
- By CNI News
- Category: နိုင်ငံရေး
- Hits: 719
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော် မတီ ခန်းမတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော EAO ၅ ဖွဲ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယ က ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ် စောစတီး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ဒုဥက္ကဋ္ဌ ကျဖူးတို့ ဖြစ်သည်။
EAO ၅ ဖွဲ့နှင့် NSPNC မှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များအခြေအနေ ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1176
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိနေသည့် အမှုများကို ဒီဇင်ဘာ ၃၀ ရက်မှာ အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်သည့် အတွက် နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းသစ်သည် မည်ကဲ့သို့သော ပုံစံဖြစ်လာနိုင်သလဲဆိုကာ နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ သုံးသပ်ချက် အမျိုးမျိုး ထွက်ပေါ်နေသည်။
လာမည့် နိုင်ငံရေး အခင်းအကျင်းအသစ်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများနှင့် သက်ဆိုင်လိမ့်မည်ဟု ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို စစ်ဆေးနေစဉ်
ဦးရဲထွန်း “မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်လို့ နောက်ပိုင်း ဘယ်လိုတွေ ဖြစ်လာနိုင်သလဲဆိုတာက သူ့ရဲ့ သဘောထား အပေါ်မှာ မူတည် တယ်ဆိုပြီးတော့ အဲဒီလို ပြောထားတာကို သတိထားမိတယ်ဗျ၊ အဲဒီတော့ သူပြောချင်တာက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်း အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သက်ရောက်မှုတွေ အခုလက်နက်ကိုင် NUG၊ PDF တို့က တိုက်နေတဲ့ လက်နက်ကိုင် တိုက်ပွဲပေါ့ဗျာ၊ အဲဒါတွေ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ဘယ်လို ဖော်ပြမလဲဆိုတာ ရည်ညွန်းတယ်လို့ ကျနော်တော့ ယူဆတယ်၊ သူ့ရဲ့သဘောထားက NUG PDF တွေ လုပ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေက အများကြီး သက် ရောက်မှု ရှိနိုင်တာပေါ့နော်၊ သူထောက်ခံရင် ထောက်ခံသလို၊ မထောက်ခံဘူးဆိုရင် မထောက်ခံဘူး ဆိုသလို ပေါ့ နော်၊ ဒါကြောင့်မို့လို့ အဲဒီဟာအရ အဆိုးအကောင်း အပြောင်းအလဲတွေ ရှိလိမ့်မယ်လို့ ကျနော်တော့ ယူဆပါ တယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုဖြင့် တရားစွဲဆိုထားပြီး အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားသည်။
ထို့နောက် ကျန်ရှိသည့် အမှုများကို ဒီဇင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထား အပြီးသတ်မည်ဟု သတင်းများတွင် ဖော်ပြလျက်ရှိသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ရှိနေသည့် အမှုများကို မြန်မြန်ဆန်ဆန် အမိန့်ချမှတ်ခြင်းက ၎င်းတို့ တွင် ရည်ရွယ်ချက်များ ရှိနေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
NLD ၏ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့သူ မန်း၀င်းခိုင်သန်းနဲ့ PDF များကိုတွေ့ရစဉ်
ဦးကြီးမြင့် “သူတို့မှာ ရည်ရွယ်ချက် ရှိတယ်လေ၊ မြန်မြန် ချလိုက်တဲ့ အခါကြတော့ လွှတ်စရာရှိရင်လည်း လွှတ် လိုက်လို့ ရတာပေါ့၊ နောက်တစ်ခုက ဘာလဲဆိုရင် ရွေးကောက်ပွဲရှိတယ်လေ၊ ရွေးကောက်ပွဲမှာ သူ့ကို ဝင်လို့ မရအောင် လုပ်ထားတာပေါ့၊ ထောင်ကျနေပြီပေါ့၊ အဲဒီသဘောပေါ့နော်၊ အဖမ်းဆီး ခံထားရရုံလောက်နဲ့လည်း ဝင်လို့ရတယ်လေ၊ ဒါကတော့ ထားပေါ့လေ၊ အဲဒီတော့ ရွေးကောက်ပွဲကို မဝင်စေချင်ဘူးပေါ့” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် အမိန့်ချပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးသင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NLD ကနေ ဒေါက်တာမျိုးညွန့်တို့၊ ဘာတို့ကိုလည်း အသက်ကြီးတဲ့ လူတွေကို အဲဒီလို လွတ်ငြိမ်းခွင့် ပြစ်ဒဏ်တွေ လျော့ပေါ့ပေးတဲ့ သက်သေ သာဓကလည်း ရှိပါတယ်၊ အဲဒါကြောင့် အမျိုးသား အကျိုးစီးပွားနဲ့ ပြည်လည်ပြီးမှ ပေါင်းစည်းရေးကို စိတ်ကောင်း စေတနာကောင်းထားမယ်၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလည်း လေးစား မယ်ဆိုရင်ကတော့ အခုတာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ ဒါလွတ်ငြိမ်းချမ်းသာခွင့် ပေး နိုင်တဲ့ အခြေအနေ သူ့မှာ လုပ်ပိုင်ခွင့်လည်း ရှိနေတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲ စာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ဖြုတ်ချပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် NLD ခေါင်းဆောင်အချို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
ထို့နောက် NLD မှ လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက PDF များကို ဖွဲ့စည်း ကာ မြန်မာ့တပ်မတော်အား ပြန်လည် ဖြုတ်ချရေး “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”ဟု ကြွေးကြော်၍ တိုက်ခိုက် လျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1005
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR)ဖြင့် ကျင်းပခြင်းက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးအတွက် လွယ်ကူလားနိုင်သလဲဆိုပြီး နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် ဆွေးနွေး သုံးသပ်လျက်ရှိသည်။
လာမည့် ၂၀၂၃ ခုနှစ်အတွင်း PR စနစ်ဖြင့် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် PR စနစ် ကျင့်သုံးလိုက်ပါက ညွန့်ပေါင်းအစိုးရ ဖြစ်လာမည်ကို မဆိုလိုကြောင်း၊ PR စနစ်၏ သဘောအရ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် အားပေးသည့် စနစ်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သီအိုရီ သဘောထားအရ ပြောရရင်တော့ PR စနစ်ကတော့ ညွန့်ပေါင်းဖြစ်ဖို့တော့ အားပေးတဲ့ ရွေးကောက်ပွဲစနစ် တစ်ခုလို့တော့ ပြောလို့ရတယ်၊ ဒါပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဒါက ကျနော် ရွေးကောက်ပွဲ စနစ်အပေါ်မှာ ပြောတာနော်၊ မြန်မာနိုင်ငံအပေါ်မှာပြောတာ မဟုတ်ဘူးနော်၊ ရွေးကောက်ပွဲစနစ် သဘော သဘာဝအရပဲ ကျနော်ပြောတာ ဖြစ်တယ်၊ PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ရင် ညွန့်ပေါင်းအစိုးရ ဖြစ်နိုင်ခြေများ တယ်ဆိုတာက ဒါက သီအိုရီဖြစ်တယ်” ဟု ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ အလံများကိုတွေ့ရစဉ် (GETTY IMAGES)
PR စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပပါက ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် အလားအလာရှိကြောင်း အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငါ့ရဲ့ အမြင်အရတော့ ညွန့်ပေါင်းဖြစ်နိုင်ဖို့တော့ အလားအလာတော့ ရှိတယ်ပေါ့၊ အလားအလာတော့ ရှိတယ်၊ သို့သော် တကယ်ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာ ပြောလို့မရဘူး။ ဘာလို့ ဒီ ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပရလဲဆိုရင် ငါတို့က နိုင်ငံကို ချစ်တယ်ကွ၊ နိုင်ငံကို ချစ်တဲ့အတွက် နိုင်ငံပြိုကွဲမှုကို လက်မခံဘူး။ ငါတို့ မကြိုက်တဲ့သူ အုပ်ချုပ်တာ ငါတို့ နောက်မှ ရှင်းမယ်၊ နိုင်ငံပြိုကွဲသွားမယ့် အကြောင်းတရား ဖြစ်စေတဲ့ အကြောင်း တရားရယ်၊ နိုင်ငံပြိုကွဲမယ့် အကျိုးတရားအပေါ်မှာ ဖြစ်စေတဲ့ အကြောင်းတရားတွေ အထူးသဖြင့် နိုင်ငံခြား ပယောဂပါတဲ့ အကြောင်းတရားတွေကြတော့ ငါတို့က စိတ်မချမ်းသာဘူးပေါ့” ဟု ပြောသည်။
မည်သည့် ရွေးကောက်ပွဲ စနစ်ဖြစ်စေ လူဦးရေးများသည့်အပေါ်တွင် မူတည်၍ အကျိုးရှိနေမှာဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီ PR စနစ်ပဲဖြစ်ဖြစ်၊ တခြားနိုင်တဲ့လူ အကုန်လုံးယူပဲဖြစ်ဖြစ် လူဦးရေများတဲ့ လူမျိုးအပေါ်မှာပဲ မူတည် ပါတယ်၊ ဒီဟာတွေတော့ လူနည်းတဲ့သူတွေအတွက် သိပ်အကျိုးတော့မရှိဘူး။ အခု ပိုပြီးမှာတောင် အခု အခြေ အနေမှာ စစ်ကောင်စီ လုပ်ပေးတဲ့ ရွေးကောက်ပွဲက လူထုက ဘယ်လိုမျိုးမြင်မလဲ၊ နိုင်ငံတကာက ဘယ်လိုမျိုး မြင် မလဲ၊ ပါတီတွေက ဘယ်လိုမျိုးမြင်မလဲ၊ ဆိုလိုတာက ယတိပြတ်ပြောဖို့ ခက်ပါတယ်၊ အခြေအနေမျိုးတော့ ဖြစ်တာ ပေါ့” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလံကိုတွေ့ရစဉ် (GETTY IMAGES)
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် အနိုင်ရသူ အကုန်ယူ စနစ် ဖြင့် ကျင်းပခဲ့သည်။
လာမည့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားအားလုံး ပါဝင်သည့် အမျိုးသားညီညွတ်သော အစိုးရပေါ်လာရန် လုပ်ဆောင်နေကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင် “လာမယ့် ရွေးကောက်ပွဲမှာ ပါတီတစ်ခုတည်းက အနိုင်ယူပြီးခါမှ ထင်ရာစိုင်းတာမျိုး၊ ပါတီ တစ်ခုရဲ့ မူဝါဒကို အကောင်အထည်ဖော်တဲ့ အစိုးရတစ်ရပ်မျိုးထက် တိုင်းရင်းသားအားလုံး ပါဝင်တဲ့ အမျိုးသား ညီညွတ်တဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းစေလိုတဲ့ ဆန္ဒတွေ့တဲ့အခါမှာ ရွေးကောက်ပွဲ ပုံစံလေးတွေကလည်း PR နဲ့ သွားမယ် စသဖြင့် ကြားလာရတာပေါ့၊ ဒါကလည်းပဲ အရွေ့တစ်ခုကို သွားတာပဲလေ” ဟု ပြောသည်။
လာမည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမှာဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပသွားမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 981
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) အနည်း ဆုံး ၄ ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ အဖွဲ့များမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ဖြစ်သည်။
သို့သော် KNU/KNLA-PC ကတော့ နေပြည်တော် ဆွေးနွေးပွဲသို့ မသွားဘဲ လွတ်လပ်ရေးနေ့နှင့် ဘွဲ့များအပ်နှင်းပွဲ သို့သာ တက်ရောက်နိုင်ခြေရှိကြောင်း သိရသည်။
နေပြည်တော်ရောက်နေသော EAO တစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက “ဟုတ်တယ်၊ နေပြည်တော် ရောက်နေတာ တော့ ဟုတ်တယ်။ ဘယ်အဖွဲ့တွေလည်း အတိအကျ မသိရသေးဘူး၊ ဘာအကြောင်းအရာတွေ ရှိမလဲဆိုတာ တော့ နောက်မှ ပြောမယ်။ အခုမသိရသေးဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP) အပါအဝင် PNLO၊ LDU၊ ALP၊ DKBA၊ KNU/KNLA-PC တို့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တွေ့ဆုံ ဆွေးနွေးလိုကြောင်း စာပို့ခဲ့သည်။
ထို့နောက် ယခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နေပြည်တော် ခရီးစဉ် ဖြစ်လာခဲ့သည်။
NSPNC သည် EAO ၇ ဖွဲ့ထံသို့ နံပါတ် ၁ အနေဖြင့် ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဉပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ တက်ရောက်ရန်၊ နံပါတ် ၂ အနေဖြင့် နစက-က အလွှာအသီးသီးကို ပေးအပ် ခဲ့သော ဘွဲ့များ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ရန်၊ နံပါတ် ၃ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ရန် စသဖြင့် နည်းလမ်း သုံးသွယ်ဖြင့် ဖိတ်ကြားလာခဲ့သည်ဟု သိရသည်။
ထို့နောက် RCSS နှင့် NMSP တို့ကတော့ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း၊ လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဘွဲ့အပ်နှင်းပွဲများသို့ တက်ရောက်ရန်အတွက် ကိုယ်စားလှယ် စေလွှတ်မှုကို တော့ လုပ်ဆောင်သွားမည်ဟု ကြားသိရသည်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများဖြစ်သည်။
ထို EAOs များသည် လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းနိုင်ရေး ကြားဝင် ဆောင်ရွက်ပေးရန်လည်း ကြိုး ပမ်းလျက်ရှိနေသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1043
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅
နှစ်နိုင်ငံရေတပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ရုရှားဒုတိယရေတပ်ဦးစီးချုပ် Vice Admiral lgor MUKHAMETSHIN ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင် တို့ နေပြည်တော်မှာ ယနေ့ (ဒီဇင်ဘာ ၂၅ ရက်)တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ လေ့လာ လည် ပတ် နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေးအတွက် အဆင့်လိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လေ့လာလည်ပတ်နိုင်ရေး၊ မြန်မာ့တပ်မတော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သင်တန်းသားများ စေလွှတ်သင်ကြားလျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံရေတပ် အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် ရုရှားနှင့် မြန်မာသည် စစ်လက်နက် ရောင်းဝယ်ရေးဆိုသော ဆက်ဆံရေးကနေ စီးပွားရေးနှင့် လူမှုဘဝ မြှင့်တင်ရေး ဆက်ဆံရေးများတွင်ပါ ပူးပေါင်းဆောင်ရွက်လာနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1581
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄
နစက ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝင်ရောက် ယှဉ်ပြိုင်နိုင် သလားဆိုကာ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ သုံးသပ်လျက်ရှိနေသည်။
နစက အနေဖြင့် ရွေးကောက်ပွဲကို ဗမာပြည်မကို အဓိကထားပြီး ကျင်းပလာနိုင်ကြောင်း၊ NLD အနေဖြင့် ဝင် ရောက် ယှဉ်ပြိုင်နိုင်ခြေနည်းကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က CNI သတင်းဌာနသို့ ပြောသည်။
ဦးကြီးမြင့်က “ပထမတစ်ကြိမ်မှာတော့ ဗမာပြည်မကြီးကို အဓိကထားပြီးတော့ ဒုတိယက ပြည်နယ်တွေမှာ သူတို့ အဆင်ပြေတဲ့နေရာ အဲဒီလိုလုပ်ပြီးတဲ့ အခါကြတော့မှ သူတို့က အစိုးရအဖွဲ့ကို PR (အချိုးကျကိုယ်စားပြုစနစ်) စနစ်နဲ့ သွားမယ်ဆိုတော့ PR စနစ်က အရင်က လုပ်ခွင့်မရှိဘူး။ ၂၀၀၈ ကို ပြင်တာမှ မဟုတ်တာကို PR စနစ်နဲ့ လုပ်တယ်ကွာဆိုရင် လုပ်မှာ၊ အဲဒီတော့ PR စနစ်အရဆိုပြီးတော့ အစိုးရဖွဲ့မှာ NLD ကတော့ ရွေးကောက်ပွဲ မဝင် လောက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က အပြတ်ပြောလိုက်ပြီ၊ NLD မဝင်ဘူး။ ရှမ်းမဝင်ဖို့များတယ်၊ SNLD မဝင်ဖို့ များတယ်၊ ကျန်တဲ့ဟာလည်း ဘယ်သူမှ ဝင်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ထုတ်ပြန်လိုက်သည့် ဆုံးဖြတ်ချက်တွင် ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လွတ်ပေးရန် တောင်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် (GETTY IMAGES)
လက်ရှိ အနေအထားအရ NLD ဝင်ပြိုင်မည့် အခြေအနေ မတွေ့ရသေးကြောင်း၊ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပါက တစ်မျိုးပြောင်းလဲသွားနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
နိုင်သန်းရွှေ “ဒါကတော့ အခုတလောက NLD ပါတီက ပါတီပြန်လည် နိုးကြားလာအောင်တော့ ကျနော်တို့ မတွေ့ သေးဘူးပေါ့နော်၊ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်သာ လွတ်လာလို့ရှိရင်တော့ တစ်မျိုးတစ်ဖုံ ဖြစ်လာ မလားတော့ မသိဘူးပေါ့၊ အခု လောလောဆယ်ဆယ်က NLD ပါတီက လှုပ်ရှားမှုတော့ ဘာမှ မတွေ့သေးဘူး ပေါ့နော်” ဟု ပြောသည်။
NLD ပါတီကို မည်သို့မျှ ဖြိုခွဲ၍ မရသလို NLD ပါတီ အနေဖြင့် ဆက်လက် ရပ်တည်နေမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
NLD မဲရုံကိုယ်စားလှယ် သင်တန်းကိုတွေ့ရစဉ် (GETTY IMAGES)
ဒေါက်တာလှကျော်ဇော “ဒီလိုရှိတယ်ဗျ၊ ပါတီတစ်ရပ်ပဲဖြစ်ဖြစ် သူက သူဘယ်ခါမှာ ပျက်ပြယ်သွားမလဲဆိုရင် သူကိုယ်တိုင်က ရှုံးပါပြီဆိုပြီး ဖျက်သိမ်းလိုက်မှ ပျက်ပြယ်တာဗျ၊ သူက ရှုံးတယ်လို့ သဘောမထားရင် သူတခြား နည်းလမ်းရှာမှာပဲ ကျမတို့ ဗကပလည်း ကြည့်လေ ကျမတို့ တစ်ခါမှ ကိုယ့်ကိုယ်ကို ရှုံးတယ်လို့ မထင်ဘူး။ ကျမ တို့ ယာယီအရေးနိမ့်သွားတာပဲ၊ ကျမတို့ ဗကပမှာဆိုတာ စည်းကမ်းရှိတယ်၊ ပါတီဝင် ၃ ယောက်ရှိရင် ကလပ် စည်း ပြန်ဖွဲ့လို့ရတယ်၊ ရောက်တဲ့နေရာမှာ ရောက်တဲ့လူက ထပ်ပြီးတော့ ကြိုးစားတယ်၊ တော်လှန်ရေး တစ်ရပ် က ဒီလောက်လွယ်တာ မဟုတ်ဘူး။ NLD ကို သူတို့ ဖြိုခွဲလာတာ နည်းတဲ့ နှစ်လား၊ ပြိုမှ မပြိုတာ၊ NLD ကိုယ်တိုင် က ကိုယ့်ဟာကိုယ် ဖြိုဖျက်ပစ်လိုက်မှ မဆလကြီး ပျက်သလိုပေါ့၊ ကိုယ့်ဟာကို ဖျက်ပစ်လိုက်မှပဲ ပြိုစရာရှိ တယ်၊ နိုးမဟုတ်ရင်တော့ သူဆက်ရှိနေမှာပဲ” ဟု ပြောသည်။
NLD အနေဖြင့် ဥပဒေနှင့် ညီညွတ်ပါက နစက ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်၍ ရမှာဖြစ်ကြောင်း၊ ဝင်ပြိုင်ရန် ကြိုးစားနေသည်ကို တွေ့ရကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေစဉ် (GETTY IMAGES)
ဦးစိန်ဝင်း “အဲဒါကတော့ NLD အနေနဲ့ကတော့ သူ့ရဲ့ ပြစ်မှုကျူးလွန် တာတွေကတော့ ဟုတ်လား မဟုတ်လား တော့ သေချာလေ့လာ ဆန်းစစ်ပြီးတော့ ခုထက်ထိတော့ NLD ကို တရားဝင်ပါတီ မဟုတ်ဘူးဆိုတာတော့ ခုထက် ထိ အမိန့်မထွက်သေးဘူးပေါ့၊ မထွက်သေးတဲ့အတွက် အဲဒီအပေါ်မှာလည်း ငါတို့က ငါတို့အလုပ်၊ ငါတို့တာဝန်၊ ငါတို့လုပ်ရမယ့် ရာထူးတာဝန် မဟုတ်တဲ့အတွက် ငါတို့က ဘာမှ မပြောလိုဘူး။ သို့သော် NLD ဝင်ပြိုင်မှု၊ မပြိုင်မှု သည် NLD ရဲ့ လုပ်ရပ်သည် ဥပဒေနဲ့ ညီညွတ်ရင် ဝင်ပြိုင်လို့ရမှာပေါ့၊ မညီညွတ်ဘူးဆိုရင်လည်း မညီညွတ်တဲ့ အကြောင်း ဖြစ်လာမှာပေါ့၊ သို့သော်လည်း လက်ရှိအခြေအနေမှာ NLD က ဝင်ပြိုင်ဖို့ အလားအလာရှိလားဆိုတာ ကြိုးစားနေတဲ့ အရိပ်အရောင်လေးတွေတော့ တွေ့ရတာပေါ့” ဟု ပြောသည်။
လာမည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမှာဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲအပ်ပေးမှာဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကတော့ နစက ကျင်းပမည့် ရွေး ကောက်ပွဲကို မပျက် ပျက်အောင်ဖျက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မဝင်ကြရန်လည်း ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1922
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထုတ်ပြန်လိုက်သည့် ဆုံးဖြတ်ချက်တွင် ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လွတ်ပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် ပြန်လွတ်လာနိုင်သလားဆိုတာ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ သုံးသပ်နေကြသည်။
အဆိုပါ ထုတ်ပြန်ချက်ကြောင့် လာမည့် လွတ်လပ်ရေးနေ့တွင် ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းကြားတွင် သုံးသပ်မှုများလည်း ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါက လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်းမှာ ပိုမို ကောင်းမွန်လာနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်း ဌာနသို့ ပြောသည်။
နိုင်သန်းရွှေက “နိုင်ငံရေးအခြေအနေအရ လွတ်လာနိုင်တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လည်း ဒီ ၂၀၂၃ မှာ ဆိုလို့ရှိရင် ရွေးကောက်ပွဲလည်း ရှိနိုင်တယ်ဆိုတော့ ဖြစ်နိုင်တယ်ပေါ့နော်၊ ကျနော်တို့ အဲဒီလိုပဲ ပြောရမှာပေါ့။ တကယ်လို့ လွတ်လာမယ်ဆိုလို့ရှိရင် နိုင်ငံရေး အခြေအနေတွေက ပိုပြီးတော့ ကောင်းလာမယ့် အခြေအနေ ရှိ တယ်လို့ ယူဆရမှာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူပြောထားတာ ရှိတယ်လေ၊ ဒီအကြမ်းဖက်တဲ့ မူတွေက NLD ရဲ့ မူဝါဒမဟုတ်ဘူး။ ဒီအကြမ်းဖက်တဲ့ လုပ်ရပ်တွေက ဒါဆိုလို့ရှိရင် NLD က ပိုပြီး တော့ စည်းလုံးနိုင်ရင်တော့ ပိုပြီးတော့ ထွက်ပေါက်က ပိုပြီးကောင်းလာမှာပေါ့နော်၊ ပြည်သူအတွက်၊ ဒီနိုင်ငံ အတွက်က ပိုရှိလာနိုင်တာပေါ့” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုနေကြစဉ် (Hkun Latt)
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးရန် နိုင်ငံတကာမှ တောင်းဆိုနေသလို နိုင်ငံရေးရှုထောင့်ကနေလည်း ပြန်လွှတ်ပေးသင့်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးကွမ်ဂေါင်အောင်ခမ်း “ဒါကတော့ စစ်ကောင်စီရဲ့ အပိုင်းက ဖြစ်ပါတယ်၊ လွှတ်ပေးမယ်၊ မလွှတ်ပေးဘူးဆိုတာ ကတော့ သူတို့လက်ထဲမှာပဲ ရှိပါတယ်၊ လက်ရှိ အခြေအနေမျိုးမှာ ဒါပေမဲ့ ဒီဟာတော့ ပကတိ အခြေအနေကို တော့ လူသားချင်းစာနာမှုအရ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ပဲ ဖြစ်ဖြစ်၊ အမျိုးသားခေါင်းဆောင် တစ်ယောက်ပဲ ဖြစ်ဖြစ် ဒီဟာတော့ လွှတ်သင့်တယ်၊ နိုင်ငံတကာကလည်း ဒါကို တောင်းဆိုနေတယ်၊ ကုလသမဂ္ဂ မှာလည်း ဒီဟာကို လွှတ်ဖို့ တောင်းဆိုနေတယ်၊ ဒါကို အတည်ပြုတယ်ဆိုတော့ ဒီဟာတော့ နိုင်ငံရေးရှုထောင့် ကနေပြီးတော့ လွှတ်ပေးသင့်ပါတယ်” ဟု ပြောသည်။
ဒီမိုကရေစီနိုင်ငံတွင် ဥပဒေအထက်မှာ မည်သူမျှ မရှိရဆိုသည့်အတွက် ဥပဒေအရ မှန်ကန်မှု ရှိ/မရှိ စိစစ်ကာ လုပ်ဆောင်သင့်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်း ဌာနသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ် (GETTY IMAGES)
၎င်းက “ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုရင် ဥပဒေအထက်မှာ ဘယ်သူရှိတုန်းဆိုရင် ဥပဒေပဲရှိတယ်၊ ဥပဒေရဲ့ တရားစီရင်မှု မှန်/မမှန်တော့ စိစစ်ဖို့လိုတာပေါ့၊ အဲဒါကို မှားတယ်ဆိုရင်လည်း မှားတာကို ထောက်ပြပေါ့၊ ကနေ့ ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံ အနေအထားက မဲမသမာမှုအပေါ်မှာ အဂတိအပေါ်မှာ အများကြီး စွဲချက်တွေ ဖြစ်နေတာပေါ့၊ ဒီစွဲချက်တွေက မှန်/မမှန် လေ့လာဆန်းစစ် စိစစ်ပေါ့၊ မှားနေတယ်ဆိုရင် ဒါ လွှတ်ပေးသင့်တယ် ပြောတာလက်ခံတယ်၊ မှားတာလည်း မထောက်ဘဲနဲ့ အပြစ်ရှိတာကိုလည်း မပြောဘဲနဲ့ လွှတ်ပေးသင့် ပါတယ်ဆိုရင် အဲဒါမျိုးက ဒါ သူတို့နိုင်ငံမှာ အဲဒီလိုဖြစ်နေရင် ငါတို့က အဲဒီလိုပြောလို့ ကိုယ်ချင်းစားနာမှု ရှိ/မရှိ စဉ်းစားဖို့ ကောင်း တယ်လေ၊ အဲဒီတော့ ပြောချင်တာတော့ ဘာလဲဆိုရင်တော့ ဒီမိုကရေစီနိုင်ငံမှာ ဥပဒေအထက်မှာ ဘယ်သူမှ မရှိ ရ ဘူးလို့ ဆိုထားတဲ့အတွက် ဥပဒေထဲမှာ ဥပဒေရဲ့ တရားစီရင်မှုပဲ ရှိတဲ့အတွက် အဲဒီစီရင်မှုမှန်ရင် လွှတ်ပေးစရာ မလိုဘူး၊ မမှန်ရင်တော့ ပြန်လည်ပြီးတော့ စဉ်းစားပြီးတော့ မမှန်တဲ့အကြောင်းကို ထောက်ပြပြီးတော့ လွတ် အောင် လုပ်လို့ရတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တချို့ကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1149
ရန်ကုန်-ဒလ မြစ်ကူးသင်္ဘော ဗုံးပေါက်ကွဲမှု NUG နှင့် နစက အပြန်အလှန် စွပ်စွဲ
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်-ဒလ မြစ်ကူး ချယ်ရီ(၂) သင်္ဘောပေါ်မှာ ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)တို့သည် အပြန်အလှန် စွပ်စွဲ ပြစ်တင်နေကြသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာ မောင်းနှင်လာ သည့်သင်္ဘော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် အရပ်သား ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကို ဒေသကာကွယ်ရေးတပ်(PDF)မှ မိုင်းထောင်ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်က နစကမှ ထုတ်ပြန်ခဲ့သလို NUG ကလည်း ထိုအကြမ်းဖက် လုပ်ရပ်သည် မိမိတို့နှင့် သက်ဆိုင်ခြင်း မရှိ ကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နစက၏ ထုတ်ပြန်ချက်နဲ့ အရပ်သား ထိခိုက်ထားမှုကိုတွေ့ရစဉ်
သာမန်ပြည်သူများ သွားလာလှုပ်ရှားသည့် နေရာများတွင် ဖောက်ခွဲမှုမှာ အကြောက်တရားဖြင့် ထိန်းချုပ်လိုသည့် အခါမျိုး၌ လုပ်ဆောင်လေ့ရှိကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဦးသိန်းထွန်းဦးက “ဒါကြတော့ ဘယ်လို သွားသုံးသပ်လို့ ရတယ်ဆိုရင် အကြမ်းဖက် အဖွဲ့အစည်းတစ်ခုရဲ့ အကြမ်း ဖက်တဲ့ စိတ်ဓါတ်နဲ့ လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုပေါ့၊ ဘာကြောင့်လဲဆိုတော့ သွားနေတဲ့ ဖယ်ရီပေါ်မှာဗျာ ရုံးဆင်း ချိန် ရှိမယ်၊ သာမန် အရပ်သားပြည်သူတွေ လက်လုပ်လက်စားတွေ ပါမယ်၊ သူတို့အတွက် အဓိက သွားနေတဲ့ နေရာမှာ သွားဖောက်ခွဲတယ်ဆိုတော့ ဒါကတော့ အဲဒါကို သီအိုရီအရ ပြန်ကြည့်မယ်ဆိုရင် ဒီအကြမ်းဖက်သမားက လူတွေကို အကြောက်တရားနဲ့ ထိန်းချုပ်ချင်တဲ့ အခါမျိုးမှာ သာမန်ပြည်သူလူထုရဲ့ ကြားထဲမှာ ဝင်ပြီးတော့ ဖောက်ခွဲရေး လုပ်တာရှိတယ်” ဟု ပြောသည်။
အဆိုပါ ဖောက်ခွဲမှုကို PDF မှ လုပ်ဆောင်ခြင်း မဖြစ်နိုင်ကြောင်း၊ ယခင်ကတည်းက အတွေ့အကြုံများ ရှိခဲ့ ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
NUG ၏ ထုတ်ပြန်ချက်နဲ့ အရပ်သား ထိခိုက်ထားမှုကိုတွေ့ရစဉ်
ဒေါက်တာလှကျော်ဇောက “ဒါကတော့ PDF ဖက်က လုပ်တာ ဟုတ်ချင်မှ ဟုတ်မှာပေါ့၊ ကျမတို့ မဆလကတည်းက အတွေ့အကြုံတွေ ရှိတာပဲ၊ တရုတ်-ဗမာ အရေးအခင်း တုန်းကလည်း MRS ဝင်ပြီး တရုတ်ပါရဂူ တစ်ယောက်ကို ဓါးနဲ့ ထိုးတာပဲ၊ အဲဒီတော့ စစ်တပ်က စကစက မလုပ်ဘူးလို့ ဘယ်ပြောနိုင်မလဲ၊ တောက်လျှောက်လည်း သူတို့ နဝတခေတ်၊ နအဖခေတ် လုပ်ချင်တာတွေ လုပ်လာတာပဲ၊ အဲဒီတော့ ပြောလို့မရပါဘူး” ဟု ပြောသည်။
လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာပြီး လုပ်ဆောင်သင့်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးဟာလည်းပဲ ကျမတို့ ဒီနေ့ ဒီအချိန်မှာဆိုလို့ရှိရင် ဂျီနီဗာကွန်ဗင်းရှင်းအရပဲ အလုပ်လုပ်နေကြတာ ဖြစ်တယ်၊ အဲဒါဆိုတော့ ကျမတို့ ဒီပြည်သူအတွက် အလုပ်လုပ် တယ်၊ လက်နက်ကိုင် တော်လှန်ရေး ဆိုတာလည်း ပြည်သူအတွက် အလုပ်လုပ်တယ်၊ ဆိုတော့ ပြည်သူတွေ ထိခိုက် နစ်နာမှု မရှိစေတဲ့ အနေအထားမျိုးကို လုပ်သင့်ပါတယ်၊ အတတ်နိုင်ဆုံး ရှောင်ရှားပြီးတော့မှ လုပ်သင့် တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ရန်ကုန်-ဒလ မြစ်ကူး သင်္ဘောများကို အောက်ခြေ လူတန်းစားများသာ အဓိက စီးနင်း လိုက်ပါလေ့ရှိပြီး ဒလ ဘက်မှ ရန်ကုန်သို့ အလုပ်လာရောက် လုပ်ကိုင်သူများ အများစု စီးနင်းကြကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1729
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀
မလေးရှားနိုင်ငံရှိ UNHCR ကတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား ယာယီ အလုပ် လုပ်ကိုင်ခွင့်ပါမစ် ထုတ်ပေးရန် မလေးရှားအစိုးရသစ်ထံသို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း ရခိုင်ဒုက္ခသည် များဗဟို(CAR)မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် မလေးရှားအစိုးရ လက်ထက်တွင် ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သော်လည်း ထူးခြားမှု မရှိသည့် အတွက် ယခုအစိုးရသစ် လက်ထက်၌ ထပ်မံတောင်းဆို ဆွေးနွေးရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးညီညီလွင်က “အရင်အစိုးရ လက်ထက်က ဆွေးနွေးခဲ့တဲ့ ဟာတွေ ရှိတယ်လေ။ မြန်မာနိုင်ငံမှာ ပဋိပက္ခ ဖြစ်နေ တဲ့ အခါကျတော့ မြန်မာလူမျိုးတွေ သိန်းပေါင်းများစွာ မလေးရှားကို နယ်စပ်ဖြတ်ကျော်ပြီး လာကြတယ်။ မြန်မာ နိုင်ငံ အပြောင်းအလဲကတော့ ကြာမယ်ထင်တယ်။ အပြောင်းအလဲကတော့ ဖြစ်မှာပဲလေ။ မြန်မာနိုင်ငံ အပြောင်း အလဲ ဖြစ်ရင် သူတို့ ပြန်သွားမှာပေါ့နော်။ ဆိုတော့ ဒီကြားကာလမှာ ဒီအတိုင်း ဖမ်းမယ်၊ ဆီးမယ်။ ပြန်ပို့ဖို့ကလည်း နိုင်ငံတကာဖိအားတွေနဲ့ ခက်နေတဲ့အခါကျတော့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ခွင့်ပေါ့နော်။ ထိုင်းနိုင်ငံတို့ ဘာတို့ မှာလို ယာယီအလုပ်လုပ်ခွင့်လေးပေးဖို့၊ နောက်ပြီးတော့ UNHCR နဲ့ ပူးပေါင်းဆောင်ရွက် ပြီးတော့ အွန်လိုင်းက မှတ်ပုံတင်တာက သိန်းနဲ့ချီ ရှိတယ်လေ။ အဲဒါတွေကိုလည်း မှတ်ပုံတင်ပေးပြီးတော့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ ပေါ့နော်။ အဲဒါတွေကို ကျနော်တို့ တောင်းဆို ညှိနှိုင်း ပြောဆိုသွားဖို့ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
UNHCR က ဒုက္ခသည်စာရင်း ကောက်ယူနေစဉ်
ထိုသို့ တောင်းဆိုရာတွင် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများနှင့် NGOs များဖြင့် ပူးပေါင်း၍ ဆွေးနွေးသွားရန် ပြင်ဆင်နေကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ အစိုးရသစ်တစ်ရပ် တက်လာသော်လည်း အဖမ်းအဆီးများမှာ လျော့ကျမသွားဘဲ များပြားနေဆဲသာဖြစ်ကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသူများနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူ များထံက သိရသည်။
မလေးရှားနိုင်ငံတွင် အစိုးရသစ်တက်လာမှ ယခုကဲ့သို့ အဖမ်းအဆီးများနေခြင်း မဟုတ်ဘဲ နှစ်စဉ် နှစ်ကုန်ခါနီး ချိန်တွင် အဖမ်းအဆီးမှာ ပုံမှန်များပြားလျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးစု ဒုက္ခသည်များ အဖမ်းခံရသည့် အထဲတွင် UNHCR ကတ် ကိုင်ဆောင်ထားသူ ဦးရေမှာ အနည်းငယ်သာ တွေ့ရပြီး အများစုမှာ UNHCR ကတ် မရှိသည့် အထောက်အထားမဲ့များသာ ဖြစ်ကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသူများက ပြောသည်။
Alliance of Chin Refugees (ACR)မှ အတွင်းရေးမှူး စတီဗင်က “အစိုးရသစ် လက်ထက်မှာတော့ ကျနော်တို့ မျှော်လင့်ထားတာကတော့ ၅၀၊ ၅၀ ပါပဲ။ အစိုးရသစ်ကနေ နိုင်ငံခြားပေါ်လစီ ဒါမှမဟုတ် ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့မှ ပေါ်လစီ အဲဒီလိုမျိုး တရားဝင် ချပြတာမျိုး မရှိသေးဘူး။ တစ်ဖက်တစ်လမ်းမှာတော့ အခုလက်ရှိ အနိုင်ရ ရွေးကောက်ခံပုဂ္ဂိုလ်တွေက NGO နဲ့ မစိမ်းတဲ့ လူတွေများတယ်။ ဆိုတော့ ဒီဒုက္ခသည်အရေးနဲ့ ပတ်သက် ရင် အရင်ကထက်စာရင် နည်းနည်း ကောင်းလာမယ့် အနေအထားတော့ မျှော်လင့်ရတာပေါ့နော်။ UN နဲ့ ပတ်သက်ရင်တော့ အစိုးရသစ် လက်ထက်မှာက ဘယ်လို ဘယ်ပုံ ကိုင်တွယ်ရမယ်ဆိုတဲ့ ပေါ်လစီချမှတ်ရမယ်။ UN နဲ့ကတော့ ပြောလည်း ပြောနိုင်တယ်။ ဒါပေမယ့် public နဲ့တော့ ထုတ်ပြတာမျိုး မရှိသေးဘူး။ ဆိုတော့ UN နဲ့ ဒီအစိုးရသစ် လက်ထက်နဲ့က အရင်က အစိုးရထက် စာရင်တော့ သဘောတူညီမှု ဒါမှမဟုတ် လက်တွဲ ပူးပေါင်း နိုင်မယ့် အနေအထားတော့ ကျနော်တို့ မျှော်လင့်တယ်။ ဆိုတော့ နည်းနည်း အကောင်းဘက်တော့ မျှော်လင့်ရတာ ပေါ့လေ အရင်ကထက် စာရင်ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာအလုပ်သမားများကို တွေ့ရစဉ်
ဒုက္ခသည်များအား ယာယီ အလုပ်လုပ်ကိုင်ခွင့် ပါမစ်ထုတ်ပေးသည့် ဆွေးနွေးတောင်းဆိုမှု အဆင်ပြေပါက UNHCR ကတ် ကိုင်ဆောင်ထားသော ဒုက္ခသည်များသာ အကျုံးဝင်မည်ဖြစ်သည်။
ထို့ကြောင့် လက်ရှိ မလေးရှားအစိုးရသစ် လက်ထက်တွင် မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံမှ ဒုက္ခသည်များအနေဖြင့် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းကတ်များ လုပ်ဆောင်၍ UNHCR ၌ မှတ်ပုံတင်ခြင်း ပြုလုပ်ကြရန် ဒုက္ခ သည်အရေး ဆောင်ရွက်နေသည့် တိုင်းရင်းသားအဖွဲ့အစည်းများက အကြံပြုကြသည်။
ထို့အပြင် လက်ရှိ၌ အဖမ်းအဆီးခံရသည့် နေရာများတွင် ဆူညံမှုများကြောင့် ရဲတပ်ဖွဲ့သို့ အတိုင်ကြား ခံရသည့် အတွက် အဖမ်းခံခဲ့ရသည်များလည်း တွေ့ရှိနေရသည်။
လုပ်ငန်းခွင် အတွင်းနှင့် မိမိနေထိုင်သည့် နေရာများတွင် ဆူညံမှုများ၊ ခိုက်ရန် ဖြစ်ပွားခြင်းများ၊ သောက်စား မူးယစ်ခြင်းများအား ရှောင်ကြဉ်ကြရန်လည်း မလေးရှားရှိ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူများက သတိပေးထားကြသည်။