
- By CNI
- Category: နိုင်ငံရေး
- Hits: 760
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာ့ခ်ခရိုင် မဲဆောက်မြို့တွင် အဖမ်းအဆီးနှင့် စစ်ဆေးမှုများ ပိုမိုများပြားလာ၍ မြန်မာနိုင်ငံသားအချို့မှာ အပြင်မထွက်ရဲကြသည့် အနေအထား ဖြစ်နေကြောင်း မဲဆောက်၌ နေထိုင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ အထောက်အထား ပြန်လုပ်ခွင့် ပြုထားသည့်အတွက် မဲဆောက်ဘက်၌ ဆိုးဆိုးရွားရွား ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မဲဆောက်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မဲဆောက်ထဲမှာဆိုရင် မယ်ကုလို့ခေါ်တာပေါ့။ မယ်ကု ဖုတ်ဖဘက်ကိုသွားတဲ့ လမ်းမှာဆိုရင် ဂိတ်တွေ ချပြီးတော့ကို ဖမ်းတာ။ ဆိုတော့ တော်တော် ဆိုးဆိုးဝါးဝါးလေး ဖမ်းနေတာကို တွေ့ရတယ်ပေါ့။ နောက်တစ်ခုက မြန်မာတွေက ဒီအထောက်အထား မပြည့်စုံတာကို ဖမ်းလို့မရဘူးဆိုတာကို လူတိုင်းမသိဘူးလေ။ စာတတ် စကား တတ်ပြီး ဥပဒေနားလည်တဲ့ လူလောက်ပဲ အဆင်ပြေတာဆိုတော့ စကားပြန်ပြောလို့ရတယ်။ မသိနားမလည်တဲ့ သူတွေဆိုရင် တန်းလျားလို့ ခေါ်တာပေါ့နော် မြန်မာအများစုနေတဲ့ အဆောင်ထဲကနေ မထွက်ဝံ့ဘူး။ တော်တော် များများ အဖမ်းအဆီးများတယ်။ ဘယ်နားမှာ ဖမ်းခဲ့လဲတောင် မသိဘူး။ ထိုင်း လ.ဝ.က ရုံးနဲ့ အစ်ကို့ရုံးက မျက်စောင်းထိုးပဲလေ။ မျက်နှာချင်းဆိုင်လေး။ ဆိုတော့ ဒီအစ်ကို့ရုံးရှေ့ကနေပဲ ဖြတ်သွားတယ်။ မြန်မာတွေ သံဇကာကားနဲ့ တစ်နေ့တည်းကို ၄၊ ၅၊ ၆ စီးဖမ်းသွားတာကို တွေ့ရတယ်”ဟု ပြောသည်။
ထိုင်းအာဏာပိုင်များက မြန်မာများကို ဖမ်းဆီးထားစဉ်
ထိုင်းနိုင်ငံတစ်ဝန်း၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်ကာ စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ရာ တရားမဝင် လက်နက် အများအပြားနှင့် သံသယရှိသူ ၉၆၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၂၃ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့၏ လက်ထောက် အကြီးအကဲ တော်ဆက်ခ် ဆွတ်ခ်ဝီမို၏ ပြောကြားချက်ကို ဘန်ကောက်ပို့စ်မှ သတင်းရေးသား ဖော်ပြခဲ့သည်။
မဲဆောက်သည် မြန်မာနိုင်ငံသား အများအပြား နေထိုင်သည့် မြို့ဖြစ်ပြီး ရွှေ့ပြောင်း လုပ်သားများသာမက ၂၀၂၁ နောက်ပိုင်း၌ ထွက်ပြေး တိမ်းရှောင်နေသော နိုင်ငံရေးနှင့် ဆက်နွယ်နေသူများလည်း နေထိုင်ကြသည်။
အဖမ်းအဆီး ခံရလျှင် နေရပ်သို့ ပြန်ပို့သည့်အချက်ကြောင့် အပြင်မထွက်ရဲ ကြခြင်းဖြစ်ကြောင်း မဲဆောက်နှင့် ဘန်ကောက်သို့ အသွားအပြန် ပြုလုပ်နေသူ ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျပ်တည်းတာပေါ့။ တော်တော်လေး ကျပ်တည်းတယ်။ အခုက ဘတ်စာရင်း တင်ထားခိုင်းတဲ့ သူတွေ အတွက်တော့ နည်းနည်းချောင်တာပေါ့။ ပြောမယ်ဆိုရင် ဧည့်စာရင်းတိုင်သလိုပေါ့ ဒီအလုပ်သမား တစ်ယောက် သည် ဘယ်သူ့အိမ်မှာ နေတယ်။ ဘယ်အိမ်နံပါတ်နဲ့ သူတို့ရဲ့ ဓါတ်ပုံနဲ့ မွေးသက္ကရာဇ်နဲ့ နာမည်နဲ့ကို သေချာ ထိုင်း မှာ အွန်လိုင်းနဲ့ စာရင်းတင်လို့ ရတယ်ဆိုတော့ စာရင်းတင်ထားတဲ့ စာရွက်တွေ ထွက်တယ်ဆိုရင် နည်းနည်းလေး အနေချောင်တာ သက်သာတယ်။ ဘာမှမရှိတဲ့လူတွေကြတော့ တော်တော်လေး အန္တရယ်များတယ်။ ပြီးတော့ ထိုင်းဘက်မှာ ဘတ်စာရင်း တင်တာကလည်း ကုန်ကျစရိတ်များတယ်။ ကုန်ကျစရိတ်များတော့ တချို့တွေက တင်လို့ မနိုင်ဘူးဆိုရင် ခိုးခိုးဝှက်ဝှက်ပဲ နေကြတယ်။ CDM သမားတို့ မြန်မာဘက်အခြမ်းက ၅၀၅ နဲ့ မိတာတို့ နယ်စပ်တစ်လျှောက်မှာ နေတဲ့လူတွေက မိသွားတယ်ဆိုရင် တချို့တွေက ရွေးထုတ်လို့ရတဲ့ သူတွေရှိသလို မရတဲ့ သူတွေရှိတယ်။ မြန်မာနိုင်ငံ အခုလက်ရှိ ဖြစ်တာနဲ့ ပတ်သက်တယ်ဆိုရင် ပိုပြီးတော့တောင် အန္တရာယ်များတယ်” ဟု ပြောသည်။
ထိုင်းအာဏာပိုင်များက အသွားအလာကို စစ်ဆေးဖမ်းဆီးနေစဉ်
ထိုင်းမှာ နေထိုင်သည့် မြန်မာအချို့သည် ထိုင်းနိုင်ငံ၌ မကြာသေးခင်က ပြုလုပ်ခဲ့သည့် ဝန်ကြီးချုပ်နေရာ မဲခွဲ ရွေးချယ်မှုအပေါ် ဆန္ဒပြရာ တွင် ပါဝင်ခဲ့ကြသူများ ရှိကြောင်း သိရသည်။
လက်ရှိတွင် မဲဆောက်၌ အဖမ်းအဆီးများနေတာကြောင့် အထောက်အထား မရှိသည့် မြန်မာများ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသလို အထောက်အထားသွားရောက်၍လည်း မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ် ဖြစ်နေခြင်းကြောင့် ဆူပူမှုဖြစ်ခြင်းများအား ကာကွယ်နိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုံခြုံရေးချထားကြောင်း၊ ထိုသို့ လုံခြုံရေး တင်းကြပ်မှုနှင့်အတူ စစ်ဆေးမှုများလည်း များလာ ဦးမည်ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1196
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈
မြန်မာ့တပ်မတော်နှင့် ထိုင်းတပ်မတော်ကြား ဆက်ဆံရေးသည် မည်ကဲ့သို့သော အခြေအနေထိ တည်ဆောက် ထားနိုင်နေသလဲဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းကြား ဆွေးနွေးသုံးသပ်နေကြသည်။
ယခင်ကတည်းက နှစ်နိုင်ငံစစ်တပ်ချင်း ဆက်ဆံရေးမှာ ယခုတိုင်ရှိနေပြီး စစ်ဖက်နှင့် မဆိုင်သော အရပ်သား အစိုးရပုံစံမျိုး တည်ဆောက်လို သလားဆိုသည်မှာ သုံးသပ်ရခက်ခဲကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်တပ်ချင်း ဆက်ဆံရေးကတော့ အရင်ကတည်းက ရှိခဲ့တဲ့ ဆက်ဆံရေးတွေပေါ့နော်၊ အဲဒီဆက်ဆံရေး တွေကလည်း အခုထက်ထိ ရှိနေသေးတယ်လို့ ကျနော်တို့ အဲဒီလိုမြင်တယ်၊ အဲဒီဆက်ဆံရေးတွေ အပေါ်မှာ အခြေခံပြီးတော့ ဒီထိုင်းအစိုးရကလည်း သူ့ရဲ့ ဆက်ဆံရေးကို စစ်တပ်နဲ့ မဆိုင်တဲ့ အရပ်သားအစိုးရရဲ့ ဆက်ဆံရေး ကိုများ တည်ဆောက်ချင်တဲ့ သဘောမျိုးလား ဖြစ်လားတော့ မသိဘူးပေါ့နော်၊ အဲဒါတော့ ကျနော်တော့ သုံးသပ်ရ ခက်ပါတယ်။ ခက်ပါတယ်၊ တော်တော်ကို ခက်ပါတယ်၊ ဘယ်လိုအကျိုးစီးပွားတွေ အပေါ်မှာ အခြေခံတဲ့ ဆက်ဆံ ရေးမျိုးဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်ပဲ သိပြီးတော့ ကျနော်တို့ဖက်က မှန်းဆရခက်တဲ့၊ သုံးသပ်ရခက်တဲ့ ဆက်ဆံရေးမျိုး ရှိတယ်လို့ပဲ ကျနော်အနေနဲ့ အဲဒီလိုမြင်ပါတယ်” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဒု၀န်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်း တွေ့ဆုံစဉ်
မြန်မာ့တပ်မတော်နှင့် ထိုင်းတပ်မတော်သည် ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိနေပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်း တာဝန်ရှိ ပုဂ္ဂိုလ်များ မကြာခဏ လာရောက်လေ့ရှိကြောင်း သိရသည်။
မြန်မာ့တပ်မတော်နှင့် ထိုင်းတပ်မတော်တို့ မကြာခဏဆိုသလို တွေ့ဆုံဆွေးနွေးမှုများ ရှိနေကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့်လည်း မည်သည့် အစိုးရတက်သည်ဖြစ်စေ မြန်မာ့တပ်မတော်နှင့် ဆက်ဆံနေသည့် တပ်ပိုင်းဆိုင်ရာ မူဝါဒမှာ ပြောင်းလဲမှာ မဟုတ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ကိုဗညားက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဇွန်လထဲတောင်မှ လကုန်ပိုင်းလောက်မှာ ထိုင်းနဲ့ မြန်မာ ထာဝရ အတူတကွ ငြိမ်းချမ်းစွာ နေထိုင် ပေါင်း စည်းရေးဆိုတဲ့ ထိုင်းနဲ့ မြန်မာ တွေ့ဆုံပွဲပေါ့၊ တပ်ပိုင်းဆိုင်ရာပေါ့နော်၊ ချင်းမိုင်မြို့မှာ လုပ်သွားတာပေါ့၊ နောက်ပြီး တော့မှ ထိုင်းရဲ့ လက်ရှိ ထိုင်းရဲ့ ဒုဝန်ကြီးချုပ်လို့ပဲ ပြောပြော၊ နိုင်ငံခြားရေးဝန်ကြီးကလည်း တပ်ဖက်ကနဲ့ တအား ကြီးကို ရင်းနှီးတာပေါ့နော်၊ အရင်တုန်းကလည်း ဦးမင်းအောင်လှိုင်နဲ့ ပရာယွတ်ကလည်း အရမ်းကို ရင်းနှီးတဲ့ တပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေဖြစ်တယ်၊ နောက်ပြီးတော့မှ တပ်ပိုင်းဆိုင်ရာအရ တချို့ အကျိုးအမြတ်တွေ၊ တချို့ စဉ်းစားချက်တွေက တူညီတာတွေရှိတယ်၊ အဲဒီအတွက်ကြောင့်မို့ ကျနော်ထင်တာကတော့ တပ်ပိုင်းဆိုင်ရာ မူဝါဒ ကတော့ အလွယ်တကူတော့ ပြောင်းမှာ မဟုတ်သေးဘူးပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ခုန ကျနော်ပြောသလိုပဲ သူ့နိုင်ငံရဲ့ အကျိုးစီးပွားတွေ အများကြီးရှိတယ်၊ ဘယ်ပါတီပဲ တက်တက်ပေါ့နော်၊ ဘုရင်ရဲ့ လောင်းရိပ်ကလည်း အများကြီး ရှိသေးတယ်၊ အဲဒီအပေါ်မှာကတော့ အလွယ်တကူတော့ ပြောင်းသွားမှာ မဟုတ်သေးဘူးပေါ့” ဟု ပြော သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ရခိုင်ပြည်နယ်မှာ တွေ့ဆုံစဉ်
မြန်မာ-ထိုင်းတို့သည် နယ်စပ်ရေးရာနှင့် ပတ်သက်၍လည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသလို ကုန်သွယ်ရေး၊ လုံခြုံရေးများတွင်လည်း စစ်တပ်ချင်း ပူးပေါင်းလုပ်ဆောင်မှုများ ရှိနေသည်။
အလားတူ နယ်စပ်တစ်လျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း လှုပ်ရှားနေသောကြောင့် စစ်တပ်ချင်း ဆက်ဆံရေးမှာ ပြေလည်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 904
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းနှင့် နစက အဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဇူလိုင် ၂၇ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းကို တွေ့ရစဉ်
တရုတ်အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ပထမဆုံး လာရောက်ခဲ့ပြီး ယခု ခရီးစဉ်သည် သုံးကြိမ်မြောက်ဖြစ်သည်။
လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်သည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA )နှင့် တပ်မတော်ကြားလည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး မြို့နယ်အတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် တပ်မတော်ကြားလည်းကောင်း တိုက်ပွဲများ ဖြစ်ပွားနေသည်။
မြန်မာနိုင်ငံတွင် အရေးပေါ် အခြေအနေ ကြေညာထားမှု သက်တမ်းတိုးထားသည့် ကာလသည် ဇူလိုင် ၃၁ ရက် နေ့တွင် ပြည့်မည်ဖြစ်၍ နောက်ထပ် သက်တမ်း ၆ လ တိုး၊မတိုး အခြေအနေမှာ တရုတ်အထူးကိုယ်စားလှယ် ရောက်ရှိလာခြင်း ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1813
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နောင်ပူအောင်(နောင်ပိုအောင်)စံပြကျေးရွာ အနီးတွင် ရှမ်းနီအမျိုးသား များတပ်မတော် (SNA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ အကြား နှစ်ဖက်စစ်ရေး တင်းမားနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းက လွှစင်ကုန်းကျေးရွာတွင် SNA နှင့် KIA၊ PDF တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးတင်းမာနေကြောင်း၊ ထို့အတူ လွှစင်ကုန်းကျေးရွာနှင့် အောင်ပင်ကျေးရွာမှ ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။
SNA က လွှစင်ကုန်းရွာတွင် တပ်စွဲထားပြီး KIA, PDF များက အောင်ပင်ကျေးရွာ၌ တပ်စွဲထားကြောင်း၊ အချိန်မရွေး တိုက်ပွဲဖြစ်ပွား လာနိုင်သောကြောင်း ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြကြောင်း လွှစင်ကုန်းဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
SNA နဲ့ KIA-PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်တဲ့နေရာကို တွေ့ရစဉ်
၎င်းက “ပြောင်းရတယ်ဆိုတာ အိမ်ထဲမှာ တစ်အိမ်တစ်ယောက်ပဲ နေခိုင်းထားတာ၊ ဟိုဖက်ကလည်း (KIA၊ PDF) ထွက်ခဲ့ကြတာလေ၊ တောထဲကကောင်တွေလည်း PDF တွေကလည်း ထွက်ခဲ့ကြတာ၊ ဒီဖက်က နောင်ပူအောင်က ရှမ်းနီတွေက ဒီဖက်ဝင်လို့ လာနေထားတာလေ၊ လွှစင်ကုန်း ဘုန်းကြီးကျောင်းတောင်ပေါ်မှာ လာနေထားကြတာ၊ လာနေထားကြတော့ လာတွေ့ကြပြီ။ လာတွေ့ကြတော့ လက်နက်ကြီးတွေနဲ့ ထုလို့လေ။ ရွာထဲက လူတွေက နေလို့က အဆင်မပြေတော့ဘူး။ ရှမ်းနီဖက်ကတော့ ဒါပေမဲ့ ထိမှာစိုးလို့ ရှောင်ကြတာပါ့အေး။ ဟိုဖက်တော့ ရွေ့ခိုင်းတာ အောင်ပင်ဖက်တွေက၊ အောင်ပင်ဖက်က PDF တွေ နေထားတာလေ” ဟု ပြောသည်။
လွှစင်ကုန်းကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော် ရှိနေသလို အောင်ပင်ကျေးရွာသည်လည်း အိမ်ခြေ ၇၀ ခန့် ရှိ ကြောင်း၊ တိုက်ပွဲကြောင့် နီးစပ်ရာ နောင်ပူအောင်စံပြကျေးရွာ၊ မင်းပွဲကျေးရွာ၊ သဖန်းကုန်းကျေးရွာသို့ ပြောင်းရွေ့ နေထိုင်ကြကြောင်း ၎င်းက ပြောသည်။
ထို့အတူ တိုက်ပွဲကြောင့် ကိုယ်လွတ်ရုန်း ပြေးခဲ့ရသောကြောင့် စားနပ်ရိက္ခာများ သယ်ယူချိန်မရခဲ့ဘဲ စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။
SNA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက “သူတို့ဖက်က လာဝိုင်းထားတာပဲ ရှိတယ်၊ ဝိုင်းထား တယ်ဆိုတာ လှုပ်ရှားမှုလည်း ဘာမှ မရှိဘူး။ တစ်ခါတလေကြရင်တော့ အဝေးကနေ လက်ထောက်နဲ့ လာလာ ပစ်တယ်၊ တစ်ချက်လောက်ပစ်လိုက် ထွက်ပြေးသွားလိုက်နဲ့ ဒီလောက်ပဲ ရှိတာပါ၊ ဒီထက် ထူးခြားတာတော့ မရှိဘူး” ဟု ပြောသည်။
ဟုမ္မလင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် HPDF-124 ကိုတွေ့ရစဉ်
SNA နှင့် KIA၊ PDF တို့ ဗန်းမောက်မြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှု ရှိနေကြောင်း၊ ဗန်းမောက်မြို့နယ်မှတဆင့် ဟုမ္မလင်းမြို့နယ်အတွင်း KIA၊ PDF တို့ ထိုးဖောက်ဝင်ရောက်လိုသော်လည်း လှုပ်ရှား၍ မရသေးကြောင်း၊ နမ့်နန်း-နောင်ပူအောင်လမ်းကြောကို ပိုမိုအားပြု လှုပ်ရှားလာခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်း နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 852
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇
မီဒီယာများမှ ဖော်ပြချက်များသည် မိမိတို့တိုင်းပြည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းလုံး ညီညွတ် မှုများကို များစွာသက်ရောက်မှုရှိသည့်အတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည့် မီဒီယာများ ဖြစ် ရန်လိုအပ်သည်ဟု နစက၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပစဉ် ၎င်းက အထက်ပါ အတိုင်း ပြောခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား သတင်း မီဒီယာကျင့်ဝတ်ကို အခြေခံ၍ အပြန်အလှန် လေးစားမှုရှိသော ဆက်ဆံမှု တည်ဆောက်ရေးနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေး၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး၊ လွတ်လပ်စွာသတင်းရယူပိုင်ခွင့် ပိုမိုရရှိရေးနှင့် မဏ္ဍိုင်(၄)ရပ်တို့ ဆက်ဆံရေး ပိုမိုကောင်းမွန် ရေး၊ သတင်းအချက်အလက် ရယူခွင့်နှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ် သည်ဟု ထုတ်ပြန်ခဲ့သည်။
ဝန်ကြီး ဦးမောင်မောင်အုန်းက “စတုတ္ထမဏ္ဍိုင်ဟုခေါ်သည့် မီဒီယာများ အနေဖြင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် အဓိကမဏ္ဍိုင် (၃)ရပ်ကို တည့်မတ်အောင် တစ်ဖက်တစ်လမ်းမှ ထိန်း ကျောင်းပေးရသည့် တာဝန်ကို ပြည်သူတို့ကိုယ်စား ထမ်းဆောင်နေရသည့်အတွက် သတင်းအချက်အလက် ရပိုင်ခွင့်နှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း။ မီဒီယာများမှ ဖော်ပြချက်များ သည် မိမိတို့တိုင်းပြည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းလုံးညီညွတ်မှုများကို များစွာသက်ရောက် မှုရှိသည့်အတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည့် မီဒီယာများဖြစ်ရန်လိုအပ်သည်”ဟု ပြော သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က Myanmar Now သတင်းဌာနက မကေဇွန်နွေး ဖမ်းဆီးခံရစဉ်
ထို့နောက် မည်သည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ အစိုးရ၊ ပြည်သူနှင့် အဖွဲ့အစည်း အားလုံး စည်းလုံးညီညွတ်ရန်လိုအပ်ပြီး အဆိုပါ အင်အားများ ခိုင်မာအောင် ဆောင်ရွက်ရာတွင် မီဒီယာများက ပိုမို အလေးပေးဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။
သတင်းမီဒီယာသမားတစ်ဦးက “ မဏ္ဍိုင်(၄)ရပ် တွေ့ဆုံမှု လုပ်တာကောင်းပါတယ်။ ဒါပေမယ့် အဲဒီပွဲကို တက်ခဲ့ တဲ့ သတင်းသမားဆိုသူက တကယ် သတင်းပညာကို သင်ကြားပြီး သတင်းသမား စံနှုန်းနဲ့ သတင်းထောက် လုပ်ပြီး လာခဲ့သူတွေ ဘယ်နှယောက်ပါလဲ၊ သူတို့က တက်ရောက် ဆွေးနွေးမယ်ဆိုမှ တကယ့်လက်တွေ့မှာ ဖြစ်နေတဲ့ အနေအထားကို ထင်သာမြင်သာ သိရမယ်လေ။ အဲလိုမဟုတ်ပဲ ဘက်တစ်ဖက်ကနေ ရပ်တည်ပြီး လုပ်နေသူတွေ သို့မဟုတ် သတင်းထောက် မလုပ်ခဲ့ဖူးပဲ သတင်းသမား အမည်ခံထားသူတွေပဲဆိုရင်တော့ မဏ္ဍိုင်(၄)ရပ်ကြား ဟနေတဲ့ အဟကို ပြန်စေ့လို့ရမယ့် နည်းလမ်းကို ရှာဖွေဖို့ခက်မယ်ထင်ပါတယ်။ အစိုးရတိုင်း က သတင်းသမားကို မိတ်ဆွေလို့ မြင်တာထက် ရန်သူ သို့မဟုတ် ဝေဖန်နေသူလို့ မြင်တာများတယ်။ သတင်း အချက်အလက်ကိုလည်း အချိန်နဲ့တပြေးညီ မထုတ်ပြန်ပေးတာ၊ ဖြေကြားမပေးတာကြောင့်လည်း တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ အားနည်းနေတာဖြစ်တယ်။ လူထုက သတင်းအမှားတွေ ကြားမှာပဲ ပိတ်မိနေတာ။ ဒါကို ကျော်လွှားဖို့ဆိုရင် အာဏာပိုင်ကလည်း သတင်းလွတ်လပ်ခွင့်ကို ဖွင့်ပေးရမယ်။ သတင်းအချက်အလက်ကို အချိန်နဲ့တပြေးညီ ထုတ်ပေးရမယ်။ သတင်းသမားကလည်း သတင်းသမား ကျင့်ဝတ်နဲ့ စံနှုန်းတွေကို လိုက်နာပြီးရေးသားရမယ်”ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က မဏ္ဍိုင် ၄ ရပ်တွေ့ဆုံပွဲ ကျင်းပနေစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားသည်။
ထို့နောက် သတင်းမီဒီယာသမားများ ဖမ်းဆီးခံရခြင်းနှင့် သတင်းဌာနများ ပိတ်သိမ်းခံရမှုများ ရှိခဲ့သလို သတင်း လွတ်လပ်ခွင့်လည်း ကျဆင်းလာခဲ့သည်။
တခြားတစ်ဖက်မှာလည်း သတင်းသမားများသည် ဘက်မလိုက်ရ၊ ပုဂ္ဂိုလ်စွဲ- အဖွဲ့အစည်းစွဲ- ဘာသာစွဲ မထားရ၊ ဘက်မျှရမည် စသည့် သတင်းစံနှုန်းများကို လိုက်နာမှု အားနည်းပြီး မိမိထောက်ခံသည့် ဘက်ကနေ သတင်း များတင်ဆက်လာကြသလို မြေပြင်သတင်း အချက်အလက် အမှန်အား ရှာဖွေစိစစ်မှုအားနည်းလာကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1226
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇
၂၀၀၀၀ တန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း စီးပွားရေး အရ ကမောက်ကမ ဖြစ်စေရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က ကျင်းပခဲ့သည့် စီးပွားရေးရာကော်မတီ အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
အသစ်ထုတ်ပြန်လိုက်သည့် ၂၀၀၀၀ တန် ငွေစက္ကူထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အကန့်အသတ်ဖြင့်သာ ထုတ် လုပ်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေ လိုအပ်ချက် မရှိသကဲ့သို့ နိုင်ငံအတွင်း လည်ပတ် သုံးစွဲ ငွေများ မျှတစွာဖြင့် ရှိနေကြောင်း၊ အဆိုပါ နှစ်သန်းတန် ထုတ်လုပ်ခြင်းသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်း သာ ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံအတွင်းငွေကြေး လည်ပတ်မှုအနေဖြင့် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိ နေပြီဖြစ်ပြီး ဘဏ်များ၌ ငွေကြေးအပ်နှံမှုများ များစွာရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။
၂၀၀၀၀ တန် ဒီဇိုင်းကို တွေ့ရစဉ်
၎င်းက “ ယခု နှစ်သောင်းတန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည် မဟုတ် ကြောင်း၊ စီးပွားရေးအရ ကမောက်ကမ ဖြစ်စေရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ကြောင်း၊ အစိုးရ၏ စီးပွားရေး လုပ်ငန်းများသည် အမြတ်အစွန်းထက် တိုင်းပြည်ဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေရန် ဖြစ်ကြောင်း၊ အရှုံးပေါ်နေခြင်းလည်း မဖြစ်သင့်ကြောင်း။ မိမိတို့ စီးပွားရေးရာကော်မတီသည် နိုင်ငံ့စီးပွားမြှင့်တင် ရေးအတွက် အရေးကြီးသည့် ကဏ္ဍတွင်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အာရုံစိုက်ဆောင်ရွက်ကြစေလို တယ်”ဟု ပြောသည်။
လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းပြည်အကျိုးကို ကြည့်၍ ဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
စားသောက်ကုန်ရောင်းချနေသူကိုတွေ့ရစဉ်
ဘဏ်ရေးရာနှင့် စီးပွားရေးပညာရှင် ဦးဋ္ဌေးအောင်ကြည်က “ သာမန် အရပ်သားတွေက စဉ်းစားမှာပေါ့။ မြန်မာ ပြည်ရဲ့ လက်ရှိ အနေအထားမှာ ၂၀၀၀၀ တန် မလုပ်ခင်ကာလမှာ အကြီးဆုံး note က ၁၀၀၀၀ တန်ရှိတာကို အကြီးဆုံး note ရဲ့ နှစ်ဆဆိုတော့ သာမန်အရပ်သားတွေက စဉ်စားမှာပေါ့၊ အရွက်တွေကြီးလာလေ ဖောင်းပွ လေဆိုတဲ့ အဓိပ္ပာယ်ကိုပြတာပေါ့။ အဲ့တော့ အမှတ်သား အနေနဲ့ ထုတ်ချင်ရင်တောင်မှ ၁၀၀၀၀ တန်ပဲ ထုတ် လိုက်ရင်တော့ ပြည်သူတွေရဲ့ ဘာသာပြန်မှုက တစ်မျိုးဖြစ်သွားမှာပေါ့။ ၂၀၀၀၀ တန်ဖြစ်တဲ့ အခါကျတော့ သာမန် စီးပွားရေးပညာ နားလည်တဲ့လူဖြစ်စေ နားမလည်တဲ့လူဖြစ်စေ shock ဝင်သွားတာပေါ့။ အဲ့တော့ ဘာကို ဖြစ်စေ လဲဆိုရင် လူတွေက ဈေးတွေ တက်လာတော့မယ် ဆိုလို့ရှိရင် ထင်လို့၊ မြင်လို့၊ စဉ်းစားလို့၊ ခံယူလို့ ပစ္စည်းတွေ ဝယ်ကြ တာပေါ့။ ဈေးတက်မယ်ထင်လို့ ဈေးတက်မယ် ယုံလာလို့။ မြန်မာပြည်ရဲ့ ယေဘုယျ သဘောတရားက စီးပွားရေး knowledge က အများစုက အိမ်နီးနားချင်း တိုင်းပြည်တွေနဲ့ယှဉ်ရင်တောင်မှ စီးပွားရေး knowledge က အတော် လေး လိုတာကို”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ၂၀၀၀၀ တန် ငွေစက္ကူကို ဇူလိုင် ၃၁ ရက်နေ့၌ ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း မှာ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကား စသဖြင့် ဈေးနှုန်းများ အဆမတန် မြင့် တက်သွားခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 750
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆
နစကကို ချေမှုန်းရေးသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းနှင့် သက်ဆိုင်နေမှုကြောင့် တော်လှန်ရေးလုပ်ငန်းများကို ချဲ့ထွင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ဗဟိုဘဏ်မှ ငွေကျပ် ၂ သောင်းတန်ကို ရိုက်နှိပ်မည်ဟု ကြေညာခဲ့ပြီးနောက် လူထုသည် ငွေကြေးဖောင်းပွမှုဒဏ် ကို ခံစားနေရကြောင်း၊ နစကသည် နိုင်ငံခြားငွေ ဖြည့်တင်းရေးကိစ္စကို ရသမျှ နည်းလမ်းဖြင့် ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။
ဒူဝါလရှီးလက “တိုင်းပြည်ရဲ့ အတိတ်သမိုင်းကိုကြည့်ရင် စစ်အစိုးရအဆက်ဆက်ဟာ “ကြုံသလို ကြည့်-ကြပ်-လုပ်-ပေါ်လစီမျိုးနဲ့ လူထုအရေးကို လက်လွှတ်စပယ် လုပ်ခဲ့တာမျိုးတွေ အကြိမ်ကြိမ်တွေ့ရပါတယ်၊ အခုလည်း ဘေးထွက်ဆိုးကျိုးကို နားမလည်ဘဲ၊ ကျပ်ငွေ ၂ သောင်းတန် ငွေကြေး ရိုက်နှိပ်တာမျိုးကို လုပ်နေတာ တွေ့နေရ ပါတယ်။ လူထုဟာ နေ့စဉ် စားဝတ်နေရေး စရိတ်စကကြီးမားတဲ့ ဝန်ကို ထမ်းနေရပါတယ်၊ ဒါကြောင့် ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အနေနဲ့ ပိုပြီး အမြင်ကျယ်ကျယ်နဲ့ တော်လှန်ရေး လုပ်ငန်းစဉ်တွေကို ချဲ့ထွင်ဖို့ လိုပါတယ်” ဟု ပြောသည်။
ထို့အတူ မြန်မာ့တပ်မတော် အနေဖြင့် စစ်ရေးအသုံးစရိတ် လိုအပ်ချက် အလွန်အမင်း ကြီးမားလာသည်ကို တွေ့ရကြောင်း၊ အဆိုပါ လိုအပ်ချက်အား ဆေးမြှီးတိုနည်းဖြင့် ငွေကြေးရိုက်နှိပ်သည့် နည်းလမ်းမှာ တစ်ခု အပါအဝင် ဖြစ်ကြောင်း ၎င်းက ပြောသည်။\
NUG အဖွဲ့၀င်များကိုတွေ့ရစဉ်
လက်ရှိ နိုင်ငံရေး အကျပ်အတည်းကြားတွင် ပြည်သူလူထုများမှာ နစ်နာဆုံးရှုံးမှုဖြင့် ကြုံတွေ့နေရကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးစိန်ဝင်းက “ကျနော်ကတော့ အမှန်ပြောရရင်တော့ ဒီနွေဦးတော်လှန်ရေးဟာ ကြာကြာမထိန်းနိုင်ပါဘူး။ ကြာ ကြာမထိန်းနိုင်ဘူးဆိုတာ နွေဦးတော်လှန်ရေးဟာ ကျနော်အမြင်တော့ မအောင်မြင်နိုင်ပါဘူး။ မအောင်မြင်နိုင်ဘူး။ ဘာလို့ဆို စထွက်ကတည်းက ခင်ဗျားလည်း သိနေတာပဲ၊ ထမိန်တွေလှန်၊ ဘာတွေလှန် မဟုတ်တာတွေ လျှောက် လုပ်နေတာကို။ တော်လှန်ရေးတစ်ခုဆိုတာ ပြည်သူပါဖို့ဆိုရင် ပြည်သူရဲ့ ယုံကြည်မှုကို ရအောင် ယူရမှာ၊ တချို့က လည်း ပြည်သူက သူတို့ဖက်က ပါတယ်၊ ပါတယ်ဆိုတာက တစ်ဖက်က ပါတယ်ဆိုတဲ့ အနေအထားက နှစ်သက်လို့ ပါတာ မဟုတ်ဘူး။ တစ်ဖက်ကလည်း တပ်မတော် အာဏာထိန်းတာကို မကြိုက်ဘူး။ တစ်ဖက်ကကြတော့လည်း နွေဦးတော်လှန်ရေးရဲ့ လုပ်ပုံကိုင်ပုံ ဆောင်ရွက်ပုံတွေက အကြိုက်မရှိဘူး။ မရှိတော့ ဒီကိစ္စတွေက နောက်ဆုံး တော့ ပြောချင်တာတော့ ပြည်သူတွေ နာတာပေါ့ဗျာ၊ ပြည်သူတွေနာတယ်၊ တစ်ဖက်ကလည်း သူတို့ကို သူတို့ လေလိုင်းအားကိုးနဲ့ သူတို့ နိုင်မယ်၊ ပြုမယ်၊ ကျနော်ပေးလိုက်ချင်တယ်ဗျာ၊ သူတို့ကို အာဏာ ဘယ်လိုမှ မရဘူး။ ကျနော်က NLD ထဲမှာ လုပ်လာခဲ့တာ သိတာပေါ့၊ NLD ထဲမှာ ဘယ်လောက် ဘယ်လောက် အရည်အချင်းရှိတယ် ကျနော်တို့ ပိုသိတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆို ကာ ဖြုတ်ချခဲ့သည်။
မြန်မာ့တပ်မတော် လုံခြုံရေးဆောင်ရွက်နေစဉ်
ထို့နောက် NLD လွှတ်တော်အမတ်များနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တချို့က တခြားသော လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင်တိုက်ပွဲကို ဖော်ဆောင်နေကြသည်။
အဆိုပါ လက်နက်ကိုင်ပဋိပက္ခသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။
ထို့နောက် လက်နက်ကိုင် အဆုံးအဖြတ်သည် ၂၀၂၃ ခုနှစ်ကိုလည်း အဆုံးအဖြတ်နှစ်ဖြစ်ကြောင်း NUG ၏ ယာယီသမ္မတက ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 590
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅
ဆက်သွယ်ရေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများကို တရုတ်-မြန်မာ ပူးပေါင်း၍ တိုက်ဖျက်နှိမ်နင်းရေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai နှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဇူလိုင် ၂၅ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်မှုများ ပျံ့နှံ့မှုအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ၊ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးပေါင်းတိုက်ဖျက်နှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ရာ ကနဦးအနေဖြင့် ရလဒ်ကောင်း များ ရရှိခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံနယ်စပ် ဒေသများတွင် ဆက်သွယ်ရေးလိမ်လည်မှုများ ဆက်လက်များပြားနေဆဲဖြစ်ပြီး တရုတ်- မြန်မာ နှစ်နိုင်ငံပြည်သူ များ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဆိုးရွားစွာထိခိုက်နေကြောင်း သံအမတ်ကြီး Mr. Chen Hai က ပြောကြားခဲ့ ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။
၎င်းက “ နှစ်ဦးနှစ်ဖက်သည် အားကောင်းသော အစီအမံများကို ဆက်လက်ဆောင်ရွက်၍ အခြားသက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ကာ နောက်တစ်ဆင့် ပူးပေါင်း တိုက်ဖျက်နှိမ်နင်းမှုများ လုပ်ဆောင် သင့်ကြောင်း၊ ဆက်သွယ်ရေးလိမ်လည်မှုများ ခိုအောင်းနေသည့် နေရာများကို အစွမ်းကုန်နှိမ်နင်း၍ ပိတ်မိနေ သော တရုတ်နိုင်ငံသားများကို ကယ်တင်ကာ မြန်မာနိုင်ငံပြည်တွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်း လောင်းကစားမှု အကြွင်းအကျန်များကို အမြစ်ဖြတ်ပစ်ရမည်ဖြစ်ကြောင်း၊ ရာဇဝတ်မှု ကျူးလွန်သော အင်အားစု များနှင့် ၎င်းတို့၏ အဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင် ရွက်မှု အလုံးစုံ အခြေအနေကို ထိန်းသိမ်းကြမည်”ဟု ပြောသည်။
ထို့နောက် ဆက်သွယ်ရေးလိမ်လည်မှုများသည် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေပြီး ပြည်တွင်းပြည်ပမှ ပြည်သူ များကို စိုးရိမ်ပူပန်မှုများ ဖြစ်စေကြောင်း၊ မြန်မာနိုင်ငံသည် ဆက်သွယ်ရေးလိမ်လည်မှုများနှင့် လောင်းကစားမှု များကို တိုက်ဖျက်နှိမ်နင်းရေးတွင် ရပ်တည်ချက် ပြတ်သားကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ အပါအဝင် သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနှင့်အတူ နောက်ဆက်တွဲ တိုက်ဖျက်နှိမ်နင်းရေးလှုပ်ရှားမှုများ ညှိနှိုင်းဆောင် ရွက်၍ ပုံမှန် ပူးပေါင်း ဆောင်ရွက်ရေး ယန္တရား ထူထောင်ရန် ဆွေးနွေးပြီး မြန်မာနိုင်ငံအတွင်း၌ ဆက်သွယ်ရေး လိမ်လည်မှုများ၊ လောင်းကစားမှုများနှင့် ဆက်စပ်နေသော မသမာသူများကို ကြောက်ရွံ့တုန်လှုပ်စေကာ နှစ်နိုင်ငံ ပြည်သူများ၏ လုံခြုံရေးနှင့်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောကြားခဲ့သည်။
ဆက်သွယ်ရေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် အဓိက လုပ်ကိုင်နေကြကြောင်း ဒေသခံများက ပြောသည်။
တချို့သော အဖွဲ့အစည်းများသည် ရန်ကုန်မြို့ပြများတွင်လည်း လုပ်ကိုင်နေကြကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 917
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်ငွေ ၂၀၀၀၀ တန် ငွေကြေးရိုက်နှိပ်ထုတ်ဝေ၍ လူထုပိုမိုကျပ်တည်းအောင် ဆောင်ရွက်ခြင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင်များအနေဖြင့် ပိုပြီး အမြင်ကျယ်ကျယ်နှင့် တော်လှန်ရေးလုပ်ငန်းစဉ်များကို ချဲ့ထွင်ဖို့လိုသည်ဟု NUG ၏ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
NUG ၏ ၂၅ ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောကြားသွားခဲ့သည်။
ဒူဝါလရှီးလက “တိုင်းပြည်ရဲ့ အတိတ်သမိုင်းကို ကြည့်ရင် စစ်အစိုးရအဆက်ဆက်ဟာ ကြုံသလို ကြည့်-ကြပ်-လုပ် ပေါ်လစီမျိုးနဲ့ လူထုအရေးကို လက်လွှတ်စပယ် လုပ်ခဲ့တာမျိုးတွေ အကြိမ်ကြိမ်တွေ့ရပါတယ်။ အခုလည်း ဘေးထွက် ဆိုးကျိုးကို နားမလည်ဘဲ ကျပ်ငွေ (၂) သောင်းတန် ငွေကြေးရိုက်နှိပ်တာမျိုးကို လုပ်နေတာ တွေ့ရ ပါတယ်။ လူထုဟာ နေ့စဉ် စားဝတ်နေရေး စရိတ်စက ကြီးမားတဲ့ ဝန်ကို ထမ်းနေရပါတယ်။ ဒါ့ကြောင့် ကျနော် တို့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေအနေနဲ့ ပိုပြီး အမြင်ကျယ်ကျယ်နဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေ ကို ချဲ့ထွင်ဖို့ လိုပါတယ်”ဟု ပြောသည်။
ထို့နောက် NUG အနေဖြင့် နွေဦးဖွံ့ဖြိုးရေးဘဏ်ကို တရားဝင်ဖွင့်လှစ်ထားပြီဖြစ်၍ နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ဖြစ် တည်မှုသည် မြန်မာကျပ်ငွေ၏ မခိုင်မာမှုကို အစားထိုးပေးနိုင်မည့် လူထုမျှော်လင့်ချက်ဖြစ်သင့်ကြောင်း၊ လူထု သည် ကျပ်ငွေအပေါ်မှာ မှီခိုအားထားနေရကြောင်း၊ ထို့ကြောင့် လူထုလုပ်အားများကို ကျပ်ငွေ မတည်ငြိမ်မှုက ဖျက်စီးလိုက်သလိုမျိုး မဖြစ်အောင် မိမိတို့ဘက်က ခေတ်မှီဘဏ္ဍာရေး မဟာဗျူဟာများနှင့် အကာအကွယ် ပြု ပေးရန် လိုကြောင်း ၎င်းက ပြောသည်။
ဗဟိုဘဏ်က ထုတ်ဝေမည့် ကျပ်ငွေ ၂၀၀၀၀ တန် ငွေစက္ကူဒီဇိုင်းကို တွေ့ရစဉ်
ဒူဝါလရှီးလက “ လူထုရဲ့ လုပ်အားတန်ဖိုးတွေကို လေထဲမှာ အလိုအလျောက် ဆုံးရှုံးတာမျိုး မဖြစ်စေဖို့၊ ကျပ်ငွေအပေါ် အမှီသဟဲ မပြုတဲ့ ဘဏ္ဍာရေးစနစ်မျိုးကို ကျနော်တို့ အနေနဲ့ စနစ်တကျ တည်ဆောက်ပေး ရပါ လိမ့်မယ်။ ဒါမှသာလျှင် စစ်ကောင်စီရဲ့ လက်အောက်ကလွတ်တဲ့ ဘဏ္ဍာရေးရပ်ဝန်းကို ပြည်သူတွေက ခံစားခွင့် ရမှာဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပြီးစီးမှုနှင့် ရဋ္ဌနန္ဒက ဆင်ဖြူရှင်လေး မွေးဖွားခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ကျပ်ငွေ ၂၀၀၀၀ တန် ငွေစက္ကူကို အကန့်အသတ်ဖြင့် ထုတ်ဝေသွားမည်ဟု ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်သည် ပြည်သူလူထုအား သေသေချာချာ ရှင်းရှင်းလင်းလင်း မထုတ်ပြန်ခဲ့ခြင်းကြောင့် လူထုအကြား စိုးရိမ်မှုများ မြှင့်တက်လာသလို ကုန်ဈေးနှုန်းများ အပါအဝင် ရွှေနှင့်ဒေါ်လာ ဈေးများလည်း အဆမတန် မြင့်တက်သွားခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်
နစက၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ငွေစက္ကူအသစ် ၂၀၀၀၀ တန်က အလုံးအရင်းနဲ့ထုတ်တာ မဟုတ်ဘူး။ အထိမ်းအမှတ် အနေနဲ့ထုတ်တာဖြစ်တယ်။ ကျနော်တို့ ၇၅ နှစ်ပြည့် စိန်ရတု လွတ်လပ်ရေးနေ့မှာ ရွှေဒင်္ဂါးပြားကို အထိမ်းအမှတ် အနေနဲ့ထုတ်ခဲ့တာရှိတယ်။ အဲ့တုန်းကလည်း ပိုက်ဆံဘယ်လောက်ရှိရှိ များများ စားစား ဝယ်လို့မရပါဘူး။ ဒီမှာလည်း ဒီလိုပါပဲ ဒီအတိုင်းပါပဲ။ နောက်တစ်ခုက ငွေစက္ကူအဟောင်းတွေကို ဒီငွေ ကြေးနဲ့အညီ ပြန်လဲတဲ့အခါ ငွေစက္ကူ ၂၀၀၀၀ တန်ကို အထိမ်းအမှတ်အနေနဲ့ ပေးမှာဖြစ်တယ်။ ဒီဟာမှာလည်း အကန့်အသတ် ရှိတယ်။ ဘဏ်မှာ သိန်း ၁၀၀ သွားလဲရင် သိန်း ၁၀၀ လုံး ငွေစက္ကူအသစ် (၂၀၀၀၀ တန်) ထုတ် မပေးနိုင်ဘူး။ သုံးရွက်ပဲ ထုတ်ပေးမှာ တစ်ဦးကို သုံးရွက်ပဲ ထုတ်ပေးမှာ”ဟု ပြောသည်။
ထို့နောက် ကျပ်ငွေ ၂၀၀၀၀ တန် ငွေစက္ကူကို အကန့်အသတ်ဖြင့်သာ ထုတ်ဝေခြင်းဖြစ်၍ တခြားသော နိုင်ငံတော်မှ ထုတ်ဝေထားသည် ငွေကြေးများကို ဖျက်သိမ်းရန် အစီအစဉ်မရှိသလို ဖျက်သိမ်း၍လည်း မရ ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆ (င)တွင် နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင် ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟု ပြဋ္ဌာန်းထားသည်။