- By CNI
- Category: နိုင်ငံရေး
- Hits: 1778
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့ အကြား တိုက်ပွဲ ထပ်မံမဖြစ်ပွားရေး သဘောတူညီမှုကြောင့် ပြည်သူလူထုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု လျော့ကျသွားနိုင်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့ (TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက CNI သတင်း ဌာနသို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားပါက အရင်ဆုံး ထိခိုက်ရခြင်းက ပြည်သူဖြစ်ကြောင်း၊ မဟာမိတ် အဖွဲ့အစည်းနှစ်ဖွဲ့ သဘောတူညီ ချက်ကြောင့် ပြည်သူများ ကောင်းကျိုးရှိကြောင်း ၎င်းက ပြောသည်။
လွေးချီဆငါးက “တကယ်လို့ မဖြစ်ဘူး။ အချင်းချင်းကြားမှာ တိုက်ပွဲမဖြစ်ဘူး။ ညှိနှိုင်းမှု အဆင်ပြေသွားတယ် ဆိုရင်တော့ ပြည်သူလူထုတွေအတွက် ဆိုရင်လည်း ကောင်းကျိုး အနည်းနဲ့ အများတော့ ရှိမှာပါ၊ ရှိမယ်ဆိုတာက တိုက်ပွဲ ဖြစ်ပြီဆိုရင်တော့ အရင်ဆုံးထိခိုက်မှာက ပြည်သူလူထုတွေပေါ့နော်၊ တကယ်လို့ ဒါတွေကို တကယ်ပဲ တိုက်ပွဲတွေ မဖြစ်ဘဲနဲ့ မဟာမိတ်လိုမျိုး ဆက်လက် နေထိုင်မယ်ဆိုရင်တော့ ပြည်သူထုတွေလည်း တိုက်ခိုက်မှု တွေ ကြားညှပ်တဲ့ ပုံစံမျိုးတွေက မဖြစ်ရတော့ဘူးပေါ့နော်၊ ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်ရမယ်လို့ မျှော်လင့် တယ်၊ အကောင်းဆုံးကတော့ ခုနပြောသလိုမျိုး တိုက်ခိုက်မှုတွေ လျော့နည်းတယ်ဆိုရင်တော့ လူထုတွေအပေါ် မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အနည်းနဲ့အများ လျော့ကျသွားမှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ဒေသတွင် SSPP နှင့် TNLA တို့ မဟာမိတ် အချင်းချင်းကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
ထို့နောက် အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်နေ့တွင် နှစ်ဖက် ခေါင်းဆောင်အကြား တွေ့ဆုံကာ သဘောတူထား သည့် နိုင်ငံရေး/စစ်ရေး သဘောတူညီချက်များကို အပြန်အလှန် စောင့်ထိန်းကြပြီး အမျိုးသား လွတ်မြောက်ရေး လုပ်ငန်းများ၊ တော်လှန်ရေးလုပ်ငန်းများကို၊ အမြန်အောင်မြင်ရန်အတွက် နှစ်ဖက်အဖွဲ့အစည်းကြား အဆင့်ဆင့် သော လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြဿနာပေါ်ပေါက်လာပါက မဟာမိတ်အချင်းချင်း ညှိနှိုင်းဖြေရှင်းရန် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားပါက ဒေသခံများ သေကြေရပြီး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ရကြောင်း၊ ၎င်းသဘော တူညီမှာ ဒေသခံများအတွက် ကောင်းမွန်ကြောင်း ကွတ်ခိုင်မြို့နယ် တအာင်းစာပေနှင့်ယဉ်ကျေးမှု ဒုဥက္ကဋ္ဌ ဦးခမ်းညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒေသခံအတွက်တော့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားအချင်းချင်းပဲ တိုက်ပွဲဖြစ်ဖြစ်၊ ဟိုဖက်က အစိုးရနဲ့ တိုက်ပွဲပဲဖြစ်ဖြစ်၊ မလိုလားပါဘူး။ ဒေသခံတွေက တိုက်ပွဲဆိုတာ မကောင်းပါဘူး။ တိုက်ပွဲဖြစ် တယ်ဆိုတာက နောက်ဆုံးကတော့ လူထုပဲ ထိတာ၊ လူထုပဲ နာတာလေ၊ ဒေသပဲ နာတာကိုး၊ ဦးလေးတို့ကတော့ ဒါတွေတော့ မဖြစ်စေချင်ဘူးပေါ့။ တိုက်ပွဲမဖြစ်တာ အကောင်းဆုံပေါ့၊ ဘယ်အဖွဲ့ပဲဖြစ်ဖြစ်၊ ဟိုဖက်က အဖွဲ့ပဲဖြစ် ဖြစ် ဘယ်အဖွဲ့ဖြစ်ဖြစ် တိုက်ပွဲဆိုတာ မကောင်းပါဘူး၊ တိုက်ပွဲဆိုတာ ဘယ်မှာဖြစ်လဲ(ဘယ်မှာဖြစ်ဖြစ်) ဒေသခံ တွေပဲ ထိတာပဲ၊ တိုက်ပွဲဖြစ်တာနဲ့ ဒေသခံတွေ နာတယ်၊ သေတယ်၊ ပြေးတယ်၊ ဘာမှ မဟုတ်ဘူး။ ဒါတွေပဲ အဖတ် တင်တာပေါ့နော်၊ ဦးလေးတို့ ဒါတွေတော့ မဖြစ်စေချင်ဘူး” ဟု ပြောသည်။
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ (SSPP) နှင့် တအာင်းလက်နက်ကိုင်တပ် (TNLA) တို့သည် နိုင်ငံရေး၊ စစ်ရေး မဟာမိတ် ဖြစ်ပြီး ပူးတွဲစစ်ရေး လှုပ်ရှားမှုများရှိနေသလို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မဟာမိတ်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1106
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇
ကမ်းခြေစောင့်တပ်ဖွဲ့များအနေဖြင့် ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးကို လုပ်ဆောင်ရ မည်ဟု နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့က မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း(၂)နှစ်မြောက် နှစ်ပတ် လည် တွေ့ဆုံပွဲ အခမ်းအနားမှာ အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ရာ ယနေ့ (အောက်တိုဘာ ၆ ရက်)တွင် ၂ နှစ်ပြည့်ပြီး ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ယခုအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကဏ္ဍများကို ကမ်းခြေစောင့် တပ်ဖွဲ့က အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်ပြီး ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးနှင့် ပင်လယ်ပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း လုပ် ဆောင်ရန် တာဝန်ရှိမည်”ဟု ပြောသည်။
နိုင်ငံတော်၏ ပိုင်နက် ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းကို အလုံးစုံ ကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မတော်(ရေ) အပြင် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး တာဝန်များကို အဓိက ထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့်တပ်ဖွဲ့ တစ်ခုရှိသင့်သည်ဟု ယူဆ၍ ယခင်ကတည်းကပင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး အခြားနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ဆောက်ပုံများကို အချိန်ယူ လေ့လာဆောင်ရွက်ခဲ့ရကြောင်း ၎င်းက ပြောသည်။
ကမ်းခြေစောင့်တပ်ဖွဲ့၏ သဘောသဘာဝသည် ကမ်းရိုးတမ်း တစ်လျှောက်နှင့် ပိုင်နက် ပင်လယ်ပြင်အတွင်း နယ်နိမိတ်၏ တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေး တာဝန်များကို ထမ်းဆောင်ရခြင်းဖြစ်သည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1681
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆
ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ကွန်ဖက်ဒရေးရှင်းအဆင့်ကို ကျော်လွန်ကာ နိုင်ငံတစ်ခု တည်ဆောက်ရန် မျှော်မှန်းထားပြီး အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
AA သာမက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည်လည်း ဝမ်ပေါင်နိုင်ငံ ထူထောင်ရန် ရည်မှန်းထား ကြောင်း၊ နိုင်ငံရေး ပထဝီအရ ရခိုင်မှာ သီးခြားလွတ်လပ်သော နိုင်ငံတစ်ခု လုပ်၍ရသည့် အနေအထားတွင် ရှိနေကြောင်း ၎င်းက ပြောသည်။
ဒေါက်တာ အောင်မျိုးက “မျှော်မှန်းထားတာကတော့ သူတို့ရဲ့ ဥပမာ ဆိုပါတော့ KIA ရော၊ သူရော (AA) အတူတူပဲ ပေါ့၊ မျှော်မှန်းထားတော့ KIA ဆို ဝမ်ပေါင်သမ္မတနိုင်ငံ၊ သူကတော့ အာရက္ခနိုင်ငံတော်ဆိုတာ သူကတော့ တချိန် က သူက ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြမ္မာနဲ့ နေခဲ့တယ်ဆိုတဲ့ သမိုင်းစဉ်လာ ရှိတဲ့အခါကြတော့ လွတ်လပ်တဲ့ နိုင်ငံ ပေါ့နော်၊ The Independent State ကို သူက သွားချင်နေတာပေါ့နော်၊ ဒါကြောင့်မို့လို့ သူတို့က ဖက်ဒရယ်၊ ဖက်ဒရယ်လို့ ပြောနေတဲ့အခါမှာ ဖက်ဒရယ်အရေခြုံထားပြီးတော့ ကွန်ဖက်ဒရိတ်ကို သွားနေတာ၊ ဒါကိုကြည့်ခြင်း အားဖြင့် AA ရဲ့ နောက်ကွယ်က ရည်မှန်းချက်ဟာ လုံးဝလွတ်လပ်ရေးအတွက်ကို သူတို့ မျှော်မှန်းထားတယ်ဆို တာ ပေါ်သွားတာပေါ့နော်၊ တစ်ခါတည်း အဲဒီတော့ ကွန်ဖက်ဒရေးရှင်း အဆင့်တောင် မဟုတ်ဘူးပေါ့နော်၊ ဒါကို ကြည့်ခြင်းအားဖြင့် ပေါ်လွင်သွားတယ်၊ သူက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပထဝီအရ ကြည့်မယ်ဆိုရင် ရခိုင်က သီးခြား လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ လုပ်နိုင်တဲ့ ပုံစံအနေအထားရှိတယ်၊ လူဦးရေ အနေအထားအရရော နိုင်ငံသေးသေး လေးပေါ့ဗျာ၊ လူဦးရေ အနေအထားရော၊ ပထဝီ အနေအထားရော ပင်လယ်ထွက်ပေါက်တွေရော ပေါ့နော်၊ ဒါပေမဲ့ လုပ်လို့မရတာ တစ်ခု နိုင်ငံရေး ပထဝီအရ သူက လွတ်လပ်ဖို့ အကြောင်းရှိပေမယ့် ဆိုးသွားတာက ရခိုင်နဲ့ ဗမာက မနုဿဗေဒအရ လူမျိုးက တစ်မျိုးတည်းဖြစ်ပြီးတော့ စကားဝဲတာက လွဲရင်နောက်တစ်ခုက ရခိုင်နဲ့ ဗမာရောထွေး ယှက်နွယ်မှုက သိပ်ကြီးသွားတယ်၊ တကယ်တော့ ခွဲလို့တော့ မရတော့ဘူး။ အဲဒီလို အနေအထား ဖြစ်သွားတယ်” ဟု ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့က အာရက္ခအစိုးရ တရားရေးရာဌာန လက်အောက်ရှိ တရားရုံး နှင့် ဥပဒေရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် လျှောက်လွှာခေါ်ယူမှုတွင် လျှောက်ထားသူသည် အာရက္ခနိုင်ငံ တော်နှင့် အာရက္ခပြည်သူ့အစိုးရအား သစ္စာခံသူ ဖြစ်ရမည်ဆိုသည့် အချက်ကို ထည့်သွင်းထားသည်ကို တွေ့ရ သည်။
လက်ရှိတွင် AA အနေဖြင့် ရခိုင်ပြည်နယ်၌ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများကို တည်ဆောက်လျက် ရှိနေကြောင်း သိရသည်။
ရခိုင်သာမက အခြားသော တိုင်းရင်းသားများလည်း မတူညီသော ပုံစံမျိုးဖြင့် မိမိတို့၏ အုပ်ချုပ်ရေးကို လုပ်ဆောင် နေကြောင်း၊ လက်ရှိ စစ်ရေး-နိုင်ငံရေးအပေါ် ခြုံငုံ၍ ဖြစ်တည်လာခြင်း ဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
၎င်းက “အဲဒီဟာက သူတို့ရဲ့ ခံယူချက် အပေါ်မှာလည်း မူတည်ပါတယ်။ ဒါကို ဘယ်လောက်အထိ ကျယ်ကျယ်ပြန့် ပြန့် လုပ်မလဲ လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီရခိုင်တွေ မကပါဘူး။ ကရင်နီတွေကလည်း အသွင်ကူးပြောင်းရေးကာလအတွက် ကောင်စီတွေ ဖွဲ့ပြီးမှ သွားနေတဲ့ ပုံစံမျိုးတော့ မြင်နေရ တယ်ဗျ၊ နောက်တစ်ချက်က တခြားဟာတွေလည်း ဖြစ်လာလိမ့်မယ်၊ ဒါမျိုးတွေက တူချင်မှ တူမှာပေါ့ဗျာ၊ သူ့ဟာ နဲ့ သူတော့ ဖြစ်လိမ့်မယ်၊ နောက်တစ်ချက်က စကစအနေနဲ့လည်း သူလက်လှမ်းမီနိုင်တဲ့ အခြေအနေမျိုးမှာ သူက လည်း တည်ဆောက်ပြီးမှ အုပ်ချုပ်ရေးကို လုပ်နေတဲ့ အခြေအနေမျိုးတော့ တွေ့နေရတာပေါ့၊ ဒါကြောင့် ပြည်တွင်းစစ် ဖြစ်ပြီဆိုတော့ အခြေအနေ အမျိုးမျိုးတော့ ဖြစ်သွားတာပေါ့” ဟု ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာ့တပ်မတော်က အာဏာရယူခဲ့ပြီးနောက် တပ်မတော်အား ပြန်လည် ဖြုတ်ချနိုင်ရေး ဒီမိုကရေစီအရေး လှုပ်ရှားသူများက နွေဦးတော်လှန်ရေးကို ဆင်နွှဲလျက်ရှိနေသည်။
လက်ရှိအချိန်မှာ တိုင်းရင်းသားများအနေဖြင့် မတူညီသည့် ဒေသတွင် မတူညီသော အုပ်ချုပ်မှု ပုံစံကို စမ်းသပ် တည်ဆောက်နေကြကြောင်း၊ နွေဦးတော်လှန်ရေး အောင်မြင်ပြီးပါက အဆိုပါ ကိစ္စများအား ဖြေရှင်းရမည်ဖြစ် ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းစိုးနိုင်က “ အဲဒီကိစ္စတွေကတော့ စစ်ကောင်စီကျဆုံးပြီး နွေဦးတော်လှန်ရေး အောင်ပွဲရသွားတဲ့ အခါကြရင် ပြောရဆိုရမယ့် ပြဿနာ အဲဒီမှာ တိုင်းရင်းသားတစ်ဖွဲ့ချင်း အနေနဲ့ မတူတဲ့ဒေသမှာ မတူတဲ့ အုပ်ချုပ်မှု၊ မတူတဲ့ အစိုးရ ဖွဲ့စည်းမှုပုံစံတွေကို အခုကတော့ စမ်းသပ် တည်ဆောက်နေကြတာပါ၊ ဒါကတော့ နေရာအတော်များများ မှာ တွေ့ရပါတယ်၊ ရခိုင်ကလည်း အဲဒီလိုပဲပေါ့ဗျာ၊ သို့သော်လည်းပဲ အဲဒီပြဿနာတွေက စစ်ကောင်စီရဲ့ စစ် အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီးမှ ဆွေးနွေးပြောဆိုကြရမယ့် ကိစ္စတွေ ဖြစ်တဲ့အတွက် ဒီနေ့ ကာလမှာ အဲဒီလို လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှု ပြုစရာ သိပ်အကြောင်းမရှိပါဘူး” ဟု ပြောသည်။
ရက္ခိုင့်တပ်တော် (AA) ကို ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေး စတင်စဉ်ချိန် ချင်းပြည် နယ်၊ ပလက်ဝမြို့နယ်ကို ခြေကုတ်ယူပြီး ရခိုင်ပြည်နယ်အတွင်း စတင်ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ် လအတွင်းက တကျော့ပြန် ဖြစ်ပွားခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက် ထား၍ နှစ်ဖက်အဖွဲ့အစည်းကြား နားလည်မှုယူကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က စတင်ပြီး တိုက်ပွဲများ ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1388
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅
ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးခြင်းက ပဋိပက္ခကို ပိုကြီးလာစေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ လက်နက်ကိုင်ပဋိပက္ခကို အရှိန်မြှင့်တင်လာနိုင်ပြီး လျှော့ချ၍ မရဖြစ်သွားနိုင်ကြောင်း၊ ပဋိပက္ခကြောင့် ထွက်ပေါ်လာသော တိုက်ပွဲရှောင်များကိုလည်း အကူအညီပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒါကတော့ တစ်ပြည်လုံးမူပဲဗျ၊ TNLA နဲ့မှ မဟုတ်ဘူး။ ဟိုးမြောက်ပိုင်းမှာရှိတဲ့ PDF နဲ့ KIO ပေါင်းတဲ့ အဖွဲ့တွေကိုလည်း ရှမ်းနီဆိုတဲ့ ပြည်သူ့စစ်နဲ့ ပူးတွဲလုပ်တာရှိတယ်၊ နောက်ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ ပုံစံအမျိုးမျိုးသော ပြည်သူ့စစ်တွေကိုလည်းပဲ ဆွဲထည့်တာ ရှိတယ်၊ ကျနော်တို့ရဲ့ ရှမ်းတောင်မှာဆိုရင်လည်းပဲ ပြည်သူ့စစ်တွေ များပါတယ်၊ ပအိုဝ်းပြည်သူ့စစ်၊ ဟိုမိန်းပြည်သူ့စစ် စသဖြင့်ပေါ့ဗျာ၊ ပြည်သူ့စစ်တွေ အများကြီးပဲ ပါဝင်နေကြတယ်ဗျ၊ ဒါကြောင့် နောက်ဆုံးကြတော့ ပဋိပက္ခက မြင့်တက်လာတာပဲ ရှိပြီးတော့ အရှိန်လျှော့ချလို့ မရတော့တဲ့ အခြေအနေမှာ ဖြစ်သွားနိုင်တာပေါ့၊ ဒါကြောင့် ကျနော်တို့က အဲဒီပဋိပက္ခကို လျှော့ပေးပါ၊ မလျှော့နိုင် ဘူးဆိုရင်လည်း ပဋိပက္ခကြောင့် ထွက်ပေါ်လာတဲ့ ဒုက္ခသည်တွေကိုလည်း ကူညီစောင့်ရှောက်ဖို့ သူတို့က လုံခြုံမှု ပေးဖို့ အစားအသောက်၊ ရိက္ခာ၊ ဆေးဝါးပေးဖို့ အဲဒီဟာကိုလည်းပဲ NCA ထိုးထားတဲ့ အဖွဲ့တွေက လုပ်နေရတဲ့ သဘောမျိုး ရှိပါတယ်၊ အဲဒါကတော့ NCA ငြိမ်းချမ်းရေး လိုချင်တယ်၊ ပဋိပက္ခမလိုချင်ဘူး။ အဲဒါကြောင့် ပဋိပက္ခက ထွက်လာတဲ့ ဆိုးကျိုးတွေပေါ့၊ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေကတော့ လုပ်ကိုင်ဖို့ နည်းနည်း လမ်းသာတဲ့အတွက် လုပ်ပေးနေရတာပေါ့၊ humanitarian assistance ဆိုလည်း ရှာပေးနေရတာပေါ့၊ အဲဒီလိုတော့ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗန်းမောက်မြို့မ ပြည်သူ့စစ်ကို တပ်မတော်က လက်နက်တပ်ဆင်ပေးနေစဉ်
လက်ရှိတွင် မြန်မာ့တပ်မတော်သည် နိုင်ငံအနှံ့အပြား၌ ပြည်သူ့စစ်သင်တန်းများ ပေးနေသလို လက်နက်တပ်ဆင် ပေးမှုများ ရှိလာသည်။
လတ်တလောတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့မပြည်သူ့စစ်၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့စစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့မပြည်သူ့စစ် အဖွဲ့များကို လက်နက်များ တပ်ဆင်ပေးလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့တွင် မြန်မာ့တပ်မတော်က ပြည်သူ့စစ်သင်တန်းများပေးကာ လက်နက် တပ်ဆင်မှုများ ရှိလာပြီး လုံခြုံရေး ကင်းလှည့်မှုများ ရှိနေကြောင်း ဗန်းမောက်မြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဟိုနေ့ကတော့ တွေ့လိုက်တာတော့ ပြည်သူ့စစ်လား၊ ဗျူစောထီးလား၊ ဘာလားတော့ မသိဘူး။ ဝတ်စုံ အသန့်လေးတွေနဲ့ သပ်သပ်ရပ်ရပ်လေးတွေနဲ့ မြို့ထဲ ကင်းလှည့်နေတာတော့ တွေ့တယ်၊ သေနတ်ကြတော့ မောင်းပြန်သေနတ်တွေ မဟုတ်ဘူး။ တစ်ထောင့်ထိုးသေနတ်တွေ သူတို့ တပ်ကြပ်တို့ ဘာတို့ပဲ အဲဒီလောက်ပဲ မောင်းပြန်တွေကိုင်တာ၊ တစ်ထောင့်ထိုးလေးတွေ တစ်မျိုးလေး သူတို့ကိုင်တဲ့ သေနတ်တွေက အယောက် ၂၀ လောက်တော့ ရှိမယ်ထင်တယ်၊ ကင်းလှည့်နေကြတာ၊ ဝတ်စုံတွေလည်း စစ်သားအစိမ်းတွေ မဟုတ်ဘဲနဲ့ အဝါဖက် နည်းနည်းသမ်းတယ်၊ အဲဒီလို ပျောက်ကြားကိုမှ အဝါနည်းနည်းသမ်းပြီးတော့မှ အဲဒီလိုလေး သပ်သပ်ရပ်ရပ်လေး ဖိနပ်တွေကလည်း ရွံ့တွေ မပေထားဘူး။ ပြည်သူ့စစ်လား၊ ဘာလားတော့ မသိဘူး။ အဲဒီလို ကင်းလှည့်နေတာ တော့ တွေ့တယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဌာနေ ပြည်သူ့စစ် ခေါင်းဆောင်များ တွေ့ဆုံစဉ်
နယ်မြေလုံခြုံရေးအတွက် တပ်မတော်နှင့် ဒေသခံများ ပူးပေါင်းရန် လိုအပ်ကြောင်း၊ တပ်မတော်က သင်တန်း ပေးထားသည့် ပြည်သူ့စစ်များကိုလည်း လက်နက်အပြည့်အစုံ ထောက်ပံ့ရန်လိုသည်ဟု ရှဒူးဇွပ် ပြည်သူ့စစ် ခေါင်းဆောင် မင်းဇေသန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နယ်မြေဒေသတွေ လုံခြုံဖို့အတွက်ဆိုလို့ရှိရင် နယ်မြေကျွမ်းကျင်တဲ့ ဒေသခံတွေရဲ့ အားအများကြီး လိုတာ ပေါ့နော်၊ နယ်မြေကျွမ်းကျင်တဲ့ ဒေသခံတွေအနေနဲ့ တပ်မတော်နဲ့ ပူးပေါင်းပြီးမှ လက်နက်ကို စည်းနဲ့ကမ်းနဲ့ ကိုင်လာပြီးဆိုရင်တော့ ဒေသငြိမ်းချမ်းလာမှာပေါ့နော်၊ အဓိကတော့ လက်နက်ကို စနစ်တကျ ကိုင်တွယ် တတ်ဖို့ ရယ်၊ လက်နက်ခဲယမ်း ကောင်းဖို့လည်း လိုတာပေါ့နော်၊ တပ်မတော်အနေနဲ့လည်း ပြည်သူ့စစ်တွေ ဖွဲ့ပေးတဲ့အခါ မှာ ခေတ်လွန် လက်နက်တွေ မဖြစ်ဖို့လိုတာပေါ့နော်၊ ကျနော်တို့ လက်ရှိ အခြေအနေမှာ ရင်ဆိုင်ရတဲ့ ရန်သူဟာ ဘယ်လိုပဲပြောပြော ကျနော်တို့လို ဒေသမှာဆို လက်နက်ခဲယမ်း တော်တော်အင်အားကြီးတဲ့ ရန်သူတွေနဲ့ ရင်ဆိုင် ရတာကို” ဟု ပြောသည်။
လက်ရှိတွင် တပ်မတော်က ထောက်ပံ့ပေးထားသော ရပ်ရွာအခြေပြု ပြည်သူ့စစ်၊ ဌာနေပြည်သူ့စစ်နှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များမှ အသွင်ကူးပြောင်းလာသော ပြည်သူ့စစ်များ ရှိနေပြီး မြန်မာ့တပ်မတော်နှင့် ပူးတွဲ စစ်ဆင်ရေးများလည်း လှုပ်ရှားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1112
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄
နစကအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနား ကျင်းမည်ဆိုခြင်းက ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေး အကျပ်တည်းကို ဖြေလျှော့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
အောက်တိုဘာ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် NUG ၏ (၃၂)ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။
NCA မှာလည်း ပျက်ပြယ်ပြီး ဖြစ်ကြောင်း ဒူဝါလရှီးလက ပြောကြားခဲ့သည်။
၎င်းက “တော်လှန်ရေးနဲ့ပတ်သက်ပြီး လက်ရှိကာလမှာ ကျနော်တို့ အလေးထား လုပ်ဆောင်ရမှာတွေလည်း အများအပြား ရှိပါတယ်။ ပျက်ပြယ်ပြီးဖြစ်တဲ့ NCA စာချုပ် ၈ နှစ်ပြည့် အခမ်းအနားကို ရန်သူစစ်ကောင်စီက လုပ်ဆောင်ဖို့ ကြံရွယ်နေတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါက သူတို့အတွက် နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်း တွေကို ရနိုင်သမျှ ဖြေလျှော့ဖို့ ကြိုးစားလာတာပါပဲ။ အဲဒီအတွက် တိုင်းရင်းသားအင်အားစု ခေါင်းဆောင်တချို့ကို လှည့်စားဖို့ သိမ်းသွင်းဖို့ ကြိုးစားနေသလို တိုင်းရင်းသားအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ကြားက ညီညွတ်မှုနဲ့ စုစည်းမှုတွေကို သပ်လျှို သွေးထိုးတာတွေလည်း လုပ်ဆောင်မှာ အသေအချာပါပဲ။ ဒါကို ကျနော်တို့ အထူးဂရုပြုဖို့ လိုပါတယ်” ဟု ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန်နဲ့ KNU ဥက္ကဋ္ဌဟောင်းတို့ကို တွေ့ရစဉ်
လာမည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးခြင်း ၈ နှစ်ပြည့် အခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနားသို့ လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အပြင် လက်မှတ်မထိုးရသေးသော အဖွဲ့အစည်းများနှင့် ပြင်ပနိုင်ငံများကိုလည်း ဖိတ်ကြားထားကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ အာဏာရယူလိုက်ခြင်းကြောင့် NCA မှာ ပျက်ပြယ်သွားပြီ ဟုဆိုကာ အပစ်ရပ် လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အထွေထွေအတွင်းရေး မှူး ပဒိုစောတာဒိုမူးက ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
သို့သော် တပ်မတော်နှင့် နစကဘက်က NCA မှာ လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းထားသော စာချုပ်ဖြစ်သလို ပြည်တွင်း/ပြည်ပ အသိသက်သေများနှင့် နိုင်ငံတကာ အသိသက်သေများလည်း လက်မှတ်ရေးထိုးထားသော စာချုပ်ဖြစ်၍ မည်သည့်အချိန်မှ ပျက်ပြယ်မည်မဟုတ်ကြောင်း ပြောသည်။
အလားတူ NCA ပျက်ပြယ်သွားပြီဟု ပြောသူများသည် NCA မှ တရားဝင် နုတ်ထွက်ကြောင်း ထုတ်ပြန်ခြင်း မရှိသလို NCA အရ တည်ဆောက်ထားသော ဆက်ဆံရေးရုံးများလည်း လည်ပတ်နေသည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
လက်ရှိတွင် NCA ထိုးထားသည့် KNU၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
NCA ပျက်ခြင်း၊ မပျက်ခြင်းက ၎င်းတို့ ခံယူချက်အပေါ်တွင် မူတည်ကြောင်း၊ သို့သော်လည်း လက်ရှိ မြေပြင်တွင် တိုက်ပွဲများ ဖြစ်ပွားပြီး နစကမှ အခဲအခက်ရှိနေသည်ကို တွေ့ရကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင် ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် NSPNC ကိုယ်စားလှယ်များကို တွေ့ရစဉ်
၎င်းက “ဒီဟာတော့ အခုလက်ရှိမှာကြတော့ ပကတိ မြေပြင်အခြေအနေတော့ အခက်အခဲတော့ တွေ့နေရတယ်၊ တွေ့မြင်နေရတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဘဝမှာ ဒီလောက်အထိ တစ်နိုင်ငံလုံး လက်နက်ကိုင် PDF တွေ တော်လှန်ရေးအဖွဲ့အစည်းတွေက တစ်စုတစ်စည်းနဲ့ တော်လှန်နေတာကို မတွေ့ဖူးဘူးဗျ၊ ၈၈ နောက်ပိုင်းမှာ အခုအခြေအနေမှာ အမြင့်ဆုံးဖြစ်နေတယ်၊ တော်လှန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း နေရာတာ မတူတာ အကုန်လုံး စုစုစည်းစည်းနဲ့ တော်လှန်နေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်၊ ဒါကြောင့်လည်း ဒီဟာတွေက စဉ်းစားစရာ ဖြစ်သွားတာပေါ့ဗျာ၊ ဘယ်လိုမျိုး အခြေအနေ ဖြစ်မလဲတော့ ဒါကတော့ လုပ်ဆောင်တဲ့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်” ဟု ပြောသည်။
တပ်မတော်က အာဏာရယူပြီးနောက် ဆန့်ကျင်မှုမှာ အလွန်ပြင်းထန်ကြောင်း၊ ယခင် အာဏာရယူခဲ့သည့် အချိန် ထက် နိုင်ငံတကာဖိအားလည်း ပိုမိုကွာခြားကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၀၂၁ ခုနှစ်မှာ တပ်မတော်က အာဏာရယူပြီး ထိန်းသိမ်းဖြတ်သန်းတဲ့ ဖြစ်စဉ်နဲ့က အရမ်းကွာခြားပါတယ်၊ အဓိက ကွာခြားတာကတော့ ဆန့်ကျင်မှုဟာ တော်တော်ပြင်းထန်တယ်လို့ ပြောရမှာပေါ့၊ အဲဒီတော့ နိုင်ငံတကာက ဖိအားကလည်း ၆၂ ခုနှစ် အာဏာသိမ်းတာနဲ့ ၈၈ ခု အာဏာရယူ ထိန်းသိမ်းတာနဲ့ နိုင်ငံတကာကထားတဲ့ သဘော ထားတွေနဲ့က အလွန်ကွာခြားပါတယ်၊ အခု ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံတကာ ဖိအားမှု၊ ဖိအားတွေက အင်မတန် ပြင်းထန်တယ်၊ လေးလံတယ်လို့ ကျနော်အဲဒီလို သုံးသပ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင်လည်း မြန်မာ့တပ်မတော်အား ပြန်လည်ဖြုတ်ချနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ ပူးပေါင်း၍ တိုက်ခိုက်လျက်ရှိနေသည်။
တခြား တစ်ဖက်မှာတော့ နစကသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် လက်မှတ်ထိုးခဲ့သည့် NCA (၈)နှစ်ပြည့် အခမ်းအနားကို လူဦးရေ ၁၀၀၀ ကျော် ဖိတ်ကြား၍ ကြီးကျယ်စွာ ကျင်းပရန် ပြင်ဆင်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1558
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနား တက်ရောက်နိုင်ရေး NCA နှင့် ပတ်သက်သူ အားလုံးကို ဖိတ်ကြားထားသည်ဟု NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီမှ CNI သတင်းဌာနသို့ ပြောသည်။
NSPNC ၏ NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မည့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နိုင်ငံရေး အနှစ်သာရရှိရှိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ NCA လက်မှတ် ရေးထိုးခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ NCA တွင် သက်သေအ ဖြစ် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည့် ပြည်တွင်း/ပြည်ပမှ ပုဂ္ဂိုလ်များကို ဖိတ်ကြားထားကြောင်း NCA (၈)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီမှ ပြောသည်။

NCA လက်မှတ်ထိုးခဲ့သည့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ဆုံစဉ်
ထို့အပြင် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံခြား သံတမန်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ အခြား ပါဝင်သင့် ပါဝင်ထိုက်သူများ၊ NGO/INGO များကို လည်း ဖိတ်ကြားထားကြောင်း ၎င်းက ပြောသည်။
ထို့နောက် NCA မှာ ပါဝင် လက်မှတ်ရေးထိုးသည့် EAO အဖွဲ့များနှင့် NCA ပေါ်ပေါက်ရေး ပါဝင် ဆွေးနွေးပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြသည့် ငြိမ်းချမ်းရေးလိုလားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို အလေးထား ဖိတ်ကြား ထားသည်ဟု NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီမှ CNI သတင်း ဌာနသို့ ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1104
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်းချန်းမြို့နယ်တွင် ကျင်းပသည့် ကုန်စည်ပြပွဲသို့ တက်ရောက်နေသည့် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၁ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း နီးစပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ လုပ်ငန်းရှင် ၁၁ ဦး တည်းခိုနေသော ဟိုတယ်သို့ တရုတ်ရဲတပ်ဖွဲ့က ရောက်ရှိလာပြီး ဟိုတယ်တံခါးများ ကို ဖျက်၍ ဝင်ဖမ်းခဲ့ကြောင်း သိရသည်။
ကျိန်းခမ်းခရိုင် ကုန်သည်များ စက်မှုလက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းရှင်များအသင်း (ကုန်သည် အသင်း)က ကိုးကန့်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကို ဖိတ်ကြား၍ ဖမ်းဆီးခံရသော ကိုးကန့်လုပ်ငန်းရှင်များမှ သွားရောက် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ တရုတ်ပြည်မှာ ဖမ်းဆီးခံထားရသော ကိုးကန့်လုပ်ငန်းရှင်များမှာ ဝေချင်းထောင်၊ လျိုကျိန်းချီ၊ ပီဟွေကျွင်း (ခေါ်) ရန်လောက်ပီ၊ တိန်ကျီးတာ၊ ကျိုရှောက်ခိုက်၊ ဝင်းချောက်နိန်း၊ စူးဟုန်းရှန်း၊ လီအားဖူး၊ လျိုစွတ်နိန်း၊ ချွေးစောက်ပန်း (ခေါ်) ချဲအိုက်ဟွာ၊ ပီလင်းကော် တို့ဖြစ်ကြသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ ရက်က UWSA က တရုတ်အွန်လိုင်းလောင်းကစားလုပ်နေသူ ၁၀၀၀ ကျော်ကို တရုတ်ကို လွှဲပြောင်းပေးနေစဉ်
ထိုပုဂ္ဂိုလ်များသည် တရုတ်နိုင်ငံ၏ သက်ဆိုင်ရာဥပဒေ စည်းမျဉ်းများကို ချိုးဖောက်သည်ဟု ယူဆသည့်အတွက် ကြောင့် တရုတ်ရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ လက်ရှိတွင် တရုတ်ဘက်မှ ဥပဒေအရ အမှုများကို စစ်ဆေးနေကြောင်း စာတစ်စောင် ပို့လာသည်ကို တွေ့ရသည်။
လက်ရှိတွင် တရုတ်-မြန်မာ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ တရုတ်အွန်လိုင်း လောင်းကစား (ကျားဖြန့်ဟု ခေါ်ဝေါ်ကြ)များကို “ဝ”ဒေသနှင့် ကိုးကန့်ဒေသတို့တွင် ပြင်းပြင်းထန်ထန် ဖမ်းဆီးနေချိန်နှင့် တိုက်ဆိုင်နေခြင်း ကြောင့် ယခု ဖမ်းဆီးခံရသူများသည် တရုတ်အွန်လိုင်း လောင်းကစားများဖြင့် ပတ်သက်နေနိုင်ကြောင်း သုံးသပ် မှုများလည်း ရှိသည်။
တရုတ်နှင့်နီးစပ်သူ တစ်ဦးကတော့ တရုတ်အစိုးရသည် ကျားဖြန့် လုပ်ငန်းသည် အမျိုးသားလုံခြုံရေးကို ထိခိုက် စေသည်ဟု ရှုမြင်သည့်အတွက် အပြင်းအထန် ဖမ်းဆီးမှုများ ပြုလုပ်လာနိုင်သည်ဟု ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1394
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၌ အမှတ်(၇၇၁) နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့က ဗန်းမောက်မြို့မ ပြည်သူ့စစ်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့က လက်နက်တပ်ဆင်ပေး ခဲ့ကြောင်း သိရသည်။
မြန်မာ့တပ်မတော်သည် ဗန်းမောက်မြို့မ ပြည်သူ့စစ်အဖွဲ့ကို စစ်အခြေခံသင်တန်းပေးခဲ့ပြီးနောက် သင်တန်း ဆင်းပွဲနှင့် လက်နက် အပ်နှံခြင်း အခမ်းအနားကို အောက်တိုဘာ ၂ ရက်နေ့က ကျင်းပခဲ့သည်။
ဗန်းမာက်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ လှုပ်ရှားလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့က ဗန်းမောက်မြို့မ ပြည်သူ့စစ်ကို တပ်မတော်က လက်နက် ပေးအပ်နေစဉ်
ထို့နောက် KIA- PDF ပူးပေါင်း တပ်ဖွဲ့သည် ဗန်းမောက်မြို့နယ်အတွင်းရှိ မြန်မာ့တပ်မတော်၊ ရှမ်းနီ (SNA)တပ် စခန်းများကို မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိ နေသည်။
အလားတူ ဒေသခံများ၏ နေအိမ်များ မီးရှို့ဖျက်စီးခံရသလို ဖမ်းဆီး သတ်ဖြတ်ခံရမှုများလည်း ရှိသည့်အတွက် ဒေသခံများသည် ရပ်ရွာ-ဒေသ လုံခြုံရေးအတွက် ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်း၍ လုံခြုံရေး ဆောင်ရွက်လာ ကြကြောင်း ဗန်းမောက်မြို့ဒေသခံများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 915
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မဟာ ၇ ခုရှိသည့်အနက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အသိအမှတ် ပြုသူနှင့် မပြုသူဆိုကာ ကွဲပြားနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
KNU သည် တပ်မဟာ ၇ ခုရှိသည့်အနက် တပ်မဟာ ၅ ခုလောက်က NCA ကို အသိအမှတ် မပြုတော့ကြောင်း၊ သို့သော် တပ်မဟာ ၂ ခုလောက်က NCA ကို ဆက်လက် လျှောက်လှမ်းလိုနေကြောင်း ၎င်းက ပြောသည်။
ဦးသန်းစိုးနိုင်က “ဒါက အဲဒီလို သဘောထားရှိတဲ့ လူတချို့လည်း ကျန်သေးတာကိုး၊ KNU ရဲ့ ၉၀ ရာခိုင်နှုန်း ကတော့ အခု တပ်မဟာ ၇ ခု ရှိတဲ့အထဲမှာ တပ်မဟာ ငါးခုလုံးက တက်တက်ကြွကြွ နွေဦးတော်လှန်ရေးထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ကျန်တဲ့ တပ်မဟာ တစ်ခုလောက်ပဲ၊ တွေဝေယိမ်းယိုင်တဲ့ သဘောတွေ့ရပါတယ်၊ အဲဒီ တော့ KNU တစ်ခုလုံး အနေနဲ့တော့ NCA ကို အသိအမှတ် မပြုတော့ပါဘူး။ အဲဒီလမ်းကြောင်းကိုလည်း မလျှောက် တော့ဘူး။ နွေဦးတော်လှန်ရေးအတွက် NUG နဲ့ ပူးပေါင်းပြီးတော့ ပြည်သူ့လှုပ်ရှားမှု ပြည်သူ့တော်လှန်ရေးကို ကူးဆက်ပြီးတော့ လုပ်ဆောင်သွားမယ့် အနေအထားရှိတယ်လို့ ကျနော်တော့ သုံးသပ်ပါတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

KNU တပ်မဟာတစ်ခုကို တွေ့ရစဉ်
NCA စာချုပ်ကို KNU မှ တရားဝင် ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိသည့်အပြင် နယ်မြေဒေသ တည်ငြိမ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာသွားမည်ဟု KNU တပ်မဟာ(၇)က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးတို့ စက်တင်ဘာ ၃၀ ရက်က တွေ့ဆုံခဲ့ပြီး ဒေသတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံမှုမှာ KNU တပ်ဖွဲ့အတွင်း ရှုပ်ထွေးမှုဖြစ်စေကာ မိမိတို့ အဖွဲ့အစည်းဖြင့် မပတ်သက်ကြောင်း KNU က အောက်တိုဘာ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
KNU တပ်မဟာများ၏ သဘောထားမှာ တစ်ခုနှင့် တစ်ခု မတူညီကြကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုကို မြင်တွေ့ရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနကို ပြောသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က KNU အပါအ၀င် လက်နက်ကိုင် ၈ ဖွဲ့ NCA လက်မှတ်ထိုးနေစဉ်
၎င်းက “အခု ဒီကိုလာတွေ့တာဟာ KNU ကို ကိုယ်စားပြုခြင်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ KNU ထဲမှာ ငြိမ်းချမ်းရေး ကို လိုလားတဲ့သူတွေဟာ အကြီးအကျယ် ထုနဲ့ထည်နဲ့ ရှိနေပြီဆိုတာ ဒါက ပြလိုက်တာပဲ။ တစ်ပိုင်းပြောရလို့ရှိရင် တော့ KNU မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ သဘောထားပိုင်းမှာ အကြီးအကျယ် ကွဲပြဲနေတယ်လို့ ကျနော် တို့ ယူဆနိုင်တယ်၊ သေချာတာက တပ်မဟာ ၂ ဘက်မှာလည်းပဲ၊ သိပ်ပြီးတော့ သဲသဲကွဲကွဲကို တပ်မတော်ကို တိုက်မယ်ခိုက်မယ်ဆိုတဲ့ သိပ်မတွေ့ရသလို ၇ မှာတော့ လုံးဝနီးနီး ငြိမ်သက်နေတယ်၊ နောက်ပြီးတော့ တပ်မဟာ ၄ ထားဝယ်ဘက်က လူတွေဟာလည်း သိပ်ပြီးတော့ ကော်သူလေးအာမီနဲ့ PDF တွေဆိုတဲ့ လူတွေကပဲ လုပ်နေ တာ သူတို့ကတော့ အေးအေးဆေးဆေး နေတာကိုပဲ သွားပြီးတော့ တွေ့တယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် KNU မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ သဘောထား ကွဲနေတယ်ဆိုတာလည်း ပေါ်လွင်တယ်၊ ဂိုဏ်းကြီးကလည်း တပ်မဟာ ၁ ထဲမှာလည်း ရှိမှာပဲ၊ အခု ၆ တို့ဘာတို့ကတော့ တက်ကြွနေတာပေါ့နော်၊ ၅ တို့ အဆိုးဆုံးကတော့ ၅ ပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် KNU ၏ သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ့တပ်မတော်မှ အာဏာရယူလိုက်ခြင်းကြောင့် NCA မှာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောကြားထားသည်။
လက်ရှိတွင်လည်း NCA လက်မှတ် ရေးထိုးထားသည့် KNU၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့မှာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နစက-က ကျင်းပသွားမည်ဖြစ် ကြောင်း၊ NCA ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသော အဖွဲ့များကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
