
- By CNI
- Category: နိုင်ငံရေး
- Hits: 923
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇
အာဆီယံ အဖွဲ့ဝင် နိုင်ငံများကိုပါ ဖိတ်ကြားထားသည့် ထိုင်းနိုင်ငံက ကမကထ လုပ်ကာ ကျင်းပမည့် မြန်မာအရေး ဆွေးနွေးပွဲကို နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောတူ လက်ခံထားသည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ပိုမို အကောင်အထည်ဖော်နိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး မြန်မာအရေး ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပသွားမည် ဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဝီနိုင် (Don Pramudwinai)သည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများသို့ ဇွန်လ ၁၄ ရက်နေ့ မြန်မာအရေး ငြိမ်းချမ်းရေး အဆိုပြုချက် တစ်ခုကို ပေးပို့ခဲ့သည်။
ဝန်ကြီး ဒွန်ပရာမုဝီနိုင် အဆိုပြုထားသော အစည်းအဝေးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကနဦး ခြေလှမ်းများ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်ဟုလည်း စာတွင် ဖော်ပြထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 960
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇
မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားတပ်များ ဝင်လာပါက လူထုတစ်ရပ်လုံးမှာ နစကဘက် ရောက်သွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခအတွင်း တော်လှန်ရေး အင်အားစုဘက်သို့ နိုင်ငံခြားအဖွဲ့အစည်း များက ထောက်ပံ့မှု အချို့ ပြုလုပ်နေကြောင်း၊ ထိုအခြေအနေအား လူထုမှ စောင့်ကြည့်နေကြောင်း ၎င်းက ပြော သည်။
ဦးစိန်ဝင်းက “ခင်ဗျားတို့ အဲဒီဖက်က နိုင်ငံခြားသား တစ်ခုခု ပါလာပြီဆိုရင် ပြည်သူက ဘယ်ဖက် ပါမယ်ထင်တုန်း၊ နစကဘက်ရောက်သွားမှာ ပြည်သူက ကြည့်နေတာ ဟိုဘက်က ထုနဲ့ထည်နဲ့ပါရင် အခုကတော့ ငွေရေး၊ ကြေးရေး ပါတယ် နည်းပညာပါတယ်၊ အားပေးမှုတွေပါတယ် ကြည့်နေသေးတယ်၊ တကယ် ခင်ဗျားတို့ မြန်မာနိုင်ငံထဲကို နိုင်ငံခြားတပ် တစ်တပ်ဝင်လာပြီ အထူးသဖြင့် အမေရိကန်လိုဟာမျိုး UK လိုဟာမျိုး ဘယ်လောက်ပဲ လက်နက် တွေ သာသာ စိတ်ဓါတ်ကတော့ မရဘူး။ မြန်မာလူမျိုးကတော့ တခြားလူမျိုးနဲ့ မတူဘူး။ တိုင်းရင်းသားထဲမှာ တောင် မြန်မာလူမျိုးက မတူဘူး။ ရခိုင်က ဘာတော်တုန်း သူတို့လူမျိုး အချင်းချင်း သွေးစည်းညီညွတ်တယ်၊ ဗမာ က ဘာကောင်းတုန်းဆိုရင် ဗမာက ဉာဏ်ရည်ဉာဏ်လွှာက အရမ်းကောင်းတယ်၊ပြီးရင် သတ္တိရှိရမယ့် ကိစ္စမျိုးကို တကယ်လည်း သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းနိုင်တယ်။ သူများနဲ့ မတူ ဘူး။ ဒီပြင် တိုင်းရင်းသားနဲ့ မတူဘူး” ဟု ပြောသည်။
မြန်မာ့တပ်မတော်နဲ့ နစကကို ကန့်ကွက်ကြောင်း ပြသနေစဉ်
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။
ထို့နောက် မြန်မာ့တပ်မတော်အား ပြန်လည်ဖြုတ်ချနိုင်ရေး တော်လှန်ရေး အင်အားစုများက ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ကို ဖွဲ့စည်းကာ နွေဦးတော်လှန်ရေးကို ဆင်နွှဲလျက်ရှိနေသည်။
အဆိုပါ နွေဦးတော်လှန်ရေး ဆင်နွှဲရာတွင် နိုင်ငံတကာက မြန်မာ့တော်လှန်ရေး အင်အားစုများကို လက်နက် ခဲယမ်းများ ကူညီမှုမရှိသည့်အတွက် ရုရှားတပ်ဖွဲ့များ၏ ကျူးကျော်မှုကို တွန်းလှန်နေသည့် ယူကရိန်းတပ်ဖွဲ့များကို လက်နက်ထောက်ပံ့မှုမျိုး PDF များကိုလည်း ကူညီရန် နိုင်ငံတကာသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တောင်းဆိုလျက်ရှိသည်။
မြန်မာနိုင်ငံကို နိုင်ငံတကာတပ်များ ဝင်လာစရာ မရှိကြောင်း၊ လုံခြုံရေးကောင်စီတွင် အဆိုပြုချက်များမှာလည်း အောင်မြင်မှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။
မြို့တွင်း လုံခြုံရေးလုပ်နေသည့် တပ်ဖွဲ့ကိုတွေ့ရစဉ်
ဦးသန်းစိုးနိုင်က “လူထုကတော့ အဲဒီလို အင်အားစုတွေ ကုလသမဂ္ဂတပ်တွေ ဘာတွေ ဝင်လာတယ်ဆိုရင် ကြိုဆို မှာပေါ့ဗျာ၊ လူထုက အဲဒါတွေ မျှော်နေတာ၊ ကျနော်တို့က ရေရှည်တိုင်းပြည်ရဲ့ ကံကြမ္မာကို ကြည့်ပြီးတော့ အဲဒီလို ကုလသမဂ္ဂက ဝင်ဖို့ အဆိုပြုချက်တွေ လုံခြုံရေးကောင်စီမှာလည်း အောင်မြင်မှာ မဟုတ်ပါဘူး။ တရုတ်နဲ့ ရုရှားရှိ နေတဲ့ အခါကြတော့ အောင်မြင်မှာ မဟုတ်ပါဘူး။ နောက်ပြီး အဲဒီတပ်တွေ ရှိနေတုန်းမှာ အခုတရုတ်တပ်က အမြဲ တမ်း ကျနော်တို့ ဗမာနယ်စပ်မှာ ၃ သောင်းအထက် ၃ သောင်းကနေ ၅ သောင်းအထိ ရှိနေတယ်၊ အဲဒီတော့ အဲဒီ တပ်တွေက ဆင်းလာလိုက်ရင် မန္တလေးကို ၂ ရက်အတွင်း ရောက်မှာပါ၊ အဲဒီအချိန်မှာ နိုင်ငံတကာတပ်တွေဆိုတာ ကျနော်ထင်တာက ခြေအိတ်တောင် စွပ်ချိန်ရဦးမှာ မဟုတ်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်နီးချင်း အင်အားကြီး တရုတ်နှင့်အိန္ဒိယ ရှိနေသောကြောင့် နိုင်ငံတကာတပ်များ ဝင်လာစရာ အကြောင်း မရှိဟု သုံးသပ်မှုများလည်း ရှိနေသည်။
လက်ရှိ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များကို နိုင်ငံတကာ အဖွဲ့အစည်း အချို့မှ စစ်လက်နက် မဟုတ်သည့် အကူအညီများ ပေးမှုတော့ ရှိကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1332
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရ သည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး မဖြစ်မနေ အကောင်အထည် ဖော် ဆောင်ပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိငယ်များနှင့် ဇွန်လ ၁၆ ရက်နေ့၌ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် မည်သည့် အချိန်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ကိုတော့ ထည့်သွင်း ပြောသွားခြင်း မတွေ့ရပေ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နစက၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် အရေး ပေါ် ကာလဆိုင်ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဟူသည့် အချက်အား မဖြစ်မနေ အကောင်အထည် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်တယ်”ဟု ပြောသည်။
တပ်မတော်အနေဖြင့် ပြည်သူလူထု လိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ ရောက်ရှိအောင် ဖော်ဆောင်ပေးခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ပထမအကြိမ် ရွေးကောက် ပွဲတွင် အနိုင်ရရှိသည့်ပါတီမှ ဒီမိုကရေစီ အစိုးရတပ်ရပ် တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲ ညီညီ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။
ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး တက်လာသည့် ဒီမိုကရေစီအစိုးရ ဒုတိယ သက်တမ်း တွင် တပ်မတော်အနေဖြင့် ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် နိုင်ငံရေး အတွေ့အကြုံများအရ ဖြစ်သင့် ဖြစ်ထိုက်သည် များ၊ လုပ်သင့်လုပ်ထိုက်သည်များကို အကြံဉာဏ်ပေးခြင်း၊ ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့ သော်လည်း ထိရောက် မှု အားနည်းသည်ကို တွေ့ရှိခဲ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ် သည် ဟု အကြိမ်ကြိမ် ပြောခဲ့သော်လည်း ရွေးကောက်ပွဲတွင် မရိုးသားသည့် နည်းလမ်းများဖြင့် အနိုင်ရရှိရေး ဆောင် ရွက် ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မဲစာရင်း ကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြား ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် အတည်ပြုနိုင်ခြင်းမရှိသော လွှတ်တော်ကိုယ်စားလှယ် များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်မှလျှောက်လှမ်းနေသည့်၊ ပြည်သူလူထုမှ လိုလားသည့် ပါတီစုံဒီမိုက ရေစီ လမ်းကြောင်းခိုင်မာရေးအတွက်သာ ဖြစ်ပြီး မိမိတို့အနေဖြင့် အဆိုပါ လမ်းကြောင်းပေါ်မှ သွေဖွယ်အောင် ဆောင် ရွက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင် နေခြင်း ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1822
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ နစကနှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား အုပ်ချုပ်ရေး အားပြိုင်လာနေသလား စစ်ရေးကျွမ်းကျင်သူများ ကြား အမျိုးမျိုး သုံးသပ်နေကြသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် နစကနှင့် ULA/AA တို့သည် အပြိုင် အဆိုင် လုပ်ဆောင်နေကြရာ ဇွန်လ ၈ ရက်တွင် ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ကို နစကဘက်က ကန့်သတ်လိုက်ပြီးနောက် နှစ်ဖက်တင်းမာမှု ရှိလာကြောင်း သုံးသပ်မှုများ ရှိလာသည်။
ယခင်က မြန်မာ့တပ်မတော်နှင့် ULA/AA တို့ နားလည်မှုဖြင့် အသွားအလာ၊ စခန်းကိစ္စများကို လုပ်ဆောင်သည်ဟု ယူဆကြောင်း၊ လက်ရှိတွင် နှစ်ဖက်တင်းမာသည့် အနေအထားကို ပြန်ရောက်သွားကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီမိုခါမုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က လုပ်ဆောင်ချက်တွေကတော့ တော်တော့ကို ULA/AA နဲ့ သဘောတူညီချက်ကို ဖောက်ဖျက်ရာကျတယ်၊ ဘာလို့လဲဆိုတော့ ULA/AA နဲ့ မြန်မာစစ်တပ်ကြားမှာ နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲထားတာက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေပေါ့နော်၊ အဲဒီလို ဖြစ် ရေးအတွက် အပစ်အခတ်တွေ ရပ်စဲထားတာဖြစ်တယ်၊ အခုလည်းပဲ မိုခါမုန်တိုင်းသင့် ပြည်သူတွေကို နိုင်ငံတကာ က ကူညီမယ်ဆိုတဲ့ ကိစ္စတွေကို သူတို့အနေနဲ့ အဲဒီလို ပိတ်ပင်တာက မိုင်းလားမှာလည်း ULA/AA က တောင်းဆိုခဲ့ တာ ရှိတယ်၊ အဲဒါကိုလည်း အသိအမှတ် မပြုဘူး။ မူလ ပစ်ခတ်တိုက်ခိုက်တဲ့ သဘောတူညီချက်ကိုလည်း ဖောက်ဖျက်ရာ ကျတယ်ပေါ့။ ဒါကြောင့် အခြေအနေက အရင်ကလောက်ပေါ့နော် အပေးအယူက ရှေ့ဆက်ပြီး တော့ ရှိနိုင်မလား၊ မရှိနိုင်မလား ကျနော်တို့ မပြောတတ်ဘူး။ သူတို့ကတော့ တင်းမာနဲ့ အနေအထားမျိုးတော့ ပြန်ရောက်သွားတာပေါ့၊ တကယ်လို့သာ အဲဒီလို မဖြေလျှော့ဘူးဆိုရင် ယုံကြည်မှုပြန်ပြီး တည်ဆောက်ရေးကို ပျက်ပြားသွားနိုင်တာပေါ့၊ ခုချိန်တော့ တိုက်ခိုက်တာတွေ သေနတ်ပေါက်တာတွေတော့ မတွေ့ရသေးဘူး” ဟု ပြောသည်။
မိုခါမုန်တိုင်းသင့် ပြည်သူများ ကူညီရေး AA ကို FPNCC က လှူဒါန်းငွေပေးအပ်စဉ်
လက်ရှိ အနေအထားအရ ပြဿနာကို ဦးတည်သည့်ပုံစံမျိုး မရှိကြောင်း၊ သို့သော်လည်း စာသင်ကျောင်းများတွင် ULA/AA အလံ လွှင့်ထူသည့်ပုံစံမျိုး လှုပ်ရှားလာပါက ပြဿနာ ဖြစ်ပွားလာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်တော့ စစ်ရေးတင်းမာမှု အကြီးကြီးတော့ ကျနော်တို့ မတွေ့ရသေးဘူး။ ဒါပေမဲ့ ခုန ပြော သလို ပြန်ကြည့်ရင် AA သည် သူဘာလုပ်ချင်တာလဲ၊ သူစဉ်းစားတဲ့အပေါ် မူတည်ပြီးတော့ နည်းနည်း အပြောင်းအ လဲတွေ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်၊ တပ်ဖက်ကတော့ ထုံးစံအရ လုံခြုံရေးပိုင်းနဲ့ လုံခြုံရေးပိုင်း အမြင်အရ သူတို့ဘက်ကတော့ ကန့်သတ်တာတွေ လှုပ်ရှားခွင့်တွေ လုံခြုံရေးပိုင်းဆိုင်ရာ တင်းကျပ်မှုပေါ့နော် အဲဒီအပိုင်းတွေ မှာတော့ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမဲ့ ကျနော်ထင်ပါတယ် တစ်ခါတရံ ကျတော့လည်း အပေါ်က စာထုတ်တာ မျိုးလောက်နဲ့ အောက်မှာ ဖြစ်မယ် မဖြစ်ဘူးဆိုတာက ကံသေကံမ တွက်ဖို့ကတော့ ခဲယဉ်းတာပေါ့၊ အဲဒီတော့ အခြေအနေက စောင့်ကြည့်ဖို့ရှိတယ်၊ ဒါပေမဲ့ လောလောဆယ် အနေအထားအရတော့ ဆိုးဆိုးဝါးဝါး အနေအထား ကို ဦးတည်မယ့် ပုံစံမျိုး ကျနော်တို့ မှန်းလို့ မရသေးပါဘူး။ ဒါပေမဲ့ ခုနက ခြွင်းချက်အနေနဲ့တော့ AA ဖက်က ဘယ်လိုစဉ်းစားလဲ၊ ခုနပြောသလို တခါတရံလည်း ပြီးခဲ့တဲ့ အတွေ့အကြုံအရတော့ ဖြစ်ခဲ့ဖူးတာလည်း ရှိတာကိုး၊ တချို့ဒေသတွေမှာ စာသင်ကျောင်းတွေမှာ AA အလံသွားလွှင့်တာတို့ ဘာတို့ သွားလုပ်တဲ့ဟာမျိုးတွေရှိတော့ အဲဒီ လိုမျိုးက ရည်ရွယ်ချက် တစ်မျိုးမျိုးနဲ့ လှုပ်ရှားမှုတွေ လုပ်လာတယ်ဆိုရင်တော့ အဲဒါဆိုရင်တော့ ပြဿနာဖက်ကို ဦးတည်သွားနိုင်ချေရှိတယ်” ဟု ပြောသည်။
လက်ရှိတွင်လည်း နစကနှင့် ULA/AA တို့သည် ရခိုင်ပြည်နယ်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများ ကို အားပြိုင်လျက် ရှိနေသည်။
မိုခါမုန်တိုင်းသင့် ပြည်သူများ ကူညီရေး နစက-က ကျပ်သိန်းပေါင်း ၇၀၀၀၀ လှူဒါန်းစဉ်
မိုခါမုန်တိုင်း ဝင်ရောက်ခဲ့သည့် ရခိုင်တွင် နစကနှင့် AA တို့ ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း၊ ယခင်ကတည်းက မြန်မာနိုင်ငံ အခြားဒေသမှ တိုက်ပွဲရှောင်များကို ကူညီထောက်ပံ့မည်ဆိုပါက အုပ်ချုပ်သူက လွယ်လင့်တကူ ခွင့်ပြုခြင်း မရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီရခိုင်မှာ ဆိုလို့ရှိရင်တော့ ဒီရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေ စခန်းကို သိမ်းမိတဲ့ အခါမျိုးမှာ AA စခန်းသိမ်းမိတဲ့ အခါမျိုးမှာ UNHCR က ကုလသမဂ္ဂ စားနပ်ရိက္ခာထောက်ပံ့တဲ့ တံဆိပ်တွေနဲ့ စားနပ်ရိက္ခာ သိမ်းဆည်းရမိတယ်ဆိုပြီးတော့ သူတို့က အစိုးရက ထုတ်ပြန်တာမျိုး ရှိခဲ့ဖူးတယ်၊ ပြောချင်တာက အဓိက-က သူတို့ပဲ လုပ်မယ်ဆိုတဲ့ သဘောပေါ့နော်၊ အစိုးရပဲလုပ်မယ်၊ စိတ်ချရတဲ့ သူတို့ မျက်စိအောက်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကိုပဲ သူတို့ ထောက်ပံ့ကူညီတာ လုပ်မယ်ဆိုတဲ့ သဘောတွေ့ရတယ်၊ ဘာကြောင့် ပိတ်သလဲဆိုရင်တော့ ခုနကြောင့်ပေါ့၊ ဒုက္ခသည်တွေဆီ ရောက်တာထက် သူတို့ကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဆီ ရောက်တာကြောင့် စားနပ်ရိက္ခာ ဖြတ်တောက်ချင်တဲ့ သဘောပေါ့နော်၊ အဲဒါကြောင့်မို့လို့ တွေ့ရပါတယ်ဗျ” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ အတွင်းက တကျော့ပြန် ဖြစ်ပွားခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက် ထား၍ နှစ်ဖက် အဖွဲ့အစည်းကြား နားလည်မှုယူကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က စတင်ပြီး တိုက်ပွဲများ ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1221
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅
မေလ ၁၄ ရက်နေ့က အားအလွန်ပြင်းသော မိုခါမုန်တိုင်း တိုက်ခိုက်မှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက် သော ဒေသအဖြစ် ကြေညာခဲ့ရသော ရခိုင်ပြည်နယ်သို့ နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရောက်ရှိနေ ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို စစ်ဆေး နေကြောင်း သိရသည်။
ထို့နောက် ရသေ့တောင်မြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များကို တွေ့ဆုံခဲ့သလို စစ်တွေမြို့ရှိ ရှင်မာကုကသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် သက္ကေယ်ပြင် IDP Camp သွားရောက်၍ စားသောက်ဖွယ်ရာများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “မုန်တိုင်းအန္တရာယ် ထိခိုက်မှုပြင်းထန်သော မြို့များ၏ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ၁ လတာ ကာလအတွင်း ပြီးစီးမှု အခြေအနေများအား မျက်မြင်သိလို၍ လာရောက်ခြင်းဖြစ်ပြီး မေလ ၁၈ ရက်နေ့တွင် လာရောက်မှုနှင့် ယခုလာရောက် ကြည့်ရှုခဲ့သ သည့် မြင်ကွင်းမှာများစွာ တိုးတက်လာမှုကို တွေ့ရတယ်”ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာ ယ် ကျရောက်သော ဒေသအဖြစ် ကြေညာ၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။
ထို့နောက် မုန်တိုင်းသင့် ရခိုင်ပြည်နယ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း ၇၀၀၀၀ (ခုနှစ်သောင်း) ထောက်ပံ့ပေးခဲ့သလို စားနပ်ရိက္ခာများ၊ အိမ်ဆောက်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ အပါအဝင် သောက်သုံးရေများ သန့်ရှင်းရေးနှင့် ဆက်သွယ်ရေး ကွန်ရက်များ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ မြို့တွင်း လမ်းများနှင့် မြို့နယ်ချင်းဆက် လမ်းများတွင် လဲကျနေသော သစ်ပင်များနှင့် ဓာတ်မီးတိုင် များ ရှင်းလင်းပေးလျက်ရှိသလို ဈေးနှုန်းသက်သာစွာဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ ဝယ်ယူနိုင်ရေး စားသောက်ကုန်များ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 882
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅
မွန်လူမျိုးနှင့် မွန်ပြည်နယ်သူ ပြည်နယ်သားများကို အမျိုးသားလုံခြုံရေး (National Security)အကာအကွယ် ပေးနိုင်ဖို့အတွက် နွေဦးတော်လှန်ရေး အောင်မြင်ပြီးရင်တောင်မှ တပ်ဖွဲ့ကို မဖျက်သိမ်းဘဲ တောင့်တင်းခိုင်မာ သည့် လက်နက်ကိုင်အဖွဲ့ဖြစ် ရပ်တည်သွားမည်ဟု မွန်ပြည်ကာကွယ်ရေးတပ်(MSDF)က ပြောသည်။
မွန်ပြည်ကာကွယ်ရေးတပ်(MSDF)ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်း၊ အတွင်းရေးမှူး နိုင်ရည်မွန်ဋ္ဌေးနှင့် တွဲဘက် အတွင်းရေးမှူး နိုင်ကိုသူတို့သည် မွန်ရဟန်းသံဃာတော်များ၊ မွန်လူမျိုးများနှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လဆန်းပိုင်းက တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
MSDF က “ ကျနော်တို့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ဖွဲ့စည်းရခြင်း အခြေခံရည်ရွယ်ချက် (၂)ခုကို ပြန် ပြောရမှာပါ။ MSDF ရဲ့ပင်မ ရည်ရွယ်ချက်က မျက်မှောက်ကာလမှာရော အနာဂတ် ကာလအတွက်ပါ မွန်လူမျိုး နှင့် မွန်ပြည်နယ်သူ ပြည်နယ်သားများကို အမျိုးသားလုံခြုံရေး(National Security) အကာအကွယ် ပေးနိုင်ဖို့ ဖွဲ့ စည်းတာ ဖြစ်တယ်။ ဒါကြောင့်မို့ နွေဦးတော်လှန်ရေး အောင်မြင်သွားပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည် ဆောက်နိုင်ခဲ့ရင်တောင်မှ မွန်ပြည်နယ်နှင့် မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ တောင့်တင်း ခိုင်မာတဲ့ မွန် လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ရှိဖို့အတွက် MSDF က ဆက်လက် တည်ရှိသွားမှာပါ”ဟု ပြောသည်။
နွေဦးတော်လှန်ရေး အောင်မြင်သွားပါက အခြား PDF အဖွဲ့အစည်း တချို့ကဲ့သို့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို စွန့်ပြီး တပ်ဖွဲ့ကို ပြန်လည် ရုပ်သိမ်းဖို့ရှိလားဆိုသည့် မေးခွန်းအပေါ် MSDF က ခေါင်းဆောင်များက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP) ရှိနေရက်နှင့် မည်သည့်အတွက်ကြောင့် မွန်လက်နက်ကိုင် တပ်ဖွဲ့အသစ် တစ်ဖွဲ့ ဖြစ်သည့် MSDF ကို ဖွဲ့စည်းရသလဲဟု တွေ့ဆုံပွဲ တက်ရောက်သူ တစ်ဦးက မေးခဲ့သည်။
၂၀၂၂ ခုနှစ်၊ မေလက မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
MSDF က “ အားလုံး သိကြတဲ့အတိုင်းပဲ စစ်ကောင်စီက မတရား အာဏာသိမ်းပြီးစ ကာလနဲ့ ယခုအချိန်အထိ မွန်ပြည်သစ်ပါတီက NCA သဘောတူညီချက်အတိုင်း စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုှု်င်းရေးမူကို လက် ကိုင်ထားဆဲပါ။ ကျနော်တို့ MSDF တပ်ဖွဲ့ရဲ့ သဘောထားနဲ့ နိုင်ငံရေး၊ စစ်ရေး အခြေခံမူဝါဒက စစ်ကောင်စီကို ဖြုတ်ချဖို့ လက်နက်ကိုင် နည်းလမ်းမှ တစ်ပါး တခြားနည်းလမ်း မရှိဘူးလို့ ယုံကြည်လို့ MSDF တပ်ဖွဲ့ဖွဲ့စည်းပြီး တခြား တိုင်းရင်းသာ ညီအစ်ကို မောင်နှမတွေဖြစ်တဲ့ ကချင်၊ ကရင်၊ ကယား(ကရင်နီ)၊ ပအိုဝ်း အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ PDF တွေကဲ့သို့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ကိုင်စွဲ လာခဲ့ရတယ်။ အကယ်လို့ NMSP ကသာ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မည်ဆိုလျှင် ကျနော်တို့ MSDF တပ်ဖွဲ့အသစ်တွေ ထပ်ဖွဲ့ဖို့ မလိုဘဲ အစကတည်းက မွန်လူမငယ်တွေ၊ မွန်နိုင်ငံရေး တက်ကြွသူတွေက မွန်ပြည်သစ်ထဲ ဝင်ပြီးပုကန်တော်လှန်ရုံပဲပေါ့။ အခုတော့ မွန်ပြည်သစ်က ဘာမှမလုပ်လို့ မွန်လက်နက်ကိုင် တပ်ဖွဲ့ အသစ်တွေ ဖြစ်တဲ့ MSDF ကို ဖွဲ့စည်းခြင်းဖြစ်တယ်”ဟု ပြောသည်။
မွန်လူမျိုးများသည် တော်လှန်ရေးကို ၁၉၅၈ ခုနှစ်က စတင်ခဲ့ပြီးနောက် မွန်အဖွဲ့အစည်းများ အမျိုးမျိုး ကွဲသွားခဲ့ ရာ လက်ရှိတွင် မွန်ပြည်သစ်ပါတီ(NMSP)က ဆက်လက် အမွေဆက်ခံထားသည်။
MSDF ခေါင်းဆောင် ဒေါက်တာသီရိမွန်ချမ်းနှင့် လူထုတွေ့ဆုံနေစဉ်
ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP)သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့သည်။
မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့(MSDF)ကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် ပေါ်ပေါက်လာသော လက်နက်ကိုင် ဆန့်ကျင်မှုတွင် ပေါ်ပေါက်လာခဲ့သည့် မွန်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
ထို့နောက် မွန်ပြည်သစ်ပါတီသည် ၎င်းလှုပ်ရှားရာ ဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္လာရီ တိုင်းဒေသကြီးများအတွင်း KNU ၊ KTLA (နယ်ဒါးမြအဖွဲ့)၊ PDF များ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် စစ်ရေး-နိုင်ငံ ရေးကို သတိကြီးကြီးထား ရပ်တည်နေရချိန်မှာ မွန်လက်နက်ကိုင် တစ်ဖွဲ့ (MSDF)ပေါ်ပေါက်လာခြင်းက အကျပ် အတည်း တစ်ခုကို ကြုံတွေ့လာနေရသည်ဟု မွန်ပြည်သစ်ပါတီနှင့်နီးစပ်သူများက ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1106
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅
လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများအကြားမှာ အရပ်သားများ ထိခိုက် သေဆုံးမှုများ ရှိနေခြင်းကြောင့် ဘယ်လိုဖြေရှင်းသင့်လဲဆိုပြီး နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလာ နေကြသည်။
မြန်မာ့တပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့အကြား လည်းကောင်း၊ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား လည်းကောင်း တိုက်ပွဲများဖြစ်ပွားနေပြီး အပြန်အလှန်စွပ်စွဲ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုများမှ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုများပြားလာခဲ့သည်။
အရပ်သားများ သေဆုံးနေသည့် ပြဿနာကို ဖြေရှင်းနိုင်ဖို့မှာ ဘက်မလိုက် အဖွဲ့အစည်းမှ ကြားဝင်ဖြေရှင်းသင့် ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
မြိုင်တောင်ပိုင်းမှာ PDF ၅ ဦးနဲ့ အရပ်သား ၁ ဦး သတ်ဖြတ်ခံရစဉ်
၎င်းက “ဒီဟာကို ကျနော်တို့က ဘယ်လိုဖြေရှင်းမလဲဆိုတော့ ကျနော်ကတော့ ဒါကို ရည်ရွယ်ချက်လေး၊ ဆန္ဒလေး ရှိတဲ့အတွက် ကျနော် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေကို Alarm လုပ်ထားတယ်ဗျ၊ Alarm လုပ်ပြီးတော့ ကျနော်တို့ ဖွဲ့၊ ဖွဲ့ပြီးတော့ စီမံချက်ဆွဲ ဆွဲပြီးတော့ နစကနဲ့ တွေ့ခွင့်တောင်း တောင်းပြီးတော့ ကျနော်တို့ ကျနော် တို့ရဲ့ Plan ကို ချပြလို့ သူတို့လည်း ဒီဟာကိုလက်ခံတယ်၊ ပြုတယ်ဆိုရင် ကျနော်တို့က ဟိုဖက်လည်း လှမ်းဆက် သွယ်မှာပေါ့ဗျာ၊ ဆက်သွယ်ပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းအောင် ကြားထဲက ဆောင်ရွက်ချင်တဲ့စိတ်တော့ ကျနော်မှာ ရှိတယ်ဗျ၊ သို့သော်လည်း အခြေအနေတွေက ပြည်တွင်းမှာက စဖို့တောင် ခက်နေတဲ့ အနေအထားမှာ ရှိနေတာ” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက် ညပိုင်းက အဆိုတော် လီလီနိုင်ကျော်သည် ၎င်း၏ နေအိမ်တိုက်ခန်းရှေ့တွင် လုပ်ကြံခံရပြီးနောက် ဇွန်လ ၆ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။
ထို့နောက် လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူ ကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကျော်သူရ(ခ)အီးတီ တို့နှစ်ဦးထဲမှ ကောင်းဇာနည်ဟိန်း၏ မိခင်ဖြစ်သူနှင့် အစ်မဖြစ်သူတို့ သတ်ဖြတ်ခံခဲ့ရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းနှင့် အတူ လက်နက်ကိုင် ပဋိပက္ခများ ပိုမို ပြင်းထန်လာခဲ့သလို နိုင်ငံတစ်ဝှမ်းမှာလည်း သူလျှို ဒလန်စွပ်စွဲမှုများဖြင့် အရပ်သားများ သတ် ဖြတ် ခံနေရသလို အကြမ်းဖက်မှု အားပေအားမြောက်သူဟု စွပ်စွဲမှုများဖြင့်လည်း အရပ်သားများ သတ်ဖြတ်ခံနေရ သည်။
အဆိုပါ ပဋိပက္ခများအကြား အရပ်သားများမှာ မြေစာပင် ဖြစ်ပွားရကြောင်း၊ ပင်လုံစာချုပ်ကို အကောင်အထည် မဖော်သည့် နောက်ဆက်တွဲ ပြဿနာများဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တောတွင်းတစ်နေရာ၌ တွေ့ရစဉ်(အင်းတော် PDF)
၎င်းက “စစ်ဖြစ်ပြီဆိုတော့ ကမ္ဘောဒီးယားပဲ ကြည့်ကြည့်၊ ယူဂိုဆလားဗီးယားပဲ ကြည့်ကြည့်၊ စစ်ဖြစ်ပြီဆိုတော့ နှစ်ဖက်ကြားမှာတော့ ပြည်သူလူထုတွေကတော့ မြေစာပင် ဖြစ်တာတော့ သဘာဝဖြစ်တယ်၊ ဘာကြောင့်လဲ ဆိုတော့ စစ်ကိုကြတော့ ဒါမျိုးကြတော့ မဖြစ်စေချင်ဘူး။ ဒါကြောင့်လဲ စစ်ကို ဘယ်သူက စတင်သလဲ၊ ဘယ်သူက လုပ်သလဲ၊ အဲဒီအပေါ်မှာပဲ မူတည်ပါတယ်၊ စစ်မဖြစ်ရင်တော့ ပိုကောင်းတာပေါ့၊ ကျနော်တို့ နိုင်ငံကတော့ စစ်ဖြစ် တာတော့ ကြာပြီပေါ့၊ နှစ်ပေါင်း ၇၀ ကျော်သွားပြီပေါ့၊ အဓိက-ကတော့ ပင်လုံစာချုပ် အကောင်အထည် မဖော်တဲ့ နောက်ဆက်တွဲ ပြဿနာ၊ ပင်လုံစာချုပ်ကို အကောင်အထည် ဖော်လိုက်ရင်တော့ စစ်တွေက သူ့ဟာနဲ့သူ ရပ်နား သွားပါလိမ့်မယ်၊ ပထမဦးဆုံး ပင်လုံစာချုပ်ကို အကောင်အထည်ဖော်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်သွားမယ်ဆိုရင်တော့ ဒီစစ်တွေက ငြိမ်းချမ်းသွားမယ်လို့ ကျနော်က ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်း နှစ်နှစ်ကျော်အတွင်းမှာ သေဆုံးခဲ့သည့် အရပ်သား ၈,၆၄၀ ဦးထက် မနည်းရှိခဲ့ကြောင်း၊ ယခု ၂၀၂၃ ခုနှစ် ပထမ ငါးလတာအတွင်း လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင် သေဆုံးခဲ့ကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 931
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်တွင် လက်ရှိ၌ မူလအခြေအနေ နီးပါးသို့ ပြန်လည်ရောက်နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက CNI သတင်းဌာန သို့ ပြောသည်။
မိုခါမုန်တိုင်းသည် ရခိုင်ပြည်နယ်သို့ မေလ ၁၄ ရက်နေ့တွင် ဝင်ရောက် တိုက်ခတ်ခဲ့ရာ ဇွန်လ ၁၄ ရက်နေ့တွင် တစ်လပြည့်ခဲ့ပြီ ဖြစ်သောကြောင့် ရခိုင်ပြည်နယ်၏ ပြန်လည်ထူထောင်ရေးခရီးစဉ် အတိုင်းအတာ နှင့်ပတ်သက်၍ CNI သတင်းဌာနမှ မေးမြန်းမှုအား ယခုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “မိုခါတစ်လပြည့်တဲ့ အခြေအနေမှာတော့ စစ်တွေမြို့ဆိုရင် ပုံမှန် အခြေ အနေ နီးပါးလောက် ပြန်ရောက်တယ် ပြောလို့ရတာပေါ့။ ဘာကြောင့် ပြောရလဲဆိုရင် လူတိုင်း လမ်းတွေသွားလို့ ရတယ်။ လမ်းသန့်ရှင်းရေးတွေ အကုန်ရှင်းပြီ ဖြစ်တယ်။ လျှပ်စစ်မီးရပြီ ဖြစ်တယ်။ national grid က လျှပ်စစ် ဓာတ်အား ရပြီဖြစ်တယ်။ တယ်လီဖုန်း ဆက်သွယ်ရေးတွေလည်း အကုန်ရပြီးလည်း ဖြစ်တယ်။ ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး လိုနေတာ တစ်ခုက ကေဘယ်တွေပေါ့နော် မြေအောက်ကေဘယ်တို့ ဘာတို့နဲ့လုပ်တဲ့ Wifi တွေ တော့ မရသေးဘူးပေါ့။ ဒါကတော့ ပုဂ္ဂလိကကုမ္ပဏီတွေက လုပ်နေတာတွေ့ရပါတယ်။ ကုန်သွယ်မှုပိုင်းကို ကြည့် ရင်လည်း စစ်တွေမြို့မှာဆိုင်တွေ အားလုံးဖွင့်နိုင်တယ်။ ဌာနဆိုင်ရာတွေကို ပြန်ကြည့်ရင် စာသင်ကျောင်းတွေ အားလုံးဖွင့်နိုင်တယ်။ နယ်တွေမှာလည်း ဖွင့်တယ်။ စစ်တွေမြို့ပေါ်မှာလည်း အကုန်လုံး စာသင်ကျောင်းတွေဖွင့် တယ်။ ဆေးရုံတွေ ပုံမှန် အနေအထား အလုပ်လုပ်ကိုင်နေကြတာပေါ့။ ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ တစ်လ တာ ကာလမှာတော့ မူလ အခြေအနေ နီးပါးလောက် ရောက်နေပြီလို့ ပြောနိုင်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက်လည်း ကျနော်တို့ကိုယ်တိုင် ပါဝင်လို့ သိနေရတာတွေက မေလ ၁၄ ရက်နေ့ မုန်တိုင်းတိုက်ပြီးတဲ့ အချိန်ကစလို့ အခုထိ မနားရဘူး။ နေ့တိုင်း စီမံခန့်ခွဲရေးကိစ္စတွေ လုပ်ရတယ်၊ ဆုံးဖြတ်ဖို့အတွက် Decision တွေချဖို့ အစည်းအဝေးတွေ လုပ်ရတယ်။ ဆုံးဖြတ်ချက်တွေကို ပြည်ထောင်စုကို တင်ပြတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်က တဲအိမ်များ ပျက်စီးနေစဉ်
ယခုကဲ့သို့ အနေအထားအား ရောက်ရှိရခြင်းမှာ လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသခံ ရခိုင်ပြည်သူလူထုတို့၏ ပူးပေါင်း ပါဝင်မှုများကြောင့် ဖြစ်ကြောင်း၊ ဆက်လက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးများတွင် သွားရေး၊ လာရေး လမ်းများဖွင့်ထားပြီး ဖြစ်သည့်အတွက် အစဉ်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ကူညီကယ်ဆယ် ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များသည် မြို့ပေါ်နေ ရပ်ကွက်များကိုသာ ရောက်ရှိပြီး ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသများသို့ အရောက်အပေါက် နည်းပါးကြောင်းလည်း တိုက်ပွဲ ရှောင်စခန်း တာဝန်ရှိသူများထံက သိရသည်။
လက်ရှိတွင် တိုက်ပွဲရှောင်စခန်းများ၌ အမျိုးသမီး လစဉ်သုံး ပစ္စည်းများအပြင် ပတ်ဝန်းကျင် မသန့်ရှင်းမှုများ ကြောင့် အသက်အရွယ် ကြီးရင့်သူများတွင် ကျန်းမာရေး ချို့ယွင်းမှုများ ဖြစ်နေကြောင်း ကျောက်တော်မြို့ရှိ တိုက်ပွဲရှောင်စခန်းမှ တာဝန်ရှိသူ မမြင့်(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။
စစ်တွေမြို့မှာ လမ်းမီးတိုင်များ ပြန်လည်ထူထောင်နေစဉ်
၎င်းက “အခြေအနေကတော့ အိမ်တွေ အကုန်ပြိုတယ်၊ အိမ်သာတွေ အကုန်ပြိုတယ်။ စားနပ်ရိက္ခာတွေလည်း အကုန်စိုကုန်တယ်။ ရေတွေလည်း ရှားတယ်။ ဝါးတွေလည်း မရှိတဲ့အချိန်မှာ အဆောင်လေးရှိတာနဲ့ တာလဘတ် သေးသေးလေးတွေရှိတာနဲ့ ဖုံးပြီး ကပ်သီးကပ်သပ်ပဲ နေကြတော့တယ်။ ချက်စရာလည်း ဒီနားမှာပဲ ချက်တယ်၊ အိပ်စရာလည်း ဒီနားမှာပဲ အိပ်တယ်။ တိုက်အိမ်တောင်မှ မခံနိုင်ဘူးလေ ကျမတို့က ဝါးနဲ့လုပ်တာဆိုတော့ ဝါးတွေ လည်း ဟောင်းနေပြီလေ အကုန်လုံးပါသွားတယ်။ ရေတွေလည်း ရေချိုးလို့ရှိရင် တအားယားကြတယ်။
ဘာဖြစ်လို့ လဲမသိဘူး။ အခုလောလောဆယ်ကတော့ ကိုယ်တို့နေတဲ့ နေရာဘေးမှာပဲ သွားတဲ့အချိန်မှာ အနံ့တွေ တအားဆိုး တယ်။ နေပူလိုက် မိုးရွာလိုက်နဲ့ အချိန်မှာတော့ လုံးဝ အနံ့တွေက ထွက်လာတာပေါ့။ နေလို့မကောင်း ကြဘူး။ လူကြီးတွေ ခဏခဏ သွေးပေါင်ချိန် ကျလိုက်၊ တက်လိုက်။ အခုက အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေလည်း မရှိ ကြတော့ဘူးလေ။ ဒါလည်း အခက်အခဲပေါ့နော်” ဟု ပြောသည်။
လက်ရှိတွင် မိုးရာသီ ရောက်ပြီဖြစ်သည့်အတွက် နေအိမ် ပျက်စီးဆုံးရှုံး သွားသူများအနေဖြင့် မိုးလုံလေလုံ ဖြစ်အောင် ကြိုးစားနေကြသော်လည်း မိုးလုံလေလုံနေရာ ရောက်ရှိရန် အခက်အခဲ ဖြစ်နေကြသူ အများအပြား ရှိနေသေးကြောင်း ပရဟိတအသင်းအဖွဲ့များထံက သိရသည်။
မုန်တိုင်းသင့် ပြည်သူများအတွက် နစက-က ကျပ်သိန်းပေါင်း ၇၀၀၀၀ လှူဒါန်းစဉ်
ထို့အပြင် ရေပြဿနာနှင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ အနေဖြင့် စားနပ်ရိက္ခာ ဈေးနှုန်းများ ကြီးမြင့်လာသည့် အခက်အခဲကိုပါ ဒေသခံပြည်သူလူထုအနေဖြင့် တွေ့ကြုံခံစားနေကြရကြောင်း ရသေ့တောင်မြို့နယ်ရှိ ပရဟိတ လူငယ်အသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရေက နဂိုကတည်းက ခမ်းခြောက်နေတာ။ အခုက မိုးကလည်း ပုံမှန် အနေအထား မရွာဘဲနဲ့ ရေက မရှိတဲ့ အနေအထား မှာတော့ ရေတွေက အကုန်လုံး နောက်ပြီး အဲဒါတွေသုံးနေရတဲ့ အနေအထားမှာလည်း ရှိနေတယ် အခု မိုခါမုန်တိုင်း နောက်ပိုင်းမှာ။ စိုးရိမ်မှုက ကျန်းမာရေး အပိုင်းရှိတယ်။ နောက်ပြီးတော့ မိုခါမုန်တိုင်း နောက်ပိုင်း မှာ ဖြစ်လာတာက စားနပ်ရိက္ခာ တစ်ဟုန်ထိုး ထိုးတက်တာ။ ကျနော်တို့ဆီမှာ ဆန်က ပထမက ကိုးသောင်း လောက်ကနေ အခုဆို တစ်သိန်း လေးသောင်းအထိ ထိုးတက်သွားတယ်။ အဲဒီမှာ စားနပ်ရိက္ခာတွေလည်း အခြေခံ လူတန်းစားတွေအတွက် အခက်အခဲ တော်တော်လေး ဖြစ်နေတယ်။ အဲဒီတော့ အမိုးအကာအောက်ကို မရောက် နေတဲ့ လူတွေလည်း အများကြီး ရှိသေးတယ်အခုက” ဟု ပြောသည်။
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်၏ အရေးပေါ် ကယ်ဆယ်နိုင်ရေးအတွက် နစက မှ ငွေကျပ်သိန်းပေါင်း ခုနှစ်သောင်း ပေးအပ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းစဉ်များလည်း လုပ်ဆောင်နေသည်ကို မြင်တွေ့ရသည်။
ထို့အပြင် ရက္ခိုင့်တပ်တော် ULA/AA ကလည်း အာရက္ခအရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီ(ERRCA) အား ဖွဲ့စည်းပြီး AA ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်မှ ဥက္ကဋ္ဌအဖြစ် တာဝန် ယူ ဆောင်ရွက်ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
ထို့နောက် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့က ကျပ်သိန်း ၁၀၀၀၀(ကျပ်သိန်းတစ်သောင်း)အား ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့် ပြည်သူများ ကူညီကယ်ဆယ်ရေး လုပ်ငန်းအတွက် လှူဒါန်းခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်လည်း မိုခါမုန်တိုင်းဒဏ် ခံခဲ့ရသူများအတွက် ငွေကျပ် သိန်းပေါင်း ၂၃၀၀ ကျော်ကို မုန်တိုင်းမကျရောက်ခင်မှ စတင်ကာ ဇွန်လ ၂ ရက်နေ့အထိ ရခိုင်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်တိုင်း၊ အိန္ဒိယနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများသို့ ပေးပို့ကူညီထားကြောင်း ထုတ်ပြန် ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 789
CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄
ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု ရေးသားထုတ်လွှင့်ခံရသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်သည် ယနေ့ (ဇွန်လ ၁၄ ရက်)တွင် လက်နက်များဖြင့် အလင်းဝင်လာသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင် ၁၁ ဦးကို ဆုကြေးငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၁ ဦးတို့သည် မြောင်းပြန်သေနတ် ၅ လက်၊ ပစ္စတိုသေနတ် ၁ လက်နှင့်အတူ အလင်း ဝင်ရောက်လာခဲ့ရာ ဇွန်လ ၁၄ ရက်နေ့က တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ် ကျော်တို့ထံ လက်နက်များ အပ်နှံမှု ပြုလုပ်ခဲ့သည်။
ထို့နောက် မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၅ ဦးအား ၁ ဦးလျှင် ဆုကြေးငွေ သိန်း ၅၀ ၊ ပစ္စတို သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ ၂၅ သိန်း၊ လက်နက်မဲ့ အလင်းဝင်ရောက်လာသူ ၅ ဥိးအား ၁ ဦးလျှင် သိန်း ၂၀ စသဖြင့် ဆုကြေးငွေများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်သွားသည်။
အဆိုပါ အလင်းဝင်ရောက်လာသူများကို ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းပြီးနောက် မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
နစကသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည် အဖွဲ့ အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်နှင့် လက်နက်/ခဲ ယမ်းများဖြင့် ဝင်ရောက်လာသူများကိုလည်း ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်မှ ၁၆ ရက်နေ့ထိ ဖိတ်ခေါ်ခဲ့သည်။
အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၁၁ ဦးကို ဆုကြေးငွေများ ပေးအပ်ခဲ့သည့် နမခ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်သည် နေပြည်တော်သို့ အရေးပေါ် သွားရောက်စဉ် ဖမ်းဆီးခံထားရသည်ဟု ဇွန်လ ၁၃ ရက်နေ့က သတင်းမီဒီယာတချို့က ရေးသားခဲ့သေးသည်။