CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁
ထိုင်းနိုင်ငံသားများတွင် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်များ အရေအတွက် နည်းလာ၍ ရွှေ့ပြောင်းများကို နိုင်ငံသားပေးရန် အစီအစဉ်အား ထိုင်းအစိုးရက စဉ်းစားလာခြင်းဖြစ်နိုင်သည်ဟု ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံတွင် နှစ်ပေါင်းအတော်ကြာ ရွှေ့ပြောင်းအခြေချ နေထိုင်နေကြသည့် နိုင်ငံခြားသား ၅ သိန်းနီးပါးအား နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံမည့် အစီအစဉ်သည် အင်မတန်ကောင်းမွန်ကြောင်း ၎င်းတို့က ပြောသည်။
အောက်တိုဘာလ ၂၉ ရက်က ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားထားပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည့် လုပ်ငန်းစဥ် အသေးစိတ်အား လာမည့်လပိုင်းအတွင်း ထုတ်ပြန်ကြေညာမှာဖြစ်ကြောင်း သိရသည်။
ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
ယခုပြုလုပ်ပေးမည့် အစီအစဉ်သည် ၁၀ နှစ်ခံကဒ် ထုတ်ပေးခြင်းမျိုး မဟုတ်ဘဲ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ် ပြုမည့် အစီအစဉ်ဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါပေမယ့် အခု အဲဒါမဖြစ်သေးပါဘူး။ သူတို့လျာထားတဲ့ဟာပေါ့။ အစိုးရအဖွဲ့ ဝန်ကြီး အစည်းအဝေးမှာ ပေါ့။ အဲဒီကိစ္စကို ဆွေးနွေးတာ။ သူတို့နိုင်ငံသား နိုင်ငံမှာပဲ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေ အဲဒီအရွယ်တွေက နည်းလာတဲ့အတွက်ကြောင့် သူတို့က ထိုင်းနိုင်ငံမှာ အနေကြာတဲ့ အထူးသဖြင့်ကတော့ အရင်တိုင်းရင်းသားတို့၊ အရင်တုန်းက ၁၀ နှစ်ခံ ဘတ်ဆိုတာမျိုးရှိတယ်။ နိုင်ငံမဲ့တွေကို ပေးထားတဲ့ အုပ်စုတွေကို နိုင်ငံသားအဖြစ်ပေးတဲ့ စနစ်ရှိတာကို။ အခုက အဲဒါတွေကို နိုင်ငံသားအဖြစ်ပေးတဲ့ဟာကို ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေ ပေါ့။ ဒါမှမဟုတ်လည်း ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်း အလုပ်သမားအဖြစ် ရောက်ပြီးတော့ သူသတ်မှတ်ထားတဲ့ ကာလရှိတယ်။ အဲဒီအတောအတွင်း နေတဲ့သူတွေအတွက်ကို ဒီလူတွေ၊ ဒီလူတွေက လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်မှာ ရှိတဲ့အတွက်ကြောင့် ဒီလူတွေကို ပေးဖို့အတွက် အဆိုပြုကြတာပေါ့။ သူတို့က ဒီမှာတော့ citizen လို့ ပြောထား တယ်။ citizen ဆိုတာကတော့ နိုင်ငံသားပေါ့နော်” ဟု ပြောသည်။
နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည့် သူများမှာ ၁၉၈၄ မှ ၁၉၉၉ ခုနှစ်အထိ ရွှေ့ပြောင်းနေထိုင်သူ ၁၂၀,၀၀၀ ခန့်၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ရွှေ့ပြောင်းနေထိုင်သူ ၂၁၅,၀၀၀ ခန့်၊ ထိုင်းနိုင်ငံမှာ မွေးဖွားကြီးပြင်းသည့် တိုင်းရင်းသားမျိုးနွယ်စု ကလေးငယ် ၂၉,၀၀၀ ခန့်၊ နေထိုင်ခွင့် အထောက်အထားမရှိဘဲ ထိုင်းနိုင်ငံမှာ မွေးဖွားလာ သော ကလေးငယ် ၁၁၃,၀၀၀ ခန့်၊ စုစုပေါင်း ၄၈၀,၀၀၀ ကျော်အား အစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
ယခုကဲ့သို့ ရွှေ့ပြောင်း ၅၀၀,၀၀၀(ငါးသိန်း)နီးပါးအား နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးလိုက်ခြင်းသည် ထိုင်းနှင့် မြန်မာ နိုင်ငံသားများအကြား ဈေးရောင်းချခြင်း ပြဿနာကို တစ်စိတ်တစ်ဒေသ ဖြေရှင်းပြီးသား ဖြစ်စေကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူ့ရဲ့ နိုင်ငံခြားသား စီမံခန့်ခွဲမှု ဥပဒေမှာကတော့ သူ့ဥပဒေက ပြုပြင်ပြောင်းလဲထားတာ မရှိသေးဘူးလေ။ နိုင်ငံခြားသားဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အစရှိတဲ့ နိုင်ငံသားတွေက အောက်ဖော်ပြပါ အလုပ်များကိုသာ လုပ်ကိုင်ခွင့်ရှိသည်။ ဒီအလုပ် ဒီအလုပ်တွေကတော့ လုံးဝ လုပ်ကိုင်ခွင့် မရှိဘူးဆိုတော့ ဆက် လက် ရှိနေဦးမှာပဲ။ သို့သော် အခု နိုင်ငံသား အသိအမှတ်ပြုခွင့်ရတဲ့ ပုဂ္ဂိုလ်ကတော့ အဲဒါတွေ လုပ်ခွင့်ရသွားမှာပါ” ဟု ပြောသည်။
အဆိုပါ ရွှေ့ပြောင်း ၅၀၀,၀၀၀(ငါးသိန်း)နီးပါးသည် ထိုင်းနိုင်ငံမှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး ခိုင်လုံသည့် စာရွက်စာတမ်းများရှိသောကြောင့် နိုင်ငံသားဖြစ်ခွင့် ပေးသင့်ကြောင်း၊ ၎င်းတို့အား လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်ပြီး နေရပ်လိပ်စာ အချက်အလက်များကို မှန်မှန်ကန်ကန် မှတ်တမ်းတင် ထားနိုင်မှာဖြစ်သကဲ့သို့ ထိုင်း နိုင်ငံအတွက်လည်း အကျိုးရှိစေမည်ဟု ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထိုအစီအစဉ်ကို အကောင်အထည် ဖော်သည့်အခါတွင် လွယ်လွယ်ကူကူ ဖြစ်စေရန် အစိုးရအဖွဲ့အနေဖြင့် စဉ်းစား နေသော်လည်း လူ ၅၀၀.၀၀၀(ငါးသိန်း)နီးပါး နိုင်ငံသားဖြစ်ရေး ပြီးမြောက်ရန်မှာ ၄၄ နှစ်ခန့် ကြာနိုင်ကြောင်း လည်း ပြောထားသည်။