- By CNI
- Category: နိုင်ငံရေး
- Hits: 1092
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်လိုက်သည့်အပေါ် ဒေသခံများက လုံခြုံရေးစိုးရိမ်မှုများ ရင်ဆိုင်နေရသည်ဟု ဒေသခံ များက ပြောသည်။
ဗန်းမောက်မြို့သိမ်း ထိုးစစ်ဆင်မှုကို KIA၊ ကဒူးတပ်ဖွဲ့၊ PDF ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှ စတင်ခဲ့ ပြီး စက်တင်ဘာ ၂၀ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။
ဗန်းမောက်ဒေသခံ ကိုစိုင်းလင်းက “အခု ဗန်းမောက်မြို့ကို KIA ရော၊ ကဒူးတပ်ဖွဲ့ရော၊ တခြား PDF တွေကို ရောက်လာတယ်။ ထိန်းချုပ်ထားတယ်ဗျ။ ရှမ်းနီ SNA ရော၊ တပ်ရော ဆုတ်သွားတယ်။ ဒါပေမယ့် ဒေသခံတွေက မပျော်နိုင်ဘူးဗျ စိုးရိမ်မှုတွေပဲ ဖြစ်နေကြတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်က လေယာဉ်နဲ့ ဗုံးတွေ ကြဲနေတယ်။ အဲတော့ KIA က တစ်ရက် ပိုထိန်းချုပ်လေ တစ်ရက်ပိုပြီး မြို့က ပျက်လေဖြစ်မှာ။ ဒေသခံတွေလည်း မယုံသင်္ကာ ဖြစ်ပြီး ဖမ်းတာဆီးတာ သတ်တာဖြတ်တာတွေ မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူးလေ။ ဒါကြောင့် ဒေသခံတွေ က မြို့သိမ်းတာမဟုတ်ဘဲ မြို့လာပျက်တယ်လို့ မြင်ကြတာ။ သူတို့လုံခြုံရေးကိုလည်း စိတ်ပူနေကြရတယ်”ဟု ပြောသည်။
ဗန်းမောက်မြို့နယ်ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ က အဓိက လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ဖော်ဆောင်ပေးလျက်ရှိပြီး တပ်မတော်၏ တပ်မ ၇၇ ကတော့ ဗန်းမောက်မြို့ပေါ်မှာ လုံခြုံရေးဆောင်ရွက်သည်။

ဗန်းမောက်မြို့အတွင်းကို တွေ့ရစဉ်
လက်ရှိ ဗန်းမောက်မြို့ကို KIA၊ PDF၊ ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးနောက် တပ်မတော် က စက်တင်ဘာ ၂၁ ရက်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။
KIA-PDF ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်သည့် ဗန်းမော်မြို့ကို တပ်မတော်က လေကြောင်းတိုက်ခိုက်ခြင်းနှင့် မြေပြင်ထိုးစစ်ပြန်လည် ဆင်ခြင်းကြောင့် မြို့ပျက်ခြင်းဖြစ်သွားသည်ကို လေ့လာကြည့်ပါက ဗန်းမောက်ဒေသခံ များ၏ စိုးရိမ်မှုသည် လက်တွေ့ဆန်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ရေး အခြေအနေကို လေ့လာစောင့်ကြည့် နေသူ တစ်ဦးက ပြောသည်။
၎င်းက “ ဗန်းမောက်မြို့ ဒေသခံတွေရဲ့ စိုးရိမ်မှုကလည်း လက်မခံလို့ မရဘူး။ တကယ့် လက်တွေ့မှာ သူတို့ စိုးရိမ် သလိုဖြစ်နေတာတွေကလည်း ရှိနေတာကိုး။ ဥပမာ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ KIA-PDF တို့ သိမ်းပိုက်တဲ့ မြို့ တွေ၊ သိမ်းပိုက်ခဲ့တဲ့ မြို့တွေကို လေ့လာကြည့်ရင်လည်း မြင်နိုင်ပါတယ်။ ထီးချိုင့်မြို့ အခု ပျက်သွားပြီ၊ ကောလင်း မြို့ ပျက်သွားပြီ ဒီ ၂ မြို့လုံးကို KIA-PDF မထိန်းနိုင်ဘူး စစ်တပ်လက်ထဲ ပြန်ရောက်သွားတယ်။ ဒါပေမယ့် မြို့က ပျက်သွားပြီး ဒေသခံတွေက စစ်ဘေးသင့်သလို ရှိသမျှ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးသွားကြရတယ်။ ပင်လည်ဘူးမြို့ကိုလည်း လေ့လာကြည့်နိုင်ပါတယ်။ ဒီအခြေအနေကို မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်တဲ့ တော်လှန် ရေး အင်အားစုတွေက ပြန်သုံးသပ်သင့်တယ် ထင်တယ်”ဟု ပြောသည်။
လက်ရှိတွင် SNA တပ်ဖွဲ့သည် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထားပြီး စစ်ပွဲအတွက် ပြင်ဆင်နေ သလို ဗန်းမောက်မြို့ ပြန်လည် ရရှိရေးအတွက်လည်း ပြင်ဆင်လျက်ရှိနေသည်။

KIA-PDF မြို့သိမ်းပြီးနောက် ဗန်းမော်မြို့ပျက်သွားသည်ကို တွေ့ရစဉ်
အလားတူ မြန်မာ့တပ်မတော်ကလည်း လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ဆင်လာပါက ဗန်းမောက်မြို့ သည် မြို့ပျက်ကြီး ဖြစ်သွားမည်ကို စိုးရိမ်နေကြသလို ဒေသတွင်နေ ပြည်သူများသည်လည်း စစ်ဘေးရှောင် ဘဝရောက်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ဗန်းမောက်မြို့မှ လုပ်ငန်းရှင်တစ်ဦးက “ အရင် SNA က ဗန်းမောက်မြို့ကို လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အဓိက ယူတယ်။ တပ်က မြို့ပေါ်မှာ ဒီတိုင်းနေပြီး သူ့ဘာသာ အေးဆေးနေတယ်။ သူတို့နှစ်ဖက် ပြဿနာမရှိဘဲ ဗန်းမောက်မြို့ကို တည်ငြိမ်အောင် လုပ်ထားနိုင်တော့ ဒေသခံတွေက အေးအေးချမ်းချမ်းနဲ့ နေထိုင်ကြတယ်။ စီးပွားရေး လုပ်ကိုင်ရှာဖွေလို့ရတယ်။ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ အခုက တော်လှန်ရေးတပ်ဖွဲ့က ဗန်းမောက်မြို့ကို သိမ်းလိုက်တော့ တစ်ဖက်က ပြန်တိုက်ခိုက်လာမှာပဲလေ။ အဲကျ မြို့ကပျက်တော့မှာကို ဒေသခံ တွေက စိုးရိမ်နေကြတာ”ဟု ပြောသည်။
ဗန်းမောက်မြို့သည် ကချင်ပြည်နယ်ဝင်ရောက် မြို့များအနက် တစ်ခုဖြစ်သည့်အတွက် KIA သည် ကချင်ပြည်နယ် အတွင်းသို့ မြန်မာ့တပ်မတော်၏ ထိုးစစ်ရောက်ရှိမလာနိုင်ရေး ဖြတ်တောက်ခြင်း သို့မဟုတ် ဟန့်တားနိုင်ရေး ကြို တင် ပြင်ဆင်ရန် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

ထီးချိုင့်မြို့တွင်း မီးလောင်နေသည်ကို ၂၀၂၃ နိုဝင်ဘာလအတွင်း တွေ့ရစဉ်။
ထို့နောက် KIA သည် ဟုမ္မလင်းမြို့နှင့် ကသာမြို့များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြေလည်း ရှိကြောင်း၊ သို့သော် KIA သည် ဗန်းမောက်မြို့ကို မည်မျှ ကြာကြာထိန်းချုပ်နိုင်မလဲကိုတော့ စောင့်ကြည့်ရအုံးမည် ဖြစ်ကြောင်း၊ KIA သည် ရှမ်းနီဒေသများကို ဦးတည်တိုက်ခိုက်နေခြင်းကလည်း SNA နှင့် ရှမ်းနီ အင်အားကို ဖြတ်တောက်ရန် ကြိုးပမ်းနေတာလည်းဖြစ်နိုင်ကြောင်း ၎င်းက ထောက်ပြသည်။
KIA သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြို့သိမ်း တိုက်ပွဲများဖော်ဆောင်နေခြင်းနှင့်အတူ တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း၍ ညှိနှိုင်းမှုများပြလုပ်နေ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 701
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀
တပ်မတော်အတွက် နာမည်ကောင်းကျန်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက် သွားကြရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင် တပ်နယ်မိသားစုများနှင့် တွေ့ဆုံ စဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတော် ကာကွယ်ရေးအတွက် ကာကွယ်ရေးစွမ်းပကားများ တိုးတက်စေ ရေး မိမိတို့အနေဖြင့် ဆောင်ရွက်သွားရမည်၊ မိမိကိုယ်ကို ကောင်းအောင် ထိန်းသိမ်းဆောင်ရွက်ပြီး တပ်မတော် သားကောင်းများ ပီသစွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်ကို ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ တပ်မတော်အတွက် နာမည်ကောင်း ကျန်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက် သွားကြရန်လိုကြောင်း” ပြောသည်။
ယနေ့ခေတ်သည် သတင်းမီဒီယာခေတ်ဖြစ်သည်နှင့်အညိ လူမှုကွန်ရက်များ အသုံးပြုရာတွင်လည်း အကျိုးမဲ့ ဖြစ်စေမည့် မိမိနှင့် မိမိတို့၏ အဖွဲ့အစည်းကို ထိခိုက်စေနိုင်မည့် လုပ်ဆောင်ချက်များ မဖြစ်အောင် တစ်ဦးချင်း အသိတရားဖြင့် အသုံးပြုကြရန်လိုကြောင်း၊ တာဝန်ရှိသူများကလည်း စစ်ဆေး ကြပ်မတ်ပေးနေရန်လိုကြောင်း ၎င်းက ပြောသည်။

အုပ်ချုပ်မှုကောင်းအောင်၊ သက်သာချောင်ချိမှုများရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် တပ်မတော်သား တစ်ဦးချင်းစီ စိတ်ဓာတ်များလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ် တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီး ၄ ရပ်ကို အလေးထား လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသည် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော် က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ အုပ်ချုပ်လျက်ရှိသည်။
ထို့နောက် မြန်မာ့တပ်မတော်ကို တစ်နိုင်ငံလုံးတွင် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြခဲ့ကြသလို ဖြုတ်ချရေးအတွက် လည်း လက်နက်ကိုင်တော်လှန် လာခဲ့ကြသည်။
နိုင်ငံတကာကလည်း သံတမန်ဆက်ဆံရေးများ ဖြတ်တောက်ကာ အထီးကျန်ဘဝကို ရောက်ရှိအောင် ဆောင်ရွက် ခဲ့ကြသည်။
သို့သော် အိန္ဒိယ၊ တရုတ်၊ ထိုင်း စသည့် နိုင်ငံများက သံတမန်ဆက်ဆံရေး ဆက်လက်ထားရှိကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့မှ ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ထုတ်ဖော် ပြောကြားလာခြင်းကြောင့် နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေး ပြန်လည် အားကောင်းလာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 453
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၁၁ လက်အောက်ခံ တပ်ရင်း ၁၂ နေရာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့ ညပိုင်းတွင် လေကြောင်း တိုက်ခိုက်ခံရခြင်းဖြစ်ပြီး သေဆုံးသူ ၁၇ ဦး ရှိလာပြီး ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးရုပ်အလောင်းတွေကို တွေ့ရစဉ် (KNG)
အဆိုပါ တပ်ရင်း ၁၂ နေရာတွင် KIA က စစ်သင်တန်းပေးရန်အတွက် ပြင်ဆင်နေစဉ်မှာ လေကြောင်း တိုက်ခိုက်ခံ ရခြင်းဖြစ်ကြောင်း KIA နှင့်နီးစပ်သူများက ပြောသည်။
လက်ရှိတွင် KIA သည် ဗန်းမောက်မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေသလို ဗန်းမော်မြို့ထိန်းချုပ်နိုင်ရေး တိုက်ပွဲကိုလည်း ဖော်ဆောင်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 515
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
တီမောနိုင်ငံ(တီမောလက်စ်တေနိုင်ငံ)မှ မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ဆောင်ရွက်ခြင်း ခွင့်ပြုမည်မဟုတ်ကြောင်း တီမောနိုင်ငံခြားရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရိတ်တက်စ်က ပြောသည်။
ဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရိတ်တက်စ်သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် နေပြည်တော်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်က တွေ့ဆုံ ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် တီမောနိုင်ငံ၊ ဒီလီမြို့၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန်လည်း ကမ်းလှမ်းခဲ့သည်။
ဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံ ပဋိညာဥ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက် စွက်ဖက်မှု မပြုဘဲ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို တိုးမြှုပ်သွားကြရန် အလေးထား ဆွေးနွေးသဘောတူခဲ့သည် ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ အာဆီယံ နိုင်ငံများအကြား ချုပ်ဆိုကြသည့် နှစ်နိုင်ငံ သံတမန်နှင့် အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက်လည်းကောင်း၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း တိုးမြှုပ်ရေးအတွက် ပြည်ဝင် ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ်တို့ကို ချုပ်ဆိုနိုင်ရေးကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
တီမောနိုင်ငံသည် မြန်မာ့တပ်မတော်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ကို ဖြုတ်ချ ရေး ဆန့်ကျင် တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို အသိအမှတ်ပြုကြောင်းနှင့် နိုင်ငံအတွင်း မှာ ရုံးဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း သမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက ပြောထားဖူးသည်။
တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာနှင့် NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ၂၀၂၄ ခုနှစ်က ကုလသမဂ္ဂညီလာခံ ပြင်ပ၌ တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ဇင်မာအောင်က မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့က တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်ရေး လျှောက်ထားမှုကို ဆန့်ကျင် ကန့်ကွက်ခဲ့သည်။
အဆိုပါ အခြေအနေများအတွင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီး ချုပ် မိုဒီ၊ ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါ၊ အင်ဒိုနီး ရှားသမ္မတ ဘရာဘိုဝို အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များဖြင့် တွေ့ဆုံ ဆွေးနွေးကာ ထောက်ခံမှုများ ရရှိလာ ပြီးနောက်မှာ တီမောနိုင်ငံ၏ ရပ်တည်ချက် ပြောင်းလဲလာသည်ကို တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 451
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ကျင်းပသည့် (၁၂) ကြိမ်မြောက် ဘေကျင်းရှန်းစန်းဖိုရမ်(12th Beijing Xiangshan Forum)သို့ မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်၍ ဆွေးနွေးခဲ့ကြောင်း နေပြည်တော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်တက်ရောက်ရန်အတွက် ဘေကျင်းမြို့သို့ ရောက်ရှိခဲ့သည်။
ထို့နောက် စက်တင်ဘာ ၁၇ ရက်က ဘေကျင်းမြို့ ပါယိခန်းမ၌ တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း(Dong Jun)နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာကဏ္ဍစုံ၌ ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စစ်ဘက် နည်း ပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများ စေလွှတ်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ ဗိုလ်ချုပ်ကြီး တုန်ကျွင်းတို့ တွေ့ဆုံ ဆွေးနွေးနေစဉ်
စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းမှာတော့ ဘေကျင်းရှန်းစန်းဖိုရမ်(12th Beijing Xiangshan Forum) ဖွင့်ပွဲ အခမ်းအနားနှင့် စုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက Strategic Mutual Trust and Security Cooperation in the Asia-Pacific Region ခေါင်းစဉ်ဖြင့် Plenary Speech ပြောကြားခဲ့ သည်။
အဆိုပါ ဖိုရမ်သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကာကွယ်ရေးဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ စစ်ဦးစီးချုပ်များနှင့် ကျွမ်းကျင် သူများ ကိုယ်စားလှယ် စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 626
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်နေသော နယ်မြေများရှိ မဲဆန္ဒ ရှင်များ၏ မဲပေးပိုင်ခွင့် အခြေအနေနှင့် ကိုယ်စားလှယ်လောင်း တင်သွင်းကြမည့် အခြေအနေများ မည်ကဲ့သို့ ဖြစ်တည်လာနိုင်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက စောင့်ကြည့်နေကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲကို အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ်ကြောင်း၊ ကျန်မြို့နယ်များကို အပိုင်း(၂-၃)အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ စုစုပေါင်း မဲဆန္ဒနယ် ၁၂၁ နေရာတို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်းကိုလည်း UEC က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲကို ၂၆၇ မြို့နယ်မှာ ကျင်းပမည်ဟု UEC က ကြေညာထားသည်ထက် ပိုနေခြင်းကြောင့် ပြဿနာမရှိ ကြောင်း၊ တခြားအင်အားစု နယ်မြေများတွင် ကိုယ်စားလှယ်လောင်းတင်ရန် ခက်ခဲဖြစ်လိမ့်မည်ဟုထင်ကြောင်း အမျိုးသားဒီမိုကရက်တစ်အင်အားစုပါတီ(NDF)တွဲဖက်ဥက္ကဋ္ဌဟောင်း ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲထည့်နေစဉ်
၎င်းက “တချို့ ဘယ်လိုပြောမလဲဆိုတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အနေနဲ့က ပါရင်ပါသွားမှာကို ဒီပြည်သူ့ လွှတ်တော်အနေနဲ့ကလည်း သိပ်ဟိုဟာ မဖြစ်ဘူးပေါ့။ ပြည်သူ့ လွှတ်တော်အနေနဲ့ကတော့ ပါမှာပေါ့။ အဲလို ဆိုတဲ့ အခါကြတော့ လက်ရှိ အနေအထားအရ ဆိုရင် စစချင်း UEC ကြေညာထားတဲ့ဟာ ၂၆၇ မြို့နယ် ကျင်းပပါ မယ် ဆိုတာထက်တောင် ပိုနေတဲ့အတွက်ကြောင့် ဒါသိပ်တော့ ပြဿနာမရှိဘူး။ ဒါပေမယ့် တစ်ခုပဲရှိတယ်။ ဘာလဲဆိုတော့ အဲလို နေရာမျိုးတွေကတော့ တခြား အင်အားစုအနေနဲ့က ဒီကိုယ်စားလှယ်လောင်း တင်ဖို့က ခက်ခက်ခဲခဲ ဖြစ်လိမ့်မယ်ထင်တယ်။ ဥပမာပေါ့နော် ပါတီတစ်ခုပဲ တင်ထားမိတယ်ပေါ့။ ကိုယ်စာလှယ်လောင်း အနေနဲ့က ပါတီတစ်ခုပဲ တင်ထားမိတယ် တစ်ဖက် တခြားဘက်က မတင်ထားမိဘူးဆိုရင် အဲဟာကို ရွေးကောက် ပွဲ ဆက်လက်ပြီး ကျင်းပစရာ မလိုဘဲနဲ့ အဲတင်ထားတဲ့ လူတွေ ကိုယ်စားလှယ်ကို အနိုင်ပေးပြီးတော့မှ အဲလိုမျိုး ခုနက အနေအထားမျိုး ပေါ်လာခဲ့သည်ရှိသော် ဒီတင်ထားမိတဲ့ ပါတီကပဲ လွှတ်တော်ကိုယ်စားလှယ် တစ်ခါတည်း တန်းဖြစ်သွားမယ်။ ရွေးကောက်ပွဲလည်း ကျင်းပစရာမလိုဘူး။ မဲလည်းပေးစရာ မလိုဘူးဆိုတဲ့ အနေအထား ဖြစ် သွားမှာပေါ့နော်။ အဲလိုမျိုးတော့ မြင်ရပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင် သော အခြေအနေနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မဲဆန္ဒနယ်တိုင်းတွင် အပြိုင်ရှိမည်ဟု ယူဆထားကြောင်း၊ NDF လို အားကောင်းသည့်ပါတီ ပြုတ်သွားသော ကြောင့် ယှဥ်ပြိုင်နိုင်မည့် ပါတီမရှိသလောက် ဖြစ်သွားမည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ပြည်သူများ မဲထည့်ရန်စောင့်နေကြစဉ်
၎င်းက “လူအခွင့်အရေးမှာတော့ နိုင်ငံသားတိုင်းက မဲပေးပိုင်ခွင့်ရှိရမယ်။ ဒါကြောင့် နိုင်ငံသား တစ်ယောက်ဟာ မိမိရှိရာ အရပ်ကနေပြီးတော့ နေခဲ့တဲ့ မဲဆန္ဒနယ်ကို ကြိုပေးလို့လည်း ရနိုင်ပါတယ်။ အခု ရန်ကုန်မှာရှိတဲ့ ရခိုင် စစ်ပြေး စစ်ရှောင်တွေ ထောင်ဂဏန်း သိန်းဂဏန်း ရှိပါတယ်။ တချို့ကလည်းပဲ ဒီရခိုင်မှာရှိတဲ့ မဲဆန္ဒနယ်တွေ အတွက် အဝေးကနေ ပေးလို့လည်း ဖြစ်နိုင်ပါတယ်။ အဲဒီနည်းနဲ့ပဲ မဲဆန္ဒနယ် တော်တော်များများက မတည်ငြိမ် ပေမဲ့လည်း မဲပေးလို့ရအောင် စီစဥ်ထားတဲ့ သဘော တွေ့ရပါတယ်။ နောက်ပြီးတော့ မဲဆန္ဒနယ်လည်းပဲ တော်တော်လေး များများ ရနိုင်မယ်လို့ ယူဆပါတယ်။ မဲဆန္ဒနယ်မြေ တစ်ခုမှာ ကိုယ်စားလှယ်လောင်းက သူ့တွက် မဲ ဘယ်လောက်ဘဲ ရရလေ နိုင်မယ့်သဘောမျိုးဖြစ်တာပေါ့။ သူ့ကို ယှဥ်ပြိုင်တဲ့လူ မရှိဘူးဆိုရင် မဲဆန္ဒနယ်မှာ အဲဒီ တစ်ယောက်က အလိုအလျှောက် အရွေးခံပြီးသား ဖြစ်သွားတာပေါ့။ သို့သော်လည်းပဲ မဲဆန္ဒနယ်တိုင်းမှာတော့ အပြိုင်တော့ ရှိမယ် လို့ ယူဆပါတယ်။ NDF လို အားကောင်းမောင်းသံ ပါတီကတော့ ပါတီပြုတ်သွားတဲ့ အခါကြ တော့ အဓိက ယှဥ် ပြိုင်နိုင်မဲ့ ပါတီက မရှိသလောက် ဖြစ်သွားတယ်။ ဒါကြောင့် တချို့နေရာမှာ တချို့မဲဆန္ဒနယ်မှာ တစ်ယောက်ပဲ ဝင်တာလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ ကျန်တဲ့လူ မပြိုင်ဘူးဆိုရင်တော့ မဲဆန္ဒနယ်မှာ အလို အလျှောက် ရွေးချယ်ပြီးသား ဖြစ်သွားနိုင်ပါတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ရွေးကောက်ပွဲ ကျင်းပရန် ကြေညာထားသော မဲဆန္ဒနယ် တချို့သည် လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသော မြို့နယ်များ ပါဝင် နေသလို လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်သည့် မြို့နယ်များ ပါဝင်နေသည်။
ထို့ကြောင့် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများသည် ကိုယ်စားလှယ်လောင်း ရွေးချယ်ရ ခက်ခဲနေသလို ရွေးကောက်ပွဲ ဝင်ပြိုင်ရန်လည်း လုံခြုံရေးအခက်အခဲများ ကြုံတွေ့နေကြရသည်။
အလားတူ မဲစာရင်းပါသော မဲဆန္ဒရှင်များ အနေဖြင့်လည်း ရွေးကောက်ပွဲတွင် မဲပေးရန်အတွက် လုံခြုံရေး စိုးရိမ်မှု များ ရှိနေကြောင်း ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1072
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့် ပြင်းထန်လာခြင်းနှင့်အတူ ရှမ်းလက်နက်ကိုင် ၃ ဖွဲ့၏ နိုင်ငံရေး အခြေအနေ ဘယ်လိုရှိလဲဆိုသည့်အပေါ် စစ်ရေး နှင့် နိုင်ငံရေးအကဲခတ်များကြား စောင့်ကြည့်လေ့လာနေကြသည်။
ရှမ်းပြည်နယ်နှင့် ရှမ်းမျိုးနွယ်စုများ နေထိုင်ရာ ဒေသများသည် သယံဇာတ ပေါကြွယ်ဝကာ တိုင်းရင်းသား လူမျိုးစုံနေထိုင်သည့် ဒေသဖြစ်ကြသည်။
ရှမ်းလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း၌ မြန်မာ့တပ်မတော်နှင့် ပူးပေါင်း၍ တိုက်ပွဲဝင်နေခြင်း မရှိသကဲ့သို့ တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍လည်း မြန်မာ့တပ်မတော် ကို တော်လှန်နေခြင်းမျိုး မရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ယခုကဲ့သို့ မည်သည့်ဘက်ကမျှ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ဝင်မပါကြခြင်းသည် လူထုဒုက္ခနှင့် နိုင်ငံအရေး အခြေအနေ ပိုမို ဆိုးရွားသွားနိုင်သည်ဟု ယူဆထားကြသည့်အတွက် ဖြစ်နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “RCSS ကတော့ ၂၀၁၁ ခုမှာ နှစ်ဖက် အပစ်ရပ်ကို ထိုးပြီးကတည်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုထဲမှာ သူက တစိုက်မတ်မတ် ရပ်တည်ခဲ့တာကို။ ဒါကြောင့်မို့လို့ အခုလည်း သူက ဒီဟာကို ဆက်ပြီးတော့မှ ရပ်တည်နေတာပေါ့။ တခြားအကြောင်းလည်း ရှိချင်လည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အဓိက အကြောင်းအရင်းကတော့ ဒါပါပဲ။ အခု သူပါဝင်သွားမယ်ဆိုရင် အခြေအနေ ပိုကောင်းလာမယ့်အစား၊ အခြေအနေ က ပိုပြီးတော့မှ ဆိုးရွားလာနိုင်တယ်လို့ မြင်တာလည်း ရှိမှာပေါ့။ SSPP ကတော့ သူတို့က FPNCC ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တယ်။ ဒီ FPNCC ကလည်း နိုင်ငံရေးအရ ပူးပေါင်းထားတာရှိတယ်။ ဒီနိုင်ငံရေးအရ ဦးဆောင်နေတဲ့ “ဝ” က လည်း အခုအခြေအနေမှာ စစ်ရေးနည်းထက် နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ဆိုပြီးမှ ရပ်တည်ထားတဲ့ အခါကြတော့ SSPP လည်း အဲဒီဘက်ကို လိုက်တယ်လို့ ထင်တယ်၊ တွေ့နိုင်ပါတယ်။ နောက်တစ်ခုက မကြာခင်တုန်းက သူတို့ရဲ့ ခေါင်းဆောင် တချို့နဲ့ တွေ့တုန်းကလည်း သူတို့ပြောတာက ကျနော်တို့ တိုက်လို့ ဘာထူးလာမှာလဲ၊ လူထုက ပိုပြီး တော့မှတောင် ဒုက္ခရောက်ဦးမယ်။ အခုသူတို့ဖြစ်နေတဲ့ ဒုက္ခတွေက သိပ်ကြီးနေပြီ။ တကယ်လို့ ကျနော်တို့ တိုက် ရင် ပိုပြီးတောင် ဆိုးရွားလာနိုင်တယ်။ ဒါကို ကျနော်တို့ မြင်တယ်။ ဒါကြောင့် သူတို့က အခု အခြေအနေမှာ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အခွင့်အလမ်းကို စောင့်နေတယ်လို့ ပြောပါတယ်” ဟု ပြောသည်။
RCSS ခေါင်းဆောင်များသည် ယခင် နစက လက်ထက်၌ ဥက္ကဋ္ဌဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် ဆွေးနွေးပွဲများကို မကြာခဏ တက်ရောက်လေ့ရှိပြီး RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို ၂၀၂၂ ခုနှစ်အတွင်းက ဝဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့သေးသည်။
ထို့ပြင် SSPP သည် “ဝ”လက်နက်ကိုင်အဖွဲ့ UWSA က ဦးဆောင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)တွင် အဖွဲ့ဝင် မဟာမိတ်လက်နက်ကိုင်အဖြစ် ပါဝင်ထားသည်။

SNA တပ်ဖွဲ့ကို တွေ့ရစဉ်
သို့သော် ထို ၃ ဖွဲ့အနေဖြင့် မြန်မာ့တပ်မတော်နှင့် ရံဖန်ရံခါ ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပေါ်တတ်ပြီး RCSS နှင့် SSPP တို့ တပ်ဖွဲ့ဝင်များအကြားလည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်တတ်ကာ SNA အနေဖြင့်လည်း KIA-PDF ပူးပေါင်း တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။
ရှမ်းလက်နက်ကိုင် ၃ ဖွဲ့သည် ရှမ်းအရေးကိုကြည့်ကာ အမှား၊ အမှန်ကို ဆုံးဖြတ်ထားကြသည့်အတွက် ယခုကဲ့သို့ မည်သည့် အင်အားစုဘက်မှ မပါဘဲ နေကြခြင်းဟုမြင်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက် ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြောရမှာတော့ နည်းနည်းတော့ ခက်တာပေါ့နော် သူတို့ရဲ့ သဘောထားဆိုတဲ့ အခါကြတော့။ ကျနော့်ရဲ့ အမြင်ကတော့ အမှား၊ အမှန်ကို သူတို့ ၃ ဖွဲ့လုံးကမြင်တယ်လို့ ကျနော့် အနေနဲ့မြင်တယ်။ ဘယ်သူက မှားတယ်၊ ဘယ်သူက မှန်တယ်ပေါ့ ပြည်ထောင်စုအရေးအတွက်။ သူတို့ဘက်ကတော့ ဘယ်လိုရှိမလဲ ကျနော်မပြောတတ် ပေမယ့်လည်း ကျနော့်အမြင်က အဲဒီလိုပဲမြင်တယ်။ ထိန်းကျောင်းမှုရယ်လို့တော့ မပြောတတ်ဘူး။ SNA နဲ့ ပတ်သက်လို့ ဟိုတုန်းကတော့ မြန်မာ့တပ်မတော်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိတယ်ပေါ့။ အခုနောက်ပိုင်း ၂၁ နောက်ပိုင်းတော့ တော်တော်လေး ရင်းရင်းနှီးနှီး ဖြစ်သွားကြတယ်။ နောက်ပြီးတော့ SSPP တို့၊ RCSS တို့ဆိုရင် တော့ အားလုံးက ထိတွေ့မှုတော့ မရှိကြဘူး။ သူတို့ဆက်စပ်မှု ရှိတယ်ဆိုတာတော့ သူတို့အတွင်းရေး ကိစ္စတော့ မပြောလိုပေမယ့်လည်း သူတို့လည်း ရှမ်းအရေးကို ကြည့်ပြီးတော့မှ ဘယ်သူကမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ သူတို့ဆုံးဖြတ်ထားလို့ ဒီလိုပဲနေကြတယ်လို့ ကျနော့် အနေနဲ့မြင်တယ်။ ထိတွေ့မှု ကြတော့လည်း နောက်ကွယ်မှာ ရှိကောင်းရှိမှာပေါ့” ဟု ပြောသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) တို့နှင့်အတူ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ ဖိတ်ကြားချက်အရ ပန်းဆန်းမြို့ကို သွားရောက်ခဲ့ကြသည်။
ထိုတွေ့ဆုံမှုတွင် “ဝ”ဘက်မှ မဟာမိတ် လက်နက်ကိုင် အဖွဲ့များ၏ စစ်ရေးလွယ်ကူ ချောမွေ့စေရေး အကြောင်း ခံပြီး မည်သည့် လက်နက်ကိရိယာ၊ ငွေကြေး အကူအညီကိုမှ ပေးတော့မည် မဟုတ်ကြောင်း အသိပေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 724
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈
နိုင်ငံတကာ စီးပွားရေးဈေးကွက်တွင် လိုအပ်ချက် ကြီးမားလာသည့် မြေရှားသတ္တုကိစ္စသည် မြန်မာ့နိုင်ငံရေး ဈေးဆစ်မှုတွင် အင်မတန် အရေးပါလာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် မြေရှားသတ္တုများသည် ကချင်ပြည်နယ် ဒေသတစ်ခုတည်း၌ ရှိခြင်းမဟုတ်ဘဲ ရှမ်း၊ စစ်ကိုင်း အပါအဝင် အခြားဒေသများတွင်ပါ မြေရှားသတ္တုများရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ CNI သတင်းဌာနသို့ ပြောသည်။
မြေရှားသတ္တုကိစ္စသည် မြန်မာ့နိုင်ငံရေး ဈေးဆစ်မှုတွင် အင်မတန် အရေးပါလာနိုင်သည့်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် မြေရှားသတ္တု တူးဖော်ရေးနှင့်ပတ်သက်၍ မည်သူ့ကိုမျှ အပြည့်အဝ သဘော တူညီချက် ပေးမည်မထင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြေရှားသတ္တုက ဗမာပြည် ကချင်မှာပဲရှိတာ မဟုတ်ဘူး။ ရှမ်းမှာလည်း ရှိတယ်။ တော်တော်များများမှာ ရှိတယ်။ ဦးပိုင် ကိုယ်တိုင်ကနေပြီးတော့မှ တပ်မတော်က ချုပ်ကိုင်ထားတဲ့ နယ်မြေထဲမှာဆိုရင် အနည်းဆုံး ၅ နေရာလောက်ရှိတယ်လို့ ပြောတယ်။ ဒါ မြေရှားလို့ ခေါ်ပေမယ့် မရှားသလို ဖြစ်နေတာပေါ့။ အဲဒါကြောင့်မို့လို့ ဒီမြေရှားကိစ္စဟာ သူဟာ နိုင်ငံရေးဈေးဆစ်မှုမှာ သူက အတော်ကြီး အရေးပါလာမှာတော့ သေချာတယ်ပေါ့ဗျာ။ ဒါကိုလည်း တပ်ချုပ်ကြီးလည်း လူလည်ပဲ။ လိမ္မာပါးနပ်တဲ့ သူတစ်ယောက်ပဲ သူလည်းဒါကို သိပါတယ်။ သိတော့ အားလုံးကိုသူက အရမ်းသဘောတူညီချက် ပေးမယ်လို့တော့ မထင်ဘူးပေါ့” ဟု ပြောသည်။

မြေရှားသတ္တုများ တူးဖော်ထားသည်ကို တွေ့ရစဉ်
တရုတ်နိုင်ငံ အကောက်ခွန်ဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ မြန်မာမှ တရုတ်သို့ မြေရှားသတ္တု တင်သွင်းမှုသည် ၂၀၂၀ ပြည့်နှစ်က တန်ချိန် ၁၇,၄၀၀ သာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၄၀,၀၀၀ အထိ မြှင့်တက်သွားခဲ့သည်။
သို့သော် တရားမဝင် တူးဖော်သည့် လုပ်ငန်းများ၏ သဘောသဘာဝအတိုင်း ထိုကာလအတွင်း အမှန်တကယ် မြေရှားသတ္တု ထွက်ရှိသည့် တန်ချိန်ပမာဏ အတိအကျကို မသိရှိရပေ။
မြေရှားသတ္တုဆိုသည်မှာ ကမ္ဘာအနှံ့အပြားရှိ စမတ်ဖုန်းများ၊ လျှပ်စစ်ကားများ၊ စစ်လက်နက်များ၊ တိုက်လေယာဉ် များ၊ နည်းပညာမြင့် ပစ္စည်းများ စသဖြင့် ထုတ်လုပ်မှုများတွင် မရှိမဖြစ် လိုအပ်လျက်ရှိသည်။
မြေရှားလုပ်ကွက်ပေါင်း ၃၀၀ နီးပါး ရှိနေသည့် ပန်ဝါဒေသ အပါအဝင် ကချင်ပြည်နယ်ထဲမှ မြေရှားသတ္တု ထွက်ရှိ ရာ ဒေသများကို ပြည်သူ့စစ်ခေါင်းဆောင် စခုန်တိန့်ယိန်းဆီကနေ KIA မှ သိမ်းပိုက်ထားသည်။
ကချင်ပြည်နယ်တွင်း မြေရှားသတ္တုတူးသည့် ကုမ္ပဏီများသည် ယေဘုယျအားဖြင့် တရုတ် ရင်းနှီးမြှုပ်နှံသူများ အတွက် အမည်ခံလုပ်ငန်းများအဖြစ် တူးဖော်သကဲ့သို့ ၎င်းတို့နှင့် အကျိုးတူ ပူးပေါင်း၍လည်း တူးဖော်ကြကြောင်း သိရသည်။
လက်ရှိတွင် တရုတ်ဘက်မှ မြေရှားသတ္တု တူးဖော်တင်ပို့သည့် လုပ်ငန်းများနှင့် ဝင်ငွေများသည် KIA ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေကြောင်း သိရသည်။

မြေရှားသတ္တုများ တူးဖော်ထားသည်ကို တွေ့ရစဉ်
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့် ယခင်ကလည်း ဖားကန့်ကို လွတ်မြောက်နယ်မြေ ကြေညာပေး ရန် တောင်းဆိုခဲ့ဖူးကာ လက်ရှိတွင်လည်း မြေရှားကိစ္စကို အသုံးချကာ နိုင်ငံရေး အပေးအယူ မလုပ်ဘူးဟု ပြော၍ မရကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ၁၉၉၄ ခုနှစ် KIO/KIA ငြိမ်းချမ်းရေး ယူစဉ်အခါတုန်းက နိုင်ငံရေးလေ့ကျင့်မှု အနေနဲ့ ဖားကန့် ကို လွတ်မြောက်နယ် မြေကြေညာပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ ဒီနေ့လည်း သူတို့ အဲဒီမြေရှားကိစ္စကို ကိုင်ပြီးမှ နိုင်ငံရေးမှာ အပေးအယူ မလုပ်ဘူးလို့ ပြောမရဘူးပေါ့လေ။ အခုကမ္ဘာမှာလည်း မြေရှားက နံပါတ်တစ် ဖြစ်လာ တယ်လေ။ ကျနော်တို့ မြန်မာ့မြေရှားကလည်း ကမ္ဘာ့ရှားပါး မြေရှား ၃ မျိုးထဲမှာ မြန်မာပြည်မှာ ထွက်ရှိတယ်။ ထွက်ရှိတဲ့အခါကြတော့ အဲဒီမြေရှားနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအရ တော်တော်လေး အရေးပါလာမှာ။ နိုင်ငံရေးအတွက် အရေးပါတယ်လို့ ကျနော်ပြောချင်တယ်။ နောက်ပြီး ရရှိတဲ့ဝင်ငွေကလည်း ကြောက်ခမန်းလိလိ ဖြစ်တာပေါ့။ ထုတ်လုပ်တဲ့ အခါကြတော့လည်း အစိုးရချင်း ဆက်ဆံပြီးမှ ထုတ်လုပ်တယ်ဆိုရင်တော့ ပြည်သူတွေ သက်တောင့်သက်သာရှိမယ်။ အခုက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးထုတ်တဲ့ အခါကြတော့ လုပ်ချင် တိုင်း လုပ်နေကြတော့ ပြည်သူတွေက ဘာမှမပြောတာ။ ဆန္ဒပြရင်လည်း ခဏပဲဖြစ်နေတာလေ။ အဲဒါကြောင့်မို့ လို့ပါ။ မြေရှားက မြန်မာ့နိုင်ငံရေးမှာတော့ အရေးပါတဲ့ ကဏ္ဍတစ်ရပ်ကို ရောက်ရှိလာလိမ့်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
ကော်မရှင်ဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် မြေရှားသတ္တု တူးဖော်ရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက် အိန္ဒိယသတ္တုတွင်းဝန်ကြီးဌာနက KIA ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ သတ္တုတွင်းများမှ နမူနာများကို စုဆောင်းရယူရန်အတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများအား တိုက်တွန်း ထားကြောင်း ရိုက်တာက သတင်းဖော်ပြထားသည်။
KIA သည် အိန္ဒိယသို့ မြေရှားသတ္တု အများအပြား တင်ပို့ရောင်းချရန် ဖြစ်နိုင်မည်ဆိုပါက မြေရှား နမူနာများကို လေ့လာခွင့်ပေးရန် သဘောတူခဲ့သည်ဟုလည်း အမည်မဖော်လိုသည့် KIA အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း လည်း ရိုက်တာက ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကိုလည်း မြန်မာနိုင်ငံ၊ KIA နယ်မြေမှ မြေရှားသတ္တုများကို အိန္ဒိယမှ တဆင့် ရယူနိုင်ရေး ကြိုးပမ်းသင့်သည်ဟု အကြံပြုစာတမ်းများ တင်သွင်းမှုများ ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 572
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈
မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားခြင်းကြောင့် ရက်ပေါင်း ၉၀ အတွင်း မြန်မာ့တပ်မတော်က လက်နက်ကိုင် အဖွဲ့အစည်းတချို့ နယ်မြေများကို သူ့အုပ်ချုပ်ရေး နယ်မြေဖြစ်အောင် လုပ်လာနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ စုစုပေါင်း မဲဆ န္ဒနယ် ၁၂၁ နေရာတို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲသည် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအား အာဏာအပ်နှင်းပြီးသည့်နောက် ရက် ၉၀ အတွင်း တွင် မိမိအုပ်ချုပ်ရေးနယ်မြေဖြစ်အောင် လုပ်မည်ဆိုသည့် သဘောဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနကိုပြောသည်။
၎င်းက “ရွေးကောက်ပွဲလုပ်မယ့် ရက်က ဒီဇင်ဘာ ၂၈ မှ လုပ်မှာနော်၊ အဲတော့ နစက,က ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို အာဏာအပ်နှင်းပြီးတဲ့နောက်မှာ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီသည် ကာကွယ်ရေးဦးစီးချုပ်ကို သီးသန့် အာဏာအပ်နှင်းတာရှိတယ်။ အဲဒါက ၆၃ မြို့နယ်နဲ့ ပတ်သက်လို့ စစ်အုပ်ချုပ်ရေး ကြေညာထားတယ်။ တိုင်းမှူးတွေကို အာဏာအပ်နှင်းထားတာ ဖြစ်တယ်။ အဲတော့ အဲလို အာဏာအပ်နှင်းထားတဲ့ ရက်က ၉၀ အန်ကယ်တို့ နားလည်သလောက်ပဲ။ အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြည့်မယ် အခုရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်တွေထဲမှာ တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းတွေ အုပ်ချုပ်တဲ့ မြို့နယ်တွေ ပါတယ်ဆိုရင် အဲမြို့နယ် တွေကို ခုနကပြောတဲ့ ရက် ၉၀ အတွင်းမှာ မိမိအုပ်ချုပ်ရေး နယ်မြေဖြစ်အောင် လုပ်မယ်ဆိုတဲ့သဘော ပထမ တစ်ချက် ဒီလိုပဲ သုံးသပ်လို့ရတာပေါ့။ သို့မဟုတ် အနှေးအမြန်ရအောင်ကို လုပ်မယ်ဆိုတဲ့ စီမံနော်၊ ဒါသူတို့ရဲ့ အစီအစဉ်ထဲမှာပါမှာပေါ့”ဟု ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
လက်ရှိတွင် မြန်မာ့တပ်မတော်သည် ရွေးကောက်ပွဲ ကျင်းပရန် ကြေညာထားသော မြို့နယ်များ လုံခြုံရေးအတွက် တော်လှန်ရေးအင်အားစုများကို ထိုးစစ်ဆင် တိုက်ခိုက်ကာ နယ်မြေ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။
ထို့ကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းမှာ မြန်မာ့တပ်မတော်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ ပြင်းထန်နေသည်။
အဆိုပါ တိုက်ပွဲများကြောင့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ် စသဖြင့်ရှိကြောင်း သိရသည်။
သို့သော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် ၁၀၂ မြို့နယ်မှာ စတင်ကျင်းပမည် ဖြစ်သည်။
ထို့နောက် ဇန်နဝါရီလတွင် ကျန်ဒေသများကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
