
- By CNI
- Category: နိုင်ငံရေး
- Hits: 1185
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်စပ်က မိုးဗြဲမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကရင်နီ လက်နက်ကိုင်များ (ပူးပေါင်းအဖွဲ့)ကြား ဖြစ်ပွားနေသော တိုက်ပွဲတွင် နေအိမ် ၁၀၀ ကျော် ပျက်စီး ဆုံးရှုံး ခဲ့ ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မိုးဗြဲမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီတပ်မတော်(KA) ပူးပေါင်းတပ်ဖွဲ့တို့ စက်တင်ဘာ ၈ ရက်နေ့ကနေ စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ (စက်တင်ဘာ ၁၂ ရက် နေ့)အထိဆိုလျှင် နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့သည်။
တိုက်ပွဲအတွင်း ပျက်စီးသွားသည့် မိုးဗြဲက နေအိမ်များ (PKPF)
PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက “ ယမန်နေ့ည (စက်တင်ဘာ ၁၁ ရက်နေ့) တစ်ရက်အတွင်း မိုးဗြဲတိုက်ပွဲ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပွဲကုန်း ၁၊ ၂၊ ၃ ရပ်ကွက် နေအိမ်အလုံး ၄၀ ထက်မနည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ပါသည်။ ၄ ရက်အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် နေအိမ် အလုံး ၁၀၀ ထက် မနည်း ပျက်စီးနေပြီ”ဟု စက်တင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ယနေ့ (စက်တင်ဘာ ၁၂ ရက်) ၅ ရက်မြောက်တွင်လည်း တိုက်ပွဲများ ဖြစ်နေခြင်းကြောင့် မိုးဗြဲ၊ ဖယ်ခုံလမ်း အသွားအလာ မပြုလုပ်ရန် ကရင်နီအဖွဲ့များက ထုတ်ပြန်ထားသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1000
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နောင်ပတ်ကျေးရွာ၏ ဦးဆောင်သံဃာတော် ရှမ်းနီဆရာတော် ဦးဂန္ဓမာကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ စက်တင်ဘာ ၄ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့ခြင်း အား NUG နှင့် KIA က အများပြည်သူရှေ့မှောက် ခုံရုံးဖွဲ့စစ်ဆေးအရေးယူပေးရန် တိုင်းလိုင်(ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က ထုတ်ပြန် ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၀ ရက်နေ့ TNDP ပါတီ၏ ထုတ်ပြန်ချက်တွင် သံဃာတော် ဦးဂန္ဓမာအား ဖမ်းဆီးသတ်ဖြတ်ခြင်း နှင့် ပတ်သက်၍ NUG နှင့် KIA တို့မှ တာဝန်ရှိသူများသည် အများပြည်သူရှေ့မှောက် ခုံရုံးဖွဲ့စစ်ဆေး အရေးယူပြီး ဗုဒ္ဓဘာသာဝင်များနှင့် ရှမ်းနီတိုင်းရင်းသားတို့ကို တောင်းပန်ရန် တိုက်တွန်းသည်ဟု ဖော်ပြထားသည်။
TNDP က “အာဏာရှင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေး အကြောင်းပြပြီး မိမိကိုယ်တိုင် လူမျိုးကြီး ဝါဒ ကျင့်သုံးနေသော KIA နှင့် အာဏာရှင်ကို တော်လှန်ရင်း ကိုယ်တိုင်အာဏာရှင် ဖြစ်လာနေသော KIA နှင့် PDF ပူးပေါင်းအဖွဲ့တို့၏ အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာ ရှုံ့ချသည်”ဟု ပြောသည်။
ထို့နောက် တော်လှန်ရေးလုပ်နေကြသော ရှမ်းနီလူမျိုးများသည် မိမိတို့လူမျိုးကို ချစ်မြတ်နိုးကြရန်နှင့် KIA ၏ ပယောဂကြောင့် ဖြစ်ပေါ်ခဲ့သော ပါဂျောင်အရေးအခင်းနှင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးနောက် ၁၉၉၆ ခုနှစ် တွင် မြန်မာပြည်မြောက်ပိုင်းမှ ABSDF တို့ ထွက်ခွာခဲ့ရခြင်းများကို သင်ခန်းစာယူ၍ သတိထားဆောင်ရွက်ကြရန် အသိပေးသည်ဟုလည်း TNDP က ထုတ်ပြန်ခဲ့သည်။
၎င်းက “ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့် ဗိုလ်ကျပြီး အကြမ်းဖက် နေကြသော အဖွဲ့အစည်းများကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် တွန်းလှန်တိုက်ထုတ်သွားကြရန် ရှမ်းနီတိုင်းရင်းသား အားလုံး ကို နှိုးဆော်သည်”ဟု ပြောသည်။
လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပေးကြရန် နှင့် လက်နက်မဲ့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်ခြင်းများ မပြုလုပ်ကြရန် တိုင်းလိုင်(ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ကြား တိုက်ပွဲများ ဖြစ်ပွား နေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1019
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများသည် စားနပ်ရိက္ခာများ လိုအပ်နေ သည်ဟု ဒီပဲယင်းမြို့နယ် တိုက်ပွဲရှောင်ထောက်ပံ့ရေးအဖွဲ့မှ CNI သတင်းဌာနသို့ ပြောသည်။
ပရဟိတအဖွဲ့အစည်းများသည် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ သွားရောက်ကူညီဆောင်ရွက်မှုများ မပြုလုပ်နိုင် ဘဲ ဖြစ်နေကြောင်း၊ လွန်ခဲ့သည့် ၅ လလောက်က ဒီပဲယင်းဘက်သို့ လူနာပို့ဆောင်ပေးစဉ် မိုင်းခွဲခံခဲ့ရကြောင်း မန္တလေးမြို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ အဲ့ဘက်က ခုလောလောဆယ် သွားဖို့ကို မလွယ်တာ ၊ ဒီပဲယင်းက ပိုဆိုးတယ်။ လုံးဝကို ကျနော်တို့ လူနာ သွားပို့ရင်တောင်မှ ဂိတ်တွေ အများကြီးဖြတ်ပြီးတော့မှ လူနာဆိုလည်း လူနာ၊ လူသေဆိုလည်းလူသေပေါ့ လုံးဝခါလီဆို အဲ့ဘက်ကို သွားလို့ကို မလွယ်တာ” ဟု ပြောသည်။
ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာက နေအိမ်များ မီးလောင်သွားသည့် ဒေသခံများကို BIA တပ်ဖွဲ့က ဆန်များလှူဒါန်း (BIA-fb)
ဒီပဲယင်း မြို့နယ်အတွင်းတွင် တိုက်ပွဲရှောင်စခန်း (၆) ခုရှိကြောင်း၊ ထိုစခန်းများအနက် တချို့စခန်းတွင် လူဦးရေ ၇၀၀ ကျော်ရှိသော်လည်း တချို့ စခန်းမှာတော့ လူဦးရေ ၅၀ ကျော်ရှိကြောင်း ဒီပဲယင်းမြို့နယ် တိုက်ပွဲရှောင် ထောက်ပံ့ရေးအဖွဲ့မှ ကိုခန့်ဇော်(အမည်လွှဲ)က ပြောသည်။
၎င်းက “တစ်ရက်ကို ဆယ်တင်းကျော် ၁၂ တင်း လောက်ချက်ရတယ်။ အဲ့လောက်ကုန်ကြပြီးတော့ အလုပ်လုပ် ပေးနေရတယ်ပေါ့။ လိုအပ်တာတော့ စားဝတ်နေရေးပေါ့၊ နေရေးကတော့ ကျနော်တို့ ဘုန်းကြီးကျောင်းတွေတို့၊ စာသင်ကျောင်းတွေတို့ နီးစပ်ရာတွေမှာ တက်နေလို့ ရတယ်။ အသက်ရှင်ဖို့အတွက် စားဖို့သောက်ဖို့က အရမ်း အရေးကြီးတဲ့ အခါကြတော့ ဒီဟာကတော့ ရေရှည်ကြရင် ထောက်ပံ့မှုတွေ လိုအပ်တယ်ပေါ့နော်၊ ခုလည်း ထောက်ပံ့မှုတွေ လိုအပ်နေတယ်”ဟု ပြောသည်။
အဆိုပါ စခန်းများကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က လာရောက်လှူဒါန်းမှုများရှိသော်လည်း တိုက်ပွဲရှောင် စခန်းအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အို နှင့် ကလေးသူငယ်များအတွက် ဆေးဝါး အကူအညီ များ လိုအပ်နေသေးကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်မှ တိုက်ပွဲရှောင်များ (ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့)
လက်ရှိ ဒီပဲယင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် တချို့သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေ ကြောင်းလည်း သိရသည်။
UNHCR ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာ ရွေ့ပြောင်းနေထိုင် သူ ၃၄၆,၆၀၀ ဦးကြောင်း၊ ထို့နောက် ပြည်တွင်းနေရပ် စွန့်ခွာနေထိုင်သူအသစ် ၈၆၆,၄၀၀ ဦး တိုးလာကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ထိခိုက်ခံစားနေရသော ပြည်သူများကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်များအား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အရပ်သားပြည်သူများ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဟု ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ အဖွဲ့အစည်းများကွန်ရက်(CNPFD)က ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1509

- By CNI
- Category: နိုင်ငံရေး
- Hits: 1834
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀
မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် အဖွဲ့ချင်းအတူတူဖြစ်၍ ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ချင်းကာကွယ် ရေးတပ်ဖွဲ့(CDF)တို့အကြား ပြဿနာမရှိကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြော သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် သံထောင်ကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက AA နှင့် CDF တို့အကြား စစ်ရေးတင်းမာခဲ့ကြောင်း သိရသည်။
ဦးဖေသန်းက “သူတို့အနေနဲ့ ပထမအခြေစိုက်ကတည်းက ပလက်ဝလာပြီး အခြေစိုက်တာကိုး ပလက်ဝ ဧရိယာ က AA အတွက်လည်း အရေးကြီးတယ်၊ ချိတ်ဆက်တဲ့ ဧရိယာဆိုတော့ သူတို့လည်း ထိန်းထားရတာပေါ့။ နိုး မဟုတ်ရင် ဒီဖက်ကို အဲဖက်က စစ်ကြောင်းတွေ လာနိုင်တာပေ့ါ။ ဒါကြောင့် ပလက်ဝ ဆိုတာကလည်း ရခိုင်ပြည် နယ် ရေခြားမြေခြား မဟုတ်ဘူး။ ကုလားတန် ရေစီးကြောင်းမှာ အတူတူရှိရတာ။ ပလက်ဝဆိုရင် စီးပွားရေး၊ လူမှု ရေး အကုန်လုံးကို ရခိုင်ဒေသကို အမှီပြုပြီး ရပ်တည်နေရတာ စားနပ်ရိက္ခာကအစပေါ့နော်၊ ဒီလို အခြေအနေမျိုး မှာ AA တပ်မတော် အနေနဲ့ကတော့ ဒီနေရာကို ချင်းလူမျိုးတွေရဲ့ နေရာကို အလံစိုက်ဖို့တော့ မဟုတ်ဘူးပေါ့နော်၊ သူတို့အနေနဲ့ ခေတ္တယာယီတော့ အသုံးချတာတော့ ဖြစ်နိုင်ပါတယ်။ ဒီကိစ္စတော့ ကြီးကြီးကျယ်ကျယ် ရှင်းစရာ လည်း မလိုဘူး ထင်ပါတယ်ဗျ။ အဲဒီလောက်လေးနဲ့ကို သူတို့က နားလည်ပေးနိုင်ရမှာပေါ့နော်၊ မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း အချင်းချင်းအတူတူ ဆိုရင်တော့ သူ့နေရာ ကိုယ်နေ၊ ကိုယ့်နေရာမှာ သူနေ အဲဒီလိုပဲ နေကြတာပဲလေ၊ PDF တွေလည်း ကရင်မှာ ကချင်မှာ အကုန်လုံး အဲဒီလို EAO တွေနဲ့ ပူးပေါင်းပြီး နေကြ တာပေါ့။ ဒါကတော့ ပြဿနာ မဖြစ်လောက်ဘူး၊ နိုင်ငံရေးအရ ဆွေးနွေးစရာလည်း မလိုအပ်ဘူးလို့ ကျနော်ထင်ပါ တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပလက်ဝမြို့ကိုတွေ့ရစဉ်
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ချင်းပြည်နယ် ပူးတွဲကာကွယ်ရေးကော်မတီ (CJDC) ထံ ဆက်သွယ်ရာမှာ Chinland Defense Force -Daai နှင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ၎င်းအဖွဲ့ထံ ဆက်သွယ်ရန် ပြောကြားခဲ့ သည်။
ထို့နောက် CDF(Daai) သို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်၍ မရရှိသေးပေ။
ဦးဖေသန်းက “အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုဆိုတာကတော့ မကြိုက်တာလည်း ရှိမယ်၊ ဒါပေမဲ့ အဲဒီ မကြိုက်တာက ဒီအချိန်မှာ အဓိက ဘုံရန်သူကို သူတို့လည်း တိုက်တယ်၊ ဒီဖက်လည်း တိုက်တဲ့ အခြေ အနေမျိုးမှာ ဒါက ကိုယ့်အချင်းချင်း၊ တော်လှန်ရေး အချင်းချင်း မပြောလောက်တဲ့ကိစ္စပဲ ဖြစ်ပါလိမ့်မယ်၊ အနာဂတ်မှာ ဆိုရင်တော့ ပြောစရာကိစ္စတွေ ရှိလာရင်လည်း နောက်စစ်ကောင်စီတို့ ပြုတ်ကျပြီးမှ ပေါ့ ဗျာ၊ ဖက်ဒရယ်ထူထောင်ဖို့ အခွင့်အရေးရတဲ့ အခါမှာ ဆွေးနွေးရင်လည်း ပြီးတဲ့ကိစ္စ၊ စစ်ရေးလှုပ်ရှားမှု ဆိုတာကတော့ သူ့နယ် ကိုယ့်နယ်လို့ မဟုတ်ဘူး။ ဒါကတော့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု ရှိဖို့လို တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပလက်ဝမြို့နယ်အတွင်းက ကုလားတန်မြစ်အတွင်း သွားလာနေသူများ
ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမတိုင်မီ ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိခဲ့သည်။
ပလက်ဝမြို့နယ်တွင် လူဦးရေ ၆၄၀၀၀ ကျော်ရှိပြီး ချင်းလူမျိုး အများစု နေထိုင်ကာ ရခိုင်လူမျိုး၊ ဗမာလူမျိုးနှင့် အခြားသော လူမျိုးစုများလည်း နေထိုင်ကြောင်း သိရသည်။ တခြားသော လူမှုရေး အဖွဲ့ အစည်းများ၏ လူဦးရေ စာရင်း ကောက်ခံထားမှုအရ ပလက်ဝမြို့နယ်တွင် လူဉီးရေ ၁ သိန်းကျော် ရှိ ကြောင်း သိရသည်။
ပလက်ဝမြို့နယ်တွင် AA သည် ခြေကုပ်စခန်းများ တည်ဆောက်ကာ လှုပ်ရှားလျက်ရှိပြီး ယခင်က ရခိုင် ပြည်လွတ်မြောက်ရေးပါတီ(ALP)လည်း ပလက်ဝဒေသ အိန္ဒိယနယ်စပ်အနီးမှာ လှုပ်ရှားခဲ့ဖူးသော်လည်း AA ၏ တိုက်ခိုက်ချေမှုန်းခြင်းကို ခံခဲ့ရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1463
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၏ စစ်ရေးလှုပ်ရှား မှုများ မတွေ့ရှိတော့ဟု ဒေသခံများက ပြောသည်။
RCSS အနေဖြင့် ရှမ်းမြောက်မှ ၎င်းတို့ တပ်များကို ရုပ်သိမ်းသွားကြောင်း၊ သို့သော်လည်း ရှမ်းတောင်ရှိ မြို့နယ် အချို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုရှိနေကြောင်း ကျောက်မဲဒေသခံတစ်ဦးဖြစ်သူ ဦးမင်းနောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “RCSS ကတော့ ဒီရှမ်းမြောက်ကနေ ရုပ်သွားတာပေါ့နော်၊ ရှမ်းမြောက်ကနေပြီးတော့ သူရုပ်သွားတာပေါ့ နော်၊ ရုပ်သွားတဲ့ အခါကြတော့ သူဟာ သူ့ရဲ့ နယ်မြေထဲ သူပြန်ဝင်သွားတယ်၊ သူ့နယ်မြေသည် ရှမ်းအရှေ့ပေါ့၊ သို့သော်လည်းပဲ ဒီကြားလေးထဲမှာတော့ သူထပ်ပြီးတော့ အပြီးအပိုင်တော့ ရှမ်းမြောက်၊ ရှမ်းတောင်ထဲကနေတော့ ဆုတ်သွားတာ မဟုတ်ပေမယ့် ရှမ်းတောင်ထဲမှာ သူတို့ ထိတွေ့မှုတွေ ရှိနေတာ တွေ့ရတယ်။ အဲဒီတော့ သူတို့က ရှမ်းတောင်ထဲမှာတော့ နည်းနည်းလေးတော့ complaint လေးတော့ ရှိတာပေါ့။ အဲဒီဖက်က စစ်သားစုဆောင်း တာတို့၊ နောက် နယ်မြေစိုးမိုးမှု ယူတာတို့၊ ဆက်ကြေးကောက်တာတို့ စသဖြင့်တော့ အဲဒီဖက်မှာတော့ နည်းနည်း ရှုပ်ရှုပ်ထွေးထွေး ရှိတာပေါ့ဗျာ။ ရှမ်းတောင်နဲ့ ရှမ်းအရှေ့နယ်စပ်ပေါ့နော်။ ရှမ်းတောင်ထဲ ဝင်နေတာပေါ့။ ရှမ်း တောင်ထဲ ဝင်နေတာတော့ ရှိတယ်၊ ကျနော်တို့ ရှမ်းမြောက်မှာတော့ မကြားရတော့ဘူး” ဟု ပြောသည်။
RCSS တပ်ဖွဲ့၀င်များကိုတွေ့ရစဉ် (Tai Freedom)
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်မှ စတင်သည့် ရှမ်းတပ်(၂)တပ်ဖြစ်သည့် RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား ကျေးသီးမြို့နယ်၊ လွိုင်ဟွန်းတောင်(လွယ်ဟွန်းတောင်)တွင် တိုက်ပွဲများဖြစ်ပွားခဲ့ ကြပြီးနောက် ဇူလိုင်လ ဒုတိယအပတ်မှာ RCSS အနေဖြင့် တပ်ဆုတ်မှု၊ တပ်ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သည်။
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်တို့တွင် RCSS တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှု မတွေ့ရှိရတော့ကြောင်း မိုင်းကိုင်ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု ကျနော်တို့ ဒေသထဲ RC(RCSS ကိုဆိုလို)က မရှိတော့ဘူးလေ၊ အဲဒါတော့ ကျနော်လည်း အတိအကျ မသိဘူး။ ကျနော်တို့ မြို့နယ်ထဲမှာ ကျနော်တို့ နေရာထဲမှာ RC တွေက အကုန်လုံး မရှိတော့ဘူး။ မိုင်းကိုင်၊ လဲချား တစ်ဝိုက်တော့ မရှိတော့ဘူးဗျ။ တခြားမြို့နယ်တော့ ကျနော်လည်း ပြောတတ်ဘူးဗျ။ မိုင်းကိုင်၊ လဲချား၊ ကျေးသီး ဒီဖက်ပိုင်းမှာ လုံးဝ မရှိတော့ဘူး။ အရှေ့ပိုင်း ပြန်ရောက်သွားတာ ထင်တယ်။ ရှိချင်လည်းရှိမယ်၊ ဒါပေမဲ့ လှုပ်ရှား မှု ဘာညာ ဘာမှမကြားရဘူး။ မရှိလို့ဘဲ ပြောတာပဲလေ” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးယွက်စစ် တွေ့ဆုံစဉ်
RCSS အနေဖြင့် တပ်သားသစ် စုဆောင်းမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှစပြီး ယာယီရပ်ဆိုင်း ထားမည် ဖြစ်ကြောင်း သိရသည်။
RCSS အနေဖြင့် တပ်သားသစ် စုဆောင်းမှုကို ယာယီရပ်ဆိုင်းမှုမှာ ကောင်းမွန်ကြောင်း၊ ဒေသခံလူထုများအတွက် အခွန်ကောက်ခံမှုများလည်း ရပ်သင့်ကြောင်း၊ ထို့အတူ တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း သာမက ရှမ်းလက်နက်ကိုင် တပ်အချင်းချင်း ငြိမ်းချမ်းရေး စကားပြောသင့်ကြောင်း ရှမ်းနိုင်ငံရေးသမားတစ်ဦးက ပြောသည်။
RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1216
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတပ်ဖွဲ့များကို အခြေစိုက်ခွင့်မပြုကြောင်း ပြဋ္ဌာန်း ထားသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်၍မရကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်ရန် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၄ ရက်မှ ၈ ရက်နေ့အထိ သွားရောက်ခဲ့စဉ်အတွင်း ရုရှားနိုင်ငံမှ RIA သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မြန်မာနိုင်ငံမှာ နိုင်ငံခြားတပ်ဖွဲ့များ တပ်စွဲနေရာချထားရေးပေါ့လေ။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ အခြေခံ ဥပဒေမှာ ခွင့်ပြုထားတာမရှိဘူး။ အခြေခံဥပဒေကို ကျော်လွန်ပြီး လုပ်လို့တော့ မရဘူး။ အခြေခံဥပဒေ ဘောင် အတွင်းမှာပဲ အကောင်းဆုံးကို ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆိုတာ နည်းလမ်းရှာရမှာဖြစ်ပါတယ်။ စခန်းချဖို့ တော့ ကျနော်တို့ မပေးထားပါဘူး။ဒါပေမယ့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေ၊ အခွင့်အလှမ်းတွေများသာရှိတယ် ဆိုတာလေးတော့ ကျနော်တွေ့ပါတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ RIA သတင်းဌာန အင်တာဗျူး လုပ်ကြစဉ်
ထို့နောက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံသည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆယ်စုနှစ် နှစ်စု ကျော် လက်တွဲခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံနဲ့ကတော့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုက ဆယ်စုနှစ် နှစ်စုကျော် လောက်တော့ ဖြစ်သွားပြီး။ တော်တော်လေးလည်း အရှိန်အဟုန်လည်း ကျနော်တို့ ရပါတယ်။ တော်တော် လေးလည်း မြင့်မားပါတယ်။ ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးအသုံးအဆောင် ပစ္စည်းတွေက တကယ်ကို အဆင့် အတန်းလည်း မြင့်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက်လည်း များစွာ အထောက်အကူရပါတယ်။ ကျနော် တို့လည်း အင်မတန် နှစ်ခြိုက်ပါတယ်။ ဆက်လက်ပြီးလည်း တိုးချဲ့ ဆောင် ရွက်သွားဖို့ စီစဉ်နေဆဲ ရှိကြောင်း ပြောလိုပါတယ်”ဟု ပြောသည်။
ပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် နိုင်ငံခြားတပ်ဖွဲ့များ အခြေစိုက်ခွင့်မပြုကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထား သည့်အတွက် နစကဥက္ကဋ္ဌ ပြောသွားသည်မှာ မှန်ကန်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြော သည်။
ဦးရဲထွန်း “သူကလည်း ရုရှားခေါင်းဆောင်ကို နည်းနည်း မြှောက်ပြောထားတာ ရှိတာကိုး။ ကမ္ဘာ့ခေါင်းဆောင် ဖြစ်တယ်။ ကမ္ဘာ့တည်ငြိမ်ရေးအတွက် စောင့်ကြည့်ထိန်းကြောင်းနေတဲ့လူဖြစ်တယ် ဘာညာဆိုပြီးတော့ အဲလိုမျိုးတွေ ချီးမြှောက်ထားတော့ ဟိုဘက်ကလည်း မေးလို့နေမှာပေါ့။ ရုရှားရေတပ်စခန်းတွေ ဘာတွေ တောင်းဆိုရင် ဖွင့်ခွင့်ပြုမှာလားဆိုတာတွေ မေးလို့နေမှာပေါ့။အခုကတော့ သူဖြေလိုက်တဲ့ဟာက မှန်ပါတယ်။ သူကအခြေစိုက်ခွင့် ပြုမယ်လို့ ဖြေလိုက်ရင်တော့ ပြဿနာတက်မှာ ကျနော်တို့ အခြေခံဥပဒေမှာ နိုင်ငံခြား တပ်တွေ အခြေစိုက်ခွင့်မပြုဆိုတာ ပါပြီးသားလေ”ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂ (ခ)တွင် နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မ ပြုဟု ပြဋ္ဌာန်းထားသည်။
နိုင်ငံကြီးတချို့သည် မြန်မာနိုင်ငံအတွင်းရှိ ကိုကိုးကျွန်းတွင် ရေတပ်စခန်း အခြေစိုက်ခွင့် ရရှိရေး ကြိုးပမ်းမှု များရှိကြောင်း ကမ္ဘာ့အရေးစောင့်ကြည့်သူများက ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1872
CNI News
၂၀၂၂ ခုနှစ်၊ စက်တာဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် နောင်ပတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသည့် ရှမ်းနီဆရာတော် ဦးဂန္ဓမာအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဒေသကာကွယ်ရေးတပ် (PDF) တို့မှ ဖမ်း ဆီးသတ်ဖြတ်မှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရှမ်းနီအရပ်ဖက် အဖွဲ့အစည်းများက စက်တင်ဘာ ၈ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။
KIA၊ PDF ပူးပေါင်းတပ်တို့သည် ဆရာတော် ဦးဂန္ဓမာအား စက်တင်ဘာ ၄ ရက်နေ့က ဘုန်းတော်ကြီးကျောင်း အတွင်းမှ လာရောက် ခေါ်ဆောင်သွားပြီး နန့်ဆရွာအနီးတွင် ရက်စက်စွာ သတ်ဖြတ်ပြီး မြှုပ်နှံထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူ စိုင်းကျန်အောင်ကိုတွေ့ရစဉ်
KIA၊ PDF ပူးပေါင်းတပ်တို့သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် မသန်စွမ်း သူများ၏ အခွင့်အရေးဥပဒေကို လေးစားလိုက်နာခြင်း မရှိဘဲ ဆရာတော်ကို အဓမ္မလူဝတ်လဲစေ၍ ညတွင်းချင်း သတ်ဖြတ်ခြင်းသည် ကြီးလေးသည့် စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြကြောင်း ရှမ်းနီအရပ်ဖက် အဖွဲ့အစည်း ပေါင်း ၂၈ ဖွဲ့၏ ပူးတွဲ ထုတ်ပြန်တွင် ဖော်ပြထားသည်။
ထို့နောက် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့သည် ဗန်းမောက်မြို့နယ်(တောင်းပိုင်း)ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုတာဝန်ခံ စိုင်းကျန်အောင်ကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ဦးဆောင်နေသည့် ကြောင်လည်ရွာမှ ဆရာတော် ဦးသူရိယကို ဖမ်းဆီးခြင်း၊ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက ဦးသန်းဖေအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဟောင်ပါးကျေးရွာ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီ စိုင်းရေကျော်အား ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းနီအရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်
လူမျိုးတစ်မျိုး ဆက်လက်ရပ်တည်ရန်အတွက် ရေသောက်မြစ်သဖွယ်ဖြစ်သော အရေးပါသည့် စာပေယဉ်ကျေး မှုကဏ္ဍကို မှေးမှိန်ပျောက်ကွယ်စေရန် ရည်ရွယ်လျက် လက်နက်ဖြင့် အဓမ္မအနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော KIA၊ PDF ပူးပေါင်းတပ်တို့သည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသား လူမျိုး များ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းပါ အပိုဒ် (၃) အပိုဒ် (၈)နှင့် အပိုဒ် (၁၁) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် KIA၊ PDF ပူးပေါင်းတပ်တို့ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း ရှမ်းနီအရပ်ဖက် အဖွဲ့အစည်း (၂၈) ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1413
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈
လာမည့် တစ်နှစ်အတွင်း တပ်မတော်ကို အမြစ်ပြတ်သုတ်သင်ပေးမည့် အဆုံးသတ်တိုက်ပွဲ အနှေးနှင့်အမြန် ရောက်လာမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
NUG ၏ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခဲ့သော တစ်နှစ်ပြည့်သွားသည့် စက်တင်ဘာ ၇ ရက်နေ့မှာ ယာယီ သမ္မတက နိုင်င်ငံတော် အခြေပြ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက “လာမယ့် တစ်နှစ်အတွင်းမှာ ယခုထက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာအရေး ရလဒ်တွေ ထွက်ရှိဖို့ အရှိန်အဟုန်မြှင့် အားသွန်ကြိုးပမ်းနေကြပါတယ်။ စစ်အာဏာရှင်ဟာ အဖက်ဖက်က မှေးမိန်ချည်းနဲ့လာနေပါပြီ။ ဖက်ဆစ်သန္ဓေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အဆုံးသတ် တိုက်ပွဲ ဟာ အနှေးနဲ့အမြန် ရောက်လာလိမ့်မယ်၊ အဲဒီအခါ အကြမ်းဖက် အုပ်စုအနေနဲ့ လူထုတရားစီရင်ရေးကို ခံယူနိုင်ဖို့ ရင်ဆိုင်နိုင်စွမ်းရှိအောင် ခုကတည်းကနေ ကိုယ့်ကိုယ်ကို အသင့်ပြင်ထားကြဖို့ ဒီကနေ အသိပေးလိုက်ချင်ပါတယ်” ဟု ပြောသည်။
ဒီမိုကရေစီအရေးတောင်းဆိုကြ (ဖရွန်းတီးယားမြန်မာ)
ထို့အတူ နိုင်ငံတကာအဖွဲ့အစည်းများ အနေနှင့်လည်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တန်းတူရေး လွတ်လပ် ခွင့် တို့အတွက် တိုက်ပွဲဝင်နေကြသည့် ပြည်သူလူထုကို လုံလောက်သည့် နည်းပညာ၊ လက်နက်ခဲယမ်းနှင့် ငွေ ကြေး အထောက်အပံ့များ ပေးကြရန် ၎င်းက တောင်းဆိုခဲ့သည်။
လာမည့် ၂၀၂၃ ခုနှစ်မှာ နွေဦးတော်လှန်ရေး၏ ဦးတည်ချက်များ အကောင်အထည်ဖော်နိုင်ရေး အကြောင်း အချက်အလက်များ ပြည့်စုံနေပြီဟု ပြောဆိုခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းစိုးနိုင်က “စစ်အုပ်စုကို ကျနော်တို့ ချေမှုန်းသုတ်သင်ရေး၊ မြေမြှုပ် သင်္ဂြိုလ်ပစ်ရေး နွေဦးတော်လှန်ရေးရဲ့ ဦးတည်ချက်တွေ အကောင်အထည်ဖော်ဖို့အတွက် အကြောင်းအချက်အလက်တွေ ပြည့်စုံနေပြီလို့ ဆိုတာပါ။ အဲဒီလို ဆင်နွှဲနိုင်ဖို့အတွက် ၂၀၂၃ ခုနှစ်ဟာ ကျနော်တို့ တန်ပြန်ထိုးစစ်ကို စည်းလုံးလှုပ်ရှားပြီးတော့ တိုက်ပွဲဝင်ဖို့ ကျနော်တို့ PDF တွေ EAO တွေ စုပေါင်းဆောင်ရွက်မှုနဲ့ ၂၀၂၃ ခုနှစ်မှာ နွေဦးတော်လှန်ရေးကို အဆုံးသတ်နိုင် အောင် ဒါမှမဟုတ် အဆုံးသတ်နိုင်မယ့် အခြေအနေ တစ်ရပ်အထိ ရောက်အောင် တွန်းတင်နိုင်လို့ ကျနော်တို့ ပြောဆိုရှင်းပြလိုက်တဲ့ အနေအထားဖြစ်တဲ့အတွက် ပြည်သူတစ်ရပ်လုံးက ကြိုဆိုမျှော်လင့်နေပါတယ်လို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။
NUG အဖွဲ့၀င်များကိုတွေ့ရစဉ်
EAO နှင့် PDF တို့၏ ပူးပေါင်း ခုခံစစ်မှာ စစ်ရေး၊ အုပ်ချုပ်ရေးအရ ပိုင်ပိုင်နိုင်နိုင် စိုးမိုးထားသည့် ဒေသများစွာ ရှိလာပြီဖြစ်ပြီး နယ်မြေစိုးမိုးထားသည့် မြို့နယ်ပေါင်း ၂၄ ခုတွင် တရားသူကြီးအဖွဲ့များ စုဖွဲ့ ပြီး တရားစီရင်ရေး လုပ်ငန်းများ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း NUG ယာယီသမ္မတက ပြောသည်။
လက်ရှိတွင် တနိုင်ငံလုံးတွင် PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ထို့အပြင် တနိုင်ငံလုံးတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ်ပေါင်း ၂၅၀ ကျော်တွင် PDF တပ်ဖွဲ့များ ဖွဲ့စည်းလည်ပတ်နေကြောင်း NUG ယာယီသမ္မတက ပြောသည်။
နိုင်ငံရေးလေ့သုံးသပ်သူတချို့ကတော့ NUG က PDF အားလုံးကို မစုစည်းနိုင်သေးသလို လက်နက်တပ်ဆင် မပေးနိုင်သေးကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို မစည်းရုံးနိုင်သေးကြောင်းတို့ကြောင့် အဆုံးအဖြတ်ပေးမည့် အခြေအနေကို ရောက်အောင် ရယူနိုင်ရေးမှာ စဉ်းစားစရာ ဖြစ်နေကြောင်း ပြောသည်။