CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၆
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) သည် အိမ်ထောင်စု ကြွေးမြီပြဿနာများ မြင့်တက် လာသည့် အခြေအနေနှင့်ရင်ဆိုင်နေရသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ဖခင်ဖြစ်သူ သက်ဆင်(Thaksin Shinawatra)၏ "Thaksinomics" ဟု လူသိများသည့် စီးပွားရေး မူဝါဒများ၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများကြောင့် ထိုကဲ့သို့ အခြေအနေများ ဖြစ်ပွားလာခြင်းဖြစ်သည်ဟု ကျွမ်းကျင် သူများက သုံးသပ်ထားကြသည်။
ပြည်တွင်း စားသုံးသူကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ခဲ့သည့် ထိုမူဝါဒများအရ ပြည်သူများအား ချေးငွေရယူခွင့်နှင့် ဘဏ္ဍာရေး အထောာက်အပံ့ စီမံကိန်းများ ရယူခွင့်ပေးခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ပြည်သူများ သည် ကြွေးမြီပြဿနာများနှင့် ရင်ဆိုင်လာရခြင်းဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၏ အိမ်ထောင်စု ကြွေးမြီပမာဏသည် နိုင်ငံ့ဂျီဒီပီ၏ ၉၀ ရာခိုင်နှုန်းနီးပါး ရောက်ရှိလာသဖြင့် ထိုပြဿနာကို ဖြေရှင်းရန် အစိုးရအတွက် ဖိအားများနှင့် ရင်ဆိုင်နေရသည်။
သက်ဆင်နဲ့ သမီးဖြစ်သူ ပေတုန်တန်ကို တွေ့ရစဉ်
ကျွမ်းကျင်သူများကမူ အိမ်ထောင်စု ကြွေးမြီပမာဏ မြင့်တက်မှုသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး တည်ငြိမ်မှုကို ခြိမ်းခြောက်နေကြောင်း သတိပေးထားသည်။
ကြွေးမြီ ဝန်ထုပ်ဝန်ပိုးသည် သန်းနှင့်ချီသည့် ထိုင်းမိသားစုများအပေါ် သက်ရောက်နေပြီး အိမ်ထောင်စုများ၏ ငွေကြေးသုံးစွဲမှုကို လျော့ကျစေရန်နှင့် ဘဏ်များနှင့်အစိုးရထံမှ ချေးယူထားသည် အကြွေးများကို အရစ်ကျ ပြန်ဆပ်ရန် ခက်ခဲလာစေခဲ့သည်။
ပေတုန်တန်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၂ လသာ ရှိသေးချိန်တွင် စီးပွားရေးကို ခြိမ်းခြောက်နေသည့် အိမ်ထောင်စု ကြွေးမြီပြဿနာသည် ၎င်းအတွက် ပထမဆုံး ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။
ထိုင်းပြည်သူများကိုတွေ့ရစဉ်
ထိုပြဿနာကို ဖြေရှင်းရန် ထိုင်းအစိုးရသည် ကြွေးမြီ အစီအစဉ်များကို ပြန်လည် စိစစ်ရေးဆွဲရန်၊ သက်သာ ချောင်ချိရေး စီမံကိန်းများကို ဖော်ဆောင်ရန် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် စဉ်းစားနေသည်ဟု ဆိုသည်။
မည်သို့ပင်ဆိုစေ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ရပ်တန့်ခြင်းမရှိဘဲ ကြွေးမြီကို လျှော့ချရန်အတွက် ဟန်ချက်ညီညီ လုပ်ဆောင်ရမည့် အခြေအနေသည် စိန်ခေါ်မှုတစ်ခုဖြစ်သည်။
အထူးသဖြင့် ပေတုန်တန် အစိုးရအဖွဲ့သည် ရေရှည်တည်တံ့ ခိုင်မြဲသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို ရှာဖွေနေချိန်မှာ ထိုစိန်ခေါ်မှုက ကြီးမားသည့် အဟန့်အတား တစ်ခုဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
Source: Nikkei Asia