CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀

မိမိတို့နိုင်ငံ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ် သည် အသင့်လျော်ဆုံးဖြတ်သည်ကို တွေ့ရသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့သည်။

ခေတ်အဆက်ဆက်၌ အစိုးရများအနေဖြင့် စီးပွားရေးစနစ်အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ ကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိ အခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌက “သမဝါယမစနစ်ဆိုသည်မှာ စိတ်ဆန္ဒ၊ ရည်ချယ်ချက်တူညီသည့် လုပ်ငန်းရှင် အချင်းချင်း၊ တောင်သူ အချင်းချင်း စုဖွဲ့ဆောင်ရွက်ရသည့် အသင်းအဖွဲ့စနစ်တစ်ခုဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် အစိုးရက ပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းနှင့်အစိုးရက ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများရှိ ကြောင်း၊ ယင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် သမဝါယမစနစ်သည် သင့်လျော်သည့် စနစ်တစ်ခုဖြစ်သည်”ဟု ပြောသည်။

ကုန်စိမ်များ ရောင်းချနေစဉ်

ထို့ကြောင့် သမဝါယမအသင်းများ ဖွဲ့စည်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို မျိုး၊ မြေ၊ ရေ၊ နည်း(၄)ချက်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ထိုမှတဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန် များကို အခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင် ဆောင်ရွက်သွားစေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် နိုင်ငံတော်အနေဖြင့် အရင်းအနှီး၊ နည်းပညာနှင့် အခြားလိုအပ်သည်များကို ထောက်ပံ့ကူညီသွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ထို့နောက် ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် စားသောက်ကုန်များ ထုတ်လုပ်လျက်ရှိသကဲ့သို့ အရည် အသွေးပြည့်မီသည့် လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဈေးကွက်ကို သမဝါယမစနစ်ဖြင့် ပြန်လည် ကျင့်သုံးမည်ဆိုသည်မှာ မျက်မှောက်နိုင်ငံ တကာ အခင်းအကျင်းနှင့် ကိုက်ညီမှုရှိသော စနစ်ဖြင့်ရန်လိုအပ်သလို ဘယ်လို သမဝါယမစနစ်ကို ကျင့်သုံးမှာ လဲဆိုသည်ကို ရှင်းရှင်းလင်းလင်း ချပြရန်လိုအပ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

 ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကျင်းပနေစဉ်

အလားတူ နိုင်ငံရေးအကဲခတ်များကတော့ ဦးနေဝင်းနှင့် ဦးသန်းရွှေ လက်ထက်က ကျင့်သုံးခဲ့သော သမဝါယမ စနစ်မျိုးဆိုလျှင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပိုမိုကျဆင်းသွားနိုင်ကြောင်း၊ နည်းပညာခေတ်တွင် သမဝါယမ စနစ်ကို ပြန်လည် ကျင့်သုံးမည်ဆိုပါက လက်တွေ့ကျမကျကို သုံးသပ်သင့်ကြောင်း ထောက်ပြကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၃၅ တွင် နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ် သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့နောက် ပုဒ်မ ၃၆ (က) အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ သမဝါယမအဖွဲ့အစည်းများ၊ ဖက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစသည့် စီးပွားရေး အင်အားစု အားလုံးကို စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသည်ဟု ပြဋ္ဌာန်းထားသည်။