- By CNI
- Category: နိုင်ငံရေး
- Hits: 841
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၂
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါက ရွေးကောက်ပွဲအလွန် ပေါ်ထွက်လာမည့် အစိုးရအနေဖြင့် တိုင်းပြည်နှင့်ပြည်သူအတွက် မည်သည့်အရာများအား ဦးစားပေး ပြုပြင်ပြောင်းလဲမှုများ လုပ်မလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက စောင့်ကြည့်နေကြသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသည် နိုင်ငံတည်ငြိမ်အေးချမ်းအောင် ဦးစားပေးလုပ်ရမည်ဖြစ် သလို အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်ကိုလည်း ပုံပေါ်စုဖွဲ့ရမည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လာမယ့် အစိုးရနဲ့လွှတ်တော် ရွေးကောက်ပွဲအလွန်ကာလမှာ ဘာလုပ်သင့်သလဲဆိုတာမျိုး။ ပထမတစ်ခု လိုအပ်ချက်က နိုင်ငံရေးတည်ငြိမ်မှု၊ အဲဒီတော့ တည်ငြိမ်မှုရှိအောင် ဘယ်လိုနည်းနဲ့ ဖော်ဆောင်ကြမှာလဲ၊ အဲဒီ တော့ ကျနော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်နဲ့ သွားမယ်လို့ ၂၀၀၈ မှာ ပေးထားပြီးသားဖြစ်တယ်၊ ပါတီများစွာ ရှိတယ်၊ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကတော့ မြဲမှာပေါ့၊ အဲဒါကြောင့် ရွေးကောက်ပွဲအလွန်ကာလ ပါတီတွေ ညီညွတ်မှုတစ်ခုနဲ့ နိုင်ငံကို ဘယ်လိုဖွံဖြိုးတိုးတက်အောင် နိုင်ငံရေးတည်ငြိမ်မှုတစ်ခု ရယူမှာလဲဆိုတဲ့ ဦးတည်ချက် တစ်ခု လိုအပ်တာပေါ့၊ အဲဒီတော့ ညှိနှိုင်းကြရမယ်၊ လက်ရှိ အကျပ်အတည်းကို ဘယ်လို ကျော်ဖြတ်ရင် ကောင်းမှာ လည်းဆိုတဲ့ မျှော်မှန်းချက်တွေ တူတာတူတာတွေကို စုရမှာပေါ့၊ လူ ၄၀၀၀ လောက် အခုမန္တလေးငလျင်ကြီးမှာ အသက်ပေးခဲ့ရပြီ။ ဘယ်လို ပြန်လည်ထူထောင်မှု ငွေကြေးအားဖြင့် လိုအပ်တဲ့ အတိုင်းအတာကိုရအောင် ဘယ်လို သွားမှာလဲ၊ အမျိုးသားညီညွတ်တဲ့ အစိုးရတစ်ရပ်လိုတယ်၊ လွှတ်တော်အတွင်းမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍမျိုးကို အပေးအယူရှိရှိနဲ့ အတိုက်အခံလို့ပဲ ပြောပြောပေါ့ဗျာ ညှိနှိုင်းပြီးမှ နိုင်ငံတော်နဲ့ နိုင်ငံသား တွေအတွက် ဦးတည်ပြီးမှ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့ အခင်းအကျင်း လာမယ့် ၅ နှစ်မှာ အဲဒါလိုအပ်ချက်ပဲ၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းမှပဲ နိုင်ငံရေးတည်ငြိမ်မယ်၊ အဲဒီလိုနိုင်ငံရေး တည်ငြိမ်မှပဲ ဖွံ့ဖြိုးတိုးတက်တယ် ဆိုတဲ့ ဒါ Calendar ကျပေါ့ဗျာ၊ ဒီဥစ္စာက ကမ္ဘာကြီးတစ်ခုလုံးမှာ ဒီတိုင်းသွားနေတာ” ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာ၏ ထောက်ခံမှုများလည်း ရရှိထား ကြောင်း၊ ရွေးကောက်ပွဲအား ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေး ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားခရီးစဉ်ကအပြန် ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်တွင် မီဒီယာများသို့ ပြောထားသည်။
အဆိုပါ ရုရှားခရီးစဥ်အတွင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များ နှင့် တွေ့ဆုံပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်အကုန်တွင် ကျင်းပမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအလွန်အစိုးရသည် ပြည်သူအတွက် အဓိက ပညာရေးနှင့် ကျန်းမာရေးအား ဦးစားပေး ဆောင်ရွက် ပေးသင့်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနှင့် နစကဥက္ကဋ္ဌကို တွေ့ရစဉ်
၎င်းက “အခုက ဒီရွေးကောက်ပွဲတော့ မဖြစ်မနေတော့ လုပ်မှာပေါ့နော်၊ သူတို့လုပ်တာတော့ ဒါကတော့ ရွေးကောက်ပွဲ ပြီးသွားရင်တော့ အာဏာ ၃ ရပ်ကို တစ်ယောက်ထဲ ကိုင်တဲ့ဟာက ၃ ယောက်က ကိုင်တော့ Check and Balance တော့ ရှိလာတာပေါ့လေ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး Check and Balance ရှိပြီဆို တဲ့ အခါကျတော့ တိုင်းပြည်အတွက်ကတော့ ကောင်းကောင်းမွန်မွန် လုပ်လို့ရလာနိုင်တယ်ပေါ့၊ ဘာတွေဦးစားပေး လုပ်သင့်လဲဆိုတော့ အခုပြည်သူတွေက အဓိက ပညာရေးနဲ့ကျန်းမာရေးကို အဓိက ဦးစားပေး လုပ်သင့်ပါတယ်၊ ဒီတက်လာတဲ့ အစိုးရအနေနဲ့ ကျနော်တို့က ပညာနည်းနဲ့အခါကျတော့ စဥ်းစားဆင်ခြင်ဥာဏ်နည်းပြီးမှ ဒီနေ့အချိန် မှာ တိုင်းပြည်က ဒီလိုဖြစ်တယ်လို့ ကျနော့်အနေနဲ့ သုံးသပ်မိလို့ပါ၊ နိုင်ငံရေး တည်ငြိမ်မှုတော့ လိုပါတယ်၊ ဒါပေမယ့် မတည်ငြိမ်လည်း လုပ်သွားကြရမှာပါပဲ၊ ပညာရေးဆိုရင်တော့ သင်ရိုးညွှန်းတန်းတွေကအစ ပြောင်းလဲ ပစ်ဖို့တော့ လိုအပ်တယ်ဗျ၊ အခုသင်ရိုးညွှန်းတန်းတွေမှာ ဆိုရင်တော့ များသောအားဖြင့်ကတော့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတို့ ဘာတို့တွေပဲ၊ နိုင်ငံချစ်စိတ်ဆိုတဲ့ စိတ်ဓာတ်တွေက ပျောက်နေကြတာဆိုတော့ ပုဂ္ဂိုလ်ချစ်စိတ်ဖက် ကိုပဲ သွားတယ်၊ နိုင်ငံသားတိုင်းက နိုင်ငံချစ်စိတ်ရှိမယ်ဆိုရင် ခုလိုပြဿနာမျိုးလည်း ကြုံလာတော့မှာ မဟုတ်ဘူး လို့ မြင်တယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး လက်နက်ကိုင် အင်အားစုများက ကြိုးပမ်းနေသလို နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။
ပြည်သူများအနေဖြင့် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်ဖြစ်သည့် အကြမ်းဖက်ဝါဒအား ပြတ်ပြတ်သားသား ဆန့်ကျင် ကြစေလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင် ရန်အတွက် နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရန် လိုအပ် ကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 527
CNI News
၂၀၂၅ ခုနှစ်၊ မေ ၁၂
7 EAO Alliance က အဆိုပြုထားသည့် အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရေးကို နစက,က လက်ခံရန် နည်းသည်ဟု UEC မှာ ပါတီမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများက ပြောသည်။
နစကသည် ၎င်းတို့ ယခင်က စီစဉ်ထားသည့်အတိုင်းသာ ဆက်သွားနေမည်ဖြစ်သလို ရွေးကောက်ပွဲ ကျင်းပပြီး နောက်မှသာလျှင် အစိုးရတစ်ခုကို အသွင်ကူးပြောင်းရေးအစိုးရဟု နာမည်တပ်ကောင်း တပ်နိုင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “7 EAO တောင်းဆိုတဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ ဆိုတော့ SAC က သူရဲ့ မူလ ပုံစံအတိုင်းပဲ ဘောင်ဝင်တဲ့ အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်တော့ ဖော်ဆောင်ပေးနိုင်ပါတယ်။ လက်မခံနိုင်ရင်လည်း ခုနကလို SAC က သူ့ရဲ့ မူလ Plan အတိုင်းပဲ သွားနေမှာပေါ့လေ။ သူ့ရဲ့ ဒီရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကလည်း ကတိကဝတ် ထဲမှာ မူလကတည်းက ကြေညာထားတဲ့ ကြေညာချက်ထဲမှာ ပါနေတာကို။ ပါနေတာဆိုတော့ သူကတော့ ရွေးကောက်ပွဲလမ်းကြောင်းနဲ့ပဲ သွားနေမှာကို။ ဒီကြားထဲမှာကြားကာလအစိုးရ၊ အသွင်ကူးပြောင်းရေးအစိုးရ လက်ထဲမှာ သူယုံကြည်စိတ်ချတယ် သူ့ရဲ့လမ်းကြောင်း အတိုင်းပဲသွားလို့ရတဲ့ ပုံစံအတိုင်းပဲ ဖွဲ့စည်းမှာပဲ။ အဲတော့ ဘာဖြစ်သွားမလဲဆိုတော့ 7 EAO ကလည်း သူတို့ရဲ့ လိုလားချက် လိုအပ်ချက်ကို တောင်းဆိုတာပေါ့။ တောင်းဆို တာကို လိုက်လျောပေးမယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပိုပြီးတော့ အားကောင်းလာနိုင်တယ်လို့ ယူဆစရာရှိပေမယ့်လည်း 7 EAO အနေနဲ့လည်း ငြိမ်းချမ်းရေး ဖြစ်စဥ်ကလည်းပြီးတာ မဟုတ်ဘူးလေ။ SAC က သူ့ရဲ့မူလလမ်းကြောင်းတိုင်းပဲ သွားမှာပဲ။ လက်မခံဘူးဆိုရင်လည်းပဲ အများကြီးတော့ ပြောင်းလဲနိုင်ခြေမရှိဘူးပေါ့ လက်ခံနိုင်ရင်တော့ ပိုတော့ကောင်းတာပေါ့”ဟု ပြောသည်။

7 EAO Alliance အဖွဲ့က အဆိုပြုချက် ၅ ချက်ကို တွေ့ရစဉ်
အသွင်ကူးပြောင်းရေးအစိုးရဆိုသည့် စကားရပ်၏ ကျယ်ပြန့်မှုကို 7 EAO Alliance ဘက်က နစကအား အဓိပ္ပာယ် ဖွင့်ပေးရန် လိုအပ်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “သူ့ရဲ့ ၆ လသက်တမ်းက လာမယ့် ဇူလိုင် ၃၁ မှာ ပြီးပါလိမ့်မယ် အဲတော့ ၆ လပြည့်တဲ့နေ့ကစပြီး နစက သည် ကျနော်တို့ ယူဆသလောက် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာအပ်နှင်းနိုင်ပါတယ်။ အဲတော့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ စီမံကွပ်ကဲမှုနဲ့ အခြေခံဥပဒေအရ အစိုးရတစ်ရပ်ပေါ်ထွန်းလာမှာပါ အဲ့ဒီအစိုး ရသည်လည်း အသွင်ကူးပြောင်းရေး အစိုးရတစ် ရပ်အဖြစ်ပုံပေါ်စေနိုင်ပါတယ် အဲ့ဒီလိုအစိုးရမျိုးကိုညွန်းသလား အဲ့ဒါဆိုရင် အခြေခံဥပဒေအရ နစက မဟုတ်တဲ့ အခြေခံဥပဒေအရ ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီက ခုနက တည်ဆောက်မဲ့အစိုးရ အဲ့ဒီအစိုးရကို အသွင်ကူး ပြောင်းရေးအစိုးရလို့ခေါ်မှာလား ကြားဖြတ်အစိုးရလို့ ခေါ်မှာ လား အခြေခံဥပဒေအရ နာမည်တခုက တော့ပေးဖို့ လိုအပ်တယ် သို့မဟုတ် အခြေခံဥပဒေနဲ့မသက်လျှင်းတဲ့ အသွင်ကူးပြောင်းတဲ့အစိုးရဆိုတာမျိုး သူ ဘက်ကရည် ညွန်းထားသလားဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့လိုပါလိမ့်မယ် နစက အနေနဲ့လည်းကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဖွဲ့စည်းပေးမယ့် အသွင်ကူးပြောင်းရေးအစိုးရလို့ အမည် တပ်နိုင်မဲ့ အစိုးရတစ်ရပ်ကို သူဘက်ကတော့ ပုံဖော်ပေးနိုင်တဲ့ အနေအထားရှိပါတယ်”ဟု ပြောသည်။

NSPNC နှင့် 7 EAO အဖွဲ့ကို တွေ့ရစဉ်
7 EAO Alliance သည် ဧပြီ ၂၈-၂၉ ရက်က အစည်းအဝေး ကျင်းပခဲ့ပြီးနောက် နစက အနေဖြင့် အကောင်အထည် ဖော်ပေးရန် အဆိုပြုချက် ၅ ချက်ကို ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ အဆိုပြုချက် ၅ ချက်မှာ (၁) ပဋိပက္ခတွင် ပါဝင်သူအဖွဲ့များအားလုံးသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုတင်စည်းကမ်း သတ်မှတ်ချက် မရှိဘဲ ပဋိပက္ခတွင်ပါဝင်သည့် အစုအဖွဲ့များအားလုံးက အပစ်ရပ်ကြေညာရန်၊ (၂) သက်ဆိုင်သူများအကြား ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ ကတိကဝတ်ပြုရန်၊ (၃) ဖက်ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်၊ (၄) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရန်၊ (၅) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပရန် တို့ဖြစ် သည်။
7 EAO Alliance အဖွဲ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် RCSS၊ PNLO၊ NMSP၊ LDU၊ DKBA၊ KNU/KNLA-PC၊ ALPR (ALP ကို နာမည်ပြောင်းထား)တို့ပါဝင်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 728
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၂
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြမှုသည် တရုတ်အနေ ဖြင့် နစကဘက်၌ ရပ်တည်ကြောင်း ထပ်မံသက်သေပြလိုက်ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းတို့နှစ်ဦးသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီးနောက် ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် တွေ့ဆုံခဲ့ကြသည်။
နစကအနေဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခွင့် ရရှိရေးကို ခွင့်တောင်းလာသည်မှာ ကာလတစ်ခုအထိ ရှိပြီဖြစ်ပြီး ယခုအခမ်းအနား၌ တွေ့ဆုံခွင့် ရခဲ့ခြင်းဖြစ်ကြောင်း၊ နစကဘက်မှ တရုတ်စီမံကိန်း တည်ရှိရာ လမ်းကြောင်းများကို မထိန်းနိုင်ပါက တရုတ်အနေဖြင့် မန္တလေးအထိ ဝင်ရောက်ထိန်းသိမ်းပေးရန် ရှိသည်ဟု ကြားရကြောင်းလည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်
၎င်းက “ပေါ်လစီအရ ပြောရင်တော့ တရုတ်က SAC ပေါ့လေ။ နစကကို ထောက်ခံနေတာကြာပြီပဲ နိုင်ငံရေးအရ ပြောရင်တော့။ ဒါကြောင့်သူ့ကို ဆုံးရှုံးသွားတဲ့ လားရှိုးတောင်မှ လွယ်လွယ်ကူကူပြန်ရအောင် တရုတ်က စီစဉ်ပေးခဲ့ တာကို။ ထို့အတူပဲ တရုတ်က လိုအပ်လို့ နောက်ထပ် အဲဒီလမ်းကြောင်းကို မထိန်းနိုင်ဘူး၊ ပြဿနာတွေများမယ် ဆိုရင် မန္တလေးအထိတောင်မှ တရုတ်အနေနဲ့ ဝင်ရောက်ပြီး ထိန်းသိမ်းပေးဖို့ရှိတယ်လို့ ကြားရပါတယ်။ ဒါကြောင့် တရုတ်သမ္မတနဲ့တွေ့တာက ခရီးသွားဟန်နဲ့ တွေ့တာပါ။ တကယ့်ပုံကြီးချဲ့ပြီးတော့ ပြောရင်တော့ တရုတ်ပြည်ကို ဖိတ်ပြီး တရုတ်ပြည်မှာ အခမ်းအနားနဲ့ ကြိုဆိုပြီးတွေ့တာ မဟုတ်ဘဲနဲ့ မော်စကိုမှာ ၂ ယောက် ရောက်နေတုန်းမှာ highline လို့ခေါ်တာပေါ့။ main event ကတော့ ပြီးသွားပြီ highline တွေ့တဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့် highline တွေ့တာကိုတော့ သံတမန်ကိစ္စမှာ အပိုဆုတွေ့တယ်၊ အားပေးစရာရှိ အားပေးမယ်၊ အပြန်အလှန် မိတ်ဆက်မယ်၊ အဲဒီသဘောကို တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်ကတော့ စစ်ကောင်စီ ခေါ်ခေါ် SAC ရဲ့ နောက်မှာ ရပ်ပြတဲ့သဘောကိုတော့ နောက်ထပ် သက်သေတစ်ခု ပြလိုက်တာပေါ့” ဟု ပြောသည်။
သမ္မတရှီက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာ အာဏာနှင့် မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးတို့ကို အမြဲထောက်ခံ အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဟု မေလ ၉ ရက်က နစကဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊ စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို သေချာ အာမခံပေးရန်လည်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်အနေဖြင့် လုံခြုံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ နစက၏ လုပ်ဆောင်မှုများကို စိတ်မချဘဲ စိုးရိမ်ပူပန်မှု များ ရှိသည့်အတွက် ကြိုတင် ဟန့်တားလိုက်သည့်သဘော ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ် သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်
၎င်းက “သူ အဲဒါပူပန်တာလည်းပါတယ်။၊ ဘာဖြစ်လို့လဲဆို ဒီစစ်အစိုးရက သိပ်စိတ်ချရတာ မဟုတ်ဘူးလေ။ တစ်ချက်တစ်ချက် မဘသတွေ ဘာတွေကနေတဆင့် တရုတ်ဆန့်ကျင်ရေးတွေ ဘာတွေလည်း လုပ်တတ်တော့ အဲဒီဟာကို ကြိုဟန့်လိုက်တာ ဖြစ်မယ်ထင်တယ်။ တရုတ်က ဗမာပြည်မှာထားတဲ့ ပေါ်လစီက တစ်သတ်မတ် တည်းပဲ။ သူက ဗမာပြည်ကို တည်ငြိမ်အေးချမ်း စေချင်တယ်။ သူ့ရဲ့ ကျမတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဟာတွေ ကို မထိခိုက်စေချင်ဘူး။ အဲဒီအခြေခံပေါ် ကနေပြီး သူဆွေးနွေးမှာပဲလေ။ နောက်ပြီး တစ်ချက်ပါတာ တွေ့လိုက် တာက ငလျင်လှုပ်လို့ ပျက်စီးသွားတဲ့ ဟာတွေကိုလည်း သူတို့ကူညီပြီး ဖြေရှင်းပေးပါမယ်ဆိုပြီးတော့ စစ်ကောင်စီ ကို ဟိုဒင်းပြုတဲ့သဘောပဲ။ သူက အခုလုပ်နေတာက အပစ်ခတ်ရပ်စဲရေးကို လုပ်နေတာကို။ အဲဒီတော့ ဗုံးကြဲနေ တဲ့ ကိစ္စတို့ဘာတို့ တဖြေးဖြေး လျော့အောင် တွန်းတွန်းတိုက်တိုက် လုပ်နေတယ်ထင်တယ်။ ဟိုဘက်ကိုလည်း လက်နက်ကိုင်အဖွဲ့တွေကိုလည်း ဖြောင်းဖျ၊ စစ်ကောင်စီကိုလည်း ဖြောင်းဖျ အဲဒီလို လုပ်နေတယ်နဲ့တူပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ တောက်လျှောက် တစ်သတ်မတ်တည်းပဲ။ ကျမတို့ ဗမာပြည်ကို ငြိမ်းချမ်းစေချင် တာ၊ ဖွံ့ဖြိုးတိုးတက်စေချင်တာ၊ သူတို့ရဲ့ မဟာဗျူဟာဖြစ်တဲ့ ပိုးလမ်းမစီမံကိန်းတွေ အောင်မြင်အောင်၊ အပျက်အစီး မရှိအောင် ဒါပါပဲ” ဟု ပြောသည်။
တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအပြောင်းအလဲဖြစ်သည့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ထွက်ပြေးသွားပြီး အမေရိကန်နှင့်နီးစပ်သူ မိုဟာမက်ယူနွတ် အစိုးရအဖွဲ့ တက်လာပြီးနောက် မြန်မာနိုင်ငံကို ပိုမို ချဉ်းကပ်လာခြင်း ဖြစ်သည်။
နစကအနေဖြင့် တရုတ်နိုင်ငံခြားရေးဝမ်ယိ၊ တရုတ်ဝန်ကြီးချုပ် လီချန်း အပါအဝင် အထူးကိုယ်စားလှယ်များဖြင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း သမ္မတရှီကျင့်ဖျင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိုလည်း ထပ်မံကတိပြု ပြောကြားခဲ့ပြန်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 632
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၀
မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊ စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို သေချာ အာမခံပေးရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နစကဥက္ကဋ္ဌတို့သည် ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ကိုယ်ပိုင်အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်း လျှောက်လှမ်းခြင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တည်ငြိမ်သင့် လျော်စွာဖြင့် ပြည်တွင်း နိုင်ငံရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် လုပ်ဆောင်ခြင်းကို ထောက်ခံအား ပေးကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောသည်။
၎င်းက “ တရုတ်-မြန်မာ နှစ်နိုင်ငံသည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက် ၍ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးကြီးသော စီမံကိန်းများ တည်ဆောက်မှုကို အဆက်မပြတ် တွန်းအား ပေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊ စီမံကိန်း များ ဘေးကင်းလုံခြုံမှုကို သေချာအာမခံပေးရန်၊ ထို့နောက် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို တိုးမြှင့် တိုက်ဖျက်သွားရန် မျှော်လင့်သည်” ဟု ပြောကြားခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံသည် ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ် (International System)နှင့် နိုင်ငံတကာဥပဒေ အပေါ် အခြေခံထားသော နိုင်ငံတကာစည်းမျဥ်းစည်းကမ်း (International Order)ကို အတူ ထိန်းသိမ်း ကာကွယ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားဝင် အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း သမ္မတရှီ က ထောက်ပြ ဆွေးနွေးခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်း လုံခြုံမှုအား တတ်စွမ်းသမျှ အာမခံပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးသုံးရပ်နှင့် အိမ်နီးချင်းနိုင်ငံများနှင့် အေးအတူပူအမျှအသိုက်အဝန်း အတူတကွတည်ဆောက်သည့် အတွေးအခေါ်အား လွန်စွာချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူလက်တွဲပြီး ဘုံစိန်ခေါ်မှုများအား ရင်ဆိုင် သွားရန် ဆန္ဒရှိကြောင်း” သမ္မတရှီကို ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို လွန်စွာအလေးထားပါကြောင်း၊ တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသော ချစ်ကြည်ရင်းနှီးထိုက်သော အိမ်နီးချင်းအဖြစ် ထာဝရလုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံသည် နှစ်နိုင်ငံကုန်သွယ်ရေး၊ စွမ်းအင် စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားသည်။

ထို့နောက် မြန်မာ့တပ်မတော်နှင့် နစက ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်ရေးများ ပေါ်ပေါက်ကာ မြန်မာနိုင်ငံ တစ်ဝန်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
အဆိုပါ အခြေအနေအတွင်း တရုတ်အစိုးရသည် မြန်မာ့တပ်မတော်နှင့် နစကကို ဘက်လိုက်၍ ကူညီနေသည်ဟု စွပ်စွဲခံနေရသလို မြန်မာ့တပ်မတော်ကို တိုက်ခိုက်ကာ မြို့များစွာကို သိမ်းပိုက်နေသည့် မြောက်ပိုင်းမဟာမိတ်(AA- TNLA-MNDAA)အား ကူညီနေသည်ဟု စွပ်စွဲခံနေရသည်။
ထို့ကြောင့် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးခွဲ တိုက်ခိုက်ခံရသလို ဆန့်ကျင် ဆန္ဒပြမှုများ ရင်ဆိုင်ခဲ့ရ ပြီးနောက် မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းများ၊ ဝန်ထမ်းများ၊ အဖွဲ့အစည်းများ ဘေးကင်းလုံခြုံရေးအတွက် တရုတ်အစိုးရမှ စိုးရိမ်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 660
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ အေးသာယာတွင် ငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၃၅၀ ဖမ်းဆီးရမိခဲ့ကြောင်း နစက,က ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်၌ သတင်းထုတ်ပြန်ခဲ့ သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေလ ၅ ရက် ည ၁၁ နာရီခွဲက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၁)၊ နယ်မြေ (၇၆)ရှိ သန်းထွေးအောင်(ခ)ခေါကြီး၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေစဉ် ၎င်းနှင့်အတူ မချောချောဦး(ခ)မစု၊ အောင်နိုင်ထွန်းဦးတို့ ၃ ဦးအား ဆာလာအိတ် ၁၇၅ အိတ်ဖြင့် ထည့်လျက် ဒေသ ကာလတန်ဖိုး ငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅၀ နှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက,က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် ၎င်းတို့အား ဥပဒေအရ အရေးယူထားသလို ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် ဖော်ထုတ် လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 737
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၉
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖျင်က “တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာနှင့် မြန်မာ နိုင်ငံ တည်ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံ အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်”ဟု ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စများနှင့် ပတ်သက်၍ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၎င်းက “ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန် တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း” ပြောသည်။
ထို့နောက် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်အတူ အေးအတူပူအမျှ အနာဂတ်မျှဝေသော အသိုက်အဝန်း တစ်ခုကို တည်ဆောက်သွားရန်နှင့် အိမ်နီးချင်း နိုင်ငံများဆိုင်ရာ လုပ်ငန်းများအတွက် အခြေခံအသစ်များ ဖော်ဆောင်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် မြန်မာနိုင်ငံအနေဖြင့် အားပေးထောက်ခံပါကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံ တစ်ဝန်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများနက် AA-TNLA-MNDAA တို့ ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့သည်။
ထိုစစ်ဆင်ရေးအတွင်း AA-TNLA-MNDAA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတစ်ခုလုံး နီးပါးနှင့် အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ သိမ်းပိုက်ခဲ့သည်။
တခြားတစ်ဖက်မှာလည်း KIA သည် PDF များနှင့်ပူးပေါင်း၍ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှာ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည်။
ထို့ကြောင့် တရုတ်နိုင်ငံသည် KIA-AA-TNLA-MNDAA တို့နှင့် မြန်မာ့တပ်မတော်ကြား ကြားဝင်စေ့စပ်ပေး၍ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ကြိုးပမ်းပေးလျက်ရှိသည်။
လက်ရှိမှာတော့ တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် MNDAA နှင့် မြန်မာ့တပ်မတော်ကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရထားပြီးဖြစ်သလို TNLA နှင့် မြန်မာ့တပ်မတော်ကြား လည်းကောင်း၊ KIA နှင့် မြန်မာ့ တပ်မတော်ကြားလည်းကောင်း ဆက်လက် ဆွေးနွေးလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 578
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၉
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာခေါင်းဆောင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်က တွေ့ဆုံခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ မစ္စမော်နင်းက ထုတ်ပြန်ပြောကြားခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားခဲ့သော ငလျင်ဘေး ပြန်လည်ထူထောင်ရေးကို တရုတ်နိုင်ငံက ဆက်လက် ပံ့ပိုးကူညီသွားမည်ဟု သမ္မတရှီက ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရေး၊ လွတ်လပ်ရေး၊ နယ်မြေစိုးမိုးရေး နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးတို့ကို တရုတ်နိုင်ငံက အလေးအနက်ထားပြီး ပံ့ပိုးကူညီသွားမည်ဟု သမ္မတ ရှီက ပြောသည်။

“တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လျှောက်လှမ်း ရာမှာ မြန်မာနိုင်ငံကို ပံ့ပိုးကူညီသွားမယ်”ဟု ပြောကြားခဲ့ကြောင်း မစ္စမော်နင်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ မော်စကိုမြို့မှာ မေလ ၉ ရက်တွင် ကျင်းပသည့် ၁၉၄၁-၁၉၄၅ မဟာမျိုး ချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 557
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၉
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားသမ္မတ ပူတင်က ရောက်ရှိလာသော နိုင်ငံတကာမှ ခေါင်းဆောင်များကို ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ရာမှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုး ချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ တရုတ်သမ္မတရှီကျင့်ဖျင်၊ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို၊ ဗီယက်နမ်၊ ဆားဘီးယား၊ ကာဇက်စတန် အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ရန် ရောက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1271
CNI News
၂၀၂၅ ခုနှစ်၊ မေ ၉
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားခံရသည့် “ဝ”တပ်ဖွဲ့ (UWSA)၏ နိုင်ငံရေးအဆင့်အတန်းသည် လွတ်လပ်ရေး မကြေညာရုံအဆင့်အထိ ကြီးမားပြီး အချုပ်အခြာအာဏာ အကုန်ရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြော သည်။
“ဝ”တပ်ဖွဲ့ (UWSA)သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုကို ခရိုင်နှစ်ခုဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားခံရကာ အုပ်ချုပ်နေခြင်းဖြစ်သည်။
အခြားသော တိုင်းရင်းသားလက်နက်ကိုင်များ(EAOs)၏ နိုင်ငံရေး ရည်မှန်းချက်များတွင် “ဝ” ကဲ့သို့ နိုင်ငံရေး အဆင့်အတန်းမျိုး လိုချင်ကြပြီး မရနိုင်ခဲ့ပါ အထူးဒေသအဖြစ် သတ်မှတ်ပေးရေးကို သဘောထားဆန္ဒများရှိ နေကြသည်။

“ဝ” ခေါင်းဆောင်နဲ့ တရုတ်အထူးကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ မစ္စတာဆွန်ကော်ရှန်းကို တွေ့ရစဉ်
ဦးခွန်းဆိုင်က “ဒီဥစ္စာကတော့ “ဝ” အခြေအနေကို ကြည့်ရမှာပေါ့။ “ဝ” အခြေအနေက ဘာလဲဆိုတော့ လွတ်လပ် ရေး မကြေညာရုံ တမယ်ပဲလေ။ သူတို့မှာအကုန်ရှိနေတယ်။ အချုပ်အခြာအာဏာတွေ အကုန်ရှိနေတယ်။ ကိုယ့် တပ်နဲ့ကိုယ် ရှိနေတယ်။ အဲဒီတော့ တရုတ်ကပြောပြောနေတဲ့ တိုင်းပြည်ကတော့ တစ်ခုတည်း စနစ်ကတော့ နှစ်ခု ဆိုတဲ့ဟာမျိုး။ ကျနော်တို့နိုင်ငံက ဘာနိုင်ငံကြီးပဲဖြစ်ဖြစ် ဒီမိုကရေစီပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ပဲဖြစ်ဖြစ် တစ်ပြည် ထောင်ပဲဖြစ်ဖြစ် သူတို့ကတော့ သီးခြားရပ်တည်မယ်ပေါ့နော်။ လွတ်လပ်ရေး မကြေညာရုံတမယ်ပဲပေါ့။ “ဝ”ဆိုရင် သူတို့ အခမ်းအနားလုပ်ရင် ကြည့်လိုက်၊ ပြည်ထောင်စုအလံလည်းရှိတယ်၊ “ဝ”အလံလည်းရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုတပ်က ဝင်လို့မရဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
အာရက္ခတပ်တော်(AA)သည် ၎င်း၏ အနိမ့်ဆုံး နိုင်ငံရေးအဆင့်မှာ “ဝ”ကဲ့သို့ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းကို ရလိုပြီး အမြင့်ဆုံးအနေဖြင့် သီးခြားလွတ်လပ်သော နယ်မြေထူထောင်ရေး ရည်မှန်းချက်များ ရှိနေကြောင်း ပြောကြားထားဖူးသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့ကာ တစ်နှစ် ကျော်ကြာ ကာလအတွင်း ရခိုင်ပြည်နယ်၏ မြို့နယ် ၁၇ မြို့နယ်၌ ၁၄ မြို့ကို သိမ်းပိုက်ထားသည်။
“ဝ” အနေဖြင့် ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် နိုင်ငံရေးအဆင့်အတန်းမျိုး ရရှိခြင်းမှာ နိုင်ငံတော်ကို ကာကွယ်ရေး အတွက် ဆောင်ရွက်ပေးခဲ့သည့် ဖြစ်စဉ်များကြောင့်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

AA ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်
၎င်းက “အရင်တုန်းက ယိုးဒယားနဲ့ နယ်စပ်ပြဿနာဖြစ်တော့ အဲဒီတုန်းက SURA ပေါ့။ အခုတော့ ငြိမ်းချမ်းရေးယူ ထားတဲ့ ဦးယွက်စစ်တို့ ဘာတို့ သူတို့အဖွဲ့တွေနဲ့ တိုက်ကြတဲ့အချိန်မှာ “ဝ”က မြန်မာဘက်ကနေ ကာကွယ်ပြီး တော့ နယ်မြေပိုင်းဆိုင်ရာ ပြောရရင်တော့ မြန်မာ့တပ်မတော်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ဝင်ပြီးတော့ နိုင်ငံတော်ကာကွယ်ရေး အင်အားစု ချထားခဲ့ဖူးတယ်။ အဲဒီတော့ ခုနကပေးတဲ့ “ဝ” ဒေသပေးတဲ့ ကိစ္စရပ်တွေမှာ သူတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ပေးတာရှိတယ်။ “ဝ” ရဲ့ ဖြစ်တည်လာမှုနဲ့ သူနေရာ ရထားတဲ့ ဟာတွေက အဲဒီအပေါ်မှာ မူတည်ထားတာ။ AA က “ဝ”ပုံစံမျိုး လိုချင်တယ်ဆိုတော့ ဟုတ်ပြီ။ အဲဒီတော့ နိုင်ငံ တော်ကာကွယ်ရေးအတွက် သူဘာလုပ်ထားလဲဆိုတာ ပြန်မေးရမှာ။ “ဝ”ရဲ့အဆင့်အတန်း ဘယ်လိုရှိလဲဆိုရင် နိုင်ငံတော်ကို ကာကွယ်ထားတဲ့ ကာကွယ်မှုကြောင့်၊ နဝတ၊ နယကခေတ်မှာ တစ်ခုခုတော့ ဒါကို ပြန်လည် ချီးမြှောက်မှု ရှိသင့်တယ်ဆိုတဲ့ ပုံစံနဲ့ နောက်ပိုင်းတွေ ငြိမ်းချမ်းရေးဘာညာက အသေးစိတ်ပေါ့။ အဓိက အကြောင်း အရင်း တစ်ချက်ကတော့ ဒါပါ။ အဲဒါကြောင့်မို့လို့ အခြေခံဥပဒေရေးဆွဲတဲ့အချိန်မှာ ဒါကိုထည့်ခဲ့တာ။ “ဝ”အဆင့် အတန်းထက် ကျော်လွန်ပြီး လိုချင်တယ်ဆိုရင်တော့ “ဝ” အဆင့်အတန်းမျိုး ရောက်အောင် AA က ဘာလုပ်ခဲ့လဲ ဆိုတဲ့ မေးခွန်း အရင်ဖြေဖို့လိုတယ်။ အဲဒါမဖြေနိုင်ရင်တော့ “ဝ”လို အဆင့်အတန်းမျိုး မပြောနဲ့ အခုလက်ရှိနေရာ တောင် ကောင်းကောင်း ရပ်တည်အောင် သူကြိုးစားရမယ်လို့ ထင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟူ၍ သတ်မှတ်ပေးထားသည်။
