CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၂
ထိုင်းအစိုးရက ရွှေ့ပြောင်းနေထိုင်သူများနှင့် တိုင်းရင်းသား လူနည်းစုများကို နိုင်ငံသားဖြစ်ခွင့်ပေးမည့် ၎င်း၏ ဆုံးဖြတ်ချက်အား ကာကွယ်ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုမူဝါဒသည် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ထိုင်းအစိုးရအဖွဲ့က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် နှစ်ရှည်နေထိုင်သူများ သို့မဟုတ် ထိုင်း၌ မွေးဖွားခဲ့သည့် ရွှေ့ပြောင်းများနှင့် တိုင်းရင်းသား လူနည်းစုများ စုစုပေါင်း ၄၈၃,၀၀၀ ကျော်ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်ပြုရန် မူဝါဒကို အစိုးရအဖွဲ့က အောက်တိုဘာ ၂၉ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ရွှေ့ပြောင်းများနှင့် တိုင်းရင်းသား လူနည်းစုများအား အလုပ်လုပ်ခွင့် တားမြစ်ထားသည့်စနစ်ကို ဖယ်ရှားပြီး စီးပွားရေးကို လှုံ့ဆော်ကာ နိုင်ငံသားဖြစ်မှုနှင့် နေထိုင်ခွင့်ဆိုင်ရာ ပြဿနာများက ဖြေရှင်းရန်အတွက် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) က ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ဝေဖန်ရေးသမားများကမူ ထိုမူဝါဒကို ဆန့်ကျင်ခဲ့ပြီး ထိုမူဝါဒကြောင့် ရွှေ့ပြောင်း နေထိုင်သူများ အား ထိန်းမနိုင်သိမ်းမရ ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့ကြသည်။
အထက်လွှတ်တော် အမတ်ဟောင်းဖြစ်သည့် ဒီရက်ကရစ် ဂျာနယ်ခရောင်ထန် (Direkrit Janekrongtham) ကမူ ရွှေ့ပြောင်းနေထိုင်သူ ၅၀၀,၀၀၀ နီးပါးသည် ထိုင်းလူမျိုးများကဲ့သို့ တူညီသည့် အခွင့်အရေးနှင့် အကျိုးအမြတ်များ ရရှိလိမ့်မည်ဖြစ်ကြောင်း Facebook တွင် ရေးသားခဲ့သည်။
ထိုင်းအစိုးရအဖွဲ့ကို တွေ့ရစဉ်
ထို့ကြောင့် ရွှေ့ပြောင်းများသည် ထိုင်းအစိုးရကို ကျေးဇူးတင်ပြီး ထိုမူဝါဒအား တွန်းအားပေး ဆောင်ရွက်ခဲ့သည့် ညွှန့်ပေါင်းပါတီများအပေါ် သစ္စာစောင့်သိကြလိမ့်မည်ဟု ဒီရက်ကရစ်က ရေးသားခဲ့သည်။
ယခုအခါတွင် ရွှေ့ပြောင်းများသည် ဒေသန္တရရွေးကောက်ပွဲနှင့် အထွေထွေရွေးကောက်ပွဲများ၌ မဲပေးခွင့်၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်၊ အစိုးရဝန်ထမ်းဖြစ်ခွင့်၊ နိုင်ငံရေးပါတီဝင်ခွင့်၊ နိုင်ငံရေးပါတီ ထူထောင်ခွင့် အစရှိသည့် အခွင့်အရေးများကို ရရှိလာလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ရွှေ့ပြောင်းများ အနေဖြင့် မြေနှင့် အဆောက်အအုံ ပိုင်ဆိုင်ခွင့်၊ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များဖြစ်ခွင့်နှင့် အလုပ်သမားသမဂ္ဂ ထူထောင်ခွင့်တို့လည်း ရရှိလိမ့်မည်ဟု ဆိုသည်။
ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တရိုင်ဆူလီ တိုင်ဆာရန်နာကူလ် (Traisulee Taisaranakul) က ထိုမူဝါဒသည် ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားမှုတွင် အချိန်တိုတိုနှင့် ပိုမိုထိရောက်မှုရှိစေကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခွင့် ရရှိသူ ၄၈၀,၀၀၀ ကျော်အနက် ၃၄၀,၀၀၀ သည် ထိုင်းနိုင်ငံသို့ ၁၉၉၉ ခုနှစ် မတိုင်မီ ဝင်ရောက် နေထိုင်ကြသူများဖြစ်ပြီး ကျန်ရှိသောသူများမှာ ထိုင်းနိုင်ငံတွင် မွေးဖွားကြသူများ ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်