
- By CNI News
- Category: နိုင်ငံရေး
- Hits: 894
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉
ကိုယ်ပိုင် ထုတ်လုပ်သော Shot Gun များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာမြို့နယ်မှ သြဂုတ် ၁၉ ရက်နေ့ တွင် အများပြည်သူ သိရှိနိုင်စေရန်ဟုဆိုကာ ထုတ်ပြခဲ့သည်။
အဆိုပါ Shot Gun များကို 12 Gauge ကျည်ဖြင့် အသုံးပြုရကြောင်း၊ ချေမှုန်းရေးနှင့် ကာကွယ်ရေးအတွက် ထိ ရောက်သော လက်နက်များ ဖြစ်ကြောင်း မုံရွာမြို့နယ် ပကဖက ထုတ်ပြန်ခဲ့သည်။
မုံရွာမြို့နယ် ပကဖထုတ် လက်နက်များ
၎င်းက “ ကာကွယ်ရေး ရဲဘော်များနှင့် ရပ်ကျေး ပကဖများထံလည်း အတိုင်းအတာတစ်ခုအထိ တပ်ဆင်ထား ပြီး ဖြစ်သည်။ မြို့နယ် ပကဖ၏ ထုတ်လုပ်ရေးလုပ်ငန်းများ ထိရောက်စွာ အလက်ရေများများ ထုတ်လုပ်နိုင်ရန် ရံပုံငွေများ ထည့်ဝင်ကူညီပေးကြဖို့ တစ်ပါတည်း တိုက်တွန်းလိုက်ရပါသည်။ များများထုတ် မြန်မြန်တပ်ဆင် စနစ်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်”ဟု ပြောသည်။
မုံရွာမြို့နယ် ပကဖသည် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကာ မြန်မာ့တပ်မ တော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1076
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုဥက္ကဋ္ဌ ဦးဝင်းသော်တို့ကို တာဝန်မှ အနားပေးပြီး ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် နစက-က ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်သွားသည်။
ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်လာသူ ဒေါ်သန်းသန်းဆွေသည် ၂၀၂၂ ခုနှစ်၊ ဧပြီ ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့ နယ်၊ ရွှေဂုံရိပ်မွန်အိမ်ရာ တိုက်သုံးလွှာ အခန်း ၁၄ တွင် နေထိုင်နေစဉ် အမည်မသိ သေနတ်သမားက လာရောက်၍ ပစ်ခတ် လုပ်ကြံခြင်း ခံခဲ့ရသူ ဖြစ်သည်။
လက်ရှိတွင်လည်း ဒေါ်လာနှင့် ရွှေဈေးနှုန်း ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ယူ ကိုင်တွယ် နေသူလည်း ဖြစ်သည်။
ထို့နောက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်၏ နေရာတွင် ဦးဇော်မြင့်နိုင်ကို အစားထိုး ခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရသည်။
အလားတူ နစကသည် ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ရာမှာလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ဝန်ကြီး ဦးချစ်နိုင်တို့ကိုလည်း တာဝန်မှ အနားပေးခဲ့သည်။
ဦးခင်ရီ နေရာတွင် ဦးမြင့်ကြိုင်ကို အစားထိုး တာဝန်ပေးခဲ့သည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1418
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉
ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်သူ ဦးငွန်ဆန်းအောင်ကို တာဝန်မှ အနားပေး လိုက်ကြောင်း နစက-က သြဂုတ် ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဒေါက်တာဝုန်ဆွန်းထန်ကို ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးလိုက်ကြောင်း တစ်ဆက်တည်း ထုတ်ပြန်သွားသည်။
ဒေါက်တာဝုန်ဆွန်းထန်ကို ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်းထုတ်ပြန်ချက်
ချင်းပြည်နယ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပေါက်ဖွားလာခဲ့သော နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေသော ဒေသတစ်ခု ဖြစ်သည်။ အဆိုပါ လက်နက်ကိုင် ပဋိပက္ခ ကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသလို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့၏ သံသယဝင်ခံရသူများလည်း ဖမ်းဆီး ရိုက်နှက်ခံရမှုများ ရင်ဆိုင် ကြုံတွေ့နေရသော ဒေသဖြစ်သည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 956
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုး၍ ယနေ့ (သြဂုတ် ၁၉ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပြင်ဆင်ဖွဲ့စည်းမှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာ ကို ဦးခင်ရီအစား ဦးမြင့်ကြိုင်ဖြင့် ပြောင်းလဲထားသလို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူနေသော ဒေါက်တာအောင်နိုင်ဦးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးထားသည်ကို တွေ့ရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1187
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉
နစကနှင့် အပစ်ရပ်ထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တွေ့ဆုံ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
နစကနှင့် တစ်ဖွဲ့ချင်း မဟုတ်ဘဲ အစုအဖွဲ့နှင့် တွေ့ဆုံနိုင်သည့် အခင်းအကျင်းကို တောင်းဆိုခဲ့ကြောင်း၊ လက်ရှိ ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဒုတိယအကြိမ် ပြန်စတင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သို့ ပြောသည်။
ဗိုလ်မှူးကြီး စောကျော်ညွန့်က “ကျနော်တို့ သွားပြီးသား အဖွဲ့ကနေပြီးတော့ အဲဒီလိုမျိုး တစ်ဖွဲ့ချင်းစီ မဟုတ်ဘဲနဲ့ စုပြီးတော့ သွားနိုင်တဲ့ အခင်းအကျင်းကိုလည်း ကျနော်တို့ တောင်းဆိုခဲ့တယ်။ သို့သော်လည်းပဲ ၇ ဖွဲစလုံး၊ ၁၀ ဖွဲ့ စလုံး သွားနိုင်တဲ့ အခင်းအကျင်းတော့ ကျနော်တို့ မလုပ်နိုင်သေးဘူး။ လောလောဆယ်ကတော့ ၃ ဖွဲ့ပေါ့လေ။ ပြန် လည်ပြီးတော့ ၂၁၊ ၂၂၊ ၂၃ အဲဒီရက်တွေမှာပေါ့လေ ဒုတိယအကြိမ်ပေါ့လေ၊ ပြန်ဖိတ်ထားတာ ရှိတယ်ခင်ဗျ။ အခုဆို ရင် ဒုတိယအကြိမ် ပထမဦးဆုံး အနေနဲ့ကတော့ လာမယ့် ၂၂ ရက်နေ့ဆိုရင် ကျနော်တို့ PNLO ရယ်၊ ALP ရယ်၊ ပြီးတော့ LDU ရယ် အဲဒီ ၃ ဖွဲ့ ကနေပြီးတော့ စုပြီးတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ဆိုပြီးတော့ ပြည်လည် ဖိတ်ခေါ်ထားတာ ကျနော်တို့ တွေ့ရတယ်ခင်ဗျ။ ကျန်တဲ့ အဖွဲ့တွေကြတော့လည်း ဘယ်လိုဆက်ပြီးတော့ အကြောင်းကြား လာမလဲဆိုတာတော့ ကျနော်တို့ မသိရသေးဘူး” ဟု ပြောသည်။
PNLO နဲ့ နစက ဥက္ကဋ္ဌ တွေ့ဆုံစဉ်
နစက-က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယခုလအတွင်း ဒုတိယအကြိမ် ပြန်စတင်မည် ဖြစ်ကြောင်း၊ အဖွဲ့ ၁၀ လုံး ကို အုပ်စုဖွဲ့ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို့အတူ စက်တင်ဘာလမှာလည်း ပြန်ဆွေးနွေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ဩဂုတ် ၁၆ ရက်တွင် ပြောထားသည်။
အဆိုပါ တွေ့ဆုံမှုအပြီး သဘောတူ လက်မှတ်ထိုးနိုင်ရေး ကြိုးစားမည်ဖြစ်ကြောင်း၊ အခြေခံ သဘောတူညီချက် ရရှိထားပြီး ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
လက်ရှိ ၃ ဖွဲ့ ဖိတ်ကြားမှုအရ PPST အစုအဖွဲ့ကို ဖိတ်ကြားသည့် ပုံစံမဟုတ်သည့်အတွက် အဆိုပါကိစ္စကို PPST အနေဖြင့် ညှိနှိုင်းတိုင်ပင်ခြင်းမျိုး မလုပ်ဆောင်နိုင်သေးကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
၎င်းက “၃ ဖွဲ့ကိုတော့ ဖိတ်လိုက်တဲ့ အကြောင်းကြားစာအရ ကြည့်လိုက်မယ်ဆိုရင် တော်တော်လေး အကြောင်း အရာ တွေက ကျယ်ပြန့်တယ်လို့ ပြောလို့ရမှာပါခင်ဗျ။ ပြီးခဲ့တဲ့ ကျနော်တို့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁၊ ၂၊ ၃ အပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ဆင်နိုင်မလဲဆိုပြီးတော့ အဲဒီလိုမျိုး ဆွေး နွေးတဲ့ အချက်အလက်ပါမှာ ဖြစ်သလို နောက်ဆုံး ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက်စာချုပ် အစိတ် အပိုင်း ၄ မှာပါတဲ့ ၂၀၂၀ အလွန် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေလည်းပဲ ရှေ့ဆက်ဘယ်လို အကောင် အထည် ဖော်ဆောင်နိုင်မလဲဆိုတာကို ညှိနှိုင်းဆွေးနွေးဖို့ အဲဒီ ကိစ္စရပ်တွေလည်း ဆွေးနွေးမှာ ဖြစ်ပြီးတော့ တော် တော်လေး ကျယ်ပြန့်တယ်လို့ ပြောလို့ ရပါတယ်ခင်ဗျ” ဟု CNI သို့ ပြောသည်။
ALP နဲ့ နစက ဥက္ကဋ္ဌ တွေ့ဆုံစဉ်
နစကနှင့် ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုး သား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော်/ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့မှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးထားသည်။
အလားတူ NCA မရေးထိုးရသေးသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေ စီ မဟာမိတ်တပ်မတော် (NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့မှ ခေါင်းဆောင်များ လည်း နစကနှင့် တွေ့ဆုံ ဆွေးနွေးထားကြသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1144
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၈
မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကို ရန်ကုန်လူငယ် တချို့က သြဂုတ် ၁၈ ရက်တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
မစ္စနိုလင်းဟေဇာသည် သြဂုတ် ၁၆ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်တို့နှင့် တွေ့ဆုံ၍ အကြမ်းဖက်မှုများ ရပ်တန့်ရေး ဆွေးနွေးခဲ့သည်။
ထို့နောက် ရန်ကုန်လူငယ်တချို့က UN ကို မြန်မာပြည်သူများမှ အလွန်အမင်း စိုးရိမ်နေကြောင်း၊ လူ့အခွင့် အရေးပြောသည့် ကမ္ဘာကြီးက အကြမ်းဖက်နှင့်လက်ဆွဲ နှုတ်ဆက်တာလား ဆိုသော ဆိုင်းဘုတ်များ ကိုင် ဆောင်၍ ဆန္ဒပြခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 2133
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၈
မြန်မာနိုင်ငံကို ပြည်ထောင်စုစစ်စစ် မတည်ဆောက်နိုင်ဘဲ တော်လှန်ရေးများ အရှိန်မြင့်လာ၍ နိုင်ငံများ ထွက်ပေါ် လာပါက နိုင်ငံတည်ဆောက်နိုင်ရေး တအာင်း(ပလောင်)လူမျိုးများ ပြင်ဆင်ထားရန် လိုအပ်သည်ဟု ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြော သည်။
သြဂုတ် ၁၈ ရက်တွင် ထုတ်လွှင့်ခဲ့သော PSLF/TNLA ၏ သတင်းပြန်ကြားရေးဌာနနှင့် အင်တာဗျူးမှာ ၎င်းက အထက်ပါအတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် တားဘုန်းကျော်က “ နိုင်ငံရေး ရေချိန်အရ မြှင့်တက်လာမယ်၊ ပထဝီနိုင်ငံရေး အခြေအနေ၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအပေါ် မူတည် သွားပြီးတော့ ဒီနိုင်ငံဟာ ပြည်ထောင်စုတောင် မတည်ဆောက် နိုင်တော့ဘူးဆိုရင် အစိတ်စိတ် အမွာမွာကွဲပြီးတော့ နိုင်ငံငယ်တွေလည်း အများကြီး ထွက်သွားနိုင်တယ်။ ဒါကြောင့်မလို့ ကျနော်တို့လူထုတွေ ကျနော်တို့ တအာင်း (ပလောင်)လူထုတွေလည်း ဒါသေချာ စဉ်းစားဖို့လို တယ်။ ကျနော်တို့ကို ကျနော်တို့ သေချာ ပြင်ဆင်နိုင်ဖို့ လိုတယ်။ ဒီပြည်ထောင်စုနိုင်ငံ တကယ် တည်ဆောက် တဲ့အချိန်မှာ ကျနော်တို့လည်း ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့လူမျိုး ကျနော်တို့ ကာကွယ်သွားဖို့ ၊ တည် ဆောက် နိုင်ဖို့အတွက် အဆင်သင့် ကျနော်တို့ ကြိုးပမ်းဆောင်ရွက် သွားဖို့လိုတယ်။ အဲလိုမှ မဟုတ်ဘူး ပြည် ထောင်စု တည်ဆောက်လို့ မရဘူး၊ ပထဝီနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး တစ်ခုကြောင့် လိုအပ်ချက်ကြောင့် တော် လှန်ရေးတွေ သိပ်အရှိန်မြင့်လာလို့ နိုင်ငံတွေ ထွက်လာမယ်ဆိုလည်း ကျနော်တို့ နိုင်ငံတည်ဆောက်နိုင်ဖို့ အဆင့်လည်း ကျနော်တို့ ပြင်ဆင်သွားဖို့လိုပါတယ်”ဟု ပြောသည်။
PSLF/TNLA တပ်ဖွဲ့ဝင်များ
လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့နောက် တပ်မတော် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ပြန်လည် တည်ဆောက်ရေး တောင်းဆို ဆန္ဒပြမှုများကနေ လက်နက်ကိုင် တော်လှန်ရေးအထိ ကျယ်ပြန့်လာ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည် နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
သို့သော် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်-မိုးမိတ်ဘက်တွင် လှုပ်ရှားလျက်ရှိ သော တအာင်း(ပလောင်) လက်နက်ကိုင် PSLF/TNLA သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိတော့ ဘဲ တည်ငြိမ်လျက်ရှိနေသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်အထိ မြန်မာ့တပ်မတော်နှင့် TNLA ကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားခဲ့သော်လည်း ယခုအခါမှာတော့ တိုက်ပွဲများ ငြိမ်သက်လျက်ရှိသည်။
PSLF/TNLA သည် တအာင်း(ပလောင်) ပြည်နယ် ရရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် လက်နက် ကိုင် တော်လှန်ရေးကို လျှောက်လှမ်းနေခြင်း ဖြစ်သည်။
PSLF/TNLA မှ ဗိုလ်မှူးချုပ် တားဘုန်းကျော်က “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီတန်းတူညီမျှခွင့်။ ဒီအခွင့်အရေးတွေ ကြောင့်ပဲ ကျနော်တို့က ဒီလို လက်နက်ကိုင် တော်လှန်ရေးကို လုပ်နေရခြင်းဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော် တို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်လွတ် လပ်ခွင့်က ကျနော်တို့အတွက် တော်တော်ကို အရေးကြီးတဲ့ အခန်း ကဏ္ဍဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ အခု တော်လှန်ရေးကို လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာကို မရှင်းနိုင်ဘူးဆိုရင်လည်း ဒီမြန်မာ နိုင်ငံက ဒီလိုပဲ ပြဿနာတွေ လုံးချာလည် ရိုက်နေမယ်။ အာဏာသိမ်းမှု သံသရာ လည်နေမှာပဲ ဖြစ်တယ်”ဟု ပြောသည်။
ထို့နောက် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်မည်ဆိုပါကလည်း ကရင်၊ ချင်း၊ ကချင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုသည့် လူမျိုးကြီး ၈ မျိုးကို ဦးတည်ပြီး တည်ဆောက်၍ မရကြောင်း၊ ကျန် လူမျိုးစုတွေ ကိုလည်း တန်းတူထည့်သွင်း စဉ်းစားတည်ဆောက်မှသာ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တန်းတူညီမျှရေးဆိုသည်မှာ လက်တွေ့မဖြစ်ဘဲ လူမျိုးကြီး ၈ မျိုး၏ နောက် ဒုတိယတန်းစား အနေဖြင့်ပဲ ကျန်လူမျိုးများက ဖြစ်တည်နေရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 814
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ၏ ခရီးစဉ်မှာ တိုင်းပြည်အတွက် အကျိုး သက်ရောက်မှု ရှိဦးမှာ မဟုတ်ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သို့ ပြောသည်။
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ပြစ်ဒဏ်စီရင်ပြီးနောက် ကုလသမဂ္ဂအနေဖြင့် နစကနှင့် တွေ့ဆုံမှုမှာ တိုင်းပြည်အတွက် တိုးတက်မှု ပြောပလောက်အောင် သက်ရောက်မှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။
ခွန်မြင့်ထွန်းက “ကျနော်က တစ်ခုပဲ ပြောရမယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့ ဆက်ဆံရေးပဲ ပြောပြော၊ အခု ကိုဂျင်မီတို့၊ ဖြိုးဇေယျာသော်တို့၊ ကိုသူရအောင်တို့ အပါအဝင်ပေါ့နော်၊ လေးဦးကို ဒီလိုမျိုး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာတစ်ခုလုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ ကြားကနေပြီးတော့မှ ဒီလို ကွပ်မျက်ခဲ့တာ။ ကွပ်မျက် ခဲ့တာဖြစ်တဲ့ အခါကြတော့ ဒီနေ့ ကုလသမဂ္ဂကနေပြီးတော့ ဒီလို စစ်ကောင်စီနဲ့ တွေ့တယ်ဆိုတဲ့ဟာကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိ တိုးတက်မှု ဖြစ်စဉ်အပေါ်မှာတော့ ပြောပလောက်အောင်တော့ သက်ရောက်မှု ရှိဦးမှာ မဟုတ်ဘူးလို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။
မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံဆွေးနွေး ထား ပြီး ဖြစ်သည်။
ဒီမိုကရေစီအရေး တောင်းဆိုကြသူများ (ဖရွန်းတီးယားမြန်မာ)
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေဖြင့် တစ်နှစ်ခွဲအတွင်းမှာ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်မှာ အပြောင်းအလဲ ကြီးကြီးမားမား မရှိနိုင်သေးကြောင်း၊ သို့သော်လည်း လက်ရှိ တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းများကို တစ်ခုချင်းစီ ချဉ်းကပ်သွားရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ယဉ်စိုးက CNI သို့ ပြောသည်။
နန်းယဉ်ယဉ်စိုးက “လက်ရှိ အခြေအနေတွေပေါ်မှာ ဘယ်လောက်အထိ ဖြေရှင်းနိုင်မလဲဆိုတဲ့ အနေအထားလည်း ရှိသေးတာကို။ ဆိုတဲ့အခါကြတော့ အတိအကျကြီး ပြောဖို့ဆိုတာထက် ဆွေးနွေးတဲ့ ရလဒ်ပေါ်မှာပဲ ပထဦးဆုံး အနေနဲ့ ချဉ်းကပ်မှု အပိုင်းကတော့ ဘယ်လို ပုံစံနဲ့ ဆွေးနွေးကြမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ် ပြီးတော့မှ အစ်မတို့ တစ်ဆင့်ချင်းတော့ သွားရမှာပေါ့။ ဒါကလည်း တစ်နှစ်ခွဲအတွင်းမှာ သူ့ကို ပထမဦးဆုံးအကြိမ် SAC ဘက် ကလည်း ပြန်ပြီးတော့မှ ပြည်ဝင်ခွင့်ပေးတဲ့ သဘောအပေါ်မှာ ဘယ်လို တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပြုလုပ်ကြမလဲ ဆိုတာတော့ အစ်မတို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီကနေ တဆင့်ပြီးတော့မှ အစ်မတို့ နောက်တဆင့်ကို ပြန် ပြီး တက်လှမ်းရမှာပေါ့နော်၊ ဥပမာ ပရတ်ဆိုခွန် ခရီးစဉ်လိုပေါ့၊ ပထမတစ်ကြိမ်လာတယ်၊ ဒုတိယတစ်ကြိမ် လာ တယ်၊ အဲဒီလိုမျိုး ပုံစံလေးတွေနဲ့တော့ ချဉ်းကပ် သွားရမယ်လို့ မြင်တယ်၊ Research ကြီးကြီးမားမား၊ တိတိကျကျ နဲ့ သွားဖို့ဆိုတာကတော့ ဆွေးနွေးတဲ့ ရလဒ်ပေါ်မှာပဲ မူတည်ပါတယ်” ဟု ပြောသည်။
လက်ရှိတိုင်းပြည်၏ အရေးကိစ္စကို ကုလသမဂ္ဂအနေဖြင့် အလေးထား ဖြေရှင်းရန် လိုအပ်ကြောင်း PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
PPST အဖွဲ့၀င်များနဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန် တွေ့ဆုံစဉ်
၎င်းက “ကုလသမဂ္ဂကတော့ ဒါအခု စစ်ကောင်စီကို တရားဝင်မှု ပေးတာမဟုတ်ဘူးဆိုတာ ကြိုတင်ပြီး ထုတ်ပြန် တာကိုက ကျနော်တို့ တရားရုံးမှာ သမ္မတကြီးဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်ကလည်း အဓိက ကျပါတယ်။ ဘာလို့လဲ ဆိုတော့ စစ်ကောင်စီကို စစ်ကောင်စီက အာဏာလွှဲယူတယ်လို့ ပြောတယ်၊ တကယ့်တကယ်က အာဏာသိမ်း ထားတယ်၊ သမ္မတကြီး ဦးဝင်းမြင့်က သူအာဏာသိမ်း ခံထားရတယ် ဆိုတာကိုလည်း တရားရုံးမှာ ပြောထားတယ် ဆိုတော့ ဒါကြောင့် ကုလသမဂ္ဂကတော့ စစ်ကောင်စီကို အသိအမှတ် ပြုဖို့ကတော့ အခက်အခဲ အများကြီးရှိမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ တိုင်းပြည်ရဲ့ အရေးကိစ္စကို ကုလသမဂ္ဂက အလေးအနက်ထားပြီး ဖြေရှင်းတယ်ဆိုတာ ဖြစ်ဖို့ကတော့ လိုတယ်၊ ဖြစ်ဖို့လိုတော့ ဒီကိုဂျင်မီ အပါအဝင် လေး ယောက်ကို ဒီလို သေဒဏ်ပေး ကွပ်မျက်ခဲ့တဲ့ဟာက နိုင်ငံတကာ အသိုင်းအဝိုင်း တစ်စုံလုံးကနေပြီးတော့ တစ်ခု လုံး ကနေပြီးတော့ ကန့်ကွက်တဲ့ကြားက လုပ်ခဲ့တာဖြစ်တယ်၊ လုပ်ခဲ့တာဖြစ်တဲ့ အခါကြတော့ စစ်ကောင်စီ အနေ နဲ့ကတော့ ဒီအချိန်မှာ ဘယ်သူနဲ့ပဲ တွေ့ရတွေ့ရ အသိအမှတ် ပြုတယ်လို့ပဲ ပြောပြော၊ အသိအမှတ် မပြုဘူးလို့ပဲ ပြောပြော သူ့အတွက်ကတော့ ဒါကတော့ ကောက်ရိုးလေး တစ်မျှင်လို ဖြစ်မှာပေါ့” ဟု ပြောသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် နစကတို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။
မစ္စနိုလင်းဟေဇာ၏ ရုံးကတော့ ဖမ်းဆီးထားသော လူငယ်များကို ပြန်လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့် ရေး ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 854
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်တွင် မကြာခဏ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံ ကျေးရွာသားများ အသက်သေဆုံးမှုနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတို့ ကြုံတွေ့နေရသည့်အတွက် မည်သည့် အဖွဲ့အစည်းမဆို ကိုယ်ထောင်သည့်မိုင်း ကိုယ်တာဝန်ယူကြရန် ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးဖေသန်းက “ကိုယ်ထောင်တဲ့မိုင်းကို ကိုယ်တာဝန်ယူကြဖို့ပေါ့။ မိုင်းထောင်တယ်ဆိုတာ ရန်သူကို ထောင်တာပါ။ ပြည်သူကို ထောင်တာမဟုတ်ဘူး။ အခု အခြေအနေမျိုးက ရန်သူမထိဘဲ ပြည်သူချည်းပဲ ထိနေတာပေါ့။ အဲဒါ ကြောင့် ဘယ် အဖွဲ့အစည်းကမဆို ကိုယ်ထောင်တဲ့ မိုင်းတွေကို ကိုယ်တာဝန်ယူဖို့ အဲဒါကတော့ လူသားပီသဖို့ လို တယ်ပေါ့။ မြေမြှုပ်မိုင်း လုပ်ထားတာကို ဘယ်သူမှလဲ သိတာမဟုတ်ဘူးလေ။ ဘယ်နေရာမှာ မြှုပ်ထားတယ် ဆို တာ သိနိုင်တာ မဟုတ်ဘူး။ မိုင်းကိုတောင်မှ မြင်ဖူးတဲ့လူတွေ မရှိဘူး။ ဆိုတော့ ဒီလို အခြေအနေ မျိုးမှာလည်း တပ်မတော် အနေနဲ့လည်း မိုင်းတွေ ဆက်ပြီး ထောင်နေမယ်ဆိုရင်တော့ ဒီကိစ္စက ဆက်ဖြစ်နေဦးမှာပဲ။ အဓိက ကတော့ ကိုယ်ထောင်တဲ့ မိုင်းတွေကို ကိုယ်ပြန်ပြီးတော့ စခန်း ပြောင်းရွှေ့သွားတဲ့ အခါပဲဖြစ်ဖြစ်၊ အချိန်တစ်ခု၊ ကာလတစ်ခု၊ အတိုင်းအတာ တစ်ခုမှာပဲ ဖြစ်ဖြစ် အဲဒီမိုင်းတွေကို ဖယ်ရှားပေးဖို့ တာဝန်ရှိပါတယ်။ ဘယ် အဖွဲ့ အစည်း မဆိုပေါ့”ဟု ပြောသည်။
ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးကြီးကျော်ဟန်ကိုတွေ့ရစဉ်
လက်ရှိတွင် မြေမြှုပ်မိုင်းများအား တပ်မတော်၏ စခန်းထိုင် ပတ်ဝန်းကျင်နှင့် ယာယီစခန်းချထားခဲ့သည့် နေရာ အနီးတဝိုက်တို့တွင်သာ တွေ့ရသည့်အတွက် တပ်မတော်တွင် ပို၍တာဝန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ အပစ်အခတ်ရပ်စဲထားသည့် ကြားကာလ အတွင်း မြေမြှုပ်မိုင်းများကို သေချာ ရှင်းလင်းနိုင်ခဲ့ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ဒေသခံပြည်သူများ ကြုံတွေ့ ခံစားနေရခြင်းဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် နှစ်ဖက် စစ်ရေးအနေအထားကြောင့် မြေမြှုပ်မိုင်းအသစ်များ ထပ်တိုးလာမည် ကို စိုးရိမ်ကြောင်း စာရေးဆရာ ကိုဝေဟင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိကတော့ ဒီဘက်မှာ ပြောရနည်းနည်း ခက်သွားတယ်။ ဘာလို့ဆို စစ်ရေး အခြေအနေက တော် တော်လေး တင်းတင်းမာမာ အခြေအနေမျိုးတွေ မြင်ရတယ်။ အပြန်အလှန် စစ်ပွဲဖြစ်တာတွေလည်း တွေ့လာရ တော့ ဒီအချိန်မှာ ဟိုဘက်က ဖြေရှင်းမှာ၊ ဒီဘက်က ဖြေရှင်းမှာ ပြောဖို့တော့ တော်တော်လေး အခက်အခဲ ဖြစ် သွားတယ်။ ကြားမှာ လုပ်နေရတာက နိုင်ငံတကာ အဖွဲ့အစည်းတွေပေါ့ NGO တွေက၊ အရပ်ဖက် အဖွဲ့အစည်း တွေကပဲ ကိုယ်ထူ ကိုယ်ထနဲ့ပေါ့။ ရွာသားတွေကို အသိပေးတာတို့ ပညာပေးတာတို့ လောက်ပဲ လုပ်ပေးနိုင်တဲ့ အခြေအနေမျိုး ရောက်သွားတယ်။ ဒီမိုင်းကို ပြန်လည်ဖော်ပြီးတော့ ဖျက်ဆီးဖို့ ဆိုတာကတော့ ဒီအဖွဲ့အစည်းတွေ နဲ့တော့ မဖြစ်နိုင်တော့ဘူး။ ဒီပြဿနာရဲ့ ကာယကံရှင် နှစ်ယောက်ဖြစ်တဲ့ ဒီဘက်က နစက ဘက်မှာလည်း တာဝန်ရှိသလို ULA/AA ဘက်မှာလည်း တာဝန်ရှိတယ်။ နှစ်ဖက်လုံးက ဒီဟာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းရမှာပေါ့။ အခုဖြေရှင်းရမယ့် နှစ်ဖက်စလုံးက စစ်ရေးတင်းမာနေတော့ ဒီအခြေအနေမှာ အရပ်ဖက်အဖွဲ့တွေ အနေနဲ့က ပြော ရ တော်တော်လေး အခက်အခဲ ဖြစ်သွားတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်က မြေမြှုပ်မိုင်း ထိသွားသူတစ်ဦး ဆေးကုသမှုခံယူနေစဉ်
ဒေသခံပြည်သူများမှာ မြေမြှုပ်မိုင်းများ ရှိသည်ကို သိကြသော်လည်း စားဝတ်နေရေးအတွက် တောထဲ တောင်ထဲ သို့ သွားလာနေကြရခြင်းဖြစ်ကာ အသိပညာပေးခြင်းများသည် တကယ့်မြေပြင်တွင် မြေမြှုပ်မိုင်းရှိသည့် နေရာ အား သိနိုင်ရန်မှာ မလွယ်ကူကြောင်း ဦးဖေသန်းက ပြောသည်။
၎င်းက “ဒါပေမယ့် အဲဒီလောက်နဲ့တော့ မလုံလောက်ဘူး။ မိုင်းရှိတဲ့နေရာကို ဘယ်သူမှ တိတိကျကျ ပြောနိုင်တာမှ မဟုတ်တာ။ မိုင်းရှိတဲ့နေရာမှာ မိုင်းနင်းမိပြီဆိုရင်တော့ ဘယ်လိုမှ ရှေးဦးသူနာပြုတို့ ဘာညာပေါ့နော်။ ကျန်းမာ ရေးအရ ဂရုစိုက်ရမယ့် ဥစ္စာတို့ အဲဒါတွေနဲ့ မရတော့ဘူး။ ဒဏ်ရာရတဲ့ ပုံစံမျိုးမှ မဟုတ်တာ။ ခြေတစ်ချောင်းလုံး ဆိုလည်း ခြေတစ်ချောင်းလုံး မွပြီးတော့ ကြေသွားတာကို။ အဲဒီလိုဟာမျိုး ဖြစ်ပြီဆိုရင်တော့ သေဖို့များပါတယ်။ မဟုတ်ရင်တော့ ပိုင်းလိုက်ရမှာပေါ့။ ဒူးအဆစ်ကဖြစ်ဖြစ် ပေါင်ကဖြစ်ဖြစ် တစ်နေ နေရာကတော့ ပိုင်းလိုက်ရမယ်။ ULA/AA နဲ့ အစိုးရမှာဆိုရင် နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်ဆိုပေမယ့် တကယ့်မြေပြင်ပေါ်မှာ တာဝန်ရှိတဲ့ အစိုးရ က ပိုပြီးတော့ အစစ အရာရာပေါ့။ ဆေးကုသရေးကအစ မိုင်းကို ဖယ်ရှားပေးဖို့က အစ၊ သူတို့ဘဝ ရပ်တည်ရေး၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ အစားထိုးရေး အဲဒါတွေအားလုံးဟာ အစိုးရမှာ ပိုပြီးတော့ တာဝန်ရှိတယ်။ ဒါကြောင့် လူပီသဖို့လိုတယ်” ဟု ပြောသည်။
မြန်မာ့တပ်မတော်ကိုတွေ့ရစဉ်
ရခိုင်ပြည်နယ်တွင် ဇူလိုင်လက မြေမြှုပ်မိုင်းပေါက်ကွဲမှု ၇ ကြိမ် ခန့် ဖြစ်ပွားခဲ့ပြီး ယခု ဩဂုတ် ၁၈ ရက်နေ့အထိဆို လျှင် ၂ ကြိမ်ခန့် ဖြစ်ပွားထားကြောင်း၊ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားရသည့် ဒေသခံ အများအပြားရှိကြောင်း၊ ထိုအထဲတွင် ခြေထောက် ဆုံးရှုံးသွားသူ အများစုဖြစ်ကြောင်း သိရသည်။