CNI International News
တိုကျို၊ နိုဝင်ဘာ ၂
အောက်တိုဘာလအတွင်း အာရှ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် တုံ့ဆိုင်းနေခဲ့ကာ တရုတ်၏ စီးပွားရေး နာလန်ထူမှုသည် အခြားဒေသတွင်း နိုင်ငံများအပေါ် ကောင်းကျိုးသက်ရောက်မှု အနည်းငယ်သာရှိခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ယခုသီတင်းပတ်အတွင်း အာရှ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ တုံ့ဆိုင်းမှုသည် အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေး တင်းမာမှုများ ဖြစ်ပွားလာနိုင်သည့် အခြေအနေအပေါ် ပြင်ဆင်နေသော မူဝါဒချမှတ်သူများအတွက် စိန်ခေါ်မှုအသစ်များ ဖြစ်လာခဲ့သည်။
ကုန်သွယ်ရေးကဏ္ဍတွင် ကျစ်ကျစ်လစ်လစ်မရှိဘဲ ပြန့်ကြဲနေမှု၊ တရုတ်၏ အိမ်ခြံမြေပြဿနာနှင့် စျေးကွက် မတည်ငြိမ်မှုတို့ကြောင့် အာရှ၏ စီးပွားရေးသည် အန္တရာယ်ကြီးမားကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးခဲ့သည်။
ပြည်တွင်း ဝယ်လိုအား ကျဆင်းမှုကြောင့် ဂျပန်နှင့် တောင်ကိုရီးယား၏ ကုန်ထုတ်လုပ်ရေးကဏ္ဍ ကျဆင်းနေကာ အမေရိကန်၊ ဥရောပနှင့် တရုတ်၏ စီးပွားရေးများ နှေးကွေးနေကြောင်း ကုန်စည်ဝယ်ယူရေး မန်နေဂျာများ၏ ညွှန်းကိန်း (PMI) တွင် ဖော်ပြထားသည်။
အပြုသဘောဆောင်သည့် တစ်ချက်မှာ တရုတ်အစိုးရ၏ မကြာသေးမီက စီးပွားရေး လှုံ့ဆော်မှု အစီအစဉ်များ ကြောင့် တရုတ်၏ ကုန်ထုတ်လုပ်ရေး လှုပ်ရှားမှုများသည် အောက်တိုဘာလအတွင်း မြင့်တက်ခဲ့သည်။
စက်မှုလုပ်ငန်းတစ်ခုကိုတွေ့ရစဉ်
Caixin/S&P Global ကုန်ထုတ်လုပ်ရေး PMI သည် စက်တင်ဘလတွင် ၄၉ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ အောက်တိုဘာလအတွင်း ၅၀ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
ထိုကဲ့သို့ တိုးတက်မှုများအရ တရုတ်၏ ကုန်ထုတ်လုပ်ရေးကဏ္ဍသည် ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြင့်တက်လာခြင်းဖြစ်ပြီး ဆက်လက် တည်ငြိမ်နေမည့် လက္ခဏာများကိုလည်း မြင်တွေ့နေရသည်။
သို့သော် IMF ၏ အာရှနှင့် ပစိဖိတ်ဌာနဆိုင်ရာ အကြီးအကဲ ခရစ်ရှ်နာ ဆရီနီဗာဆန် (Krishna Srinivasan) တရုတ်တွင် ငွေတန်ဖိုးကျုံ့သည့် အန္တရာယ်များသည် မြင့်မားနေဆဲဖြစ်ကြောင်း သတိပေးခဲ့ပြီး အိမ်ခြံမြေကဏ္ဍကို ဦးစားပေးလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
"တရုတ်ရဲ့ စီးပွားရေး နှေးသွားရင် အာရှရဲ့ စီးပွားရေးလည်း နှေးကွေးသွားမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့နောက် တရုတ်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ စားသုံးသူကဏ္ဍအပေါ် အာရုံပြောင်းပြီး လုပ်ဆောင်သင့် ကြောင်း ဆရီနီဗာဆန် တိုက်တွန်းခဲ့သည်။
Source: ရိုက်တာ