- By CNI
- Category: နိုင်ငံရေး
- Hits: 4053
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၄
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် ကြားကာလ ဖြေရှင်းမှုတစ်ရပ် ရရှိရေး အဓိက ထား ဦးစားပေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဦးကိုကိုကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်၊ ချက်သမ္မတနိုင်ငံ သံအမတ် အပါအဝင် နိုင်ငံတကာ သံတမန်များနှင့် တွေဆုံ၍ မြန်မာနိုင်ငံအရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ဦးကိုကိုကြီးက “အဓိကက ပြဿနာအားလုံးရဲ့ အခြေခံက နိုင်ငံရေး ပြဿနာဆိုပေမယ့်လို့ နိုင်ငံရေး နည်းလမ်းအပေါ်မှာ အယုံအကြည် မဲ့လာတဲ့ဟာပေါ့နော်၊ အဲဒီဟာကို နိုင်ငံရေးပါတီ နိုင်ငံရေးနည်းလမ်း ပြန်အသက်ဝင်လာဖို့ အားကောင်းလာဖို့ အရေးကြီးတယ်၊ နောက်တစ်ခုကတော့ နိုင်ငံရေးလို့ ဆိုတဲ့နေရာမှာလည်း တိုင်းရင်းသားပါတီတွေ ရှိတယ်၊ အခြား ဒီမိုကရက် တစ်ပါတီတွေ ရှိတယ်၊ အဲဒီပါတီတွေရဲ့ အခန်းကဏ္ဍ၊ သူတို့ရဲ့အသံတွေ ပျောက်နေတာပေါ့လေ၊ အဲဒီတော့ ဒီပါတီတွေရဲ့ အမြင် သဘောထားတွေက အရေးကြီးတယ်၊ ဒါတွေ ကျနော်တို့ တော်တော်များများ ပြောဖြစ်ပါတယ်”ဟု ပြောသည်။
ထို့နောက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ရှိလာရေးအတွက် နစက အနေနှင့်လည်း တွေ့ဆုံဆွေးနွေးမှု နည်းလမ်းကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှတဆင့် တိုက်တွန်းပေးရန် စသည့်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ သည်ဟု ၎င်းက ပြောသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဦးကိုကိုကြီးနဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
ဦးကိုကိုကြီးက “ကျနော်တို့က မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲဖို့အတွက် စိတ်ဝင်တစားနဲ့ အားပေးကြတာ ထောက်ခံကြတာ တွေ အားလုံးကို ကျေးဇူးတင်တယ်၊ သို့သော် တစ်ချိန်တည်းမှာ နိုင်ငံကို ထိခိုက်နာကျင်မှု အနည်းဆုံးနဲ့ ပြုပြင်ပြောင်းလဲနိုင်ဖို့ အတွက်က နိုင်ငံရေးနည်းလမ်း ပြန်ပြီးတော့ အသက်ဝင်လာဖို့ လိုတယ်၊ အဲဒီတော့ ဒီနစက အနေနဲ့လည်း တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းကို ပိုပြီးတော့ ဒီထက် ထိထိရောက်ရောက် ခိုင်ခိုင်မာမာ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာတွေကို ကျနော်တို့ ပြော ဖြစ်ပါတယ်၊ အဲဒီတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အဲဒါကို ဝိုင်းပြီးတော့ တိုက်တွန်းကြဖို့၊ နောက်တစ်ခုကတော့ အခု ဒီအကျပ်အတည်းကို ကျော်လွှားဖို့အတွက်က အသွင်ကူးပြောင်းရေးကာလပေါ့၊ ကြားကာလ ဖြေရှင်းမှု တစ်ရပ်ရရှိဖို့ အတွက် ကို အဓိက ကျနော်တို့ ဦးစားပေးပြီးတော့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာက အာဆီယံအား ဗဟိုချက်မအဖြစ် ထား၍ ကြိုးပမ်းလျက်ရှိနေကြောင်း၊ မတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း၊ ထိုခရီးစဉ်အတွင်း တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများကို တွေ့ဆုံခွင့် ပေးရန်လည်း အာဆီယံအထူးကိုယ်စားလှယ်က တောင်းဆိုထားကြောင်း သိရသည်။
အဆိုပါ အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပြည်တွင်းမှ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဖွယ်ရှိကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3913
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၄
လက်ရှိ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံအတွက် သမိုင်းအလှည့်အပြောင်းကို ဖန်တီးမည့် တော်လှန်ရေး ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွှဲခဲ့သည့် (၆)လပြည့် အစီရင်ခံစာကို ယနေ့ (မတ်လ ၁၄ ရက်)တွင် အထက်ပါအတိုင်း ထုတ်ပြန် ခဲ့သည်။
NUG က “ကျနော်တို့ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ မြန်မာနိုင်ငံအတွက် သမိုင်းအလှည့်အပြောင်းကို ဖန်တီးမယ့် တော်လှန် ရေး ဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာ ပါဝင်ခွင့်ရခြင်းဟာ PDF ရဲဘော်များ အပါအဝင် ကျနော်တို့ အားလုံးအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်၊ တော်လှန်ရေး မအောင်မခြင်း အဆုံးအထိ သွားမယ်ဆိုတဲ့ စိတ်ဒုံးဒုံးချထားနိုင်ဖို့ အရေးကြီးပါတယ်” ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ထို့အတူ တစ်ဦးချင်း၏ နိုင်ငံရေးခံယူချက်နှင့် စိတ်ဓါတ်ခိုင်မာမှု အထူးလိုအပ်ကြောင်း၊ တပ်မတော်ဘက်မှ ရုပ်ဝတ္ထုအင်အား အရ မိမိတို့ထက် သာလွန်သော်လည်း PDF ရဲဘော်များနှင့် ပြည်သူများ၏ မဆုတ်မနှစ်သည့် ဇွဲသတ္တိနှင့် ဉာဏ်ပညာကို မုချ ဒူးထောက် အရှုံးပေးရမှာဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံသမိုင်း အလှည့်အပြောင်းဆိုပါက NUG တစ်ဖွဲ့တည်း မဖြစ်နိုင်ကြောင်း၊ အစိတ်အပိုင်း တစ်ရပ်အနေဖြင့်တော့ ဖြစ်နိုင် ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
နွေဦးတော်လှန်ရေး သပိတ်(AFP)
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကျနော်တွက်တာတော့ သူတို့ချည်းပဲ သပ်သပ်တော့ အလှည့်အပြောင်းတော့ မဖြစ်နိုင်ဘူး၊ အလှည့် အပြောင်း ဖြစ်မယ့် အစိတ်အပိုင်း တစ်ရပ်ဆိုရင် ဖြစ်နိုင်ပါတယ်။ အလှည့်အပြောင်း ဖြစ်ဖို့အတွက် အစိတ်အပိုင်း တစ်ရပ်ပေါ့ ဗျာ၊ အဲဒီလို အင်အားတစ်ရပ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ သူချည်းပဲ သပ်သပ်တော့ အလှည့်အပြောင်းကတော့ ကျနော့် အတွေ့အကြုံအရပေါ့လေ။ မလွယ်ကူဘူးလို့ ထင်ပါတယ်”ဟု ပြောသည်။
ထိုသို့ ပြောခြင်းမှာ စိတ်ဓာတ် ခွန်အားတက်ရန် ပြောခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ထို့အတူ လက်နက်ကိုင် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် တိုက်ပွဲရှောင်များကို အကူအညီပေးနိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ၎င်းက ပြော သည်။
အကယ်၍ နွေဦးတော်လှန်ရေး အောင်မြင်ခဲ့ပါက ထိုအောင်မြင်မှုသည် သမိုင်းဝင် အောင်မြင်မှု ဖြစ်သွားမှာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။
ဦးရဲထွန်းက “ဟုတ်တယ်၊ သူတို့ အောင်ပွဲရလို့ရှိရင်တော့ ဒီဟာက မြန်မာနိုင်ငံအတွက် သာမက ကျနော်တို့ ကမ္ဘာ့သမိုင်းမှာပါ၊ ဒါကတော့ တစ်ခုပေါ့၊ မှတ်တမ်းတင်ရမယ့် ကိစ္စတစ်ခု၊ သမိုင်းဝင်ဖြစ်ရပ် တစ်ခုဖြစ်သွားမှာပေါ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒီလို မျိုး နယ်ချဲ့ခုခံရေးစစ်ပွဲ မဟုတ်ဘဲနဲ့ ဒီကိုယ့်အမျိုးသား အချင်းချင်းပေါ့၊ ဒီအာဏာရှင်တိုက်တဲ့ စစ်ပွဲမျိုးက သမိုင်းမှာတော့ အောင်မြင်ခဲ့တဲ့ဟာ မရှိခဲ့ဖူးဘူးလေ။ သမိုင်းမှာ ရှိခဲ့တဲ့ အောင်ပွဲတွေကတော့ နယ်ချဲ့ဆန့်ကျင်ရေး စစ်ပွဲတွေ အဲမှာပဲ အောင် မြင်ခဲ့တာဆိုတော့ တကယ်လို့ အောင်မြင်ခဲ့တယ်ဆိုရင် ဒါသူတို့ပြောသလို သမိုင်းဝင်ဖြစ်ရပ် ဖြစ်သွားမှာပေါ့”ဟု ပြောသည်။
နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲ၀င်နေတဲ့ ကယားပြည်နယ်က PDF များ(AFP)
တော်လှန်ရေးမှာ အောင်မြင်မှု မရရှိဘဲ ရေရှည်ဆက်သွားနေပါက အဆုံးတွင် တွေ့ဆုံဆွေးနွေးရေးဖြင့် ညှိနှိုင်းလုပ်ဆောင်ရမှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
PDF များသည် ပြည်သူများ၏ မျှော်လင့်ချက်ဖြစ်ကြောင်း၊ ထို့အတူ တော်လှန်ရေး၏ အဓိက မောင်းနှင်အားလည်း ဖြစ် ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။