- By CNI
- Category: နိုင်ငံရေး
- Hits: 1594
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၃
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထားရပ် တည်ချက်ကို ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
NUG သည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း(၁) ပုဒ်မ ၄၂ ပါ “သတင်းမီဒီယာများ၏ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ် ပေးရမည်”ဟူသည့် အခြေခံမူဝါဒနှင့်အညီ အထက်ပါ သဘောထားကို ထုတ်ပြန်ခဲ့သည်ဟု ဖော်ပြထားသည်။
NUG က “ပြည်သူလူထု အနေဖြင့် တိုင်းရေးပြည်ရာကိစ္စအဝဝကို သေချာစွာ သိရှိနားလည် သဘောပေါက်ပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်များကို မှန်ကန်စွာ ရွေးချယ် ချမှတ်နိုင်စေရန် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် လွတ် လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းမီဒီယာများ၏ အခန်းကဏ္ဍ အထူးအရေးပါသည်ကိ လေးနက်စွာ အသိအမှတ်ပြုသည်”ဟု ပြောထားသည်။
ထို့နောက် ဒေသဆိုင်ရာ တိုင်းရင်းသား မီဒီယာများ အပါအဝင် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းမီဒီယာများ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး အားပေးထောက်ခံသည်ဟု NUG က ထုတ်ပြန်ခဲ့ သည်။
သတင်းမီဒီယာများ၏ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို ထိခိုက်စေမည့် ကန့်သတ် တားဆီးချုပ်ခြယ်မှု မှန်သမျှကို ပြတ်သွားစွာ ဆန့်ကျင်ကြောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာ စေရေး အားပေးထောက်ခံသွားမည်၊ သတင်းမီဒီယာသမားများအား ခြိမ်းခြောက် နှောင့်ယှက်သည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်ပြီး ထိုလုပ်ရပ်များ ပပျောက်သွားစေရန်နှင့် သတင်းသမားများကို ကာ ကွယ်ပေးနိုင်ရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUG ၏ သတင်းသမားဆိုင်ရာ သဘောထားကိုတွေ့ရစဉ်
ပြည်တွင်းရှိ သတင်းသမားတစ်ဦးက “ အခုက သတင်းသမားတွေကို ဘက်တွေရွေးခိုင်းကြတယ်။ မင်းဘယ် ဘက်ကနေ ရပ်တည်မှာလဲပေါ့။ ပြည်တွင်းမှာနေပြီး သတင်းကျင့်ဝတ်အတိုင်း လိုက်နာရေးသားတင်ဆက်သူ ဖြစ်နေတာတောင်မှ ပေးစားခံရတယ်။ ပြီးတော့ ဝိုင်းပြီ တိုက်ခိုက်ကြတယ်။ တချို့ဆို ခြိမ်းခြောက်ခံရတာတွေ တောင်ရှိတယ်။ ဒါတွေကို ဘယ်လို ထိန်းကြောင်းမလဲ၊ လက်တွေ့မှာတော့ ထိန်းကြောင်းနိုင်မှာမဟုတ်ပါဘူး။ သူ့မှာ အကြောင်းတစ်ခုခုရှိလို့ ဒီဟာကို ထုတ်ပြန်တာဖြစ်ပါလိမ့်မယ်”ဟု ပြောသည်။
ထို့နောက် ပြည်ပတွင် အခြေစိုက်၍ သတင်းသမားအဖြစ် လုပ်ကိုင်နေသူ တစ်ဦးကတော့ မိမိတို့သည် ပြည်ပကို ထွက်ပြီး ကိုယ်ဝါသနာပါသည့် သတင်းလုပ်ငန်းကို လုပ်ကိုင်ရာမှာ တော်လှန်ရေး အားပေးသူဆိုကာ အာဏာ ပိုင်အဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းကို ခံရမည့် ဘေးအန္တရာဖြင့် ရင်ဆိုင်နေရသည်ကို NUG က ဘယ်လိုကာ ကွယ်ပေးမလဲဟု ဆိုသည်။

မြန်မာသတင်းသမားတွေကိုတွေ့ရစဉ် (Frontier)
၎င်းက “ ကျနော်ဆိုရင် ကိုယ်လုပ်တဲ့ သတင်းဌာနက ပြည်တွင်းမှာမရှိတော့ဘူး ပြည်ပ ထွက်သွားရတော့ ပြည်ပကို လိုက်သွားရတာပဲ။ ဒါပေမဲ့ သတင်းကျင့်ဝတ်အတိုင်း ရေးသားတင်ဆက်တယ်။ သို့သော် စကစ ဘက်က တော်လှန်ရေးအားပေးဆိုပြီး ဖမ်းဆီးဖို့လုပ်မှာပဲ၊ ဒါတွေကို ဘယ်လိုထိန်းကြောင်းမလဲ၊ အခုက သတင်း သမားတွေ ကြားညှပ်သွားတယ်။ သတင်းသမားတွေဟာ စာမေးပွဲ စစ်ခံနေရတာနဲ့တူတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကျင့်ဝတ်တွင် ဘက်မလိုက်ရ၊ ပုဂ္ဂိုလ်-ဘာသာ- ပါတီ- အဖွဲ့အစည်း မစွဲရ၊ တရားမျှတ စွာ ရပ်တည်ရမည်၊ ဝါဒမစွဲရ၊ သတင်းအမှန်ကို တင်ပြရမည် စသဖြင့် အခြေခံများကို သတ်မှတ်ပြဋ္ဌာန်းထား သည်။
သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေး ပဋိပက္ခ ကြားထဲမှာ သတင်းမီဒီယာများနှင့်သတင်းသမားများသည် သတင်းကျင့်ဝတ်များ စောင့်ထိန်းမှုအားနည်းလာပြီး ဘက်ရွေး ရပ်တည်လာကြသလို သတင်းသမား ကျင့်ဝတ်အတိုင်း နေထိုင်လုပ်ကိုင်ကြသူများဆိုလျှင်လည်း ခြိမ်းခြောက်မှုများစွာဖြင့် ရင်ဆိုင်လာခဲ့ကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 978
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ သည် လွတ်မြောက်နယ်မြေ တစ်နေရာမှာ အမှတ်စဉ် ၂ အပတ်စဉ် ၉ အခြေခံ စစ်သင်တန်းဆင်းပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
SNA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေး၊ တမူး၊ ဟုမ္မလင်း၊ ကသာ၊ မော်လိုက်၊ ဗန်းမောက်၊ ဖောင်းပြင်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး အပါအဝင် ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး စသည့် ဒေသများကို စုစည်း၍ ရှမ်းနီပြည်နယ် ရရှိရေး ကြိုးပမ်းနေသော ရှမ်းနီလက်နက်ကိုင်ဖြစ်သည်။
လက်ရှိတွင် SNA လှုပ်ရှားနေသော ဒေသများထဲက ဟုမ္မလင်း၊ ဗန်းမောက်၊ ရွှေပြည်အေး၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်၊ ဖားကန့်တို့၌ KIA-PDF ပူးပေါင်းတပ်ဖွဲ့များဖြင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2749
CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA) နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့ အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲမှာ မြန်မာ-အိန္ဒိယ မီဇိုရမ်ပြည်နယ်(အိန္ဒိယ) ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်နှင့် လိုင်သွီး ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့အထိ ဖြစ်ပွားနေကြောင်း ZRA မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခြေအနေကတော့ သူတို့ လာပြီးတော့ လာတိုက်တာပေါ့လေ၊ ကျနော်တို့ရဲ့ နယ်မြေကို ကျူးကျော်ပြီး တော့ လာတိုက်တာပါ၊ ကျနော်တို့က သူတို့ (CNF) ကို တိုက်ချင်လို့ မဟုတ်ဘူး။ ကိုယ့်နေရာမှာ ကိုယ့်ဒေသမှာ နေပြီးတော့ ကိုယ့်နယ်မြေလုံခြုံရေး ယူတဲ့အချိန်မှာ သူတို့က လာတိုက်တာ။ ကျနော်တို့ အပိုင်းမှာတော့ ထိခိုက်မှု တချို့တော့ ဒဏ်ရာရတဲ့သူတချို့တော့ ရှိတယ်၊ အခု စကားပြောတဲ့ အချိန်မှာလည်း တိုက်ပွဲဖြစ်နေတယ်၊ အခု ဗုံးတွေ ဘာတွေ အသံကြားရတာပေါ့၊ ဒီလိုဖြစ်တဲ့ အချိန်မှာတော့ ဒဏ်ရာရတဲ့သူတော့ သူတို့ဖက်မှာတော့ ကျနော် တို့ Confirm လုပ်တာ ၂ ယောက်တော့ သေတယ်လို့ ကြားတယ်၊ ကျနော်တို့ အပိုင်းမှာတော့ နှစ်ယောက်တော့ ဒဏ်ရာရတယ်၊ အပြင်းအထန် မဟုတ်ဘူးပေါ့နော်၊ ရှေ့ဦးသူနာပြုနဲ့ လုပ်ပြီးတော့ ဖြေရှင်းရတာပေါ့၊ သူတို့အပိုင်း မှာတော့ သူတို့က အိန္ဒယပြည်မှာ သယ်သွားတဲ့ဟာကြတော့ သတင်းအတိအကျ မသိဘူးပေါ့နော်၊ ကျနော်တို့ အပိုင်းမှာတော့ နှစ်ယောက် ဒဏ်ရာရသွားတယ်” ဟု ပြောသည်။
ဒီမိုကရေစီတော်လှန်ရေး လုပ်ဆောင်မှုမှာ ကောင်းမွန်ကြောင်း၊ သို့သော်လည်း နယ်မြေကျူးကျော်ပြီး တိုက်ခိုက်မှု ကတော့ ကောင်းသည့်လက္ခဏာ မဟုတ်ကြောင်း ZRA မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က ပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်နေသော ကာလကို အခွင့်ကောင်းယူကာ CNF ဦးဆောင်သည့် Chinland Council တပ်ဖွဲ့ဝင် များသည် ဒေသခံတော်လှန်ရေးအဖွဲ့များ၏ ခွင့်ပြုချက်မပါဘဲ ချင်းညီနောင်၏ ထိန်းချုပ်နယ်မြေများကို သိမ်းပိုက် ရန် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း၊ နယ်မြေကျူးလွန်မှုများ ဆက်လုပ်ဆောင်နေပါက ချင်းပြည်သူ များအကြား စည်းလုံးမှု ပြိုကွဲစေပြီး သွေးထွက်သံယိုမှုများကို ဦးတည်နိုင်စေကြောင်း ချင်းညီနောင်(၆ ဖွဲ့)က မေလ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

CNF တပ်ဖွဲ့ကို တွေ့ရစဉ်
ချင်းပြည်နယ်မှာ တော်လှန်ရေးအင်အားစု အချင်းချင်းကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွားနေသည့်ကိစ္စမှာ နွေဦး တော်လှန်ရေးအတွင်း ချင်းပြည်နယ်၏ ပါဝင်မှုကို အားနည်းသွားစေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြောရလို့ရှိရင်တော့ ချင်းပြည်နယ်မှာ လှုပ်ရှားနယ်မြေ အတော်များများ ချင်းအင်အားစုတွေက စိုးမိုးထား တာတော့ မှန်ပါတယ်။ သို့သော် ချင်းပြည်နယ်မှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေ အပြီးသတ် မောင်းမထုတ် နိုင်ဘဲ၊ အဲဒီကြားမှာ ချင်းအမျိုးသား အချင်းချင်းကြားမှာ အဖွဲ့ ၁၄ ဖွဲ့လောက် ကွဲနေပြီးတော့ သဘောထား မတိုက်ဆိုင်တာနဲ့ အငြင်းပွားမှုတွေ များနေတဲ့အတွက် ချင်းပြည်နယ်ရဲ့ စစ်ကောင်စီအပေါ်မှာ စစ်ရေးထိုးနက်မှု အရှိန်အဟုန်ဟာ သိသိသာသာ လျော့ကျလာတာ တွေ့ရပါတယ်။ နောက်တစ်ခုက ချင်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်က ပလက်ဝကို သိမ်းထားတဲ့ ကိစ္စအတွက် ချင်းအဖွဲ့အစည်းတချို့က သဘောမကျကြပါဘူး။ အဲဒီလို ပြဿနာတွေ ပေါ်လာတာဟာ နွေဦးတော်လှန်ရေးမှာ ချင်းပြည်နယ်ရဲ့ ပါဝင်မှု တော်တော်လေး အားနည်းသွားစေ တဲ့ အကြောင်းအချက်တွေ ဖြစ်တယ်”ဟု ပြောသည်။
တီးတိန်မြို့နယ်မှာ ZRA နှင့် CNF တို့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို သိရှိနိုင်ရန် CNF ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
ZRA မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က “တကယ့် ချင်းပြည်နယ်မှာနေတဲ့ ညီကိုရင်းတွေကြီးပဲ ကိုယ့်နေရာမှာ နေပြီးတော့ တော်လှန်ရေး တိုက်ပွဲဝင်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့ မျှော်မှန်းထားတဲ့ စစ်အာဏာရှင် ချုပ်ငြိမ်း သွားရမှာပေါ့ဗျာ၊ ဒီလို မဟုတ်ဘဲနဲ့ စစ်တပ်ကို တိုက်မယ့်အစား ကိုယ့်အချင်းချင်း တိုက်မယ်ဆိုရင်တော့ ကျနော် တို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီတိုက်ပွဲကတော့ ကျနော်တို့က နောက်ထပ် မဖြစ်ရအောင်တော့ ဘယ်အဖွဲ့အစည်းမဆို ကြိုးပမ်းသင့်တယ်လေ၊ ဒါပေမယ့် တစ်ဖက်သတ် CNA အနေနဲ့ သူတို့ နယ်မြေကျော်ပြီးတော့ လာလုပ်တာတော့ သိပ်မကောင်းဘူးလေ၊ နောက်ကျရင် ရေရှည်မှာ ကျနော်တို့ အခုက တော့ ပေါ်လစီပုံစံနဲ့ သွားနေသေးတယ်၊ လာမယ့်လောက်ဆိုရင် လူမျိုးစု၊ လူမျိုးစွဲစု စိတ်ဓါတ်နဲ့ ပါလာရင်တော့ မဟုတ်တဲ့ အနေအထားရောက်နိုင်တယ်၊ အခုလောလောဆယ်တော့ မီဒီယာပေါ်မှာတော့ စစ်အစိုးရနဲ့ ပူးပေါင်း တယ်ဆိုပြီးမှ သူ့ရဲ့ အကျိုးစီးပွားအတွက်ပေါ့ သူ့နိုင်ငံရေး အကျိုးအမြတ်ရအောင် လုပ်တာတော့ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ချင်မှ အောင်မြင်မယ်လေ၊ နောက်ကျရင် သူလုပ်သမျှ သူပြန်ခံရမှာပဲ ဆိုတာတော့ သူတို့ကို နုတ်ဆက်စကား ပြောချင်တယ်” ဟု ပြောသည်။

ZRA တပ်ဖွဲ့ကို တွေ့ရစဉ်
ချင်းပြည်နယ်တွင် ZRA နှင့် CNF/CNA တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။
ZRA သည် မြန်မာနိုင်ငံအတွင်းရှိ ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၊ တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသ၊ မြန်မာ-အိန္ဒိယနယ်စပ် စသည့် နေရာ ဒေသများတွင် လှုပ် ရှား လျက်ရှိသည်။
CNF သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ထန်တလန်မြို့နယ်တွင် ဌာနချုပ်ထားရှိကာ ဟားခါး၊ တီးတိန်၊ မတူပီတို့တွင် လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2268
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းနိုင်ရေး အိမ်နီးချင်းနိုင်ငံများအပေါ် မူတည်နေသလားဆိုပြီး နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။
မြန်မာအိမ်နီးချင်းနိုင်ငံများ အနေဖြင့် အင်အားကြီး တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့် နိုင်ငံများ တည်ရှိပြီး ထိုနိုင်ငံများ၏ နယ်စပ်တစ်လျှောက်၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသော လက်နက်ကိုင်များ လှုပ်ရှားလျက်ရှိသည်။
မြန်မာ့နိုင်ငံရေးပြဿနာကို ပြည်တွင်းအားဖြင့် ဖြေရှင်းရမှာ ဖြစ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းက လာရောက် ဖြေရှင်းပါက ၎င်းတို့၏ ဩဇာလွမ်းမိုးမှုကို ခံရမှာဖြစ်ကြောင်း ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

PDF တပ်ဖွဲ့ကိုတွေ့ရစဉ်
၎င်းက “ခင်ဗျားတို့ ကျနော်တို့ ထည့်သွင်းစဉ်းစားဖို့က ကိုယ့်အင်အားဟာ ကိုယ့်ပြည်တွင်းမှာပဲ ရှိတယ်၊ ကိုယ့်ပြည်တွင်း အခြေအနေကို ကိုယ်ပဲ ဖြေရှင်းတာက အကောင်းဆုံးပဲပေါ့၊ နိုင်ငံခြားက လာရောက် ဖြေရှင်းမယ် ဆိုလို့ရှိရင် နိုင်ငံခြားရဲ့ အရိပ်အငွေ့တွေ သက်ရောက်မှုတွေ နိုင်ငံခြားရဲ့ ဩဇာတွေကို ကိုယ် တို့က ခံရမယ်၊ ကျနော်မြင်တာကတော့ ဒါကတော့ မဖြစ်သင့်ဘူး။ မဖြစ်သင့်ဘူးထင်တယ်၊ ကိုယ့်ဟာ ကိုယ်ပဲရှင်း၊ သူတို့ဟာ သူတို့ လာရောက် ရှင်းပေးမယ်ဆိုလို့ ရှိရင်လည်း ကျနော် ထင်တာကတော့ မပြီးနိုင်ဘူး။ မပြီးနိုင်ဘူး။ ကိုယ့်ဟာနဲ့ကိုယ် ဖြေရှင်းကြ၊ အဲဒါတော့ အကောင်းဆုံးပဲ ဖြေရှင်းနိုင်ရင် အကောင်းဆုံးပဲ၊ မဖြေရှင်းနိုင်သေးတာ တစ်ခုကတော့ ဒါလည်း မကောင်းဘူးပေါ့ဗျာ” ဟု ပြောသည်။
မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး တောင်းဆိုမှုကနေ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း ၇၅ နှစ်ကျော်ကြာမြင့်လာသည့် တိုင် မပြီးဆုံးသေးပေ။
ထို့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခမှာ နယ်စပ်ဒေသများတွင်သာမက ပြည်မဒေသများအထိ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။
ပြည်ထောင်စုဆိုသည့် သဘောတရား၊ ဖက်ဒရယ်၊ ဒီမိုကရေစီ စသည်တို့၏ သဘောတရားများကို အမြင်ရှိရန် လိုအပ်ကြောင်း၊ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရန် ပြည်ပက ဝင်ရောက်ညှိနှိုင်းပေးလျှင်လည်း ပြေလည် မှာမဟုတ်ကြောင်း နိုင်ငံရေးလေလာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
၎င်းက “ကိုယ့်မှာလည်း ဘာမှ မရှိဘူး။ အကျိုးစီးပွားပဲရှိတယ်၊ တိုက်ဖို့ပဲ ရှိတယ်ဆိုတဲ့ အခါမှာကြတော့ ဆရာထင်တယ်၊ ပြည်ပဝင်ညှိလည်း ပြေလည်မှာ မဟုတ်ဘူး။ အဲဒီတော့ ပြည်ပဆိုတာက ပြဿနာက ဘာလဲဆိုတော့ ဗမာပြည်ရဲ့ အနေအထားသည် ပြည်ပက လူတွေ ဗမာပြည်က လူတွေလောက်တော့ နားမလည်ဘူး။ ဗမာပြည်ရဲ့ အတွေ့အကြုံရှိတဲ့ လူတွေက concept (အယူအဆ) မရှိဘူး။ ပြဿနာက ဒါပဲ၊ ဗမာပြည်ရဲ့ ပြဿနာလိုရင်းက concept ဆိုတာ အိန္ဒိယ သူတို့ ဘာလို့ ရပ်တည်နိုင်တာလဲ၊ ဗမာပြည်ရဲ့ စဉ်းစားလို့ ရတဲ့ နိုင်ငံရေးမော်ဒယ် သုံးနိုင်ငံပဲ ရှိတယ်။ အိန္ဒိယမော်ဒယ်ကို ကြည့်ရမယ်၊ နောက်တစ်ခု အင်ဒိုနီးရှားမော်ဒယ်ကို ကြည့်ရမယ်၊ နောက်တစ်ခုက ထိုင်းမှာ ယနေ့အချိန်ထိ ဘာဖြစ်လို့ ဘုရင်စနစ် ရှိနေသလဲဆိုတဲ့ဟာကို နိုင်ငံရေး သိပ္ပံအမြင်အရ ကြည့်ရမယ်၊ အဲဒီသုံးခုသိရင် ဗမာပြည် ဘာလုပ်ရမလဲဆိုတာ ပေါ်သွားပြီ” ဟု ပြောသည်။
လက်ရှိ နစကနှင့် NUG၊ EAO(လက်နက်ကိုင်)တို့သည် နောင်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု အသီးသီး ပြောဆိုနေကြသော်လည်း လက်ရှိမှာတော့ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက် လျက်ရှိနေသည်။
နိုင်ငံအနှံ့ ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ပြည်သူလူထုများမှာ လမ်းပန်းဆက်သွယ်မှု အခက်အခဲများ ကြုံ တွေ့နေရသလို ကုန်ဈေးနှုန်းမြင့်မားမှု၊ ငွေကြေးဖောင်းပွမှု၊ နယ်မြေမလုံခြုံမှုများဖြင့် ရင်ဆိုင်နေကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1765
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉
နစကဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့တွင် လူမြင်ကွင်းကို ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် လူမြင်ကွင်းကနေ ပျောက်ကွယ်နေသည်မှာ တစ်လနီးပါးကြာခဲ့ပြီးဖြစ်ရာ ယနေ့ (ဧပြီ ၂၉ ရက်)တွင် မွန်ပြည်နယ်၊ မော်လမြိုင်ရှိ တပ်မတော်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူ နေသည့် အရာရှိ/စစ်သည်များကို သွားရောက် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံမှုကို နစက-က ဧပြီ ၂၉ ရက်နေ့ ည ၈ နာရီတွင် သတင်းထုတ်လွှင့်သွားခဲ့သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဒုတိယစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး အပါအဝင် အရာရှိကြီးများ ကို အတူတူ တွေ့ရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့သိမ်း တိုက်ပွဲကို KNLA-PDF ပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်ခဲ့ရာကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ဦးဆောင်၍ စစ်ဆင်ရေးကွပ်ကဲခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို ကွပ်ကဲရန် မော်လမြိုင်မှာ အစည်းအဝေး လုပ်နေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနှင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကျန်းမာစွာရှိပြီး တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်လျက်ရှိသည်ဟုဆိုကာ ဒဏ်ရာရ၍ လူမြင်ကွင်း က ပျောက်နေသည်ဆိုသော ထောက်ပြနေမှုများကို တုန့်ပြန် ဖြေရှင်းခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1977
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများကြား တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်လာပြီး တည်ငြိမ်လာသော်လည်း တိုက်ပွဲရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
တိုက်ပွဲကြောင့် ပျက်စီးသွားသော ဆီဆိုင်မြို့ကို ရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း၊ နယ်စပ်ဒေသများမှာ သာ တိုက်ပွဲအချို့ရှိနေကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ဗဟိုအလုပ်အမှုဆောင် စောခွန်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်တော့ နယ်မြေအနေအထား အများစုတော့ တည်တည်ငြိမ်ငြိမ်တော့ ပြန်ဖြစ်ပြီပေါ့၊ ဆီဆိုင်တို့ ဘာတို့ မဲနယ်တောင်တို့ အခု တည်တည်ငြိမ်ငြိမ်တော့ ဟိုအစပ်လေးတွေမှာတော့ တိုက်ပွဲလေးတွေ တော့ ရှိသေးတာပေါ့နော်၊ ကျနော် အတိအကျတော့ မသိဘူး။ လောလောဆယ်တော့ ကျနော်သိရလောက် တချို့ တော့ ပြန်တယ်၊ တချို့တော့ တရားဝင်ပြန်နေဖို့တော့ မပေးပြန်သေးဘူးဆိုတာ အခု ရှင်းလင်းရေး လုပ်နေတယ် နောက်တစ်ခုက တချို့က မိုင်းတွေ ရှင်းဖို့ကိစ္စမှာ အဲဒီလိုမျိုးပေါ့နော်၊ ရှင်းလင်းရေး လုပ်တာ အကုန်လုံး စိတ်မချ ရသေးဘူးပေါ့နော်” ဟု ပြောသည်။
လက်ရှိ ဆီဆိုင်မြို့ကို PNO နှင့် မြန်မာ့တပ်မတော်တို့က ထိန်းချုပ်ထားကြောင်း၊ PNO အနေဖြင့် အထူးဒေသ ၆ ထိန်းချုပ်နယ်မြေအတွင်းသာ စစ်ရေးလှုပ်ရှားမှု ရှိကြောင်း၊ မိမိတို့ ဒေသအတွင်း အခြားလက်နက်ကိုင်တပ်ဖွဲ့ ရှိနေပါက တိုက်ပွဲရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။

ဆီဆိုင်မြို့ ပျက်စီးသွားသည်ကို တွေ့ရစဉ်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA/PNLO) နှင့် PNO တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်၊ PNO နှင့် PNLO မဟာမိတ် ပူးပေါင်းတပ်တို့အကြား ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးတို့ တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဆီဆိုင်မြို့မှာ လည်း မီးလောင်ပျက်စီးခဲ့သည်။
လက်ရှိတွင် ပြည်သူလူထုများ အနေဖြင့် သွားလာရခက်ခဲနေပြီး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ကြောင်း ပအိုဝ်းဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကတော့ ပြည်သူတွေ ကောင်းကောင်းမွန်မွန် သွားလာလှုပ်ရှားလို့ ရအောင်တော့ ဘာလို့လဲဆိုတော့ အခုက ခက်ခဲနေတော့လေ၊ ကျနော်တို့တောင်မှ ရွာမှာရှိတဲ့ အချိန်တောင်မှ လမ်းပန်းဆက်သွယ်ရေးအနေနဲ့ သွားလာရခက်တယ်၊ ပြီးတော့ ကုန်ကူးသန်းဖို့ကလည်း အရမ်းခက်ခဲတော့ ကျနော်တို့ ပြည်သူ အနေနဲ့ကတော့ ငြိမ်းချမ်းတာပဲ ဖြစ်စေချင်ပါတယ်။ ဒီအတိုင်းပဲ ဘာလို့လဲဆိုတော့ သွားလာရ အရမ်းခက်တယ်၊ ပြည်သူတွေက လည်း တစ်ခုခုဝယ်ဖို့တောင်မှ အခုဆို မိုးတွင်းရောက်တော့မှာဆိုတော့ စိုက်ချိန်ပျိုးချိန်လည်း ရောက်တော့မှာ ဆိုတော့ ဝယ်ခြမ်းရမှာနဲ့ ပစ္စည်းတွေ စိုက်ဖို့ပျိုးဖို့ ဝယ်ရတာလည်း အရမ်းခက်တော့လေ အားကြောင့်မို့ ငြိမ်းငြိမ်း ချမ်းချမ်းလေးတော့ ဖြစ်စေချင်ပါတယ်” ဟု ပြောသည်။

PNLO ရဲဘော်ကိုတွေ့ရစဉ်
ဒေသခံလူထုများ နေရပ်ပြန်ရန် စိတ်ချရသော အနေအထားတွင် မရှိသေးကြောင်း၊ သို့သော်လည်း ဒေသခံ အချို့မှာ နေရပ်ပြန်မှု ရှိနေကြောင်း စောခွန်ကျော်ဝင်းက ပြောသည်။
၎င်းက “ဆီဆိုင်မြို့ကတော့ တစ်မျိုးလုံး နီးနီးပါးပါး ပျက်စီးသွားတာပေါ့၊ ကျေးလက်ဒေသနဲ့ ရွာဘက်များများနဲ့ ရာခိုင်နှုန်းနဲ့ အခုကျနော်တော့ မမှန်းနိုင်သေးဘူး၊ အပျက်အစီးတော့များတယ်၊ ပအိုဝ်းဒေသမှာဆို အဓိကဖြစ် နေတာ ဆီဆိုင်မြို့နယ်ပေါ့နော်၊ ဥပမာ ပင်လောင်းတောင်ဖက်ခြမ်း ပင်လောင်းတောင် နည်းနည်း ပျက်စီးနိုင်တယ်၊ အနည်းအကျဉ်းရှိနိုင်တယ်၊ အထူးသဖြင့် ဆီဆိုင်မြို့ပေါ့၊ ဟိုပုံးမှာဆိုရင်လည်း မဲနယ်တောင်မှာဆိုရင်လည်း ဘုန်းကြီးကျောင်း၊ ရွာ ၄၊ ၅ ရွာ ပျက်သွားတာတော့ ရှိတယ်၊ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရတာတို့ပေါ့နော်၊ ရာခိုင်နှုန်းကတော့ မမှန်းနိုင်သေးဘူးပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်း မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုန်းမြို့နယ် တို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1843
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉
မြန်မာ့တပ်မတော်အား လက်နက်မထောက်ပံ့ဖို့ တရုတ်အစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က South China Morning Post သတင်းဌာနနှင့် တွေ့ဆုံ အင်တာဗျူး တွင် တိုက်တွန်း ပြောကြားသွားခဲ့သည်။
ဒေါ်ဇင်မာအောင်က “တရုတ်ရဲ့ လက်နက်ပစ္စည်းတွေနဲ့ မြန်မာစစ်တပ်ဟာ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူတွေကို သတ်ဖြတ်နေတယ်။ ဒါကြောင့် တရုတ်အနေနဲ့ လက်နက်ထောက်ပံ့တာ ရပ်တန့်ပေးဖို့လိုတယ်”ဟု ပြောသည်။
ထို့နောက် NUG သည် မြန်မာ့တပ်မတော်ကို လက်နက်မထောက်ပံ့ဖို့ တရုတ်အစိုးရထံ စာတစ်စောင် ပေးပို့ခဲ့ရာ တရုတ်အစိုးရဘက်က စာလက်ခံရရှိကြောင်းကလွဲပြီး တစ်စုံတစ်ရာ တုန့်ပြန်ပြောကြားခြင်း မရှိဘူးဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်ကြီးကို တွေ့ရစဉ်
တရုတ်သံအမတ်ကြီးသည် ယခုလ (ဧပြီလ)ထဲမှာ ယခင်က မြန်မာ့တပ်မတော် ခေါင်းဆောင်များဖြစ်ခဲ့ကြသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)၊သမ္မတ ဦးသိန်းစိန်(ငြိမ်း) တို့အပါအဝင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုတို့၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် တို့ကို တွေ့ဆုံမှုများ ပြုလုပ် ခဲ့သည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တရုတ်နိုင်ငံသို့ သွားရောက်၍ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးနှင့် တွေ့ဆုံ၍ အမျိုးသားလုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
လက်ရှိတွင် တရုတ်အစိုးရနှင့် နစကကြား ပူးပေါင်း၍ ကျားဖြန် အွန်လိုင်းငွေလိမ် လုပ်ငန်းများနှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းများကို နှိမ်နင်းလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1696
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရုံးကို မြန်မာအမျိုး သား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)က ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃ ရက်နေ့က ချိတ်ပိတ်ခဲ့သည်။
မုံးကိုးမြို့ရှိ KIA ရုံးကို MNDAA (ကိုးကန့်တပ်ဖွဲ့)မှ မုံးကိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂျီထိန်အန်းနှင့် ဒုတိုက်နယ် မှူး ဗိုလ်ဦးရန်ဟူတို့ ဦးဆောင်၍ ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းက ချိတ်ပိတ်ကြောင်း စာကပ်သွားခဲ့သည်။
ထို့နောက် ဧပြီ ၂၃ ရက်နေ့ ည ၇ နာရီခွဲမှာ ဒုတိယအကြိမ်အဖြစ် MNDAA မှ ဗိုလ်ရန်ဟူနှင့် ဗိုလ်လောက်ဒေါင်း ဦးဆောင်သည့် အဖွဲ့များ ရောက်ရှိလာပြီး ချိတ်ပိတ်စာကပ်သွားခဲ့သည်။
MNDAA သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)တို့နှင့်ပူး ပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့သည်။

TNLA ဥက္ကဋ္ဌကို တွေ့ရစဉ်
အဆိုပါ စစ်ရေးဆင်ကနေ မြန်မာ့တပ်မတော် စစ်စခန်းပေါင်း ၁၀၀ ကျော်နှင့် မြို့နယ်ပေါင်းများစွာသိမ်းပိုက်ခဲ့ကြ ရာ MNDAA က ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ်၊ ကွမ်းလုံ တို့ကို ထိန်းချုပ်ခဲ့သည်။
ထို့နောက် TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ တို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး AA က မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေး လမ်းကို ထိန်းချုပ်ခဲ့သည်။
ထိုသို့ သိမ်းပိုက်နိုင်ခဲ့သော မြို့များတွင် MNDAA နှင့် TNLA က အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများ ကို ဖော်ဆောင်လာပြီး တခြားသော လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားခွင့်ကို တားမြစ်ကြောင်း အသီးသီး ထုတ်ပြန်ခဲ့ သည်။
ထို့ကြောင့် ကွတ်ခိုင်မြို့နယ်အတွင်းမှာ TNLA က KIA ၏ ရုံးကို ချိတ်ပိတ်ခဲ့သလို ကချင်ရိုးရာပွဲများကို ကျင်းပခွင့်များ ပိတ်ပင် တားမြစ်လာသလို မုံးကိုးမြို့မှာ MNDAA က KIA ရုံးကို ချိတ်ပိတ်မှုများလုပ်လာခဲ့သည်။

ကွတ်ခိုင်မြို့ထဲမှာ MNDAA နဲ့ TNLA တပ်ဖွဲ့တွေကို တွေ့ရစဉ် (Myanmar Now)
အလားတူ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအနီးမှာ TNLA နှင့် MNDAA ကြား အုပ်ချုပ်ရေးပိုင်း အငြင်းပွား၍ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၉ ရက်နေ့က နှစ်ဖက် ပစ်ခတ်မှုများဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် နမ့်ခမ်းမြို့နယ်အတွင်းမှာ TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ကြား နယ်မြေနှင့် အုပ်ချုပ်ရေး ပိုင်း အငြင်းပွား၍ စစ်ရေး ပဋိပက္ခများ ဖြစ်ပွားခဲ့သလို စစ်ရေးတင်းမာလျက်ရှိနေသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA၊ TNLA၊ AA၊ SSPP၊ KIA၊ UWSA၊ မြန်မာ့တပ်မတော်၊ ပြည်သူ့စစ်တပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(LDF) စသဖြင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း စုံ လှုပ်ရှားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2260
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆
နာဂလူငယ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဖမ်းဆီးမှု ပိုမိုလုပ်ဆောင်လာကြောင်း နာဂဒေသခံ များက ပြောသည်။
နာဂလူမျိုးများ အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံနေရကြောင်း၊ လက်ရှိတော်လှန်ရေးတွင် နာဂလူငယ် များ မိမိစိတ်ဆန္ဒအရ ပါဝင်ခြင်းကို မပြောလိုကြောင်း၊ သို့သော်လည်း နေအိမ်များအထိ KIA က အတင်းအဓမ္မ ဖမ်းဆီးနေကြောင်း ရှင်ဗွေယန်ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့ ဒေသမှာက လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရတယ်ဆိုတာ ခံစားမိတယ်၊ ဘာလို့လဲဆိုရင် အတင်းအဓမ္မ ဖမ်းနေကြတာပေါ့နော်၊ အိမ်ထဲအထိ အိမ်တံခါးတွေ ဆွဲဖွင့်ပြီးတော့ ဝင်တဲ့အထိ ဖြစ်နေတာ၊ ဝင်ကို ဝင်နေတာပေါ့။ ပြီးတော့ ခုနက ကျနော်ပြောတာက သူတို့က မြန်မာနိုင်ငံကနေပြီးမှ စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်လာတဲ့အခါမှာ ဒီဟာက မတရားဥပဒေဖြစ်တယ်ဆိုတာ သူတို့က အဲဒီလိုမျိုး ပြည်သူလူထုတွေကို ဒါကို လက်မခံဖို့ ဌာနဆိုင်ရာတွေမှာလည်း ကန့်ကွက်ကြောင်း ပြောတာတွေ ရှိတယ်၊ ဒါပေမဲ့ အခု ကျနော်တို့ကို လုပ်နေ (KIA ဖမ်းနေတာကို ပြောခြင်းဖြစ်)တဲ့ဟာ နာဂလူမျိုးတွေကို သူတို့က လီဒိုလမ်းမကြီးကို ပိတ်ပြီးတော့မှ ဖမ်း တယ်၊ အိမ်ထဲအထိ ဝင်ဖမ်းနေတာက ဒါဆိုရင် သူတို့က စစ်ကောင်စီက ထုတ်ပြန်တဲ့ဥပဒေကို မတရားဥပဒေ ဆိုတာ သူတို့(KIA) လုပ်နေတာက ဘာဥပဒေလဲဆိုတာ ပြည်သူလူထုတွေက ဒီဟာကို မေးခွန်းထုတ်နေတယ်၊ အားကြောင့်မို့ ကျနော်တို့က ဒါကို ဥပဒေမဲ့ ကျနော်တို့ကို လုပ်ချင်တိုင်း လုပ်နေတယ်ဆိုတဲ့ဟာကို ပြောတာဖြစ် တယ်” ဟု ပြောသည်။

နာဂလူမျိုးများကို တွေ့ရစဉ်
ထို့အတူ ကချင်ပြည်နယ်အတွင်း နေထိုင်သည့် နာဂများကိုလည်း KIA တွင် စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်လျက် ရှိနေသလို စစ်မှုမထမ်းလိုပါက ကချင်ပြည်နယ်၌ မနေနှင့်ဟု ပြောဆိုမှုများရှိနေကြောင်း ၎င်းက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ဒုတိယပတ်မှာ ရှင်ဗွေယန်မြို့နယ်တွင်းရှိ ကျေးရွာအချို့မှာ KIA က တစ်အိမ်တက်ဆင်း လူငယ်များကို ဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီးနောက် လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်ကြရသည်။
အဆိုပါ နာဂလူငယ်များကို ဖမ်းဆီးမှုနှင့် ပတ်သက်၍ KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
မြန်မာ့တပ်မတော်နှင့် KIA တို့ ဖြစ်ပွားတော့ တိုက်ပွဲများအတွင်း နာဂလူငယ်အများအပြား ပါဝင်ကြောင်း၊ ထို့အတူ KIA က ဖမ်းဆီးသွားသည့် နာဂလူငယ်များကို ကချင်နာမည်ပေးကာ မိမိတို့ နာဂလူမျိုးစုကို ပပျောက်အောင် လုပ်နေသည်ဟု နာဂဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နာဂလူငယ်တွေက ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ ဝန်းကျင်မှာ ဆိုလို့ရှိရင် အများကြီး ဖမ်းဆီးခြင်း ခံရတယ်၊ ရာပေါင်းများစွာ၊ ရာကြီးပိုင်း ရှိတယ်။ တချို့မိဘတွေက မှော် (ရွှေလုပ်ငန်း၊ ကျောက်လုပ်ငန်း) ထဲမှာ အလုပ် သွားတယ်လို့ပဲ ထင်ကြတယ်။ ကျနော်တို့ နာဂတောင်ပေါ်က ရှင်ဗွေယန်၊ တနိုင်းမှော်တွေကို လာလုပ်ကြတာ များတယ်၊ လူငယ်လူရွယ်တွေ ဒါပေမဲ့ လမ်းထဲမှာ သွားလမ်းထဲမှာ ပိတ်ပြီးတော့ ဖမ်းနေတာကြတော့ တော်တော် များများတော့ မိဘတော့ မှော်ထဲမှာ ထင်တာ၊ ဒါပေမဲ့ ကလေးတွေက မှော်ထဲမှာ မရောက်ဘူး။ လွန်ခဲ့တဲ့ အချိန်မှာ ဆို တိုက်ပွဲမှာတွေ PDF တွေ KIA ရဲ့ တိုက်ပွဲတွေမှာ အများကြီး နာဂလူငယ်တွေပါတယ်။ သူတို့က အဲဒီထဲမှာ နာဂ ကလေးတွေကို ဖမ်းသွားပြီဆိုရင် သူတို့အဖွဲ့အစည်းထဲ ရောက်ပြီဆိုရင် နာမည်ပါပြောင်း၊ နာဂနာမည် မရှိတော့ ဘူး။ ကချင်နာမည်ပေး အဲဒီလိုမျိုးနဲ့ လူမျိုးကို သူတို့က လူမျိုးကို ပပျောက်အောင်လုပ်နေတယ်လို့ ကျနော်တို့က မြင်တယ်ပေါ့နော်” ဟု ပြောသည်။

ENDA/ENNO နာဂလက်နက်ကိုင်ကို တွေ့ရစဉ်
KIA သည် ၂၀၂၃ ခုနှစ်အတွင်း နာဂလူငယ်များ ဖမ်းဆီးခံရမှု ၃၀၀ ကျော်ရှိပြီး အချို့မှာ ပြန်လည်လွတ်မြောက်မှု ရှိခဲ့သည်။
လက်ရှိတွင် KIA သည် ရှင်ဗွေယန်၊ နန်းယွန်း၊ ပန်ဆောင်၊ လဟယ်၊ ဒုံဟီး နှင့် ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသတွင် နေထိုင်လျက်ရှိသော နာဂလူမျိုးများကို ဖမ်းဆီးမှု လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိ နာဂလူမျိုးများတွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)၊ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)၊ အရှေ့နာဂ အမျိုးသား ကာကွယ်ရေး တပ်မတော် (ENDA/ENNO)၊ နာဂ PDF တို့ ရှိသည်။
ENDA/ENNO သည် KIA ၏ စစ်ရေး ထောက်ပံ့ကူညီမှုဖြင့် NSCN-K ကနေ ခွဲထွက်၍ လိုင်ဇာမြို့မှာ အခြေစိုက်ကာ ခွဲထွက်ထူထောင်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။
