- By CNI
- Category: နိုင်ငံရေး
- Hits: 1304
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခကြောင့် တိုင်းပြည်မပျက်စီးစေလို၍ နိုင်ငံရေးနည်း လမ်းဖြင့် ဖြေရှင်းရန် နစက-က ဖိတ်ခေါ်ခြင်း ဖြစ်နိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
တိုက်ပွဲများကြောင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ရန်ပင် ခက်ခဲ ကြောင်း၊ တိုက်ပွဲကြောင့် ဒေသခံပြည်သူများ မြေစာပင်ဖြစ်နေခြင်းကို ကိုယ်ချင်းစာ၍ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လိုမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၄ ရက်တွင် ပြောကြား ထားသည်။
လက်ရှိ တိုက်ပွဲများကြောင့် မြို့ရွာများ ပျက်စီးနေခြင်းကို နိုင်ငံအုပ်ချုပ်သူများအနေဖြင့် ဖြေရှင်းနိုင်ရေး နည်းလမ်း ရှာဖွေနေခြင်းဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အဲဒီတော့ စိတ်ဝင်စားစရာ ပိုကောင်းတာပေါ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ၊ ၇၅ နှစ်ကြာ ပြည်တွင်း ပဋိပက္ခမှာ တကယ့် ဒုက္ခ ဒုက္ခခံရတဲ့ ကျေးလက်ဒေသကို ကိုယ်တိုင်မကြုံဖူးရင် စစ်ရဲ့ ဒဏ်ရာဒဏ်ချက်ကို ကိုယ်ချင်းစာစိတ် ရှိချင်မှရှိမယ်၊ ဒါပေမဲ့ လက်နက်ကိုင်နေကြတဲ့ တပ်မတော်သားတွေက ပိုမြင်ရမှာပေါ့ဗျာ၊ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အသက်စွန့်ခဲ့ကြတာတွေ အာဃာတတွေ မရှိဘဲနဲ့ အမိန့်ကြား ဒါမျိုးလည်း ရှိမှာ ပေါ့၊ အဲဒီရဲ့ ဒဏ်ရာဒဏ်ချက်က ခုနလို အသက်အိုးအိမ်စည်းစိမ်ရယ်၊ လုပ်သားပြည်သူများရဲ့ မြို့ပြကြီး ပျက်တာ တွေ ကျေးလက်ပျက်တာတွေ ခုနလို ကလေးတွေ မိဘတွေအားလုံး ဆင်းရဲဒဏ်ချက်ကြောင့် ပညာမသင်ကြားနိုင် တာတွေ စားနပ်ရိက္ခာ သာမကပေါ့ဗျာ၊ ကျေးလက်ကို စွန့်တာတွေပါ၊ တခြားနိုင်ငံတွေရောက် ဒုက္ခသည်ဖြစ်ပေါ့ ဗျာ၊ ဒါတွေသည် တွေးမယ်ဆိုရင် မိမိရဲ့ မျက်မြင်ပေါ့ဗျာ၊ ဥပမာ လွိုင်ကော်မြို့ကြီး ပျက်သွားတယ်ဗျာ၊ နှစ်ဖက်ရဲ့ နိုင်ငံရေး တင်းမာမှုကြောင့် ဥပမာ ထန်တလန်မြို့ကြီး ပျက်သွားတယ်ဗျာ၊ ရခိုင်ဖက်က ပေါက်တောမြို့ကြီး ပျက် သွားတယ်ဗျာ၊ နမ့်ခမ်းကြီး၊ သိန္နီကြီးပေါ့ဗျာ၊ ဒီဖက်က အဲဒါမျိုးတွေ မြင်ရတဲ့အခါမှာ နိုင်ငံအုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေ တိုင်းမှာ ဒါတွေကို မပျက်စီးနိုင်အောင် ဘယ်လိုညှိနှိုင်းတိုင်ပင် ဖြစ်မလဲဆိုတဲ့ alternative တစ်ခုကတော့ဖြင့် သူ လည်း တွေးမှာပဲ ကိုယ်လည်း တွေးမှာပဲ” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများကြောင့် နယ်စပ်ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
ထို့နောက် လက်နက်ကိုင်ပဋိက္ခဖြစ်ပွားခြင်း မရှိခဲ့သော ပြည်မဒေသများတွင်လည်း ဖြစ်ပွားလာခဲ့သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ခေါင်းဆောင်များကိုတွေ့ရစဉ်
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းက တိုင်းပြည်ရော လူထုအတွက်ပါ ကောင်းမွန်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ကတော့ ပိုပြီးတော့ကောင်းတာပေါ့၊ တိုင်းပြည်အတွက် ကောင်းတာပေါ့၊ ပြည်သူလူထုအတွက်လည်း ကောင်းတာပေါ့၊ ဒီလိုနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုရင်တော့ ဒါတိုင်းပြည် အတွက် လည်း မကောင်းဘူးလေ၊ ဟိုဖက်ဒီဖက် သေကြေတာလည်း ဒါကိုယ့်နိုင်ငံထဲမှာ ကိုယ့်နိုင်ငံက ပြည်သူတွေပဲ၊ နောက်ပြီး ဟိုဖက်ဒီဖက် စစ်စရိတ်တွေ ကုန်ကျတာလည်း ကိုယ့်နိုင်ငံက ဘဏ္ဏာငွေတွေကြီးပဲ၊ အဲဒါကို ကောင်း ကောင်းမွန်မွန်နဲ့ စားပွဲပေါ်မှာ ဆွေးနွေးပြီးတော့ ပြေလည်သွားတာတော့ အကောင်းဆုံးပဲပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က စတင်ကာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲပြင်းထန်ခဲ့သော ညီနောင်မဟာ မိတ်သုံးဖွဲ့မှာ တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ဒီဇင်ဘာ ၁၁ ရက်မှ ၃၁ ရက်နေ့အထိ ယာယီ အပစ်ရပ်စဲထားရန် သဘောတူညီမှု ရရှိခဲ့ကြသည်။
ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီ အချို့၊ ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများလည်း ကြိုးပမ်းလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 958
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂
နစကနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့(MNDAA၊ TNLA၊ AA) တို့ တွေ့ဆုံဆွေးနွေးမှုမှတဆင့် တော်လှန်ရေးမှာ အပြောင်းအလဲ ဖြစ်လာနိုင်သလားဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိနေသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော် မတီ (NSPNC)နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တိုက်ပွဲများရပ်တန့်ရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတစ်ခုလုံးနှင့် ပတ်သက်ပြီး တည်ငြိမ်သည့် အခင်းအကျင်းကို ဝိုင်းဝန်းစဉ်းစားစေလိုကြောင်း၊ လက်ရှိ လူထု အနေဖြင့်လည်း ငြိမ်းချမ်းသည့် တိုင်းပြည်ကို လိုလားကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်ကတော့ ငြိမ်းချမ်းရေးကို လက်ခံတယ်ဗျ၊ မြန်မာနိုင်ငံ တစ်ခုလုံးနဲ့ ပတ်သက်တဲ့ တည်ငြိမ် အေးချမ်းတဲ့ အခင်းအကျင်းကြီး တစ်ခုလုံးကို အားလုံးစဉ်းစားစေချင်တယ်၊ တရုတ်ရော၊ အိန္ဒိယရောပေါ့ဗျာ၊ ဒါမျိုး ပူးပေါင်း ကူညီစဉ်းစားပေးစေချင်တယ်၊ ဘယ်လိုတည်ငြိမ်အေးချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် ရှေ့ဆက်သွားကြမှာလဲ။ လွတ်လပ်ရေးအလွန် ၇၅ နှစ်ကျော်ကာလ တိုင်းရင်းသားများရဲ့ လက်နက်ကိုင်ပဋိပက္ခ အားလုံးကို ချုပ်ငြိမ်းနိုင်မယ့် နိုင်ငံရေး အပေးအယူတစ်ခုကို လက်ရှိ SAC ဘက်က ရဲရဲဝံ့ဝံ့ ညှိနှိုင်းတိုင်ပင်ရင်တော့ ဖြင့် မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းတစ်ခု ထွက်ပေါ်လာနိုင်တာပေါ့၊ အဲဒီရလဒ်ဟာ အလွန်တရာမှ ထူးခြားရင် တော့ဖြင့် ပြည်ထောင်စုတပ်မတော်ကြီးတစ်ခု အဖြစ်လည်း အသွင်ပြောင်းသွားနိုင်တာပေါ့၊ အနာဂတ်မျိုးဆက် သစ်တွေအတွက် တည်ငြိမ်အေးချမ်းပြီးမှ ငြိမ်းချမ်းတဲ့၊ ဖွံ့ဖြိုးတဲ့နိုင်ငံ အသစ်တစ်ခုကိုတော့ဖြင့် လိုလားတယ်ဆိုတဲ့ ဘက်က ပိုများမယ်ထင်ပါတယ်။ အဲဒါကြောင့် ဒီကာလဟာ စစ်ကိုမုန်းတဲ့ကာလဖြစ်ဖို့လိုတယ်၊ စစ်ရဲ့ ဒဏ်ရာဒဏ် ချက်ကနေ တည်ငြိမ်အေးချမ်းပြီးမှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအသစ်တစ်ခုကို လိုချင်တဲ့ လူထုဆန္ဒတစ်ခု ပေါ်ထွန်း လာရင်တော့ဖြင့် SAC သည်လည်းကောင်း၊ ခုနက တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်များ သည်လည်းကောင်း၊ အနာဂတ်မျိုးဆက်သစ်အတွက် အမွေကောင်းတစ်ခုကို ပေးနိုင်တဲ့ ကာလဆိုတာကို ယုံယုံ ကြည်ကြည်သာ ညှိနှိုင်းတိုင်ပင် နိုင်မယ်ဆိုရင် ငြိမ်းချမ်းမှုဖြစ်စဉ် အသစ်တစ်ခု ခိုင်ခိုင်မာမာ ပေါ်ထွန်းလာနိုင်ပါ တယ်။ အဲဒီလို ပေါ်ထွန်းလာရင် လူထုကတော့ ဝမ်းပန်းတသာကြိုဆိုကြမှာဗျ” ဟု ပြောသည်။

MNDAA-AA-TNLA တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲကြောင့် လောက်ကိုင်မြို့မှ ထွက်ပြေးလာသူများ ကိုတွေ့ရစဉ်
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ်(MNDAA-AA-TNLA) ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လျက်ရှိနေသလို ဒေသခံ အများစုမှာ လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေသည်။
နှစ်ဖက်ဆွေးနွေးမှုမှတဆင့် တိုက်ပွဲများ ရပ်တန့်သွားပါက တိုက်ပွဲရှောင်များအတွက် အဆင်ပြေသွားနိုင်သလို လမ်းတံတားများ ပြန်ဆောက်ပေးနိုင်ပါက ကုန်သွယ်ရေးအတွက် ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါက တိုက်ပွဲလျော့တာဖြစ်ဖြစ်၊ ရပ်တာဖြစ်ဖြစ် ပဋိပက္ခနည်းရင် လူထု အထိအခိုက် အသေပျောက် သက်သာတာပေါ့ဗျာ၊ အကယ်၍ အဲဒီကြားမှာ တရုတ်ကလည်း လမ်းတံတားတွေ၊ ပြန်ဆောက်ပေးမယ်၊ ပြန်လုပ် ပေးမယ်ဆိုရင်တော့ လူထု သွားရေးလာရေး၊ စစ်ပြေး၊ စစ်ရှောင်တွေအတွက်လည်း နည်းနည်း အခြေအနေ ပြန် ကောင်းနိုင်တာပေါ့၊ မဟုတ်ရင်တော့ ပြေးနေရှောင်နေရတာ ကြာလာရင် ဆောင်းတွင်းမှာ မလွယ်ဘူး။ ရိက္ခာ တစ်ခု၊ အနွေးထည်တစ်ခု၊ ဆေးဝါးတစ်ခု၊ စောစောစီးစီး ပြေလည်ရာ ပြေလည်ကြောင်း ဖြစ်ရင်တော့ စစ်ပြေးစစ် ရှောင်တွေအတွက် အများကြီး သက်သာတာပေါ့၊ ဒီတစ်ဆောင်းကို ဖြတ်ကျော်ဖို့အတွက် အများကြီး နည်းနည်း ဝန်ထုတ်ဝန်ပိုး ပေါ့သွားတာပေါ့၊ မဟုတ်ရင်တော့ ဒီတစ်ဆောင်းမှာ တော်တော်လေး မြောက်ပိုင်းပြည်သူတွေ ထိခိုက်နိုင်တယ်ဗျ၊ ပဋိပက္ခဆက်သွားရင်တော့” ဟု ပြောသည်။

သိန်းနီမြို့မှာ လက်နက်ကြီးကျရောက်လို့ နေအိမ်များ မီးလောင်နေစဉ်
ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် လက်ရှိ တစ်လကျော် ကြာမြင့်လာသည့်တိုင် ရပ်တန့် နိုင်ခြင်း မရှိသေးဘဲ နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သာမကဘဲ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း ဖြစ်ပွားလျက်ရှိနေသလို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှာလည်း မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ MNDAA-AA-TNLA မှ ကိုယ်စားလှယ်များနှင့် နစက၏ NSPNC မှ ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးပြီးနောက် ဒီဇင်ဘာ ၁၁ ရက်မှ ၃၁ ရက်နေ့အထိ ယာယီ အပစ်ရပ်စဲထားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များနှင့်နီးစပ်သူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3196
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁
တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)မှ တာဝန်ရှိသူများနှင့် MNDAA၊ TNLA၊ AA တို့မှ တာဝန်ရှိသူများ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ၍ တိုက်ပွဲများရပ်တန့်ရေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုကနေ ဖြစ်ပေါ်လာမည့် တိုးတက်မှုများအပေါ် မူတည်ပြီး ယခုလကုန်ပိုင်းမှာလည်း ထပ်မံ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျနော်တို့ မြန်မာနိုင်ငံအမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့လူတွေနဲ့ MNDAA- TNLA-AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုအပေါ်မှာ တိုးတက်မှုအပေါ်မှာမူတည်ပြီး ဒီလကုန်ပိုင်းမှာလည်း ထပ်မံဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်”ဟု ပြောသည်။

MNDAA- TNLA-AA တို့မှ ဒုတိယတန်း ခေါင်းဆောင်များကိုတွေ့ရစဉ်
ထိုတွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကိုတော့ နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း မြောက်ပိုင်းသုံးဖွဲ့(MNDAA-AA-TNLA)နှင့် NSPNC တို့ဖြင့် နီးစပ်သူများထံကနေ ကြားသိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1309
CNI New
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်ဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းနီတိုင်းရင်းသား ဘာသာစကားပြောခြင်းအပေါ် တော်လှန်ရေး အင်အားစုများက ကန့်သတ်မှု ပြုလုပ်နေကြောင်း ရှမ်းအရပ်ဖက် အဖွဲ့အစည်းများက ဒီဇင်ဘာ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကန့်သတ်မှုကို စစ်ကိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်း၊ ဖောင်းပြင်၊ ပင်လည်ဘူး၊ ဗန်းမောက်တို့တွင် ကြုံတွေ့နေရကြောင်း၊ ထိုလုပ်ရပ်များမှာ စစ်ရာဇဝတ်မှုမြောက်သော လူမျိုးသုဉ်းစေရန် ဖိနှိပ်မှုဖြစ်ကြောင်း ရှမ်းအရပ်ဖက် အဖွဲ့အစည်းများမှ ပြောရေးဆိုခွင့်ရှိသူ စိုင်းအိုက်ဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပင်လည်ဘူးနယ်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဖုန်းလိုင်းရတဲ့ နေရာအထိ ရောက်လာတဲ့ ဒေသခံ တွေ ရှိတယ်၊ ဒေသခံတွေကို ကျနော်တို့ ကိုယ်တိုင် အင်တာဗျူးလုပ်တယ်၊ ကျနော်တို့ ကိုယ်တိုင် မေးမြန်းတယ်၊ သေချာအောင် ဒါတကယ်ရော ဟုတ်သလား၊ မယုံနိုင်လို့၊ မယုံနိုင်လို့ ကျနော်တို့က သေချာအောင် မေးရတာ၊ မေးတဲ့အခါမှာ မေးတိုင်း သူတို့က အဲဒီဟာကို ဖြေတယ်၊ ဥပမာ ရှမ်းနီစကားပြောရင်ကိုပဲ ခေါ်ရိုက်တာမျိုးတွေ ဖြစ် တယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဗန်းမောက်၊ ပင်လည်ဘူးနယ်ဟာ လွန်ခဲ့တဲ့ အစိုးရအဆက်ဆက်ရဲ့ လဝက မှတ်တမ်းတွေအရ ရှမ်းနီတကယ်ရှိတာတောင်မှ မရှိပါဘူးဆိုပြီးတော့ စာရင်းပယ်ဖျောက်ခြင်း ခံထားရတဲ့ မြို့နယ် တွေဖြစ်တယ်၊ ဒီမြို့နယ်တွေမှာ ရှမ်းနီဘာသာစကားပြောမှုကိုပါ လက်ရှိ တော်လှန်ရေးမှာ ပါဝင်နေတဲ့ လက်နက် ကိုင် တပ်ဖွဲ့တွေက ထပ်ပြီး ကန့်သတ်မယ်ဆိုရင် ဒီလူမျိုးဟာ ပျောက်သွားဖို့ပဲ ရှိတော့တယ်၊ ဒါက တကယ်တမ်း ပြောမယ်ဆိုရင် ကမ္ဘာက သတ်မှတ်ထားတဲ့ ဂျီနိုဆိုက် စံချိန်စံညွန်းတွေနဲ့ သွားပြီး ညှိစွန်းနေတယ်ဆိုတာ ကျနော် တို့ သတိပေးတာပါ။ ကမ္ဘာက ပြောနေတဲ့ ရိုဟင်ဂျာကိစ္စတွေကိုပဲ ထောက်ပြနေကြတယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နဲ့ ကချင်ပြည်နယ်မှာ ရှိနေတဲ့ ရှမ်းနီတိုင်းရင်းသားတွေကလည်း ဒါ ရိုဟင်ဂျာပုံစံမျိုးကို ကန့်သတ်ခံလာရပြီးလို့ ကျနော့်အနေနဲ့ သတိပေးလိုတယ်” ဟု ပြောသည်။

ဟုမ္မလင်း PDF ကို တွေ့ရစဉ်
တော်လှန်ရေးအင်အားစုများ၏ စစ်ဆေးရေးဂိတ်တွင် ၅/ မှတ်ပုံတင် ကိုင်ဆောင်ထားပြီး လူမျိုးနာမည်တွင် ရှမ်း ဖြစ်နေပါက ပိုမိုစစ်ဆေး မေးမြန်းနေသလို ဖုန်းအတွင်း ရှမ်းသီချင်း၊ ရှမ်းဝတ်စုံများ တွေ့ရှိပါက ရိုက်နှိက်ခြင်း၊ ဖမ်းဆီးခြင်း၊ ဖြတ်သန်းသွားလာမှုကို ကန့်သတ်ခြင်းများ ပြုလုပ်ကြောင်း ၎င်းက ပြောသည်။
ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တွင် ရှမ်းနီလူငယ်အများစု တာဝန်ထမ်းဆောင်နေသလို ဟုမ္မလင်းမြို့ နယ်အတွင်းရှိ PDF များတွင်လည်း ရှမ်းနီလူငယ်အများစု တာဝန်ထမ်းဆောင်နေကြောင်း၊ အချင်းချင်း သတ်ဖြတ် နေမှုအား ညှိနှိုင်းဖြေရှင်းစေလိုကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
၎င်းက “ဟုမ္မလင်းမှာ သူတို့ ညီလာခံလုပ်တယ်လေ၊ ရှမ်းနီညီလာခံဆိုပြီးမှ အဲဒါ ဖြစ်စဉ်လေးတစ်ခု ပြောချင်တာ ပါ။ အဲဒါနဲ့ ဆက်စပ်ပြီးမှ ညီလာခံလုပ်တဲ့ အခါကြတော့ ညီလာခံပြန်တဲ့လူတွေက ဓါတ်ပုံရိုက်သွားကြတယ်၊ ဓါတ်ပုံရိုက်သွားတဲ့ အခါကြတော့ သူတို့က (PDF) တွေက နမ့်နန်းလောက်မှာ သူတို့ ရှိနေကြပြီ။ ခိုတောင်းတို့၊ နောင်ဆန်းကျင်တို့ နားလောက်မှာ အဲဒီလမ်းတစ်လျှောက်မှာ သူတို့ ရှိနေကြပြီ၊ PDF တွေ ရောက်နေကြပြီ။ ရောက်နေတဲ့အခါ ဘယ်ကပြန်တာလဲ၊ ကျနော်တို့ ဟုမ္မလင်းက ပြန်တာ၊ ဘာသွားလုပ်တာလဲ၊ ကျနော်တို့ ညီလာခံ သွားတက်တာ၊ ကြွားချင်တာကိုး ကိုယ့်လူမျိုး အချင်းချင်းဆိုတော့ ပြစမ်းဆိုတာ ဓါတ်ပုံတွေ ပြတယ်၊ ပြတဲ့အခါ ကြတော့ အဲဒီက ညီလာခံကို ဘာကြောင့်မို့ သွားတက်တာလဲ၊ ဘာလဲဆိုပြီး အဲဒီတုန်းက ကျနော်သတင်းရတာ ၅ ယောက်ရှိတယ်တဲ့ အဲဒီညီလာခံအပြန်မှာ သူတို့ ရိုက်သတ်လိုက်တာ PDF တွေ အဲဒီညီလာခံ သွားတက်ရကောင်း မလားဆိုပြီး စစ်ဘောမ ကိစ္စပေါ့လေ၊ ရှမ်းနီအချင်းချင်းနော်၊ အဲဒါလည်း ရှမ်းနီအချင်းချင်း သတ်ကြတာ၊ အဲဒီလိုမျိုး လေးတွေပေါ့နော်” ဟု ပြောသည်။
လက်ရှိ စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံနေရသော ရှမ်းနီတိုင်းရင်းသားတို့၏ ဘဝကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ စသော အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများမှ ကူညီပေးရန် ရှမ်းအရပ်ဖက် အဖွဲ့အစည်းများက ထုတ်ပြန်တောင်းဆိုထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1554
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ယူခဲ့ဖူးသူ ဦးပယ်ဆောက်ချိန် အပါအဝင် ကိုးကန့်ဒေသ ၁၀၀၆ နယ်ခြားစောင့်တပ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးဝေဆန်း(ငြိမ်း) ခေါ် ဝေ့ဟွိုင်ရင် အပါအဝင် လူ ၁၀ ဦးကို တရုတ်အစိုးရ ဖမ်းဝရမ်း ထုတ်ခဲ့သည်။
အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများကို ပြုလုပ်ခဲ့သည်ဟုဆိုကာ ဦးပယ်ဆောင်ချိန်၊ ဗိုလ်မှူးကြီးဝေဆန်း(ငြိမ်း)၊ ပိုင်ရင့်ဆန်၊ ပိုင်ရင့်လန်၊ ဝေ့ယွန်း၊ ဝေချင်းဆုန်၊ လျိုကျင့်ရှန်၊ လျိုကျီယွမ်၊ လျိုကျင့် မောင်၊ ရွှီလောက်ဖာ တို့ကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့သည်။
ပိုင်ဆိုချိန် (ခေါ်) ပယ်ဆောက်ချိန်သည် အသက် ၇၄ နှစ်ရှိပြီး မြန်မာနိုင်ငံကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌဟောင်းဖြစ်ပြီး ပိုင်ရင့်ဆန် (ခေါ်) ပယ်ရင်ချန် သည် တရုတ်နိုင်ငံသားမှတ်ပုံတင်ကိုင်ထားကာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်တပ်ဖွဲ့ တပ်ဖွဲ့မှူး၊ စီးပွားရေးစီမံအုပ်ချုပ်ရေးဌာန ဒုတိယဌာနမှူးဖြစ်သည်။

ပိုင်ရင့်လန်သည် တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုင်ထားပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှင်ပိုင်လိအုပ်စု ဥက္ကဋ္ဌဖြစ်ပြီး ဝေ့ဟွိုင်ရင် (ခေါ်) ဗိုလ်မှူးကြီး ဝေဆန်း(ငြိမ်း)သည် ကိုးကန့်ဒေသ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီး ကြပ်ရေးကော်မတီဥက္ကဋ္ဌဖြစ်သည်။
ဝေ့ယွန်းသည် တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုင်ထားပြီး ကိုးကန့်ဒေသ ဟိန်ရိအုပ်စုဥက္ကဋ္ဌဖြစ်ပြီး ဝေချင်းဆုန်က တော့ တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုင်ထားကာ ကိုးကန့်ဒေသ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မ တီဝင်ဖြစ်သည်။
ထို့နောက် လျိုကျင့်ရှန်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ် ပြီး ဖူလိလိုင်အုပ်စု ဥက္ကဋ္ဌလည်းဖြစ်သည်။ လျိုကျီကွမ်သည် တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုင်ထားပြီး ကိုးကန့် ဒေသရှိ ဖူလိလိုင်အုပ်စု၏ CEO ဖြစ်သည်။
အလားတူ လျိုကျင့်မောင်သည် ကိုးကန့်ဒေသရှိ ဖူလိလိုင်အုပ်စု၏ အထွေထွေမန်နေဂျာဖြစ်ပြီး ရွှီလောက်ဖာ ကတော့ တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုင်ထားကာ ကိုးကန့်ဒေသ၊ စီရှမ်းမြို့နယ် ကျာဇီရှုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1150
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်သူ ဦးသန်းဆွေတို့ ဒီဇင်ဘာ ၆ ရက်နေ့က တရုတ်နိုင်ငံမှာ တွေ့ဆုံ၍ ကျောက်ဖြူရေနက်ဆိပ်ကမ်း အကောင် အထည်ဖော်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံစဉ် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်း မ စီမံကိန်းအောက်မှ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ မီးရထားလမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးကွန်ရက် တည်ထောင်ရေး အပါအဝင် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ စီမံကိန်း များ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။
ထို့နောက် မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်း သွားရေးအပြင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုနှင့်အွန်လိုင်းလိမ်လည်မှုများ အမြစ်ပြတ် တိုက်ဖျက်သွားရေးအတွက် နှစ်ဖက်တရားဥပဒေစိုးမိုးရေး အဖွဲ့များအကြား ပိုမိုနီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သည့် သတင်းအမှာများကို ဟန့်တားထိန်းချုပ်သွားနိုင်ရန် မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားရေး စသည့် ကိစ္စများကိုလည်း ဆွေး နွေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့က ဦးသန်းဆွေနဲ့ဝမ်ယိ တွေ့ဆုံစဉ်
လက်ရှိတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း တည်ရှိသည့် ရခိုင်ပြည်နယ်၌ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်တော်(AA)ကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
အလားတူ တရုတ်-မြန်မာနယ်စပ်တွင်လည်း မြန်မာ့တပ်မတော်နှင့် TNLA၊ MNDAA၊ AA၊ PDF၊ BPLA၊ PLA တို့နှင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှစတင်၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
တရုတ်နယ်စပ်တွင် တည်ရှိသော KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြန်မာ့တပ်မတော် စစ်စခန်း များကို တိုက်ခိုက်ခြင်းနှင့် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည်။
အဆိုပါ တိုက်ပွဲများ၏ နောက်ကွယ်တွင် တရုတ်က ပါဝင် ပတ်သက်နေသည်ဟု ပြည်တွင်းရှိ နိုင်ငံရေး အကဲခတ်များနှင့် အမျိုးသားရေးအဖွဲ့များက ယုံကြည်လျက်ရှိနေသည်။
ထို့နောက် ပြည်တွင်းအရေး ဝင်ရောက်မစွက်ဖက်ရန်နှင့် တရုတ် ဆန့်ကျင်ရေး နေပြည်တော်နှင့် ရန်ကုန် မြို့များတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1052
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းလုံတပ်စခန်းကို ဒီဇင်ဘာ ၅ ရက်နေ့ ည ၈ နာရီက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ ယနေ့ (ဒီဇင်ဘာ ၆ ရက်)ထုတ်ပြန်ခဲ့သည်။
အဆိုပါ တပ်စခန်းအတွင်းမှ 80/60 MM လက်နက်ကြီး အပါအဝင် လက်နက် ၁၃ လက်နှင့် စစ်သုံးဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TNLA က သိမ်းဆည်းခဲ့တဲ့ တပ်မတော် စစ်လက်နက်ခဲယမ်းများကိုတွေ့ရစဉ်
အလားတူ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးတပ်စခန်းကိုလည်း ဒီဇင်ဘာ ၅ ရက်နေ့ ည ၁၂ နာရီခွဲက သိမ်းပိုက်ခဲ့သည်ဟု TNLA မှ ထုတ်ပြန်ခဲ့သည်။
ထိုမိုင်းဝီးတပ်စခန်းကနေ 60 MM လက်နက်ကြီး အပါအဝင် လက်နက် ၁၀ လက်၊ ခဲယမ်းများနှင့် စစ်သုံးဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ TNLA က တပ်မတော် စစ်စခန်းပေါင်း ၅၃ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1061
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆
မြန်မာ့တပ်မတော် အနေဖြင့် အင်အားလိုအပ်ချက်ကြောင့် ခွင့်မဲ့နှင့် စစ်ပြေးများကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း မဟုတ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတော် ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန်လည်တာဝန် ထမ်းဆောင်လိုကြောင်း ခွင့်မဲ့နှင့် တပ်ပြေးများက ဆက်သွယ်လာမှုအရ သတ်မှတ်ကာလနှင့် အကျုံးဝင်သည့် စစ်သည်များ ကို နီးစပ်ရာတပ်များ တွင် လက်ခံသွားမည်ဖြစ်ကြောင်း၊ သာမန်ပြစ်မှု ကျူးလွန်သူများကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ် ကြောင်း နစကမှ ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒေါက်တာအောင်မျိုးက “တိုင်းရင်းသားတပ်မတော်တွေကို အမြဲတမ်း သွပ်သွင်းတဲ့ အခါကြရင် အဲဒါကို အဆင်ပြေ အောင်ဆိုပြီးတော့ အဲဒီနယ်စပ်တွေမှာ သူက တပ်အင်အားကို မပြည့်ဘဲနဲ့ သူက ဖွဲ့ခဲ့တာဗျ၊ အဲဒီရည်ရွယ်ချက် ကလည်း ကျနော်က အဲဒါလေးတွေ သိထားတယ်၊ လူကြီးတွေ ပြန်စကားပေါ့နော်၊ အဲဒီရည်ရွယ်ချက်နဲ့ သူက ဖွဲ့ခဲ့ တာပေါ့နော်၊ ဖွဲ့တဲ့အခါကြတော့လည်း တကယ့်တကယ်ကြတော့လည်း ဖွဲ့တာက အရမ်းများသွားပြီးတော့ မကျစ် လစ်ဘဲနဲ့ ပွရောင်းသွားတဲ့ သဘောတော့ရှိတယ်၊ ဒီအတွက်ကြောင့် လိုတယ်လို့ ယူဆနေတာပေါ့နော်၊ တကယ့် တကယ်ကြတော့ မလိုဘူး။ ကျနော် တစ်ခါပြောခဲ့ဖူးသလိုပေါ့နော် နေရာယူတပ်စွဲစနစ်ပေါ့၊ အဲဒါကြီးကို သွားကျင့် သုံးမိတဲ့ အမှားပေါ့၊ ဒီအမှားကြောင့်ပါ လူအင်အားလိုလို့ မဟုတ်ဘူး။ လူတွေက ပွစိလန်ပြီးတော့ နေရာအနှံ့အပြား မှာ ဖြစ်နေတာ စစ်တပ်က အင်အားမနည်းဘူး။ လူတွေက အဲဒါကို သဘောမပေါက်တာပေါ့နော်၊ တပ်က စုလိုက် မယ်ဆိုလို့ရှိရင် ကျစ်ကျစ်လစ်လစ် ပြန်စုလိုက်မယ်ဆိုရင် အဲဒီအင်အားတွေကို အကုန်တိုက်လို့ရတယ်၊ ဒါပေမယ့် လောလောဆယ်မှာတော့ ဒီလို ဝင်လာတဲ့ လူတွေကိုတော့ ကြိုဆိုရတာပေါ့နော်၊ အဲဒါကြောင့် စစ်တပ်မှာ လူအင်အားတော့လို့ ဒီလို လုပ်ရတယ်ဆိုတဲ့ concept ကတော့ အယူအဆကတော့ မှားတယ်လို့ ကျနော်ပြောချင် ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

AA က ထရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်စဉ်
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၇ အရ စစ်ပြေးမှုကျူးလွန်ခြင်း သို့မဟုတ် စစ်ပြေးမှု ကျူးလွန်ရန် အားထုတ်ခြင်းကို စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၇ နှစ်ဖြစ်စေ ချမှတ် နိုင်ကြောင်း ဖော်ပြထားသည်။
ထို့အတူ တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၈ အရ ခွင့်မဲ့ပျက်ကွက်ခြင်း သို့မဟုတ် လုံလောက်သော အကြောင်းမရှိဘဲ မိမိအား ပေးသောခွင့်ရက်ထက် ပို၍နေခြင်းကို ထောင်ဒဏ် ၃ နှစ် ချမှတ်နိုင်သည်။
လက်ရှိ တပ်မတော်တွင် စစ်အင်အား လိုအပ်နေသောကြောင့် မည်သည့်နည်းလမ်းဖြင့်မဆို တပ်သားစုစည်းမှာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ စစ်အင်အား စုစည်းတဲ့အခါမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စုစည်းတော့မှာပဲ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စုစည်းတော့ ပြည်သူတွေကို အတင်းအကျပ်၊ ဝန်ထမ်းတွေကို အတင်းအကျပ် လုပ်ဖို့လည်း အစီအစဉ်ရှိတယ်၊ ဒါပေမဲ့ အဲဒီအစား သူတို့ ခုနတုန်းက သူတို့ လူဟောင်းတွေကို ပြန်ပြီးတော့ လူတွေကလည်း ငတ်ပြတ်နေပြီ၊ စုတ်ပြတ်နေပြီ အလုပ်ကလည်း ဘာမှ မရှိတော့ဘူး။ အသက်တွေကလည်း ကြီးပြီတချို့ အဲဒီတော့ သေမထူး နေမထူးဆိုတဲ့ လူတွေက၊ ရဲဘော်ဟောင်းကြီးတွေက ဝင်တာပေါ့ဗျာ၊ ဝင်တော့ သူတို့ကို မြို့စောင့်တပ်တွေ ထားတာပေါ့၊ လူငယ်တွေကိုတော့ ရှေ့တန်းပို့မှာပေါ့၊ အဲဒါတွေရှိမှာပေါ့၊ ကျန်တဲ့ ဟိုကောင်တွေကတော့ တပ်ပြေး တွေ ဘာတွေညာတွေကတော့ အဲဒီကောင်တွေက အပြင်မှာလည်း အလုပ်မရှိဘူး။ ပြည်သူဘက်လည်း မလာရဲ ဘူး။ မလာချင်ဘူးပေါ့ဗျာ၊ ရှင်းရှင်းပြောလိုက်ရင်တော့ ဒီကောင်တွေက အစကတည်းက အချောင်သမားတွေ အဲဒါကြောင့် တပ်ထဲကို ပြန်ဝင်မှာပဲ၊ ဝင်မယ်လို့ စစ်တပ်ကလည်း သိတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များနှင့် ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများလည်း ရှိနေသလို ဒေသခံအများစုလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရမှုများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1216
CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅
ပြည်ထောင်စု လုံးဝပြိုကွဲ၍ရမည် မဟုတ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့အတူ မိမိတို့ လျှေက်လှမ်းနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်မှာ ယင်းတို့ တောင်းဆိုသည့် အချက်များ ပါဝင်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးအား ထိခိုက်လာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများက ခံစားရမည်ဖြစ်ကြောင်း ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့ လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် ၎င်းတို့ တောင်းဆိုနေသည့် အချက်များ အားလုံးပါဝင်ပြီးဖြစ်ပြီး ပြည်ထောင်စုကြီး လုံးဝ ပြိုကွဲ၍ရမည် မဟုတ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေးကို အမျိုးသားရေး ခံယူချက်ဖြင့် ဆောက်ရွက်နေ ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသားရေး လုပ်ငန်းသုံးရပ်ကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာဆောင်ရွက်ထားခြင်း ဖြစ်သဖြင့် လုံးဝအထိအခိုက်ခံမည် မဟုတ် ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာပါက ဖြစ်ပေါ်လာသည့် အကျိုး ဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဖြစ်ကြောင်း” ပြောသည်။

မြန်မာနိုင်ငံအလံကို ကိုင်ထားသော တိုင်းရင်းသားမျိုးနွယ်စုများကိုတွေ့ရစဉ်
လက်ရှိတွင် ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် နေအိမ် အဆောက်အဦများ ပျက်စီးခဲ့သည့်အတွက် ပြန်လည်ထူထောင်ရေး လုပ်ရန်ပင် ခက်ခဲနေကြောင်း၊ တိုက်ပွဲများ ကြောင့် ပြည်သူများ မြေစာပင်ဖြစ်ရကြောင်း ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများဖြစ်ကာ တိုင်းပြည်တစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေသည်။
ပြည်ထောင်စု မပြိုကွဲရန်မှာ အာဏာပိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်ထောင်စု ပြိုကွဲလို့ မရဘူးဆိုတာတော့ ဒါကတော့ ဟုတ်တယ်လေ၊ တကယ်တမ်း မြေပြင်မှာတော့ ပြည်ထောင်စု မပြိုကွဲတာတော့ အကောင်းဆုံးပဲပေါ့၊ အခု ပြည်ထောင်စု ပြိုကွဲဖို့ လုပ်နေတာ မဟုတ်ဘူး။ တချို့ တိုင်းရင်းသားလက်နက်ကိုင်တွေ အဖွဲ့အစည်းတွေလည်း ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေ၊ ကိုယ့်ရဲ့ ပိုက်နက်၊ ကိုယ့်ရဲ့ အမျိုးသားရေးအတွက်ပဲ တိုက်ပွဲဝင်နေတာလေ၊ ဘယ်ပြည်နယ်၊ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ ပြည်ထောင်စု ကနေ ခွဲထွက်ပြီးမှ သီးခြားနိုင်ငံ ထူထောင်မယ်ဆိုတာတော့ သူတို့ ပြောတာဆိုတာကအစ မရှိဘူးလေ၊ အဲဒီတော့ ပြည်ထောင်စုက မပြိုကွဲဖို့ကတော့ အားလုံးကတော့ ဆန္ဒသဘောထားရှိတာပေါ့၊ ဒါပေမဲ့လည်း ပြည်ထောင်စု မပြိုကွဲဖို့ဟာလည်း အဓိကလုပ်ရမှာက အစိုးရတွေရဲ့ တာဝန်ပေါ့နော်၊ အစိုးရအပေါ်မှာ အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေ၊ အုပ်ချုပ်နေတဲ့ ဌာနဆိုင်ရာ အသီးသီးက အကြီးအကဲတွေအပေါ်မှာ မူတည်တာပေါ့နော်” ဟု ပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ တပ်မတော်ကို တိုက်ခိုက်နေသော KNDF တပ်ဖွဲ့ကိုတွေ့ရစဉ်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပေါ်လာခြင်းမှာလည်း ပြည်ထောင်စုပြိုကွဲလို၍ မဟုတ်ကြောင်း၊ မိမိတို့၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များအတွက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များနှင့် ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
