- By CNI
- Category: နိုင်ငံရေး
- Hits: 1329
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇
စစ်ပွဲ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး လက်နက်ခဲယမ်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်မှုမှာ တော်လှန်ရေး ၏ အလှည့်အပြောင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြော သည်။
ယနေ့ (စက်တင်ဘာ ၇ ရက်နေ့) တွင် ကျရောက်သော ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့် မိန့်ခွန်း တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒူဝါလရှီးလက “မိမိတို့ရဲ့ စိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူထုဝန်ဆောင်မှု စတဲ့ကဏ္ဍတွေကို လည်း စနစ်တကျ ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ပွဲရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အတွက် လက်နက်ခဲယမ်းများ ကိုယ်တိုင် ထုတ်လုပ်လာနိုင်တာကလည်း တော်လှန်ရေးအတွက် အရေးပါတဲ့ အလှည့်အပြောင်း တစ်ခုဖြစ်ပါတယ်။ စစ်ရေးအရ အောင်မြင်မှုတွေ တစ်စထက်တစ်စ ပိုမိုရရှိလာနေတာကိုလည်း အနီးစပ်ဆုံးအချိန်က တိုက်ပွဲများရဲ့ ရလဒ်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်မှာ ဖြစ်ပါတယ်၊ ရန်သူစစ်အုပ်စု အတွက် အလုံခြုံဆုံးလို့ ယုံကြည်နေကြတဲ့ နေပြည်တော်မှာပင်လျှင် မလုံခြုံမှုများ ခံစားရအောင် တော်လှန်ရေး ရဲဘော်တွေက စွမ်းဆောင်ပြနိုင်ပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

PDF များ ကိုင်ဆောင်ကြတဲ့ လက်နက်များကိုတွေ့ရစဉ်
လက်နက်ခဲယမ်း ထုတ်လုပ်မှုမှာ ယနေ့ခေတ်အနေဖြင့် မဆန်းကျယ်ကြောင်း၊ သို့သော်လည်း အရည်အသွေးမြင့် လက်နက်ခဲယမ်း ထုတ်လုပ်နိုင်မှုမှာ မဖြစ်နိုင်ကြောင်း၊ ထို့အတူ လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ မည်သည့် နေရာမဆို လုံခြုံမှုမရှိကြောင်း၊ စစ်၏ သဘောသဘာဝအရ လုံခြုံမှု အပြည့်အဝမရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုး က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မလုံခြုံမှုဆိုတာတော့ဗျာ၊ ဘယ်နေရာမှ လုံခြုံမှုဆိုတာ စစ်ရဲ့ သဘောတရားမှာ အဲဒါ သူနားမလည်လို့ပါ၊ သူစစ်သားမလုပ်ဖူးလို့ အဲဒီလို လျှောက်ပြောနေတာပါ။ မလုံခြုံတာ ဘယ်နေရာမှ မလုံခြုံဘူးဗျ။ လုံခြုံမှုမှာလည်း ၁၀၀ ရာခိုင်နှုန်း အပြည့်ပေးတယ်ဆိုတာ မရှိပါဘူး။ စစ်သဘောအရ လုံခြုံမှုမှ မရှိတာကိုး၊ အပြည့်အဝ မရှိပါဘူး။ အဲဒီတော့ စစ်သားတစ်ယောက် ဖြစ်လိုက်တယ်၊ NUG နဲ့ ဆန့်ကျင်ဖက် နိုင်ငံရေးသမားတစ်ယောက် လုပ်လိုက် တယ်ဆိုတဲ့ တစ်ပြိုက်နက်တည်း ဟိုးတုန်းကဆိုရင် ကျနော်တို့ တိုင်းပြည် အတွင်းပိုင်းကြီးမှာ အဖြူရောင်ဒေသ ကြီးဖြစ်နေတဲ့ အချိန်မှာကတည်းကိုက ကျနော်တို့ ရှေ့တန်းသွားဖို့ ယူနီဖောင်းဝတ်လိုက်တာနဲ့ သေနတ် ကိုင်လိုက် တာနဲ့ ကျနော်တို့က ကိုယ့်ကိုယ်ကို မလုံခြုံတော့ဘူးဆိုတာ ကျနော်တို့က အမြဲတမ်း ခံစားရပြီးသားပါ၊ အဲဒီတော့ သူပြောတာဟာ မှားလားဆိုတော့ မမှားပါဘူး။ ဘယ်နေရာမှ မလုံခြုံပါဘူး။ အဲဒီတော့ ပြောရရင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကြီးတောင် မလုံခြုံပါဘူး” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ခန့်အပ်လွှာပေးအပ်နေစဉ်
ပြည်သူ့ခုခံစစ် စတင်ခဲ့သည့် နှစ်နှစ်အတွင်း စစ်ရေးအရ အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ နစကအနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးများတွင် ကျဆုံးနေပြီဖြစ်ကြောင်း ဒူဝါလရှီးလက ပြောသည်။
တခြား တစ်ဖက်မှာတော့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ နီပေါ၊ တရုတ်၊ အိန္ဒိယ၊ ဆော်ဒီ၊ အီရန် ဂျပန်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် အပါအဝင် တခြားသော နိုင်ငံများမှ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများအဖြစ် ခန့်အပ် လွှာများကို လာရောက် ပေးအပ်လျက်ရှိသလို ကုလသမဂ္ဂနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လာရောက် တွေ့ဆုံလျက်ရှိသည်။
ဒီမိုကရေစီအင်အားစုများက မြန်မာ့တပ်မတော်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ လက်နက်ကိုင် တော်လှန်လျက်ရှိသည်။
ထို့နောက် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1233
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့က သံအမတ် ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ အပြန်အလှန် ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသ၌ တရားမဝင် ကုန်သွယ်မှုများ၊ မူးယစ် ဆေးဝါး ရောင်းဝယ်မှုများ မရှိစေရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိ ခိုက် ပျက်စီးမှုများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ် တိုးတက်နေမှုများ စသည့် ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သည် ဆက်ဆံရေး ကောင်းမွန်နေပြီး ကုန်သွယ်မှုများကို လုပ်ဆောင်လျက် ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 818
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆
လာမည့် ရွေးကောက်ပွဲတွင် မဲပေးမှုစနစ်ကို အီလက်ထရောနစ် စနစ်ဖြင့်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က ပြင်ဆင်နေခြင်းကြောင့် မှားယွင်းမှုမဖြစ်အောင် အာမခံနိုင်လားဟု နိုင်ငံရေးပါတီများအကြား မေးခွန်းထုတ်နေကြသည်။
စက်တင်ဘာ ၅ ရက်နေ့က UEC နှင့် နိုင်ငံရေးပါတီအချို့ ရန်ကုန်မြို့တွင် တွေ့ဆုံကာ အီလက်ထရောနစ် မဲပေးစက်ကို မိတ်ဆက်ခဲ့ပြီး လက်တွေ့စမ်းသပ် မဲပေးမှုများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ မဲပေးစက်မှာ အင်တာနက်ဖြင့် ပြုလုပ်ရခြင်း မဟုတ်သည့်အတွက် ဟတ်(ဟက်)ခံရမှုများ ရှိမှာမဟုတ် ကြောင်း၊ လျှပ်စစ်မီးမလိုဘဲ ဘက်ထရီဖြင့် လုပ်ဆောင်၍ ရခြင်းကြောင့် အဆင်ပြေကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အာမခံနိုင်တယ်ဆိုတာတော့ ပြည်တွင်းပညာရှင်တွေနဲ့ ထုတ်လုပ်ထားတယ်၊ သူတို့ အကြိမ်ပေါင်း သောင်းချီပြီးတော့ စမ်းသပ်ထားပြီး ဖြစ်တယ်လို့တော့ ပြောပါတယ်၊ ပြောတဲ့အတွက်ကြောင့်မို့လို့ ဒါကြောင့်မို့လို့ ရှင်းရှင်းပြောရရင်တော့ နည်းနည်းတော့ တာဝန်ယူမှု၊ တာဝန်ခံမှုကတော့ သူတို့ ဘယ်လောက် တာဝန်ယူနိုင်မလဲ ဆိုတာတော့ မေးစရာ မေးခွန်းလေးတော့ ရှိတာပေါ့နော်၊ ဖြစ်ရင်တော့ နောက်ပြီးမှ လျှပ်စစ်ပိုင်းကလည်း ဘက်ထရီနဲ့ပဲ သွားတဲ့အခါကြတော့ လျှပ်စစ်မရှိလည်း လုပ်လို့ရတဲ့ အပိုင်းမှာ ပါပါတယ်၊ အဲဒါတော့ မဆိုးဘူးပေါ့ နော်၊ တောရော မြို့ပါ အကုန်လုံးသုံးလို့ရတဲ့ သဘောမှာ ရှိပါတယ်ဗျ” ဟု ပြောသည်။

UEC ဥက္ကဋ္ဌ ဦးသိန်းစိုးကို တွေ့ရစဉ်
မဲပေးစက်များမှာ ကုန်ကျစရိတ်သက်သာပြီး နိုင်ငံတစ်ဝှမ်း လုံလုံလောက်လောက် အသုံးပြု၍ ရကြောင်း၊ မဲပေးပြီး ချက်ချင်း မဲရလဒ်များကို ရေတွက်၍ရကြောင်း ဆွေးနွေပွဲတက်ရောက်ခဲ့သူ ဦးသက်ဇော်က ပြောသည်။
မဲပေးစက် ခလုတ်တစ်ချက် နှိပ်ရုံဖြင့် အဖြေက ချက်ချင်းထွက်လာသည့်အတွက် မဲပေးမှုမှာ လွယ်ကူကြောင်း၊ ယခင် ရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သည့် တံဆိပ်တုံး ရိုက်နှိပ်မှုထက် ပိုမိုလွယ်ကူကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲ မဲပေးရမည့် စက်နဲ့ပတ်သက်ပြီး UEC က နိုင်ငံရေးပါတီများကို ရှင်းပြနေစဉ်
၎င်းက “ကျနော်တို့ ကြည့်ရတာကတော့ မိုက်ခရိုမြန်မာလို့ သူတို့ ပြောတာပေါ့လေ၊ စက်နဲ့ပေးတဲ့ဟာက အကယ် ၍ ဘာမှလိမ်တာ၊ ဝှက်တာ ပညာသားနဲ့ လုပ်ထားပြုထားတာတွေ မရှိဘူးဆိုရင်တော့ မျှတတယ်လို့ ပြောရမှာပေါ့၊ အဲဒီလိုပဲ ကျနော် သဘောပေါက်တယ်လေ၊ ပိုနှိပ်ခွင့် မရှိဘူး။ လူတစ်ယောက်ဟာ တစ်ခါပဲ နှိပ်ပြီးရင် ပေါ်လာ တယ်ပေါ့၊ ပေါ်လာပြီးရင် အဲဒီအဖြေပဲ၊ အဲဒီလို ဖြစ်သည့်အတွက် ပယ်မဲဆိုတာလည်း မရှိတော့ဘူးပေါ့၊ နှိပ်ပြီးလို့ရှိ ရင် သူနှိပ်တဲ့ ပါတီရဲ့ လိုဂိုပေါ့၊ အမှတ်တံဆိပ် ထွက်လာတယ် အဲဒါဆိုရင် ပြီးပြီ။ သူမှားနှိပ်တယ်၊ နောက်တစ်ခါ ပြန်နှိပ်ချင်တယ် မရတော့ဘူး။ အဲဒီလို တစ်ခါနှိပ်ပြီးရင် ပြီးပြီ” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့က UEC နှင့် တွေ့ဆုံပွဲကို နိုင်ငံရေးပါတီ ၃၆ ပါတီမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် UEC က လာမည့် ရွေးကောက်ပွဲ၌ မဲပေးရမည့် စနစ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်နေမှု များကို ပြသခဲ့ခြင်း ဖြစ်သည်။
လာမည့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ပြီး ထို့နောက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း နစက-က ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 935
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၉၇၂ နယ်မြေ တစ်နေရာတွင် အမှတ်စဉ်(၁) အပတ်စဉ် (၁၂) သင်တန်းဆင်းပွဲ တစ်ခုကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၃၀ ရက်နေ့က ကျင်းပသွားကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ/သား ၅၀၀ ကျော် တက်ရောက်ခဲ့ပြီး အခြေခံ စစ်ပညာများကို သင်ကြား ပို့ချခဲ့ကြောင်းလည်း သိရသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း လှုပ်ရှား လျက် ရှိပြီး လွတ်လပ်ရေးနှင့်အတူ ဆုံးရှုံးသွားသည့် ရှမ်းနီနယ်မြေများ ပြန်လည်စုစည်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး ကြိုးပမ်းလျက်ရှိနေသော လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1018
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ပြည်လည်ပေါင်းစည်းရေး လုပ်ဆောင်နေကြောင်း ALP မှ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က CNI သတင်းဌာနသို့ ပြောသည်။
သို့သော်လည်း လက်ရှိတွင် ပါတီပေါင်းစည်းရေး အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း၊ တစ်ပေါင်း တစ်စည်းထဲဖြစ်ရေး ကြိုးစားလုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “ဟုတ်ကဲ့ ရှိပါတယ်။ ကျနော်တို့ကတော့ တောက်လျှောက်ဆွေးနွေးရေး၊ ကျနော်တို့ တောက်လျှောက်တိုက်လာတဲ့ ဗမာအစိုးရနဲ့တောင် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်တွေကို ကျနော်တို့ လုပ်လို့ရ သေးတာပဲ။ ကျနော်တို့က တစ်ပါတီတည်းရှိခဲ့တဲ့ဟာ ကျနော်တို့လည်း လုပ်လို့ရကို ရလိမ့်မယ်လို့ ယူဆထားတယ်၊ ကျနော်တို့ လူငယ်ပိုင်းတွေက လောလောဆယ်မှာက မဖြစ်သေးဘူးပေါ့ဗျာ၊ ဒါပေမဲ့ ကျနော်တို့ ဘယ်လို ရှေ့ဆက် ပြီး ပါတီတစ်ပေါင်းတစ်စည်းထဲ ဖြစ်လာဖို့လည်း ဒီနေ့ထက်ထိကို နေ့စဉ်နဲ့အမျှ ကြိုးစားနေပါတယ်၊ နေ့စဉ်နဲ့အမျှ လည်း ကျနော်တို့ လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

ဒေါ်စောမြရာဇာလင်းနဲ့ အင်အားစုကိုတွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အတွင်းက ခိုင်ရဲခိုင်(ဥက္ကဋ္ဌ)နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အစုအဖွဲ့ က ခိုင်စိုးနိုင်အောင်(ဒုဥက္ကဋ္ဌ) ဦးဆောင်သည့်အဖွဲ့ကို ပါတီသစ် တည်ထောင်ရန် ကြိုးစားသည်ဟုဆိုကာ ALP မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက ခိုင်ရဲခိုင် ဦးဆောင်သောအဖွဲ့ သွားလိုသော လမ်းကြောင်းနှင့် ဒေါ်စောမြ ရာဇာလင်း ဦးဆောင်သည့်အဖွဲ့ သွားလိုသောလမ်းကြောင်း မတူညီဟုဆိုကာ နှစ်ခြမ်းထပ်ကွဲသွားသည်။
လက်ရှိတွင် ALP သည် ခိုင်စိုးနိုင်အောင် ဦးဆောင်သော အုပ်စု၊ ခိုင်ရဲခိုင် ဦးဆောင်သော အုပ်စုနှင့် ဒေါ်စောမြရာဇာ လင်း ဦးဆောင်သော အုပ်စုဟူ၍ အုပ်စု ၃ ခု ကွဲနေသည်။

ဦးခိုင်ရဲခိုင် အင်အားစုကို တွေ့ရစဉ်
ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “အဲဒီလို ပုံစံမျိုး ချိတ်ဆက်ပြီး လုပ်ငန်းသဘောတရား ချိတ်ဆက်ပြီးတော့ မရှိဘူး။ ဒါပေမဲ့ တစ်ဦးနဲ့ တစ်ဦး ရှိပါတယ်။ ကျနော်တို့ မနေ့ကဆိုလည်း ကျနော်တို့ ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်တဲ့ဘက်က စစ်ဦးစီးချုပ် ခိုင်မင်းစိုးနဲ့ ကျနော်နဲ့ဆိုလည်း ပါတီရဲ့ ဖြစ်ပျက်နေတဲ့ကိစ္စကို တောက်လျှောက် ပြောဖြစ်ကြပါတယ်။ ရှိပါတယ်။ အဲဒီလိုပဲ ဆရာမ စောမြရာဇာလင်းနဲ့ဆိုလည်း အခါခါသင့်သလို ပြောဖြစ်ကြတာ ရှိပါတယ်။ ကျနော်တို့ ဘယ်လိုဆက်ပြီး ဒီအတိုင်းသွားနေလို့တော့ မဖြစ်ဘူးဆိုတဲ့ဟာတွေပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်သည် ဦးခိုင်စိုးနိုင်အောင်၏ အုပ်စုက ဖြစ်သည်။
လက်ရှိ ALP ၃ ဖွဲ့ ကွဲနေခြင်းနှင့် ပတ်သက်ပြီး ပြန်လည်ပေါင်းစည်းနိုင်ရေး အခြေအနေအပေါ် ဒေါ်စောမြရာဇာ လင်းကို ဆက်သွယ် မေးမြန်းသော်လည်း တစ်စုံတစ်ရာ မှတ်ချက် မပြုလိုကြောင်း ပြောသည်။
ALP သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် ရခိုင်လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး လက်ရှိ တွင်လည်း နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးလျှက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 950
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တောင်ပိုင်းစ်စနယ်ဝန်းကွပ်ကွဲမှုဌာနချုပ် ဒုတိယဌာနချုပ်မှူး Vice Admiral Liu Zizhu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာ့တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြ သည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စ ရပ်များ၊ သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို တွေ့ဆုံပွဲတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦးလည်း တက်ရောက်ခဲ့သည်။
လက်ရှိ မြန်မာ-တရုတ် နယ်စပ်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 963
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ စက်တင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံ၍ ရွေးကောက်ပွဲ မဲပေးစနစ်အကြောင်းများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
လာမည့် ရွေးကောက်ပွဲအတွင်း မဲပေးမှုစနစ်အတွက် ဆွေးနွေးရန် နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များ ရောက် ရှိနေကြပြီဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ ၃၆ ပါတီခန့်ကို ဖိတ်ကြားထားသည်ဟု ကြားမိကြောင်း ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဧည့်သည်တွေတော့ လာတယ်ဆိုတာ သိတယ် လာတယ်ဆိုတာလေ။ ဒါပေမဲ့ မနက်ဖြန်ကြရင် ရန်ကုန် တိုင်း အစိုးရရုံးမှာ ထင်ပါတယ်။ ကျမ သိသလောက်ဆိုရင် အဲဒီမှာ အခု ဖိတ်ထားတဲ့ ပါတီခေါင်းဆောင်တွေ လာတယ်၊ အဲဒီမှာ မဲစနစ်၊ နောက်လာမယ့် ရွေးကောက်ပွဲမှာ စက်နဲ့ပေးရမယ်ထင်တယ်၊ အဲဒီစက် လုပ်နည်း လုပ်ဟန်တွေကို ဘယ်လို မဲပေးရမလဲဆိုတာကို သူတို့ဆီက ခေါ်တင်မယ်၊ စက်နဲ့ ဘယ်လိုမဲပေးရမလဲ၊ မဲမသမာ မှုများမဖြစ်အောင် ဒီစက်နဲ့ မဲပေးမယ်လို့ပြောတယ်၊ အဲဒါကြောင့် အဲဒီလောက်အထိပဲ ကျမသိတယ်” ဟု ပြော သည်။

နိုင်ငံရေးပါတီများနဲ့ UEC တွေ့ဆုံစဉ်
ထို့အတူ ရွေးကောက်ပွဲ မဲပေးစနစ်အပြင် အချို့ကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (PR) နှင့် ပတ်သက်၍လည်း ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ နိုင်ငံရေးပါတီများနှင့် UEC တို့ တွေ့ဆုံဆွေးနွေးမှုကို ပါတီမှတ်ပုံတင်ကျသော နိုင်ငံရေးပါတီများကိုသာ ဖိတ်ကြားကြောင်း ပြည်သူ့ပါတီ (PP) မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူကတော့ မှတ်ပုံတင်ခွင့်ပြုတဲ့ပါတီကို ဖိတ်တယ်လို့တော့ ကျနော်တို့က ခုထိ မှတ်ပုံတင် မကျသေးဘူး လေ။ မပေးသေးဘူး။ အဓိက-ကလည်း သူတို့မှတ်ပုံတင် ခွင့်ပြုဖို့ စိစစ်တယ်ဆိုတာက တည်ထောင်လိုသူ အနည်း ဆုံး ၁၅ ဦးရှိရမယ်၊ ကျနော်တို့ဆို ၁၇ ဦး တင်ထားတယ်ပေါ့နော်၊ အဲဒီ ၁၇ ဦးကိုပဲ စိစစ်ရတာ၊ အဲဒါကို ကျနော်တို့ မှတ်ပုံတင်တာ ၅ လကျော်သွားပြီပေါ့၊ မှတ်ပုံတင်ဥပဒေ အသစ်ထွက်တာ ၇ လ ကျော်သွားပြီပေါ့” ဟု ပြောသည်။
UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားသည့် ပါတီ ၁၄ ပါတီရှိပြီး၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ပါတီရှိကြောင်း သိရသည်။
- By cni
- Category: နိုင်ငံရေး
- Hits: 1282
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)သည် ပြည်ထောင်စုလွှတ်တော်က အတည် ပြုပေးထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့် စာချုပ်ဖြစ်သည်ဟု နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့က နစကကောင်စီ အစည်းအဝေး (၃/၂၀၂၃)တွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့် နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများ ရှေ့မျောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့် စာချုပ်ဖြစ်ကြောင်း၊ အစိုးရဘက်မှ မိမိကိုယ်တိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ပါဝင် လက်မှတ်ရေးထိုးခဲ့သည်”ဟု ပြောသည်။

နစကကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပာယ်မဲ့စွာ လက်လွတ်စပယ် ပြောကြားခဲ့သည်ကို တွေ့ရကြောင်း၊ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့နောက် လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကိုလည်း လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ အလေးအနက်ထား၍ စီစဉ် ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက NCA မှာ ပျက်သွားပြီး ဖြစ်၍ လိုက်နာစရာမလိုတော့ကြောင်း ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့သည်။

NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုတွေ့ရစဉ်
NCA စာချုပ်ကို KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ KNU/KNLA-ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုက ရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က လက်မှတ်ထိုးခဲ့ကြသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ NCA ကို လက်မှတ်ထိုးခဲ့သည်။
အဆိုပါ NCA စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့် နိုင်ငံများမှ သံတမန် များ၊ ပြည်တွင်း အသိသက်သေများလည်း အသိသက်သေများအနေဖြင့် လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုထားခဲ့သည်။
- By cni
- Category: နိုင်ငံရေး
- Hits: 913
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂
လက်ရှိ တော်လှန်ရေးအင်အားစုများကို ညီညွတ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် စုစည်းရမှာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ဆင်နွှဲနေသည့် တော်လှန်ရေး၏ အရင်းအမြစ်ပြဿနာကို မေ့လျော့ကာ လက်နက်ရှိလာသည်နှင့် ပြည်သူ အပေါ် အာဏာပြချင်သည့်သူမျိုးများ ပါဝင်လာတတ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုများ ရှိနေ သည်ကို ကြားသိရကြောင်း NUG ၏ ပြည်ထောင်စုဝန်ကြီး ဦးမန်းဝင်းခိုင်သန်းက ဩဂုတ် ၂၉ ရက်တွင် ပြောကြား ခဲ့သည်။
အဆိုပါ ကိစ္စများအား NUG အနေဖြင့် ကွင်းဆင်း စစ်ဆေးရမှာဖြစ်ကြောင်း၊ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ပေးရမှာဖြစ်ကြောင်း ဦးကြီးမြင့်က ပြောသည်။

ဦးမန်း၀င်းခိုင်သန်းကိုတွေ့ရစဉ်
၎င်းက “လက်နက်ရပြီးတော့ တော်လှန်ချင်တဲ့ စိတ်ရှိတာကို ထိုင်ဦးချရမှာ မန်းဝင်းခိုင်သန်းတို့ ထိုင်ဦးချထားရမှာ သူတို့လုပ်နိုင်ရဲ့လား သူတို့လုပ်ရမှာ သူတို့က အဲဒီလက်နက်ကိုင်ပြီးတော့ တိုက်တဲ့သူတွေ ညီညွတ်အောင် စုစည်း ပေးရမယ်၊ ညီညွတ်အောင် စည်းရုံးရမယ်၊ အဲဒီလူတွေကို ကွင်းဆင်းစစ်ရမယ်၊ သူတို့လိုအပ်တာတွေ ဖြည့်ပေးရ မယ်၊ အဲလိုလုပ်ရမှာလေ။ သူတိုက်နိုင်လား အဲဒီသေနတ်ကိုင်ပြီး သူတိုက်နိုင်လား။ ဟိုဥစ္စာ စစ်အာဏာရှင်ကို သေနတ်ကိုင်တိုက်လို့ စစ်အာဏာရှင်က လေးစားလာတာ၊ လေနဲ့ တိုက်နေတဲ့ အစိုးရကို မလေးစားဘူး။ အဲဒါပဲ မန်းဝင်းခိုင်သန်းကို ပြောလိုက်ပါကွာ၊ ငါကပြောတယ်လို့ အဲဒီအတိုင်းပြောလိုက်၊ အဲဒီအတိုင်း လွှင့်လိုက်” ဟု ပြောသည်။
ထို့အတူ သတိထားဖြေရှင်းရမည့် ကိစ္စများကိုလည်း ပြဿနာမကြီးထွားခင် မြန်မြန်ဆန်ဆန် ဖြေရှင်းရန်လိုအပ် သလို တာဝန်ရှိ ဝန်ကြီးဌာန အဆင့်ဆင့်ကလည်း အဆင့်ဆင့် အမိန့်ပေးစနစ်၊ စည်းကမ်းလိုက်နာမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ကျစ်လစ်သောစုဖွဲ့မှုတွေ ရှိလာဖို့၊ ပြဿနာတွေ ရှိလာရင်လည်း လျင်မြန်စွာ ဖြေရှင်းရန် အရေးကြီး ကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။
လက်ရှိ တော်လှန်ရေးကို ဆင်နွှဲနေကြသည့် ပြည်မအတွင်းက လက်နက်ကိုင် အဖွဲ့အစည်းများကို NUG အနေဖြင့် စုစည်းရန် လိုအပ်ကြောင်း ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ (CJDC) မှ ပြောရေးဆိုခွင့်ရှိသူ ပေါလ်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို တွေ့ရစဉ်
၎င်းက “ဒီလက်နက်ပိုင်းရော ပြီးတော့မှ တခြားလိုအပ်တဲ့ စားနပ်ရိက္ခာပိုင်းရော ထောက်ပို့အနေနဲ့ ရပ်တည်ပေးနိုင် တဲ့ အတွက်ကြောင့် အဲဒီ main PDF တွေကို သူတို့ တပ်ရင်းတပ်ခွဲအလိုက် သူတို့ထိန်းကျောင်းလို့ ရနိုင်တယ်၊ သို့သော် ခုနပြောတဲ့ ပြည်သူတွေကို ဗိုလ်ကျတယ်လို့ ပြောတဲ့ဟာက ဒါဟာ အဓိကအားဖြင့်တော့ ဘယ်အဖွဲ့ ဘယ် အဖွဲ့ဆိုတာ ဆိုလိုခြင်း မဟုတ်ဘဲနဲ့ စစ်ကောင်စီကို တိုက်ထုတ်နေတဲ့အချိန်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေကို စနစ်တကျ မစုစည်းနိုင်တဲ့ အဓိကပြဿနာလို့ ကျနော်က မြင်တယ်၊ ဆိုတော့ NUG အနေနဲ့လည်း ဒါကို တာဝန်ယူ ဖို့အတွက် တာဝန်ခံနိုင်ဖို့ ဒီထက်ပိုပြီးမှ စုစည်းနိုင်ဖို့က အများကြီး အားနည်းချက်တွေ ရှိမှာပေါ့လေ” ဟု ပြော သည်။
လက်ရှိတွင် NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်အချို့နှင့် ဒေသခံကာကွယ်ရေးတပ်အချို့တို့ မသင့် မြတ်မှုများကိုလည်း NUG အနေဖြင့် တာဝန်ယူ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ကြောင်း ဦးကြီးမြင့်က ပြောသည်။
၎င်းက “အဲဒါလည်း သူတို့တာဝန်ပဲ NUG က နိုင်ထူးအောင်တို့၊ အောင်ဆွေတို့လား အဲဒီကောင်တွေ ကိုင်တာတွယ် တာတွေ မှားတာ ဟိုကောင်တွေ လက်ဖဝါးကြီးတံတိုင်းက ခံတိုက်လာတာ၊ ခံတိုက်လာပြီးတော့ စစ်အာဏာရှင် မျက်ပုလဲဆန်ရူးဖြစ်တော့မှ သူတို့တွေက ဝင်ပြီးတော့ အဲဒီကောင်တွေကို အလှူခံပေးသလိုလိုနဲ့ သူတို့လည်း သုံး၊ သူတို့လည်း လုပ်ရင်းလုပ်ရင်းနဲ့ အခုတော့ NUG က ပြည်သူလူထုထောက်ခံမှု တစ်ကမ္ဘာလုံးရဲ့ ထောက်ခံမှုလည်း NUG က အားကြီးလာတဲ့အခါမှာ NUG က အပေါ်စီးနဲ့ ဆက်ဆံလာတာ၊ NUG ဆိုတဲ့နေရာမှာ အကုန်လုံး မဟုတ် ဘူး။ NUG ကာကွယ်ရေးဌာန ရည်မွန်တို့၊ မောင်အောင်ဆွေတို့ အထူးသဖြင့် နိုင်ထူးအောင်နဲ့ ဟိုဟာ အဲဒီကောင် တွေက ဘာသမိုင်းကြောင်းမှ မရှိဘူး။ ဘာမှလည်း သိပ်တတ်တာ မဟုတ်ဘဲနဲ့ သူတို့လည်း အပေါ်စီးလည်းရရော ဟိုက လက်ဖဝါးကြီးနဲ့ တိုက်လာတဲ့သူကို အပေါ်စီးက ဆက်ဆံချင်တာ၊ အဲဒါသူတို့မှားတယ်၊ အပေါ်စီးရရင်လည်း အပေါ်စီးရတဲ့ကောင်က ပိုပြီးချိုသာရမှာ၊ ညှင်သာရမှာ၊ ညီညွတ်ရေးလုပ်ရမှာ သူတို့ဝိတ်နဲ့ စည်းရုံးရမှာ အဲဒီဟာကို အာဏာသုံးပြီးတော့ ဟိုကောင်တွေကို ချေမှုန်းပစ်ရမှာ မဟုတ်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခင်းအကျင်းအရ ဒီမိုကရေစီ လှုပ်ရှားမှုနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသခံကာကွယ်ရေးတပ် (LDF)များ ရာနှင့်ချီ ပေါ်ပေါက်ခဲ့ သည်။
အဆိုပါ တစ်သီးတခြား ရပ်တည်လှုပ်ရှားနေကြသော လက်နက်ကိုင် အဖွဲ့အစည်းများအား NUG အနေဖြင့် စုစည်းရန် လိုအပ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြောဆိုမှုများလည်း ရှိနေသည်။
