- By CNI
- Category: စီးပွားရေး
- Hits: 827
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၆
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် စုစုပေါင်း ဘတ် ၁၀ ဘီလျံနီးပါး တန်ဖိုးရှိသည့် ကုမ္ပဏီ ၂၀ နီးပါးတွင် ထည့်ဝင်ထားသည့် ရှယ်ယာများကို ၎င်းတို့မိသားစုဝင်များ ပိုင်ဆိုင်သော ကုမ္ပဏီ ၃ ခုနှင့် လက်အောက်ခံ ကုမ္ပဏီခွဲများထံသို့ လွှဲပြောင်းခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ထိုင်း၏ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပေတုန်တန်၏ ပိုင်ဆိုင်မှုများကို လူသိထင်ရှား ထုတ်ပြန်ကြေညာခဲ့သည်။
Alpine Golf and Sport Club ကုမ္ပဏီတွင် ထည့်ဝင်ထားသည့် ဘတ် ၂၂၄ ဒသမ ၁ သန်း တန်ကြေးရှိသည့် အစုရှယ်ယာ ၂၂,၄၁၀,၀၀၀ ကို ပေတုန်တန်က သူ့မိခင်ဖြစ်သူ ခွန်ယင်း ပိုဂျာမန် ဒါမာပွန် (Khunying Pojaman Damapong) ထံသို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄ ရက်က လွှဲပြောင်းပေးခဲ့သည်။
တစ်ချိန်က Manchester City FC (Thailand) ဟု လူသိများခဲ့သည့် Pramaisuree Property ကုမ္ပဏီတွင် ထည့်ဝင်ထားသော ဘတ် ၁၆၉ ဒသမ ၄ သန်း တန်ကြေးရှိသည့် အစုရှယ်ယာ ၁၆,၉၄၉,၉၉၀ ကို ပေတန်တန်၏ အစ်မဖြစ်သူ ပင်တွန်တာ ရှင်နာဝပ် ခူနာကွန်ဝေါင် (Pintongta Shinawatra Kunakornwong) အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် လွှဲပြောင်းပေးခဲ့သည်။

ပေတုန်တန်ကို တွေ့ရစဉ်
Alpine Golf and Sport Club ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီခွဲဖြစ်သည့် Alpine Garden Design ကုမ္ပဏီ တွင် ထည့်ဝင်ထားသည့် ဘတ် ၁၉ ဒသမ ၉၉ သန်း တန်ဖိုးရှိ အစုရှယ်ယာ ၁,၉၉၉,၈၀၀ ကို Alpine Golf and Sport Club ကုမ္ပဏီသို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက်တွင် လွှဲပြောင်းခဲ့သည်။
ထို့ပြင် ထိုင်းစတော့ အိတ်ချိန်းတွင် ပါဝင်ခြင်းမရှိသည့် ကုမ္ပဏီ ၁၁ ခုကို ၂၀၀၀ ပြည့်နှစ် ပြည်သူ့ဝန်ကြီးဌာန ဆိုင်ရာ ရှယ်ယာများနှင့် စတော့များ စီမံခန့်ခွဲရေးအက်ဥပဒေနှင့်အညီ Kiatnakin Phatra Asset Management ကုမ္ပဏီလက်အောက်သို့ လွှဲပြောင်းခဲ့သည်။
ထိုကုမ္ပဏီများထဲတွင် ဘတ် ၅ သန်း တန်ကြေးရှိသည့် ရှယ်ယာ ၅ သန်းနှင့်အထက်ရှိ ထည့်ဝင်ထားသည့် Rama 9 Hospital ကုမ္ပဏီလည်း ပါဝင်ခဲ့သည်။ ထိုရှယ်ယာများကို စီမံခန့်ခွဲရန်အတွက် Land and House Asset Management ကုမ္ပဏီသို့ လွှဲပြောင်းခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၈ ရက်အထိ ပေတုန်တန်သည် SC Asset Corporation Pcl ကုမ္ပဏီတွင် ဘတ် ၁ ဒသမ ၂၁၆ ဘီလျံ တန်ဖိုးရှိသည့် အစုရှယ်ယာ ၁,၂၁၆,၁၄၉,၈၇၀ ကို လွှဲပြောင်းပေးခဲ့ပြီး ထိုရှယ်ယာများကို လွှဲပြောင်း ပေးခဲ့ခြင်း ရှိ/မရှိကိုမူ သတင်းများ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပေ။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 1150
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၄
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) နှင့် ၎င်း၏ ခင်ပွန်း ပီတာကာ ဆွတ်ဆဝတ် (Pitaka Suksawat) တို့က ၎င်းတို့၏ ပိုင်ဆိုင်မှုတန်ဖိုး စုစုပေါင်း ဘတ် ၁၃ ဒသမ ၉ ဘီလျံရှိကြောင်း ကြေညာခဲ့ သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုပိုင်ဆိုင်မှုများထဲတွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော် (London) ၌ နေအိမ် ၂ လုံး၊ ဂျပန်၏ ဟော့ကိုင်းဒိုး (Hokkaido) ကျွန်းပေါ်တွင် မြေကွက် ၂ ကွက်တို့လည်း ပါဝင်ပြီး ၎င်းတို့၏ ကြွေးမြီမှာ ဘတ် ၄ ဒသမ ၄ ဘီလျံရှိကြောင်း အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၆ ရက်က ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည့် ပေတုန်တန်၏ ပိုင်ဆိုင်မှုကြေညာချက်ကို NACC က ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပေတုန်တန်၏ ပိုင်ဆိုင်မှုများသည် ဘတ် ၁၃ ဒသမ ၈၄ ဘီလျံရှိပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ပီတာကာ၏ ပိုင်ဆိုင်မှုမှာ ဘတ် ၁၄၁ ဒသမ ၁၁ သန်းဖြစ်ကာ ၎င်းတို့ ကလေးများ၏ ပိုင်ဆိုင်မှုသည် ဘတ် ၅ သိန်း တန်ဖိုးရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပေတုန်တန်ရဲ့ ပိုင်ဆိုင်မှုကို ပြသထားစဉ်
ပေတုန်တန်၏ ကြွေးမြီမှာ ဘတ် ၄ ဒသမ ၄၃ ဘီလျံဖြစ်ပြီး ပီတာကာ၏ ကြွေးမြီမှာ ဘတ် ၁ ဒသမ ၁၇ ဘီလျံရှိ၍ ကြွေးမြီ စုစုပေါင်း ဘတ် ၄ ဒသမ ၄၄ ဘီလျံရှိသည်။
ပေတုန်တန်၏ တစ်နှစ်စာ လစာငွေ ဘတ် ၃ ဒသမ ၄၀ သန်း အပါအဝင် နှစ်စဉ်ဝင်ငွေ စုစုပေါင်းမှာ ဘတ် ၂၆၅ သန်းရှိပြီး တစ်နှစ်စာ အသုံးစရိတ်မှာ စုစုပေါင်း ဘတ် ၅၇ ဒသမ ၇၂ သန်းရှိသည်။
ထိုအသုံးစရိတ်များအနက် ဘတ် ၄၅ သန်းမှာ ကိုယ်ရေးကိုယ်တာ အသုံးစရိတ်ဖြစ်ပြီး ဘတ် ၇ သန်းမှာ မိသားစု ကုန်ကျစရိတ်ဖြစ်သည်။
ပေတုန်တန်၏ ပိုင်ဆိုင်မှုများအနက် ငွေသား ဘတ် ၇ ဒသမ ၂၇ သန်း၊ ဘဏ်စုငွေ ဘတ် ၁ ဒသမ ၀၈ ဘီလျံ၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၁ ဘီလျံ၊ မြေကွက်ပိုင်ဆိုင်မှု ဘတ် ၇၂၄ ဒသမ ၉၂ သန်း၊ အိမ်ခြံမြေပိုင်ဆိုင်မှု ဘတ် ၁၆၈ သန်း၊ ပိုင်ဆိုင်သည့်ကား စုစုပေါင်း၏ တန်ဖိုး ဘတ် ၆၆ ဒသမ ၇၇ သန်းနှင့် အခြားပိုင်ဆိုင်မှုများလည်း အများအပြားရှိသည်။
ပေတုန်တန်သည် နိုင်ငံခြားငွေကြေး အများအပြားကိုလည်း လက်ဝယ် ကိုင်ဆောင်ထားကာ ဘဏ်အကောင့် ၂၉ ခုနှင့် စျေးကွက်များနှင့် ကုမ္ပဏီပေါင်း ၃၂ ခုတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 983
CNI International News
မော်စကို၊ ဇန်နဝါရီ ၃
၂၀၂၄ ခုနှစ်အတွင်း ဥရောပသို့ ရုရှား၏ ဓာတ်ငွေ့ပိုက်လိုင်းဖြင့် ဓာတ်ငွေ့များ တင်ပို့မှုသည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၃၂ ဒသမ ၁ ဘီလျံ ကုဗမီတာရှိခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ဥရောပသို့ ရုရှားဓာတ်ငွေ့များ တင်ပို့မှု ပမာဏနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံပိုင် Gazprom ဓာတ်ငွေ့ကုမ္ပဏီနှင့် ဥရောပ ဓာတ်ငွေ့တင်ပို့မှု လုပ်ငန်းရှင်များကွန်ရက် (ENTSOG) တို့၏ မှတ်တမ်းများကို အခြေခံပြီး တာ့စ်သတင်း ဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်က ဥရောပသို့ ရုရှား၏ ဓာတ်ငွေ့ပိုက်လိုင်းဖြင့် ဓာတ်ငွေ့တင်ပို့မှုသည် ၂၈ ဒသမ ၁၅ ဘီလျံ ကုဗမီတာ ရှိခဲ့ကြောင်း Gazprom နှင့် ENTSOG ကုမ္ပဏီတို့က ထုတ်ပြန်ခဲ့သည်။
အထူးသဖြင့် ၂၀၂၄ ခုနှစ်အတွင်း ရုရှားမှ ဓာတ်ငွေ့များကို ယူကရိန်းနိုင်ငံ အတွင်းမှဖြတ်ပြီး ဥရောပအနောက်ပိုင်း နှင့် အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့ခဲ့သည့် ပမာဏသည် ၁၅ ဒသမ ၄ ဘီလျံ ကုဗမီတာရှိခဲ့သည်။

ရေနံဓာတ်ငွေ့ပိုက်လိုင်းကို တွေ့ရစဉ်
ထိုပမာဏသည် ၂၀၂၃ ခုနှစ်ကထက် ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း ရုရှားမှ ဓာတ်ငွေ့များကို Turk Stream ဓာတ်ငွေ့ပိုက်လိုင်းမှတဆင့် ဥရောပအရှေ့တောင်ပိုင်း နှင့် ဥရောပတောင်ပိုင်းနိုင်ငံများကို တင်ပို့မှု ပမာဏသည် ၁၆ ဒသမ ၇ ဘီလျံ ကုဗမီတာရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တစ်လအတွင်းမှာပင် ရုရှား၏ ဓာတ်ငွေ့များကို ထိုဓာတ်ငွေ့ ပိုက်လိုင်းမှတဆင့် ဥရောပ သို့ တင်ပို့မှုသည် နိုဝင်ဘာလနှင့်နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
တူရကီ၏ စွမ်းအင်ဈေးကွက် စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့၏ မှတ်တမ်းများတွင် ၂၀၂၄ ခုနှစ်အတွင်း ရုရှားထံမှ ဓာတ်ငွေ့ ၂၀ ဘီလျံ ကုဗမီတာကို ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်အတွင်း တူရကီ အပါအဝင် ဥရောပသို့ ရုရှား၏ တစ်နှစ်တာ ဓာတ်ငွေ့တင်ပို့မှုသည် ၅၂ ဘီလျံ ကုဗမီတာရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က ၄၉ ဘီလျံ ကုဗမီတာနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
Source: တာ့စ်
- By CNI
- Category: စီးပွားရေး
- Hits: 813
CNI International News
တိုင်ပေ၊ ဒီဇင်ဘာ ၂၆
ဂျာမနီ၏ Delivery Hero စီးပွားရေးလုပ်ငန်းစုက ပိုင်ဆိုင်သည့် Foodpanda လုပ်ငန်းကို ဒေါ်လာ သန်း ၉၅၀ ဖြင့် ထိုင်ဝမ်တွင် တစ်ဦးတည်း မူပိုင်ဝယ်ယူသော Uber Technologies ကုမ္ပဏီ၏ သဘောတူညီချက်ကို ထိုင်ဝမ် အာဏာပိုင်များက တားဆီးပိတ်ပင်ခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
စျေးကွက်ပြိုင်ဆိုင်မှု ဆန့်ကျင်ရေး စိုးရိမ်မှုများကြောင့် တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်ဝမ်၏ တရားဝင် CNA သတင်းအေဂျင်စီက ဒီဇင်ဘာ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။
Uber, Delivery Hero နှင့် Foodpanda ကုမ္ပဏီတို့ကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်း မှုကို ဖြေကြားခဲ့ခြင်းမရှိပေ။
ထိုင်ဝမ်၏ ကုန်သွယ်ရေးမျှတမှု ကော်မရှင်ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း တိုင်ပေတွင် ပြုလုပ် မည့် သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

Uber နဲ့ Foodpanda ကိုတွေ့ရစဉ်
Uber နှင့် Delivery Hero ကုမ္ပဏီတို့သည် Foodpanda ဝယ်ယူရေးနှင့်ပတ်သက်သည့် သဘောတူညီချက်ကို မေလက ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် Uber သည် ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ Foodpanda ၏ ရှယ်ယာများကို ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်ဟုလည်း ကြေညာခဲ့သည်။
အမေရိကန်ကုမ္ပဏီဖြစ်သည့် Uber သည် Foodpanda ကို ဝယ်ယူခြင်းဖြင့် နှစ်စဉ် ဒေါ်လာ သန်း ၁၅၀ ကို ရရှိရန် မျှော်မှန်းထားသည်။
ထိုသဘောတူညီချက်သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် အပြီးသတ် ချုပ်ဆိုဖွယ်ရှိသည်။
Source: CNA
- By CNI
- Category: စီးပွားရေး
- Hits: 1314
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၆
ထိုင်းအစိုးရအဖွဲ့သည် လာမည့်နှစ် ဇန်နဝါရီလမှစပြီး အနည်းဆုံး လုပ်ခလစာတိုးမြှင့်မှု အစီအစဉ်ကို ဒီဇင်ဘာ ၂၄ ရက်က အတည်ပြုခဲ့ပြီး အသုံးစရိတ်များကိုမြှင့်တင်ရန် အခွန်ကောက်ခံမှုများအား လျှော့ချသွားမည်ဟု CNA မှ ဖော်ပြခဲ့သည်။
ထို့ပြင် လာမည့်နှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်းကျော် တိုးမြှင့်နိုင်ရန် မျှော်လင့်ထား ကြောင်း ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) က သတင်းထောက်များကို ပြောကြားခဲ့သည်။
နိုင်ငံ့စီးပွားရေးကို တိုးတက်စေရန်အတွက် တစ်ရက်လုပ်ခ အနည်းဆုံးလစာကို ဘတ် ၄၀၀ (၁၁ ဒသမ ၇၂ ဒေါ်လာ) မြှင့်တင်ပေးရန် ဆန္ဒရှိကြောင်း အစိုးရအဖွဲ့က ပြောကြားခဲ့သည်။
သို့သော် ဒီဇင်ဘာ ၂၄ ရက်က လုပ်ခလစာရေးရာကော်မတီက ဇန်နဝါရီ ၁ ရက်မှစပြီး တစ်ရက်လုပ်ခ အနည်းဆုံး လစာကို ၂၂၇ ဘတ်မှ ဘတ် ၄၀၀ ( ၉ ဒသမ ၉ ဒေါ်လာမှ ၁၁ ဒသမ ၇ ဒေါ်လာ) အကြား ၂ ဒသမ ၉ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။

ပြည်သူလူထုနဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကိုတွေ့ရစဉ်
ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးမည့် ပြည်နယ်များတွင် ဖူးခက် (Phuket) ၊ ချာချောင်ဆာအို (Chachoengsao) ၊ ချောင်ဘူရီ (Chon Buri) ၊ ရာယုန် (Rayong) ပြည်နယ်များနှင့် ဆမူအီ (Samui) ကျွန်းတို့ ပါဝင်သည်။
ထို့ပြင် အစိုးရအဖွဲ့သည် စားသုံးသူကဏ္ဍကို မြှင့်တင်ရန် အခွန်များကို လျှော့ချပေးရန် အတည်ပြုခဲ့ကြောင်း ပေတုန်တန်က ပြောကြားခဲ့သော်လည်း အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ဒုတိယဘဏ္ဍာရေးဝန်ကြီး ဂျူလာပန် အမ်မော်ဗီဗက် (Julapun Amornvivat) ကလည်း အစိုးရသည် ငွေကြေး သုံးစွဲမှု ပမာဏအပေါ် မူတည်ပြီး ဘတ် ၅၀,၀၀၀ အထိ အခွန်လျှော့ပေးမည် ဖြစ်သော်လည်း ပြည်တွင်းခရီးသွား လာမှု ပါဝင်မည်မဟုတ်ကြောင်း၊ ထိုအစီအစဉ်ကို ဇန်နဝါရီ ၁၆ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အကြား စတင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ထို့ပြင် အစိုးရအဖွဲ့သည် ဇန်နဝါရီလမှစပြီး ထိုင်းလူမျိုးများအား တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ စီပေးသည့် ဒုတိယအသုတ် အစီအစဉ်ကို စတင်ရန် အတည်ပြုခဲ့သည်ဟု ပေတုန်တန်က ပြောသည်။
ဒုတိယအသုတ် အစီအစဉ်တွင် ဘတ် ၄၀ ဘီလျံကို သက်ကြီးပိုင်းအရွယ် လူဦးရေ ၄ သန်းကို ထောက်ပံ့မည် ဖြစ်သည်။
အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ တန်ကြေးရှိသည့် ထိုအစီအစဉ်၏ ပထမအသုတ်ကို စက်တင်ဘာလက စတင်ခဲ့ပြီး လက်ရှိအချိန်တွင် ဘတ် ၁၀,၀၀၀ စီရရှိထားသည့် ထိုင်းလူမျိုး ၁၄ ဒသမ ၅ သန်းရှိပြီဖြစ်သည်။
Source: CAN
- By CNI
- Category: စီးပွားရေး
- Hits: 1316
CNI International News
ဟိုချီမင်းစီတီး၊ ဒီဇင်ဘာ ၂၄
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီး (Ho Chi Minh City) မြို့၏ ပထမဆုံး မြေအောက်ရထားလမ်းကို ဒီဇင်ဘာ ၂၂ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံက တည်ဆောက်သည့် ထိုမြေအောက်ရထားလမ်း စီမံကိန်းတွင် ငွေကြေးပေးချေမှု အငြင်းပွားမှုများနှင့် ကုန်ကျစရိတ် မြင့်တက်မှုတို့ကြောင့် နှစ်ပေါင်း ၂၀ နီးပါးကြာ နှောင့်နှေးကြန့်ကြာခဲ့ရပြီး ယခုခါမှ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
၁၉ ဒသမ ၇ ကီလိုမီတာအရှည်ရှိ ဟိုချီမင်းစီးတီး မြေအောက်ရထားလမ်း နံပါတ် ၁ ကို စီးနင်းရန် လူပေါင်းများစွာ တန်းစီစောင့်ဆိုင်းပြီး စီးနင်းခဲ့ကြသည်။
လူပေါင်း ၁၀ သန်းနီးပါး နေထိုင်သည့် ဟိုချီမင်းစီးတီးမြို့သည် ယခင်က မြေအောက်ရထားလမ်း မရှိသည့် အာရှ၏ မြို့ကြီးများထဲတွင် ပါဝင်ခဲ့သော်လည်း ယခုအခါတွင် မြေအောက်ရထားလမ်း ရှိလာခဲ့ခြင်းဖြစ်သည်။
ဒေါ်လာ ၁ ဒဿမ ၇ ဘီလျံတန်ဖိုးရှိ ထိုမြေအောက်မီးရထားလမ်းစီမံကိန်းကို ဂျပန်နိုင်ငံထံမှ ချေးငွေများဖြင့် ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သော်လည်း စတင်လုပ်ဆောင်သည့်နှစ်၌ ဘတ်ဂျက် ၆၆၈ သန်းသာရှိခဲ့ကာ နှစ်ပေါင်းများစွာကြာ ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။

ဟိုချီမင်းစီးတီး မြေအောက်ရထားလမ်း ပြေးဆွဲမှုကို တွေ့ရစဉ်
ထိုမြေအောက်မီးရထားလမ်း ဖွင့်လှစ်နိုင်မှုကြောင့် လူဦးရေ ထူထပ်သိပ်သည်းသည့် ဟိုချီမင်းမြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများနှင့် လေထုညစ်ညမ်းမှု ပြဿနာများကို ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု အာဏာပိုင်များက မျှော်လင့် ထားသည်။
ဟိုချီမင်းစီးတီးမြို့တွင် မော်တော်ဆိုင်ကယ် အစီးရေ ၈ ဒသမ ၄ သန်းခန့်ရှိနေသဖြင့် အိမ်စီးကားများနှင့် ထရပ် ကားများလည်း ပိုမိုများပြားလာခဲ့သဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို ချက်ချင်းဖြေရှင်းရန် လိုအပ်လာကြောင်း ဒေသခံ များက ပြောကြားခဲ့သည်။
ယခုဖွင့်လှစ်လိုက်သည့် မြေအောက်ရထား စီးနင်းခအတွက် လက်မှတ်ခများမှာ ခရီးစဉ်အလိုက် ဗီယက်နမ်ဒေါင် ၆၀၀၀ မှ ၂၀,၀၀၀ အထိ ရှိသည်။
ဒီဇင်ဘာ ၂၂ ရက်မှစပြီး စတင်ဖွင့်လှစ်သည့် ရက်ပေါင်း ၃၀ ကို အခမဲ့စီးနင်းခွင့် ရရှိမည်ဖြစ်ပြီး တစ်ရက်လျှင် ရထားပြေးဆွဲမှုအကြိမ်ရေ ၂၀၀ ရှိမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 1090
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၃
ထိုင်းနိုင်ငံ၏ ဂျီဒီပီကို ၅ ရာခိုင်နှုန်း မြင့်တက်လာစေရန် မျှော်မှန်းထားသည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သက်ဆင်သည် ဒီဇင်ဘာ ၂၀ ရက်က Nakhon Ratchasima Rajabhat တက္ကသိုလ်တွင် ပြုလုပ်သည့် ISAN NEXT အမည်ရှိ ဖိုရမ်၌ မိန့်ခွန်းပြောခဲ့ချိန်က နိုင်ငံ့ကြွေးမြီ ပိုလွန်မှုသည် ဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။
"တကယ်လို့ ကြွေးမြီပိုလွန်မှုဟာ ၇၀ ရာခိုင်နှုန်း ရောက်သွားမယ်ဆိုရင် အစိုးရအနေနဲ့ ငွေထပ်ချေးနိုင်တော့မှာ မဟုတ်ပါဘူး။ ကြွေးမြီကို လျှော့ချဖို့အတွက် ဂျီဒီပီကို မြင့်တက်အောင်လုပ်ဖို့ လိုပါလိမ့်မယ်" ဟု သက်ဆင်က ပြောကြားခဲ့သည်။
ဂျီဒီပီကို မြှင့်တင်ရန် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်သော်လည်း မဖြစ်မနေ လုပ်ဆောင်ရမည့် အချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိုတွေ့ရစဉ်
ဘဏ္ဍာရေး အင်စတီကျူးရှင်းများကို ငွေတိုက်စာချုပ်များ ရောင်းချခြင်းသည် စီးပွားရေး ပိုမိုခိုင်မာစေရန် အထောက်အကူ အနည်းငယ်သာ ရရှိခဲ့ကြောင်း၊ ငွေတိုက် စာချုပ်များကို အများပြည်သူအား ရောင်းချမှုသည် အဖြေတစ်ခု ဖြစ်လာနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်းက ပြောသည်။
ထို့ပြင် ငွေတိုက်စာချုပ် သက်တမ်းကို နှစ်ရှည်မဟုတ်ဘဲ နှစ်တို သတ်မှတ်ရန် အဆိုပြုခဲ့ပြီး ထိုအစီအစဉ်များ လုပ်ဆောင်ခြင်း မရှိပါက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဆက်လက် နိမ့်ကျနေနိုင်ကာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းသို့ ရောက်ရှိသွားနိုင်သည်ဟု ဆိုသည်။
"ကျနော်တို့ဟာ ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်း မြှင့်တင်ရပါလိမ့်မယ်။ ဒီလိုလုပ်ဖို့ဆိုတာလည်း သိပ်ခက်ခဲတာမျိုး မဖြစ်သင့်ပါဘူး" ဟု သက်ဆင်က ပြောသည်။
ထို့ပြင် အာဏာရ ဖြူးထိုင်းပါတီ၏ ဩဇာလွှမ်းမိုးထားသည့် အရှေ့မြောက်ဒေသတွင် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများကို မြှင့်တင်ရန်လည်း သက်ဆင်က ကတိပြုခဲ့သည်။
ထိုဒေသတွင် ယဉ်ကျေးမှု မြင့်မားပြီး ဒေသခံများ၏ အနုပညာ စွမ်းရည်များကြောင့် လူသိများ ထင်ရှားနေသဖြင့် အာဏာအပျော့ကို အသုံးပြုခြင်းဖြင့် စတင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 1943
CNI International News
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၁၄
ဒီဇင်ဘာ ၁၃ ရက်က တရုတ်၏ စတော့ရှယ်ယာများ ကျဆင်းခဲ့ပြီး နှစ်ရှည်ငွေတိုက်စာချုပ် တန်ဖိုးသည်လည်း စံချိန်တင် အဆင့်အထိ ကျဆင်းခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
တရုတ်၏ စီးပွားရေး နှေးကွေးနေမှုအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်စိတ်များကို ဖြေလျှော့ပေးနိုင်ခဲ့ခြင်း မရှိသည့် တရုတ်ထိပ်သီး အရာရှိများ အစည်းအဝေးအပြီး ၁ ရက်အကြာတွင် စတော့ရှယ်ယာများ ကျဆင်း ခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်မကြီး၏ Blue chip CSI 300 စတော့ရှယ်ယာ စျေးကွက်ညွှန်းကိန်းသည် ၀ ဒသမ ၇ ရာခိုင်နှုန်း လျော့နည်းပြီး စျေးဖွင့်ခဲ့ကာ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်း စျေးကွက်ပိတ်သည့် အချိန်တွင် ၁ ဒသမ ၈၃ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကာ ပွိုင့် ၄၀၀၀ အောက်သို့ ကျဆင်းခဲ့သည်။
ဟောင်ကောင်ရှိ Hang Seng စတော့ရှယ်ယာ စျေးကွက်ညွှန်းကိန်းသည်လည်း တလအတွင်း အကြီးဆုံး စျေးကွက်တန်ဖိုး လျော့ကျခဲ့ပြီး စျေးကွက်ပိတ်ချိန်တွင် ၂ ဒသမ ၀၉ ရာခိုင်နှုန်း လျော့ကျကာ ပွိုင့် ၁၉၉၇၁ ဒသမ ၂၄ ရှိခဲ့သည်။
ဒီဇင်ဘာ ၁၂ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဦးဆောင်သည့် ဗဟိုစီးပွားရေးလုပ်ငန်းညီလာခံ (CEWC) ကို ပြုလုပ်ခဲ့ပြီး လာမည့်နှစ်အတွက် စီးပွားရေးကဏ္ဍတွင် ဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

စတော့ရှယ်ယာစျေးကွက်ကို တွေ့ရစဉ်
ထိုအစည်းအဝေးတွင် တာဝန်ရှိသူများက ဘဏ္ဍာရေးလိုငွေပြမှု အချိုးကို မြင့်တက်စေရန် အစီအစဉ်များအား ချပြခဲ့ကြပြီး နှစ်ရှည် အစိုးရငွေတိုက် စာချုပ်များ၏ အာမခံကိုတိုးမြှင့်ရေး အစီအစဉ်များလည်း ပါဝင်ခဲ့သည်။
သို့သော် ထိုအစီအစဉ်များသည် လွန်ခဲ့သည့် လများကတည်းက အစိုးရအရာရှိများက အရိပ်အမြွက်ဖော်ပြခဲ့ ကြသည့် အစီအစဉ်များနှင့် ထူးမခြားနားဖြစ်နေပြီး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
"ပေါ်လစ်ဗျူရို အစည်းအဝေးဟာ အရင်ကလည်း သမားရိုးကျ မဟုတ်တဲ့ မူဝါဒတွေကို ချပြခဲ့ပါတယ်။ ဒါပေမယ့် မနေ့က CEWC ညီလာခံဟာ ထူးထူးခြားခြား ဆန်းသစ်ပြောင်းလဲတဲ့ အစီအစဉ်သစ်တွေကို ကြေညာနိုင်ခဲ့ခြင်း မရှိဘဲ အဆုံးသတ်ခဲ့ပါတယ်" ဟု ရင်းနှီးမြှုပ်နှံရေးဘဏ်လုပ်ငန်း ကုမ္ပဏီဖြစ်သည့် Citigroup ၏ တရုတ်စီးပွားရေး ပညာရှင် ယုရှင်းယောင် (Yu Xiangrong) က မှတ်ချက်ပြုခဲ့သည်။
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်တွင် ယွမ်နှင့် ဒေါ်လာ လဲလှယ်မှု နှုန်းထားနှင့် ဒေါ်လာ ငွေကြေးတန်ဖိုး ပိုမိုခိုင်မာလာမည့် အလားအလာများက တရုတ်၏ စီးပွားရေးကို လှုံ့ဆော်ရန် ရည်ရွယ်သည့် ငွေကြေးမူဝါဒအပေါ် သက်ရောက်လိမ့်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 1632
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄
ထိုင်းနိုင်ငံတွင် အစိုးရ၏ ဆန်စပါးတင်ပို့မှု မြှင့်တင်ရေးမူဝါဒကို ထိုင်းဆန်စပါးတင်ပို့သူများအသင်း(TREA) က ဝေဖန်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
လယ်သမားများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(SME)မှ လုပ်ငန်းရှင်များအား ပို့ကုန်များကို ကိုယ်တိုင် တင်ပို့ခွင့်ပြုခြင်းဖြင့် ဆန်စပါးတင်ပို့မှုကို မြှင့်တင်မည့် အစိုးရ၏ မူဝါဒသည် အလုပ်မဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့သည်။
ဝန်ကြီးချုပ် ပေတုန်တန်သည် ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက အစိုးရအဖွဲ့၏ ၃ လ သက်တမ်းအတွင်း အောင်မြင်မှု ရရှိခဲ့သည့် အခြေအနေများကို “2025 Empowering Thais: A Real Possibility” အမည်ရှိ ခေါင်းစဉ်ဖြင့် ပွဲအခမ်းအနားတစ်ခု ပြုလုပ်ချိန်အတွင်း ဆန်စပါးတင်ပို့ရေးမူဝါဒကို ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ပေတုန်တန်၏ မိန့်ခွန်းအတွင်း အစိုးရအဖွဲ့သည် ဆန်စပါးတင်ပို့မှုကဏ္ဍကို တစ်ဦးတည်းမူပိုင် လက်ဝါးကြီးအုပ် ထားသည့်စနစ် ဖျက်သိမ်းရန် ရည်ရွယ်ထားကြောင်း၊ လယ်သမားများနှင့် ဆန်ကုန်သည်များကို အသေးစားနှင့် အလတ်စား လုပ်ငန်းများအဖြစ် အဆင့်သတ်မှတ်ပြီး မိမိတို့ဆန်ကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ တင်ပို့ရောင်းချ ခွင့်ပေးရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်၏ မိန့်ခွန်းကို တုန့်ပြန်ရာတွင် TREA ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ချူကစ် အိုပက်စ်ဝေါင် (Chukiat Opaswong) က လက်ရှိတွင် လယ်သမားများနှင့် SME များအပေါ် တားမြစ်ကန့်သတ်ချက်များ မရှိသဖြင့် မိမိတို့ဆန်ကို မိမိတို့ ကိုယ်တိုင် တင်ပို့ရောင်းချခွင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ဆန်စပါးများကို ပြည်ပသို့ တင်ပို့ရောင်းချရေးတွင် ပါမစ်များနှင့် မှတ်ပုံတင်ကြေး ပေးသွင်းရသည့် အခြေအနေများရှိနေပြီး တင်ပို့ရောင်းချသူများ အနေဖြင့်လည်း စျေးကွက်ကို မိမိကိုယ်တိုင် ရှာဖွေရမည်ဖြစ် ကြောင်း ချူကစ်က ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
"အစိုးရက လက်တွေ့မှာ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မူဝါဒကို ပြင်ဆင်နေတာပါ။ လယ်သမားတွေနဲ့ SME တွေဟာ ကုန်ကျစရိတ် မြင့်တက်မှုတွေနဲ့ စိန်ခေါ်မှုအားလုံးကို ဖြေရှင်းနိုင်ပါ့မလားဆိုတာကို မေးခွန်းထုတ်ရမှာပါ" ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအကြား ဆန်တန်ချိန် ၈ ဒသမ ၃၅ သန်း တင်ပို့ရောင်းချခဲ့ ပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တင်ပို့ရောင်းချမှု ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုန်သွယ် ရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ထို ၁ဝ လအတွင်း တင်ပို့ရောင်းချခဲ့သည့် ဆန်တန်ဖိုးသည် ပြီးခဲ့သည့်နှစ်ကထက် ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဘတ် ၁၉၁ ဒသမ ၀၃ ဘီလျံ (ဒေါ်လာ ၅ ဒသမ ၄၁ ဘီလျံ) ရှိခဲ့သည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 2109
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၇
ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများအတွက် ကမ္ဘာ့ဘဏ်၏ ရန်ပုံငွေထဲသို့ ဒေါ်လာ ၁၀၀ ဘီလျံ ထည့်ဝင်လှူဒါန်းပေး မည်ဟု အလှူရှင်နိုင်ငံများက ကတိပြုခဲ့ကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအလှူငွေများကြောင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများအနေဖြင့် ကြွေးမြီပြဿနာများ၊ ရာသီဥတုဘေးအန္တရာယ် များ၊ ငွေကြေးဖောင်းပွမှုများနှင့် ပဋိပက္ခများကို ဖြေရှင်းရာတွင် ကြီးမားသည့် အထောက်အပံ့ကို ရရှိမည်ဖြစ်သည်။
ကမ္ဘာ့ဘဏ်က ထိုကြေညာချက်ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (IDA)၏ ညီလာခံ၌ ကြေညာခဲ့ခြင်းဖြစ်သည်။
အလှူငွေများကို အလွန်နည်းပါးသည့် အတိုးနှုန်းဖြင့် ဝင်ငွေနိမ့်သည့် နိုင်ငံ ၇၈ နိုင်ငံကို ကူညီထောက်ပံ့ ပေးမည် ဖြစ်သည်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် IDA ညီလာခံတွင်လည်း ကမ္ဘာ့ဘဏ်က အလှူငွေ ၉၃ ဘီလျံရရှိကြောင်း ကြေညာခဲ့သည်။

ကမ္ဘာ့ဘဏ် အဆောက်အအုံကို တွေ့ရစဉ်
အလှူရှင်နိုင်ငံများသည် IDA ကို ဒေါ်လာ ၂၄ ဘီလျံ တိုက်ရိုက် ထောက်ပံ့ပေးမည်ဖြစ်ပြီး ထိုပမာဏသည် ၂၀၂၁ ခုနှစ်က ကတိပြုခဲ့သည့် ဒေါ်လာ ၂၃ ဒသမ ၅ ဘီလျံထက် အနည်းငယ်သာပိုသည့် ပမာဏဖြစ်သည်။
ဆိုးလ်မြို့တော်တွင် ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တွင် ၂ ရက်ကြာ ပြုလုပ်ခဲ့သည့် IDA ညီလာခံ၌ မျှော်မှန်းထားသော အလှူငွေ ၁၂၀ ဘီလျံကို ရရှိခဲ့ခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့်လက ဘရာဇီးလ်နိုင်ငံတွင် ပြုလုပ်သည့် စက်မှုထိပ်သီးနိုင်ငံ-၂၀ (G-20) ခေါင်းဆောင်များ ညီလာခံ၌ နော်ဝေနိုင်ငံက ကမ္ဘာ့ဘဏ်အတွက် ဒေါ်လာ သန်း ၄၅၀ ကျော် ထည့်ဝင်လှူဒါန်းမည်ဟု ကတိပြုခဲ့သည်။
တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ ၅၉၇ သန်း၊ ဗြိတိန်က ၂ ဒမသ ၂ ဘီလျံကျော်၊ စပိန်က ယူရို သန်း ၄၀၀ ကျော် ထည့်ဝင်လှူဒါန်းမည်ဟု ကတိပြုခဲ့သည်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးဖြစ်သည့် အမေရိကန်နိုင်ငံ၏ သမ္မတဂျိုးဘိုင်ဒန် (Joe Biden) ကမူ ဒေါ်လာ ၄ ဘီလျံ ထည့်ဝင်လှူဒါန်းမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
Source: ရိုက်တာ
