မှုကြောင့် ထရမ့်၏ အခွန်တိုးမြှင့် ကောက်ခံမှုသည် တရုတ်တစ်နိုင်ငံတည်းကိုသာမက ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်စေလိမ့်မည်ဟု Peterson Institute of International Economics မှ ကျွမ်းကျင်သူ ဂယ်ရီ ဟ်ဖ်ဘောင်ဝါ (Gary Hufbauer) က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း အမေရိကန်နှင့် ဂျပန် ကုန်သွယ်ရေး လိုငွေပြမှုသည် ဒေါ်လာ ၇၁ ဒသမ ၂ ဘီလျံရှိခဲ့ပြီး ထိုပမာဏသည် တရုတ်၊ ဥရောပသမဂ္ဂ၊ မက္ကဆီကို၊ ဗီယက်နမ်နှင့် ဂျာမနီတို့နောက်တွင် ဆဋ္ဌမအများဆုံး ကုန်သွယ်ရေး လိုငွေပြမှု ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 2059
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၈
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် တစ်ကျော့ပြန် အာဏာရလာမှုအပေါ် တရုတ်၏ ပို့ကုန်လုပ်ငန်းရှင်အများစုက စိုးရိမ်နေကြသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ယခင်ကတည်းက ရုန်းကန်နေရသည့် စီးပွားရေး အခက်အခဲအတွက် မရေရာမှုများ ပိုမိုဖြစ်စေမည်ကို တရုတ်ပို့ ကုန်လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။
Alexander Wang နှင့် Phillip Lim တို့ကဲ့သို့ နာမည်ကြီး အမေရိကန် အမှတ်တံဆိပ်များအတွက် လက်ကိုင်အိတ် များ တင်ပို့ပေးနေရသည့် Changshu Maydiang Leather Goods ကုမ္ပဏီ၏ မန်နေဂျာတစ်ဦးဖြစ်သူ ကက်သရင်း ယန် (Katherine Yan) က သူသည် ထရမ့် အနိုင်ရရှိမှုအပေါ် မအံ့သြကြောင်း ပြောကြားခဲ့သည်။
သို့သော် တရုတ်၏ ပို့ကုန်များအပေါ် အခွန်များတိုးမြှင့် ကောက်ခံမည်ဆိုသည့် ထရမ့်၏ အစီအစဉ်များကြောင့် ၎င်း၏ စီးပွားရေးလုပ်ငန်းအတွက် အခက်အခဲများ ဖြစ်လာလိမ့်မည်ဟု ခံစားရကြောင်း ပြောကြားခဲ့သည်။
"ကျမတို့က မတိုးသာ၊ မဆုတ်သာ အခြေအနေမှာ ပိတ်မိနေတာပါ။ အခွန်တိုးကောက်တဲ့အပေါ် လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး"ဟု ယန်က ပြောကြားခဲ့သည်။

Changshu Maydiang Leather Goods ကုမ္ပဏီကို တွေ့ရစဉ်
အမေရိကန်ဖောက်သည်များက အော်ဒါများ လျှော့ချ မှာယူနေသဖြင့် သူ့ကုမ္ပဏီ၏ ၂၀၂၄ ခုနှစ် ရောင်းအားသည် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ထရမ့် အစိုးရလက်ထက်တွင်လည်း နောက်ထပ် ရောင်းအားကျဆင်းမှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးများ လုပ်ကိုင်နေသည့် တရုတ်စီးပွားရေး လုပ်ငန်းအများစုသည် အမေရိကန် သမ္မတရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်ခဲ့ကြသည်။
ထိုတရုတ် စီးပွားရေးလုပ်ငန်းရှင်များက တရုတ်နိုင်ငံမှ တင်ပို့ရောင်းချသည့် ကုန်စည်များအပေါ် ထရမ့်က အခွန်များတိုးမြှင့် ကောက်ခံမည့်အရေးကို စိုးရိမ်နေကြသည်။
ထရမ့်ကမူ အမေရိကန်သို့ တင်သွင်းသည့် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် ၆၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံ မည်ဟု ပြောကြားထားသည်။
ထရမ့်၏ ပထမသက်တမ်းကလည်း ဒေါ်လာ ၃၅၀ ဘီလျံ တန်ကြေးရှိသည့် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သည်။
Source: Nikkei Asia
