- By CNI
- Category: နိုင်ငံရေး
- Hits: 1341
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၅
ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့နယ်အချို့တွင် မြန်မာ့တပ်မတော် ဆုတ်ခွာခဲ့ပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့(EAOs)များ အချင်းချင်းအကြား နယ်မြေအငြင်းပွားမှု ပြဿနာပေါ်ပေါက်လာနေသည်။
အဆိုပါ နယ်မြေအငြင်းပွားမှုကို မည်ကဲ့သို့ ဖြေရှင်း မလဲဆိုသည့်အပေါ် သက်ဆိုင်ရာလူမျိုးစုများက စောင့်ကြည့် အကဲခတ်နေကြသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA)က ဆင်နွှဲခဲ့သော ၁၀၂၇ စစ်ဆင်ရေးအပြီး နယ်အငြင်းပွားမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာကာ ထိတွေ့တိုက်ပွဲများလည်း ဖြစ်လာခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းအကြား နယ်မြေလုသည့် ပြဿနာကြောင့် ဒေသခံလူထုမှာ မြေဇာပင်ဖြစ်ရကြောင်း၊ ပြဿနာများ မကြီးထွားလာစေရေး ညှိနှိုင်းတိုင်ပင်မှု ရှိရန်လိုအပ်ကြောင်း ပလောင်နိုင်ငံ ရေးသမား ဦးအိုက်လူက CNI သတင်းဌာနသို့ ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “လောလောဆယ်တော့ ပူးတွဲဖြစ်နေတုန်းပဲ အဲဒီဟာက ဆုံးဖြတ်ချက် အစည်းအဝေးလည်း မလုပ်ကြသေး တဲ့ အခါကြတော့ လောလောဆယ်ကြတော့ အောက်ခြေမှာကြတော့ ဒီအတိုင်းပဲ နည်းနည်းလေးတော့ အခက်အခဲ ရှိတယ်ဗျ၊ စိန်ခေါ်မှုလေးတွေတော့ ရှိတာပေါ့၊ ဒီဟာက ဘယ်လိုခေါ်မလဲ ချက်ချင်းက တိုင်ပင်နေတုန်းပေါ့ဗျာ၊ လူထုအတွက် အမြဲတမ်း စိန်ခေါ်မှုလေးတွေလေ ဒါက လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်း ပတ်သက်ပြီဆိုရင် တော့ လူထုကတော့ မြေဇာပင် အမြဲတမ်း ဖြစ်နေရတာပဲလေ၊ ကောင်းတော့ မကောင်းဘူးပေါ့ဗျာ၊ နယ်မြေလုတဲ့ ပြဿနာလေးတွေ ရှိနေတော့၊ သူတို့က လတ်တလော အခြေအနေလောက်ပါပဲ၊ အမြဲတမ်းတော့ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တလောက ဖြစ်တဲ့ဟာလည်း သူတို့အချင်းချင်း ပြန်ပြီးတော့ ညှိနှိုင်းတိုင်ပင်တဲ့ဟာလည်း ရှိလာတာပေါ့၊ အဲဒါကြောင့်မို့လည်း လောလောဆယ်ကတော့ အပစ်အခတ်တော့ ရပ်စဲထားတယ်၊ လောလော ဆယ်ကတော့ နယ်မြေလုတဲ့ ပြဿနာလို့ပဲ ပြောရမှာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA မှ SSPP တပ်ဖွဲ့များကို ဒရုန်းဖြင့် အကြိမ် ၅၀ ကျော် တိုက်ခိုက်ခဲ့ကြောင်း SSPP က ထုတ်ပြန်ခဲ့သည်။
ထို့အတူ SSPP နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အကြားတွင် လည်းကောင်း၊ TNLA နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြားတွင်လည်းကောင်း၊ KIA နှင့် MNDAA အကြားတွင် လည်းကောင်း နယ်မြေအငြင်းပွားမှုများကြောင့် ထိတွေ့ပစ်ခတ်မှုများ ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိနေသည်။

KIA တပ်ဖွဲ့ကို တွေ့ရစဉ်
စစ်ပွဲပြီးပါက အဆိုပါ နယ်မြေအငြင်းပွားမှု ကိစ္စများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရမှာ ဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်ပွဲပြီးတဲ့ နောက်ပိုင်းမှာ ဒါကတော့ ပြန်ပြီးမှ ညှိနှိုင်းယူရမယ့် သဘောမျိုး နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ တွေ့ဆုံပြီးမှ စကားပြောရမယ့်ဟာမျိုး ဖြစ်ပါတယ်။ လက်နက်နဲ့ ဖြေရှင်းတာတော့ အမြဲတမ်း အစဉ်အမြဲကတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း နိုင်ငံရေးအရပဲ တွေ့ဆုံဆွေးနွေးပြီးမှ လုပ်သွားရင်တော့ တိုက်ပွဲတွေက တော့ လျော့ကျပြီးတော့ တဖြည်းဖြည်းနည်းပါး ပျောက်သွားမှာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့(AA-TNLA-MNDAA) တို့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်စခန်းပေါင်း အများအပြားကို သိမ်းယူခဲ့သလို လောက်ကိုင်၊ ကုန်ကြမ်း၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကွမ်လုံ၊ ဟိုပန်၊ ပန်ဝါ၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ စသည့် မြို့နယ်များကိုလည်း မြန်မာ့တပ်တော်က လက်လွှတ်ခဲ့ရသည်။
ထို့နောက် ရှမ်းမြောက်တွင် လှုပ်ရှားကြသည့် ရှမ်းလက်နက်ကိုင်တပ် (SSPP)၊ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နှင့် ကချင်တပ် (KIA) တို့အကြား နယ်မြေအငြင်းပွားမှု သိသာစွာဖြစ်ပေါ်လာခဲ့သည်။
ရှမ်းမြောက်တွင် မြန်မာ့တပ်မတော် အပါအဝင် SSPP၊ TNLA၊ MNDAA၊ KIA၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ရက္ခိုင့်တပ်တော် (AA) အပြင် ပြည်သူ့စစ်များလည်း လှုပ်ရှားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1416
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၄
နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ် ဝန်းကျင်သို့ ပျံသန်း ဝင်ရောက်လာသော ဒရုန်းများကို ပစ်ချခဲ့ သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်၊ ဧပြီ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့များက နေပြည်တော်စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း ၁၆ စီးဖြင့်လည်းကောင်း၊ အေလာ လေတပ် (နေပြည်တော်လေဆိပ်)ကို ဒရုန်း ၁၃ စီးဖြင့်လည်းကောင်း ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ခဲ့သည်။
PDF Insight က “ လက်ရှိမှာ စစ်ရုံးချုပ်တစ်ခုလုံး အဆက်အသွယ်လိုင်းတွေ ပြတ်နေတာကြောင့် ထိခိုက်မှု အခြေအနေ မသိရသေးပေမယ့် အေလာတပ်နေရာ မီးလောင်နေတာကိုတော့ တွေ့မြင်ရတယ်”ဟု ထုတ်ပြန်ခဲ့ သည်။
နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် လေဆိပ်၏ အရှေ့ဘက်မှ ဒရုန်း ၄ စင်းပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက အောင်မြင်စွာ ပစ်ချဖျက်ဆီးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

နေပြည်တော်လေဆိပ် လေယာဉ်ပြေးလမ်းမှာ ဒရုန်းတစ်စင်း ပစ်ချခံထားရစဉ်
ထို့နောက် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ အရှေ့တော်ငဘက်မှ ဒရုန်း ၃ စင်း ပျံသန်းဝင်ရောက်လာမှု အား လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့သည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်များတွင် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံ ရေးဆိုင်ရာကိစ္စများ ဆက်လက်ဆောင်ရွက်နေကြောင်း နစက-က ပြောသည်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် စစ်ရုံးချုပ်တည်ရှိသည်။
နေပြည်တော်လေဆိပ်ကို ဒရုန်းတစ်စင်း ဗုံးသီးများသယ်၍ တိုက်ခိုက်လာခဲ့ပြီး လေယာဉ်ပြေးလမ်းပေါ်မှာ ကျရောက်ပျက်စီးသွားသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 966
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၄
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမည်ဟု ပြောဆိုခဲ့ပြီး နောက် ယခုနှစ်ထဲ ရွေးကောက်ပွဲ ကျင်းပလာနိုင်မလားဆိုသည့်အပေါ် နိုင်ငံရေးပါတီများအကြား သုံးသပ်မှုများ ရှိနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရုရှားသတင်းဌာန တာစ့် (TASS) နှင့် တွေ့ဆုံစဉ် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပရန်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ယခင်တုန်းကလည်း ရွေးကောက်ပွဲကို အပိုင်းလိုက်လုပ်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း၊ တည်ငြိမ်သော ဒေသများ တွင် အရင်ရွေးကောက်ပွဲလုပ်ကာ လွှတ်တော်တစ်ရပ်ခေါ်နိုင်မည့် အခြေအနေရှိပါက အရပ်သား အစိုးရပေါ်လာနိုင် ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
၎င်းက “ဦးနုတို့ လက်ထက်တုန်းကလည်း အပိုင်းလိုက်လား၊ လအလိုက်လား နှစ်အလိုက်လားလည်း လုပ်ခဲ့တာပဲ၊ လုပ်ခဲ့တဲ့ အစဉ်အလာတော့ ရှိတယ်မလား၊ အဲဒီလို စီစဉ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ တိုင်းပြည်ရဲ့ အခြေအနေ အရ၊ အရင်တုန်းက ဦးနုတို့ လက်ထက်တုန်းက ဘယ်လို လုပ်သလဲတော့ မသိဘူး။ ဥပမာ တည်ငြိမ်တဲ့ ဒေသတွေ မှာလုပ်မယ်၊ လုပ်ပြီးတော့ လွှတ်တော်တစ်ရပ်ခေါ်နိုင်မယ့် အခြေအနေအထိ ရောက်တယ်ဆိုလို့ရှိရင်တော့ ဆက်လုပ်မှာပေါ့၊ ဆက်ပြီးတော့ လုပ်စရာရှိတာ လုပ်မှာပေါ့၊ မခေါ်နိုင်သေးဘူး ဆိုရင်တော့လည်း စောင့်ဦးမလား ပေါ့လေ၊ အဲဒါတော့ ကျနော်တို့လည်း ပြောမတတ်ဘူး။ ကျနော်တို့ နိုင်ငံရဲ့ သမိုင်းအရ ခုနက အပိုင်းလိုက်ဖြစ်စေ၊ ကာလအလိုက်ဖြစ်စေ၊ လုပ်လာခဲ့တာလည်း ရှိတာပေါ့လေ၊ ဆိုတော့ အခု SAC မှာ အခုလို ဆိုလို့ရှိရင်လည်း သူတို့ ဖြစ်နိုင်လောက်မယ် ထင်တဲ့ဟာကို သူတို့ လုပ်ချင်လည်း လုပ်မှာပေါ့၊ ကျနော်တို့ကတော့ အဲဒါနဲ့ ပတ်သက်လို့ ဘာမှ မပြောလိုဘူး” ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ရာသီဥတုအခြေအနေအရ ယခင်ကျင်းပခဲ့သည့် နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်း ဖြစ်လာနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း၊ အနောက် ခြမ်းနှင့် မြို့ပေါ်ရပ်ကွက်များ၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ သထုံတို့တွင် လုပ်ဆောင်၍ရကြောင်း နိုင်ငံရေးသမား တစ်ဦးက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင် ရမည်ဟု ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွေးကောက်ပွဲမဲပေးနေစဉ်
ထို့နောက် UEC ထံ ပြန်လည်၍ မှတ်ပုံတင်ခဲ့သော နိုင်ငံရေးပါတီများအနက် ပါတီ ၅၀ နီးပါးကို မှတ်ပုံတင် ချထားပေးပြီး ဖြစ်သည်။
နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ကျင်းပစေလိုကြောင်း၊ သို့သော်လည်း တည်ငြိမ်သည့် ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပပါက မည်ကဲ့သို့သော ပြဿနာများ ဖြစ်ပွားလာနိုင်မလဲဆိုသည်ကို စဉ်းစားရမှာ ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးခင်မောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုအနေအထားကတော့ အေးချမ်းနေတယ်၊ စိတ်ချရတယ်ဆိုတဲ့ နေရာတွေတောင်မှ ရွေးကောက်ပွဲ ဖြစ်လာရင် ဘာပြဿနာတွေ တက်လာနိုင်သလဲဆိုတဲ့ အဲဒီအနေအထားလေးတွေအထိ စဉ်းစားရမှာ ဒါကြောင့် အခုလို အနေအထားကတော့ အန်ကယ်မြင်တာ တော်တော်နည်းလိမ့်မယ်နဲ့ တူတယ်၊ ဒါကြောင့်မို့လို့ သူတို့လည်း ဘယ်လို ချိန်မလဲတော့ မသိဘူး။ နိုင်ငံရေးပါတီတွေကတော့ ရွေးကောက်ပွဲတော့ ဖြစ်စေချင်တယ်၊ ဒါပေမဲ့ လုပ်တဲ့ ရွေးကောက်ပွဲသည် ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ မှန်မှန်ကန်ကန်နဲ့ မဲပေးနိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်အောင် လွတ်လွတ်လပ်လပ်နဲ့ မှန်ကန်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်အောင် အဲဒီလို ရွေးကောက်ပွဲမျိုးတော့ လိုချင်တာပေါ့။ အဲဒါမျိုးပါ၊ အသေးစိတ်တော့ အဲဒီလိုတော့ သူပြောသွားတယ်၊ အသေးစိတ်တော့ သူ့ရဲ့ သဘောထား ဘယ်လိုဆို တာတော့ မသိဘူး။ သူ့သဘောထားကတော့ ရရင်ရတဲ့နေရာတော့ လုပ်သွားမယ်၊ ကျန်တဲ့နေရာတော့ သူတဖြည်း ဖြည်း လုပ်မယ်ပေါ့၊ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ အရင်တုန်းကလည်း ရွေးကောက်ပွဲ အဲဒါမျိုးတွေ လုပ်ခဲ့ တာတွေ ရှိတယ်ဆိုပြီးတော့ သူပြောပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေနဲ့တော့ အခုအခြေအနေနဲ့တော့ နည်းနည်း မတူဘူးလို့ ထင်တယ်၊ အန်ကယ်တို့ တွက်တာလေ” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခု ၂၀၂၄ ခုနှစ်ကို သန်းခေါင်စာရင်း အပြီးသတ် ကောက်ယူမည် ဖြစ်ကြောင်း၊ ထိုနောက် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိသည့် နိုင်ငံရေး ပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1236
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၄
မြန်မာနိုင်ငံ၏ မြို့တော်လည်းဖြစ် တပ်မတော်၏ စစ်ရုံးချုပ်များတည်ရှိရာ နေပြည်တော်ရှိ အေလာလေယာဉ် ကွင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ် များထံမှ သိရသည်။
ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာ လေတပ်နေရာများကို ကာမီကာဇေ Drone (ဒရုန်း)များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ နေပြည်တော် စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း ၁၆ စီး၊ အေလာ လေတပ်ကို ၁၃ စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု PDF Insight က သတင်း ထုတ်ပြန်ခဲ့သည်။

နေပြည်တော်လေယာဉ်ကွင်း ပြေးလမ်းပေါ်မှာ ဒရုန်းတစ်စင်းကို တွေ့ရစဉ် (BBC)
နေပြည်တော်စစ်ရုံးချုပ် တိုက်ခိုက်ခံရခြင်း ဟုတ်၊မဟုတ်ကိုတော့ အတည်မပြုနိုင်သေးသော်လည်း နေပြည် တော် လေယာဉ်ကွင်း (အေလာလေယာဉ်ကွင်း)၏ လေယာဉ်ပြေးလမ်းပေါ်ကိုတော့ ဒရုန်းတစ်စီး တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကို မီဒီယာများက မေးမြန်းထားသော် လည်း ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 1325
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၄
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့အား မသိနားမလည်သူများအပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက် အကျပ်ကိုင်မှုမှတဆင့် ငွေကြေးနှင့်အခြား အခွင့်အရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူ အကျင့်ပျက် ဝန်ထမ်းအချို့နှင့် အဖွဲ့အစည်းအချို့ကို ဖော်ထုတ်အရေးယူမည်ဟု နစက၏ ဒုဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာတည်စေကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်သည် တစ်လလျှင် လူဦးရေ ၅၀၀၀ ၊ တစ်နှစ်လျှင် လူဦးရေ ၆၀,၀၀၀ ဖြင့် သတ်မှတ်ကာ ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်လျှက်ရှိသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်သည့်အခါမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် အာဏာပိုင်အဖွဲ့အစည်း တချို့သည် အကြပ်ကိုင်၍ ငွေကြေး တောင်းခံနေကြသလို တခြားသော အမြတ်ထုတ်မှုများရှိနေသည်။

ပြည်သူ့စစ်မှုထမ်းများကို တွေ့ရစဉ်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့အား မသိ နားမလည်သူများအပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက် အကျပ်ကိုင်မှုမှတဆင့် ငွေကြေးနှင့်အခြား အခွင့်အ ရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်အချို့နှင့် အဖွဲ့အစည်းအချို့ပါ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန်လို ကြောင်း”ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ကျေညက်အောင်လေ့လာပြီး တာဝန်ကျရာ ဒေသအသီးသီးတွင် ရှိကြသည့် သတ်မှတ်ချက် အကျုံးဝင်သူ ပုဂ္ဂိုလ်များနှင့် ဆက်နွှယ်ကြသည့် မိသားစုဆွေမျိုး အသိုင်းအဝိုင်းပါ သိရှိနားလည် သဘောပေါက်အောင် စည်းရုံးပြောဆို အသိပေးရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ မိမိတို့နိုင်ငံ၏ ပထဝီအနေအထားကို ကြည့်ပါက လူအင်အား၊ စီးပွားရေး အင်အားကြီးမားသည့် နိုင်ငံကြီး နှစ်နိုင်ငံကြားတွင် တည်ရှိနေခြင်းကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူ ဟာကို ပြည်သူ့စစ်မဟာဗျူဟာအဖြစ် ဖော်ဆောင်ကျင့်သုံးလျက်ရှိသည်”ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်းများကို တွေ့ရစဉ်
ထို့နောက် ပြည်သူလူထု၏ ယုံကြည်လေးစားအားကိုးမှုကို ရရှိစေရန်အတွက် တပ်မတော်သည် စွမ်းရည်ထက် မြက်ပြီး အင်အားတောင့်တင်းနေရန် လိုအပ်ကြောင်း၊ ပြည်သူနှင့်တပ်မတော် တစ်သားတည်းဖြစ်မှသာ ပြည်သူ့ စစ်မဟာဗျူဟာများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း လူဦးရေ ၁၃ သန်းရှိကြောင်း၊ ထိုအထဲမှ အမျိုးသားများကိုသာ ပထမဆုံး စစ်မှုထမ်းရန် ဆင့် ခေါ်မည် ဖြစ်ကြောင်း၊ စစ်မှုထမ်းရန် ဆင့်ခေါ်သည့်အခါမှာလည်း အားလုံးကိုမဟုတ်ဘဲ လိုအပ်သည့် အရေအ တွက်သာ ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁)ကို ဧပြီလကုန် စတင်မည်ဖြစ်ပြီး လူဦးရေ ၅၀၀၀ ကျော် စစ်မှုထမ်း ရန် စာရင်းပေးထားကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 937
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ်ကျေးရွာအုပ်စုတွင် ၂၀၂၄ ခုနှစ်၊ ဧပြီ ၃ ရက်နေ့က ကျင်းပသည့် ရှင်ပြုပွဲသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် သွားရောက်၍ အလှူငွေများ လှူဒါန်းခဲ့ကြောင်း Tai Freedom မှ ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၃ ရက်က လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာက ရှမ်းစာပေ သင်တန်းကျောင်းက ဆရာ/ဆရာမများနှင့် ဗိုလ်ချုပ်ကြီယွက်စစ်တွေ့ဆုံစဉ်
ထို့နောက် လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာသို့ သွားရောက်၍ နွေရာသီ ရှမ်းစာပေသင်ကြားရေး သင်တန်း ဖွင့်လှစ်ထားသော ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများကို တွေ့ဆုံကာ ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ RCSS ထိန်းချုပ်ထားသော နယ်မြေများသို့ သွားရောက်၍ စစ်သင်တန်းတက်ရောက်နေသူများနှင့် မတ်လကုန်ပိုင်းက ခပ်စိပ်စိပ် တွေ့ဆုံလာသလို ဒေသခံ လူထုများနှင့် လည်း တွေ့ဆုံမှုများ ပြုလုပ်လာလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1333
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်/ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA/UWSP)သည် မြန်မာ့ တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သည်မှာ လာမည့် ဧပြီ ၁၇ ရက်နေ့တွင် ၃၅ နှစ်ပြည့်မည်ဖြစ်၍ အခမ်းအနား ကျင်းပရန် အလံများ မြို့အတွင်း လွှင့်ထူထားသည်ကို တွေ့ရသည်။
၁၉၈၉ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့က UWSA သည် ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်၍ မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့တွင် ငြိမ်းချမ်းရေးရယူမှု ၃၅ နှစ်ပြည့်မည်ဖြစ်ပြီး အခမ်းအနားများ လည်း ကျင်းပမည် ဖြစ်သည်။
UWSA ကို အထူးဒေသ(၂)အဖြစ် သတ်မှတ်၍ “ဝ”ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့သည်။

ငြိမ်းချမ်းရေး ၃၅ နှစ်ပြည့်အတွက် UWSA အလံများလွှင့်ထူထားစဉ် (CJ)
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆(စ)တွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင် မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သတ်မှတ်ပေးထားသည်။
အဆိုပါ ဒေသများ အားလုံးကို UWSA က အုပ်ချုပ်စီမံလျက်ရှိနေသည်။
UWSA သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အားလုံးထက် လူအင်အား၊ လက်နက်အင် အား၊ ငွေကြေးအင်အား အတောင့်အတင်းဆုံး ဖြစ်ပြီး ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)အဆင့် အခွင့်အရေး ရရှိထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1305
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃
တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းအဖြစ် ရှုမြင်သလားဟု မေးမြန်းမှုအပေါ် အိမ်နီးချင်းကောင်း မဟုတ်ဟု ဖြေဆိုသူ ၅၄ ရာခိုင်နှုန်းရှိသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)က ၂၀၂၄ ခုနှစ်၊ ဧပြီ ၂ ရက်နေ့က အစီအရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။
ISP က အဆိုပါ စစ်တမ်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ကောက်ခံခဲ့ခြင်းဖြစ်ပြီး မြန်မာ့မူဝါဒ အသိုက်အဝန်း ခြောက်ခုမှ လူပုဂ္ဂိုလ် ၂၅၀ ဦးကို မေးခွန်း ၁၀၀ မေးမြန်းထားခြင်းဖြစ်သည်။
အဆိုပါ လူပုဂ္ဂိုလ်များမှာ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်မှ လူပုဂ္ဂိုလ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တရုတ်၏ နိုင်ငံရေး-စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးအပေါ် အကျွမ်းတဝင်ရှိသော တတ်သိပညာရှင်များ၊ လှုပ်ရှား တတ်ကြွသူများနှင့် ထင်ရှားသူများ ပါဝင်သည်။

တရုတ်က မြန်မာ့ပြည်တွင်းရေး ၀င်စွက်ဖက်နေဟု ဖြေဆိုမှုမှတ်တမ်းကို တွေ့ရစဉ်
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်များ(EAOs)နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများရှိဒေသများတွင် အခြေစိုက်လှုပ်ရှားနေသော (နွေဦးတော်လှန်ရေးတွင် အသစ်ပေးပေါက်လာသည့်) လက်နက်ကိုင်တပ်ဖွဲ့ (PDFs/LDFs) ခေါင်းဆောင်များလည်း ပါဝင် ဖြေဆိုထားသည်ဟု ISP က ထုတ်ပြန်ခဲ့သည်။
တရုတ်ကို အိမ်နီချင်းကောင်း မဟုတ်ဟု ဖြေဆိုသူ ၅၄ ရာခိုင်နှုန်းရှိပြီး အိမ်နီးချင်းကောင်းဟု ဖြေဆိုသူက ၄၁ ရာခိုင်နှုန်းရှိသည်။
ထို့နောက် မြန်မာပြည်သူများ၏ သဘောထားကို တရုတ်က အလေးထားသလားဆိုသည့် အပေါ်မှာတော့ အလေးထားစဉ်းစားသည်ဟု မြင်သူ ၈၂ ရာခိုင်နှုန်းရှိပြီ အာဏာကိုင်စွဲထားသူနှင့် အဆင်ပြေရန်သာ အဓိက စဉ်းစားသည်ဟု မြင်သူကတော့ ၁၂ ရာခိုင်နှုန်းရှိသည်။
အလားတူ မြန်မာကို ဒီမိုကရေစီနိုင်ငံအဖြစ် တရုတ်ကမြင်လိုသလားဆိုသော အမြင်မှာတော့ အာဏာရှင်နိုင်ငံ အဖြစ် တရုတ်က မြင်လိုကြောင်း ဖြေဆိုသူ ၆၀ ရာခိုင်နှုန်းရှိပြီး ဒီမိုကရေစီနိုင်ငံအဖြစ် မြင်လိုကြောင်း ဖြေဆိုသူ ကတော့ ၂၆ ရာခိုင်နှုန်းရှိသည်။
ထို့အပြင် မြန်မာ့ပြည်တွင်းရေးကို တရုတ်ဝင်စွက်ဖက်နေသလား အမြင်မှာတော့ ဝင်စွက်ဖက်သည်ဟု ထင်မြင် ယူဆသူ ၇၃ ရာခိုင်နှုန်းရှိပြီး ဝင်မစွက်ဖက်ဘူးဟု ထင်မြင်ယူဆသူ ၂၄ ရာခိုင်နှုန်းရှိသည်ဟု ISP က ထုတ်ပြန် ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ(EAOs)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDFs)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(LDFs)တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။

တရုတ်က မြန်မာကို အာဏာရှင်နိုင်ငံအဖြစ် မြင်လိုသည်ဟု ဖြေဆိုမှု မှတ်တမ်းကို တွေ့ရစဉ်
ထို့နောက် ရက္ခိုင့်တပ်တော်(AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ဖော်ဆောင်ခဲ့သည့်အတွက် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများအတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA)တို့သည် လောက်ကိုင်၊ ကုန်ကြမ်း၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကွမ်လုံ၊ သိန္နီ၊ ဟိုပန်၊ ပန်ဝါ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ စသည့်မြို့နယ်များကို ထိန်းချုပ်ခဲ့သလို မြန်မာ့တပ်မတော်၏ စစ်စခန်းပေါင်း ၁၀၀ ကျော်ကိုလည်း တိုက်ခိုက်ခဲ့ သည်။
တခြားတစ်ဖက်မှာလည်း AA သည် ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး မြန်မာ့တပ်မတော်ကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ရသေ့ တောင်၊ မောင်တောနှင့် ချင်းပြည်နယ်၊ ပလက်ဝနှင့်ဆမီး စသည့် မြို့နယ်များကို ထိန်းချုပ်ထားသလို မြန်မာ့ တပ်မတော်၏ စစ်စခန်းပေါင်း ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့သည်။
အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF များ ပူးပေါင်း၍ ကချင်ပြည်နယ်မှ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ ဗန်းမော်၊ မိုးမောက်၊ လွယ်ဂျယ် စသည့် မြို့နယ်များအတွင်းရှိ မြန်မာ့တပ်မတော် စစ်စခန်း များကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံက လက်နက်ကိုင်အဖွဲ့များဘက်ကနေ ကျောထောက် နောက်ခံ ပေးထားသည်ဟု စစ်ရေး လေ့လာသုံးသပ်သူများက ထောက်ပြလျက်ရှိနေသည်။
တရုတ်အစိုးရဘက်ကတော့ လက်နက်ကိုင်များ၏ နောက်ကွယ်တွင် မိမိတို့ ကျောထောက်နောက်ခံ ပေးထား ခြင်းမရှိဘူးဟု ငြင်းဆိုထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1099
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃
လက်ရှိ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ရေးရည်မှန်းချက် မည်ကဲ့သို့ ရှိနေသလဲဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များက သုံးသပ်လျက်ရှိ နေသည်။
KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့က ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး KIA အနေဖြင့် မဟာမိတ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်ကိုတွေ့ရစဉ်
၎င်းက “KIA ရဲ့ ရည်မှန်းချက်ကတော့ ကျနော်သိသလောက်ဆိုရင် သူကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ရည်မှန်းချက် ဖြစ်ပါတယ်၊ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ နောက်ပိုင်းမှ သူကတော့ ပြီးသွားမယ်လို့ မြင်ပါတယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ် ဆိုပြီးမှ လုပ်ထားပါတယ်၊ ဒါကြောင့်လည်း တိုက်ပွဲဝင်တဲ့ နေရာမှာလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုပြီးမှ ကျန်တဲ့ မဟာမိတ်တွေနဲ့အတူ လက်တွဲပြီးမှ တိုက်ပွဲဝင်နေတယ်လို့ပဲ ကျနော်ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် KIA နှင့် မဟာမိတ်တပ်ဖွဲ့မှ မိုးမောက် - လွယ်ဂျယ်လမ်း၊ မိုးမောက် - ဒေါ့ဖုန်းယန်လမ်းရှိ မြန်မာ့တပ်မတော်၏ စခန်းများကို သိမ်းပိုက်ထားကြောင်း သိရသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းများကို ရယူလို၍ KIA က မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
၎င်းက “သူကတော့ အဓိက နယ်စပ်ကုန်သွယ်ရေးစခန်းတွေ သူတတ်နိုင်သမျှ သူရအောင် ယူမယ်ပေါ့နော်၊ တတ်နိုင်သမျှ ရအောင်ယူထားလို့ရှိရင် နှစ်ဖက်အစိုးရကို လည်ပင်းညှစ်လို့ရတာပေါ့၊ ဒီအနေအထားကို သူယူနေ တာပါ။ မူဆယ်ကို သူမရလိုက်ဘူးလေ၊ ကွတ်ခိုင်ကို သူမရလိုက်ဘူး။ TNLA ရလိုက်တယ်၊ အဲဒီလိုမျိုးပေါ့၊ သူလည်း ရနိုင်သမျှ လုပ်တာပေါ့၊ ဒါပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လွယ်ဂျယ်မြို့အ၀င်ကို KIA ထိန်းချုပ်ထားစဉ်
လက်ရှိ တိုက်ပွဲ အနေအထားအရ KIA မှာ ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်ပြီးပြီဟု ခန့်မှန်းကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုကတော့ အခြေအနေက KIA အနေနဲ့ သူ့ရဲ့ စစ်ရေးရည်မှန်းချက်တွေ အများအားဖြင့် အကောင်အထည်ဖော်ပြီးပြီလို့ ခန့်မှန်းရပါတယ်။ ဒီနေ့ မနက်ဘဲ မိုးမောက်နဲ့ လွယ်ကျယ်မှာ အဓိက စခန်းကြီး ရှင်လွန်ကမ္ဘာစခန်းကို သိမ်းလိုက်ပြီဆိုတဲ့ ယေဘုယျအားဖြင့် KIA အနေနဲ့ သူ့ရဲ့ လတ်တလော စစ်ရေးပစ်မှတ်တွေ တော့ အတော်လေးတော့ အောင်မြင်သွားပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တစ်ချိန်ထဲမှာ လွယ်ကျယ်ကုန်သွယ်ရေး ဝင်ပေါက်ကို KIA အနေနဲ့ ဝင်ရောက်ဖို့ တားဆီးတယ်ဆိုတဲ့ သတင်းတွေလည်း ကြားပါတယ်။ ဆိုလိုတာကတော့ တရုတ်-မြန်မာနယ်စပ်ကြားထဲမှာ ရှိနေတဲ့ ကချင်ပြည်နယ်မှာ ရှိနေတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်ဖက်က ထိန်းချုပ်ဖို့ လိုအပ်လာတဲ့အတွက် အခု တိန့်ရှီးကျွင်းက ဗမာပြည်ကို လာပြီးတော့ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပုံရတယ်လို့ ယူဆပါတယ်။ တချိန်ထဲမှာ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ ဒီရက်ပိုင်းတွေ အတွင်းမှာ တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှု လုပ်ဖို့ဆိုတာတွေ ရှိပါတယ်။ အဲဒါတွေ အားလုံးက ဖော်ပြနေတာတော့ ဗမာပြည်ထဲမှာ ရှိနေတဲ့ စစ်ရေးပဋိပက္ခတွေကို ထိန်းချုပ်ဖို့ ဒီအင်အားစုတွေ ညှိနှိုင်းစားပွဲကို ခေါ်ဖို့အတွက် တရုတ်ပြည်ဘက်က ကြိုးစားလာတာလို့ ဒါကိုလည်း စစ်ကောင်စီဘက်က ကြိုဆို လိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်ခင်ဗျ” ဟု ပြောသည်။
KIA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့သည် ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ဆွမ်ဘရာဘွမ်၊ လွယ်ဂျယ် စသည့် မြို့နယ်များအတွင်းက အရေးကြီးသော မြန်မာ့တပ်မတော်၏ စစ်စခန်းများ၊ ဗျူဟာကုန်းများကို သိမ်းပိုက်ထားသည်။
